စွမ်းအားရှင်
မိမိရှေ့မှောက်၌ မြင်တွေ့လိုက်ရသော မြင်ကွင်းကြောင့် မုဟိုင်ထောင်းမှာ သရဲသပက်ကို မြင်လိုက်ရသကဲ့သို့ပင် မှင်တက်မိသွားလေတော့သည်။
သူသည် ‘A-အဆင့် စစ်သည်တော်’ တစ်ဦးဖြစ်သည်နှင့်အညီ စွမ်းအားရှင်တို့နှင့် မစိမ်းလှပေ။ ထိုသို့သော ထူးခြားသည့် အစွမ်းသတ္တိ အမျိုးမျိုးကိုလည်း ကိုယ်တိုင်ကိုယ်ကျ မျက်ဝါးထင်ထင် မြင်ဖူးခဲ့လေသည်။
သို့သော်လည်း မုဟိုင်ထောင်း၏ အမြင်၌မူ ယင်းအစွမ်းတို့မှာ အပျော်တမ်း သက်သက်မျှသာဖြစ်၍ တိုက်ပွဲဝင်ရာတွင်မူ သေနတ် တစ်လက်လောက်ပင် အသုံးမဝင်ဟု မှတ်ယူထားခဲ့မိသည်။
ယခုမူ မိမိ၏ အသိဉာဏ်မှာ အဘယ်မျှတိမ်ကောခဲ့သည်ကို သူ ကောင်းကောင်းကြီး သိလိုက်ရလေပြီ။
ဝမ်ချန် ထုတ်ဖော်ပြသလိုက်သော ထိုစွမ်းအားများမှာ မုဟိုင်ထောင်းတစ်ယောက် တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးရုံမျှမက အဆမတန် စွမ်းအားကြီးမားလွန်းလှချေသည်။
သို့သော်ငြားလည်း အင်ပါယာတပ်မတော်၏ ဗိုလ်မှူးတစ်ဦးဖြစ်သော မုဟိုင်ထောင်း မှာ တုန်လှုပ်ချောက်ချားသွားခြင်း မရှိပေ။ သူသည် ကျည်ဆန်ကုန်သွားသော သေနတ်ကို ဘေးသို့ ပစ်ချလိုက်ပြီးနောက် လေထဲသို့ ကိုယ်ကို ဝေ့ဝိုက်ကာ ဝမ်ချန်အား ဘယ်ခြေဖြင့် အားကုန်လွှဲကန်လိုက်ပြန်သည်။
မုဟိုင်ထောင်း၏ ထိုလှုပ်ရှားမှုမှာ အတော်ပင် ကျွမ်းကျင်လှသည်ဟု ဆိုရပေမည်။
သို့ပါသော်လည်း နောက်တစ်ခဏ၌ သူသည် ကမ္ဘာကြီးတစ်ခုလုံး ချာချာလည်သွားသကဲ့သို့ ခံစားလိုက်ရပြီး မိမိ၏ ကိုယ်ခန္ဓာကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့သွားတော့သည်။
ထို့နောက် သံမဏိကြမ်းပြင်ပေါ်သို့ တဒုန်းဒုန်းနှင့် လဲကျသွားရာ ဆူညံသောအသံကြီး ထွက်ပေါ်လာချေသည်။
“ဒုန်း... ဒုန်း... ဒုန်း...”
ဝမ်ချန်သည် ရှစ်ဆယ်ကီလိုဂရမ်ခန့် လေးလံသော ထို ‘A-အဆင့် စစ်သည်တော်’ ၏ ညာဘက်ခြေကျင်းဝတ်ကို ဖမ်းဆွဲ၍ ကြမ်းပြင်နှင့် ရိုက်နှက်လိုက်လေတော့သည်။ တစ်ကြိမ်... နှစ်ကြိမ်... သုံးကြိမ်...။
မုဟိုင်ထောင်း၏ ကိုယ်ခန္ဓာမှာ အတော်ပင် တောင့်တင်းခိုင်မာလှသော်လည်း သုံးကြိမ်မျှ ရိုက်နှက်ခြင်း ခံလိုက်ရသောအခါ တစ်ကိုယ်လုံးရှိ အရိုးအဆစ်တို့မှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွမတတ် ခံစားလိုက်ရပြီး ကိုယ်တွင်းအင်္ဂါတို့မှာလည်း အပြင်းအထန် ဒဏ်ရာရရှိသွားသဖြင့် မူးဝေမိန်းမောကာ အားအင်ကုန်ခမ်းသွားတော့သည်။
သူသည် ပြန်လည်ခုခံနိုင်စွမ်း အလျဉ်းကင်းမဲ့သွားခဲ့ချေပြီ။
“တပ်မှူးကြီး...”
ထိုစဉ် စင်္ကြံလမ်း၌ စောင့်ကြပ်နေသော စစ်သည်တို့မှာ အခန်းထဲသို့ အလုအယက် ပြေးဝင်လာကြသည်။
သို့သော် သူတို့သည် ဝမ်ချန်အား လက်နက်ဖြင့် မချိန်ရွယ်နိုင်မီမှာပင် မမြင်ရသော အင်အားတစ်ရပ်ကြောင့် သတိမေ့မြောကာ ကြမ်းပြင်ပေါ်သို့ လဲကျသွားကြကုန်၏။
“တော်ပါတော့... တော်ပါတော့...”
ဝမ်ချန်၏ လက်ထဲမှ ကြမ်းပြင်ပေါ်သို့ လွင့်စင်သွားသော မုဟိုင်ထောင်းမှာ အားယူ၍ လှုပ်ရှားလိုက်ရင်း “ကျွန်တော်... ကျွန်တော် အရှုံးပေးပါတယ်” ဟု အားနည်းသော အသံဖြင့် ဆိုလိုက်လေသည်။
သူ့အတွက် အရှုံးပေးရန်မှတစ်ပါး အခြားနည်းလမ်း မရှိတော့ပေ။ ဝမ်ချန်၏ စွမ်းအားမှာ အံ့မခန်း ကြီးမားလွန်းလှသဖြင့် သူ၏ အသိဥာဏ်ဖြင့်ပင် မှန်းဆ၍ မရနိုင်တော့ချေ။
ဆက်လက်၍ ခေါင်းမာနေမည်ဆိုပါက များစွာသော အသက်အိုးအိမ်တို့သာ ဆုံးရှုံးရပေလိမ့်မည်။
အနည်းဆုံးတော့ ဝမ်ချန်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ အသက်မသေသေးပေ။
ယင်းမှာ ဆွေးနွေးညှိနှိုင်းရန် အခွင့်အရေးရှိသေးသည်ဟု ဆိုလိုခြင်းပင် ဖြစ်တန်ရာ၏။
မုဟိုင်ထောင်း အလျှော့ပေးလိုက်သည်ကို မြင်သောအခါ ဝမ်ချန်သည် သူ၏ စိတ်အာရုံစွမ်းအား များကို ပြန်လည်ရုပ်သိမ်းလိုက်သည်။
ထို့နောက် ကုလားထိုင်တစ်လုံးကို ဆွဲ၍ ထိုင်လိုက်လေသည်။
မုဟိုင်ထောင်းမှာ ခက်ခဲစွာဖြင့် ထလာရင်း ဝမ်ချန်အား ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်ကာ “မင်း.. မင်းက တကယ်တော့ ဘယ်သူလဲ” ဟု မေးလိုက်၏။
“ငါက ဝမ်ချန်... အင်ပါယာ စူပါစွမ်းအား စီမံခန့်ခွဲရေးဗျူရိုရဲ့ အတိုင်ပင်ခံအရာရှိချုပ်ပဲ”
“စူပါစွမ်းအား စီမံခန့်ခွဲရေးဗျူရို ဟုတ်လား”
မုဟိုင်ထောင်း၏ မျက်လုံးများမှာ ဝေဝါးသွားပြီး “အဲဒီလို ဌာနမျိုး ရှိလို့လား” ဟု ရေရွတ်မိသည်။
ဝမ်ချန်သည် စီးကရက်တစ်လိပ်ကို ထုတ်၍ မီးညှိလိုက်ပြီး “အခုမှ စတင်ဖွဲ့စည်းလိုက်တာပါ” ဟု ပြန်ပြောလိုက်သည်။
“အော်... ဒီလိုကိုး”
မုဟိုင်ထောင်းသည် ခါးသီးစွာ ပြုံးလိုက်ရင်း “ကျွန်တော့်ကို စီးကရက်တစ်လိပ်လောက် ပေးလို့ရမလား” ဟု မေးလေသည်။
သူသည် ရှိသမျှအားအင်ကို စုစည်း၍ ဝမ်ချန်၏ မျက်နှာချင်းဆိုင်ရှိ ကုလားထိုင်၌ ဝင်ထိုင်လိုက်သည်။ သူ၏ နောက်ဆုံးကျန်ရှိနေသော သိက္ခာကို ထိန်းသိမ်းလိုသောကြောင့် မျက်နှာချင်းဆိုင် ထိုင်၍ စကားပြောလိုခြင်းပင် ဖြစ်ပေလိမ့်မည်။
ဝမ်ချန်က ခေါင်းငြိမ့်ပြကာ စီးကရက်တစ်ဘူးလုံးနှင့် မီးခြစ်ကိုပါ ကမ်းပေးလိုက်သည်။
တစ်ဖက်လူမှာ အကျိုးအကြောင်း သိတတ်သူဖြစ်၍ အသွေးအသားတို့ ရင်းနှီးရမည့် တိုက်ပွဲမျိုးကို သူလည်း မလိုလားပေ။
မည်သို့ပင်ဆိုစေကာမူ သူတို့အားလုံးမှာ အင်ပါယာ၏ လက်အောက်ခံများဖြစ်ကြပြီး ‘နက်သာမျိုးနွယ်စု’ ၏ အန္တရာယ်ကို အတူတကွ ရင်ဆိုင်နေရသူများ မဟုတ်လော။
“ကျေးဇူးတင်ပါတယ်”
မုဟိုင်ထောင်းသည် စီးကရက်နှင့် မီးခြစ်ကို ယူလိုက်ရာ အားအင်အနည်းငယ် ပြန်လည်ရရှိလာသကဲ့သို့ ခံစားလိုက်ရသည်။
“ဗိုလ်မှူးကြီးမု”
ထိုစဉ် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အခြားစစ်သည်တစ်စုမှာ ကွပ်ကဲရေးမျှော်စင်ပေါ်သို့ အပြေးအလွှား ရောက်ရှိလာကြပြန်သည်။
“ငါ ဘာမှမဖြစ်ဘူး”
မုဟိုင်ထောင်းသည် သူတို့၏ လှုပ်ရှားမှုများကို အမြန်တားဆီးလိုက်ပြီး “ဒါက နားလည်မှုလွဲတာပါ၊ သတိလစ်နေတဲ့သူတွေကို ကုသဖို့ ခေါ်သွားကြ၊ ကျန်တာကို ဘာမှ စိတ်မပူနဲ့” ဟု အသံကျယ်ကျယ်ဖြင့် အမိန့်ပေးလိုက်သည်။
အသစ်ရောက်ရှိလာသော စစ်သည်များမှာမူ ဝေခွဲမရ ဖြစ်နေကြသည်။ ဤမြင်ကွင်းမှာ နားလည်မှုလွဲရုံမျှနှင့် ဖြစ်နိုင်သည်ဟု သူတို့ မထင်ကြပေ။
မုဟိုင်ထောင်းသည် ခက်ထန်သောအသံဖြင့် “အမိန့်အတိုင်း လုပ်စမ်း” ဟု ဟောက်လိုက်လေတော့သည်။
ဤမျှ စွမ်းအားကြီးမားသော စွမ်းအားရှင်တစ်ဦးကို ရင်ဆိုင်ရာတွင် စစ်သည်အင်အား များပြားနေခြင်းမှာ အဓိပ္ပာယ်မရှိပေ။
ဝမ်ချန်သာ အလိုရှိပါက မျက်စိတစ်မှိတ်အတွင်း အားလုံးကို သတ်ပစ်နိုင်သည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ထို့ကြောင့် မုဟိုင်ထောင်း၏ တင်းကျပ်သော အမိန့်အောက်တွင် စစ်သည်တို့မှာ သတိလစ်နေသူများကိုသာ သယ်ဆောင်သွားကြပြီး မုဟိုင်ထောင်းနှင့် ဝမ်ချန် နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့လေတော့သည်။
မုဟိုင်ထောင်းသည် စီးကရက်ကို မီးညှိကာ နှစ်ချက်မျှ အားရပါးရ ဖွာလိုက်ပြီးနောက် လေကို ပြင်းပြင်းရှူထုတ်လိုက်ရင်း “ဒီအရသာကို မမြည်းစမ်းရတာ ကြာပြီ” ဟု ဆို၏။
ဝမ်ချန်က ရယ်မောလိုက်ကာ “ဒီအခြေစိုက်စခန်းရဲ့ ခေါင်းဆောင် ဖြစ်နေပြီး စီးကရက်တစ်ဘူးတောင် မရှိဘူးလား” ဟု မေးလိုက်သည်။
“စခန်းရဲ့ အရန်ရိက္ခာထဲမှာ စီးကရက် မရှိတော့ဘူးလေ”
မုဟိုင်ထောင်းမှာ ခါးသီးစွာ ပြုံးလျက် “အပြင်ကနေ မနည်းရှာထားတာလေးတွေကိုလည်း တခြားသူတွေကိုပဲ ခွဲပေးလိုက်တယ်” ဟု ပြောပြရှာသည်။
စခန်း၏ တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် သူသည် တရားမျှတမှုရှိအောင် မိမိကိုယ်တိုင် အနစ်နာခံကာ အစွမ်းကုန် ကြိုးစားခဲ့ရပေသည်။ အသက်ရှင်ကျန်ရစ်သူတို့အပေါ် အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့ခြင်းမျိုးလည်း မဟုတ်ပေ။
ဝမ်ချန်က ခေါင်းခါလိုက်ပြီး “သူတို့ရော အသက်ရှင်ကြသေးရဲ့လား” ဟု မေးလိုက်သည်။
“ခုနစ်ယောက်စလုံး အသက်ရှင်ပါသေးတယ်”
မုဟိုင်ထောင်းက တည်ကြည်စွာဖြင့် “သူတို့ကလည်း အင်ပါယာစစ်သည်တွေပဲ၊ ကျွန်တော်လည်း အင်ပါယာစစ်သည်တစ်ယောက်ပဲ၊ ဒါကြောင့် ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်တွေအပေါ် သေနတ်နဲ့ မချိန်ရက်ပါဘူး”
“ဒါပေမဲ့ ဂြိုဟ်အပြင်ဘက်က အခြေအနေတွေကို ဘယ်သူမှ မသိစေချင်လို့ သူတို့ကို ခဏတဖြုတ် အကျဉ်းချထားရတာပါ”
ဝမ်ချန်မှာ စိတ်ဝင်စားသွားကာ “ဘာဖြစ်လို့လဲ” ဟု မေးလိုက်ပြန်သည်။
မုဟိုင်ထောင်းမှာ တိတ်ဆိတ်သွားသည်။
ခေတ္တမျှ ကြာပြီးနောက်မှ သူက “ဒီမေးခွန်းကို မဖြေနိုင်သလို၊ လိမ်ဖို့အတွက်လည်း အကြောင်းပြချက်တွေ လုပ်ကြံမပြောချင်ဘူး။ ငါ့ကို သတ်ချင်ရင် သတ်နိုင်ပါတယ်၊ ဒါပေမဲ့ တခြားလူတွေကိုတော့ အပြစ်မပေးပါနဲ့”
“ဖြစ်သမျှ အကြောင်းအရာအားလုံးအတွက် ငါပဲ တာဝန်ယူပါ့မယ်”
ထို့နောက် အင်ပါယာတပ်မတော်မှ ဤဗိုလ်မှူးကြီးမှာ ဆက်လက်၍ “ရှုချန်ကျစ် တို့ရဲ့ အထူးအဖွဲ့ဟာ ဒီဂြိုဟ်ပေါ်ကို ဆင်းသက်ပြီး မကြာခင်မှာပဲ နက်သာမျိုးနွယ်စုရဲ့ တိုက်ခိုက်ခြင်းကို ခံခဲ့ရတာ။ သူတို့ရဲ့ လက်နက်ကိရိယာတွေအားလုံး ပျက်စီးသွားခဲ့ပြီ၊ ငါတို့သာ မကယ်ခဲ့ရင် တစ်ယောက်မှ အသက်ရှင်မှာ မဟုတ်ဘူး။ ဒီအတွက် ငါ့ရဲ့ ရဲဘော်ငါးယောက်တောင် အသက်ပေးလိုက်ရတယ်”
“အရာရှိချုပ်ဝမ်...”
မုဟိုင်ထောင်းသည် ဝမ်ချန်အား စိုက်ကြည့်ကာ “ငါဒါကို ပြောပြနေတာက ဂုဏ်လိုချင်လို့ မဟုတ်ပါဘူး၊ ငါတို့ သူတို့ကို ကယ်ခဲ့တာကို ထောက်ထားပြီး မင်းပြန်တဲ့အခါ အသက်ရှင်ကျန်ရစ်သူ အချို့ကိုပါ ဒီဂြိုဟ်ပေါ်ကနေ ခေါ်သွားပေးဖို့ မျှော်လင့်မိလို့ပါ ငါ့အတွက်ကတော့ စိတ်ကြိုက်သာ စီရင်ပါတော့”
ဝမ်ချန်မှာ ရယ်မောလိုက်လေတော့သည်။
အမှန်တကယ်ဆိုလျှင် မုဟိုင်ထောင်း၏ အပြစ်မှာ ရှုချန်ကျစ်နှင့် သူ၏အဖွဲ့ကို အကျဉ်းချထားရုံမျှသာ ဖြစ်သည်။ အကျိုးနှင့် အပြစ်ကို နှိုင်းယှဉ်ကြည့်ပါက သူပြုခဲ့သော ကုသိုလ်က ပို၍ များပြားလှသဖြင့် ချီးမွမ်းထိုက်သူပင် ဖြစ်ချေသည်။
သို့ပါလျက် သူသည် ယခုကဲ့သို့ မိမိကိုယ်ကို စတေးလိုသော စိတ်ထားမျိုး ရှိနေခြင်းမှာ အတော်ပင် စိတ်ဝင်စားစရာ ကောင်းလှပေသည်။
အမှန်စင်စစ် ဝမ်ချန်အနေဖြင့် အကြောင်းရင်းအချို့ကို ရိပ်မိထားပြီးသား ဖြစ်သည်။
ဤအင်ပါယာ ဗိုလ်မှူးကြီးမှာ ဆယ်ပုံကိုးပုံခန့် ပုန်ကန်သူများအဖွဲ့ နှင့် ပတ်သက်နေနိုင်ပြီး အပြင်လောကမှ သတင်းအချက်အလက်များကို ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားကာ အသတ်ခံရမည်ကိုပင် မမှုဘဲ နှုတ်ဆိတ်နေခြင်းမှာ ကြီးမားသော အကြံအစည် တစ်ခုခုရှိနေ၍သာ ဖြစ်ပေလိမ့်မည်။
သူ၏ အကြံအစည်ကို ခန့်မှန်းရန် မခက်ခဲလှပေ။
သို့သော်လည်း ဝမ်ချန်က တိုက်ရိုက်ထုတ်ဖော်မပြောဘဲ မတ်တပ်ထရပ်လိုက်ကာ “သူတို့ဆီ ငါ့ကို ခေါ်သွားပေးပါ” ဟု ဆိုလိုက်သည်။
“ကောင်းပြီ”
မုဟိုင်ထောင်းသည်လည်း စီးကရက်ကို ငြှိမ်းသတ်၍ ထလိုက်လေသည်။
ယခုအခါ သူသည် အားအင်များ ပြန်လည်ပြည့်ဖြိုးလာပြီ ဖြစ်သည်။
ရှုချန်ကျစ်တို့အား ဖမ်းဆီးထားသော အခန်းမှာ ကွပ်ကဲရေးမျှော်စင်၏ အောက်ထပ်၌သာ ရှိပြီး ဓာတ်လှေကားဖြင့် ဆင်းသွားနိုင်သည်။
အကွေ့အကောက်များစွာကို ဖြတ်ကျော်ပြီးနောက် ဝမ်ချန်သည် သူရှာဖွေနေသော လူများကို တွေ့လိုက်ရလေသည်။
အမှန်အတိုင်း ဆိုရလျှင် ရှုချန်ကျစ်နှင့် စတင်တွေ့ဆုံချိန်၌ သူသည် တစ်စုံတစ်ယောက်နှင့် စစ်တုရင် ကစားနေလိမ့်မည်ဟု ဝမ်ချန် တစ်ခါမျှ မတွေးတောခဲ့မိပေ။
ထို့အပြင် ထိုတစ်စုံတစ်ယောက်မှာ နုပျိုချောမောသော မိန်းမပျိုလေးတစ်ဦး ဖြစ်နေပြန်သည်။
“သူမက ကျွန်တော့်သမီး ‘မုကျိန်းကျိန်း’ ပါ”
မုဟိုင်ထောင်းက တည်ငြိမ်သော မျက်နှာထားဖြင့် “ဒီနှစ်မှာ ဆယ့်ကိုးနှစ် ရှိပါပြီ” ဟု မိတ်ဆက်ပေးလိုက်သည်။
ဝမ်ချန်မှာ မုဟိုင်ထောင်းအား မကြည့်ဘဲ မနေနိုင်တော့ချေ။
ဒါက အလှပြကွက်ဖြင့် ဖမ်းစားသည့် အကွက်များလား။
အကျဉ်းချခံထားရသော ရှုချန်ကျစ်မှာလည်း အကျဉ်းသားတစ်ဦးနှင့် အလားသဏ္ဌာန်ပင် မတူတော့ဘဲ မုကျိန်းကျိန်းနှင့် စစ်တုရင် ကစားရင်း စကားလက်ဆုံကျနေရာ အခန်းတစ်ခုလုံး၌ အချစ်ရနံ့များပင် လွှမ်းထုံနေလေတော့သည်။
ယင်းမှာ မုဟိုင်ထောင်း တစ်ယောက် အသံကျယ်ကျယ်ဖြင့် နှစ်ချက်မျှ ချောင်းဟန့်လိုက်သည့်တိုင်အောင်ပင် ဖြစ်ချေသည်။
***