“အဟွပ်... အဟွပ်...”
ပိုးမျှင်ကလေးများသဖွယ် ရစ်ပတ်ငြိတွယ်နေသော သူတို့နှစ်ဦး၏ အကြည့်ချင်းဆုံရာမှ ရုတ်ခြည်းပင် လူချင်းခွာလိုက်ကြပြီးလျှင် စားပွဲပေါ်ရှိ နယ်တုကစားကွက်ကိုပင် တိုက်မိလဲတော့မတတ် ပျာပျာသလဲ ဖြစ်သွားကြချေသည်။
ထိုစဉ် ရှုချန်ကျစ်က အလျင်မြန်ဆုံး သတိဝင်လာကာ-
“ဦးလေးမု...” ဟု ခေါ်လိုက်၏။
ဤမျှနှင့်ပင် 'ဦးလေး' ဟု ခေါ်နေလေပြီလော။
ဝမ်ချန်မှာ မျက်ခုံးတစ်ချက် ပင့်မိသွားပြီးလျှင် ဤလူငယ်လေး၌ ဖခင်ဖြစ်သူ ရှိသေးသည်ကို သတိရပါသေး၏လောဟု မေးမြန်းချင်စိတ် ပေါ်လာမိသည်။
သူ၏ဖခင်ဖြစ်သူမှာ သားဖြစ်သူ ပျောက်ဆုံးနေမှုကြောင့် နေ့မအိပ် ညမနား စိုးရိမ်ပူပန်နေရရုံမျှမက ကယ်ဆယ်ရေးလုပ်ငန်းများအတွက်လည်း ရှိသမျှစည်းစိမ်ကို ပုံအော၍ ကြိုးပမ်းနေရရှာသည် မဟုတ်လော။
သို့ပါလျက် ဤလူငယ်မှာမူ ဤနေရာ၌ ပျော်မဆုံး မော်မဆုံးဖြစ်ကာ အိမ်ပြန်ရန်ပင် စိတ်မကူးတော့ချေ။ အမှန်တကယ်ပင် မိဘကျေးဇူးကို သိတတ်လှသော သားကောင်းရတနာပင်။
ထိုအခါ မုကျိန်းကျိန်းဟု အမည်ရသော ချောမောလှပသည့် မိန်းကလေးကလည်း ရှက်ကိုးရှက်ကန်းဖြင့် “ဖေဖေ” ဟု ခေါ်လိုက်ရှာ၏။
“ကျိန်းကျိန်း... အပြင်ကို အရင်ထွက်နှင့်ဦး”
မုဟိုင်ထောင်းက မည်သည့်အမူအရာမျှ မပြဘဲ အေးစက်စွာ ပြောလိုက်ပြီးလျှင်-
“ဒီလူကြီးမင်းက ရှုချန်ကျစ်နဲ့ ပြောစရာရှိလို့” ဟု ဆိုလေသည်။
မုကျိန်းကျိန်းသည် ဝမ်ချန်အား စိုးရိမ်သောမျက်ဝန်းများဖြင့် တစ်ချက်ကြည့်လိုက်ပြီးမှ မတတ်သာသည့်အဆုံး နှုတ်ခမ်းလေးကို ကိုက်ကာ ချုပ်နှောင်ထားသည့် အခန်း၏ သံတံခါးကို တွန်းဖွင့်၍ ထွက်ခွာသွားလေတော့သည်။
ယင်းသံတံခါးမှာ ပိတ်ထားသည်ဆိုသော်လည်း လော့ခတ်ထားခြင်းကား အလျဉ်းမရှိချေ။
မုဟိုင်ထောင်းသည် သမီးဖြစ်သူနှင့်အတူ ထွက်ခွာသွားပြီးနောက် ဝမ်ချန်သည် အခန်းတွင်းသို့ ဝင်ရောက်ကာ ရှုချန်ကျစ်နှင့် မျက်နှာချင်းဆိုင်၌ ဝင်ထိုင်လိုက်၏။
ရှုချန်ကျစ်မှာ အတန်ငယ် ထိတ်လန့်တုန်လှုပ်နေဟန် ရှိသော်လည်း ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ကာ-
“မင်္ဂလာပါ... လူကြီးမင်းက ဘယ်သူလဲဆိုတာ သိပါရစေ” ဟု မေးမြန်းလာသည်။
ဝမ်ချန်က တစ်ခွန်းမျှ ပြန်မပြောဘဲ စာတစ်စောင်ကို ထုတ်၍ ကမ်းပေးလိုက်၏။ ထိုစာမှာ ရှုရှောင်ချန် ကိုယ်တိုင် လက်ရေးဖြင့် ရေးသားထားခြင်းဖြစ်ပြီး အင်ပါယာ ဗိုလ်ချုပ်ကြီးအား ကိုယ်တိုင်ရေးသားရန် ဝမ်ချန်က အထူးတလဲလဲ တောင်းဆိုခဲ့ခြင်း ဖြစ်ပေသည်။
ရှုချန်ကျစ်သည် ဝေခွဲမရသော အမူအရာဖြင့် စာကို လက်ခံလိုက်ပြီးနောက် အသေအချာ ဖတ်ရှုလေတော့သည်။ တဖြည်းဖြည်းနှင့် သူ၏မျက်နှာမှာ နီမြန်းလာကာ အလွန်အမင်း ရှက်ရွံ့သွားဟန်ဖြင့် နောက်ဆုံးတွင် မျက်နှာကို လက်နှစ်ဖက်နှင့် အုပ်လိုက်မိတော့သည်။
'ကြည့်ရသည်မှာ... ပြုပြင်၍ ရနိုင်သေးပေသည်' ဟု ဝမ်ချန်က စိတ်ထဲမှ တိုးတိုးလေး မှတ်ချက်ပြုလိုက်၏။
အတန်ကြာမှ ရှုချန်ကျစ်သည် စိတ်ကိုပြန်လည် ထိန်းချုပ်လိုက်ကာ မျက်ဝန်းထောင့်ရှိ မျက်ရည်စများကို သုတ်ပြီးလျှင် ဝမ်ချန်အား ရိုသေစွာဖြင့် အလေးပြုလိုက်ရင်း-
“ဒုတိယမြောက် လျင်မြန်တုံ့ပြန်ရေး တပ်ဖွဲ့၊ ပထမ အထူးတာဝန်တပ်ခွဲက ရှုချန်ကျစ်... လူကြီးမင်းရဲ့ အမိန့်ကို နာခံဖို့ အသင့်ပါ” ဟု ဆိုလေသည်။
ရှုရှောင်ချန်သည် စာထဲ၌ ဝမ်ချန်၏ အဆင့်အတန်းကို ရှင်းပြထားပြီး ဝမ်ချန်၏ အမိန့်တိုင်းကို မြေဝယ်မကျ နာခံရန် ညွှန်ကြားထားခဲ့ခြင်း ဖြစ်ပေ၏။
“ကောင်းပြီ...”
ဝမ်ချန်က ဆက်လက်၍-
“နောက်ထပ် ၂၇ ရက် ကြာရင် ငါတို့ကို လာခေါ်မယ့် ယာဉ်တစ်စီး ဆင်းလာလိမ့်မယ်။ အဲဒီအခါကျရင် မင်းနဲ့ မင်းရဲ့ ရဲဘော်တွေ အသင့်ဖြစ်နေပါစေ” ဟု ပြောလိုက်၏။
ရှုချန်ကျစ်သည် ခဏမျှ ဝေခွဲမရဖြစ်သွားသော်လည်း ရင်ကိုမတ်ကာ-
“ဟုတ်ကဲ့” ဟု ပြန်လည် ထူးလိုက်လေသည်။
သို့သော် သူ၏မျက်နှာထက်၌ကား ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသည့် အရိပ်အယောင်ကို မတွေ့ရချေ။
ဝမ်ချန်က အဓိပ္ပာယ်ပါပါဖြင့်-
“ဒီအတောအတွင်းမှာ ဘယ်ကိုမှ မသွားဘဲ ဒီမှာပဲ နေပါ။ အချိန်တန်ရင် ငါလာခေါ်မယ်... အဲဒီအချိန်ကျရင်လည်း မင်း ဒီမှာ ရှိနေလိမ့်ဦးမယ်လို့ ငါမျှော်လင့်ပါတယ်” ဟု ဆိုလိုက်သည်။
ဤလူငယ်လေး၌ တစ်စုံတစ်ခုကို ကြံစည်နေသည့် စိတ်ကူးများ ရှိနေသည်မှာ ထင်ရှားလှသော်လည်း ဝမ်ချန်ကမူ ဂရုစိုက်မနေတော့ချေ။
အကယ်၍ တန်ပါစ်ဂြိုဟ်၏ ထူးခြားသော အခြေအနေများကြောင့်သာ မဟုတ်ပါက ရှုရှောင်ချန်အနေဖြင့် ဆယ်ဆမကသော အဖိုးအခကို ပေးစေကာမူ ဝမ်ချန်သည် ဤမျှဝေးလံလှသော ဂြိုဟ်အစွန်အဖျားသို့ ကယ်ဆယ်ရေးအတွက် လာလိမ့်မည် မဟုတ်ပေ။
ရှုချန်ကျစ်သည် နှုတ်ခမ်းတစ်ချက် လှုပ်သွားကာ-
“နားလည်ပါပြီ” ဟု တိုးတိုးလေး ပြောရှာသည်။
“နားလည်ရင် ပြီးတာပါပဲ”
ဝမ်ချန်သည် မတ်တတ်ထရပ်လိုက်ကာ-
“မင်းက အင်ပါယာရဲ့ စစ်သည်တော်တစ်ယောက် ဖြစ်တယ်ဆိုတာကိုတော့ မမေ့ပါနဲ့” ဟု ပြောကာ အခန်းထဲမှ ထွက်ခွာခဲ့ပြီးလျှင် မုဟိုင်ထောင်းနှင့် ပြန်လည်ဆုံတွေ့ကာ-
“ကျန်တဲ့လူတွေကိုလည်း သွားကြည့်ရအောင်” ဟု ဆိုလေသည်။
ရှုချန်ကျစ်အား သီးခြားချုပ်နှောင်ထားသည်မှာ အမှန်စင်စစ်အားဖြင့် နေအိမ်အကျယ်ချုပ်သဘောမျိုးသာ ဖြစ်ပေသည်။ သူသည် ထွက်ပြေးခွင့် မရှိသည်မှအပ ဤအခြေစိုက်စခန်း၌ သာမန်လူများထက်ပင် ပိုမိုကောင်းမွန်သော ခံစားခွင့်များကို ရရှိနေခြင်း ဖြစ်သည်။
အခြားတစ်ဖက်တွင်မူ သူ၏အဖွဲ့ဝင်များကိုမူ အခြားသော အခန်းကြီးတစ်ခု၌ စုပေါင်းထားရှိပြီး အခြေအနေမှာ ရှုချန်ကျစ်လောက် မကောင်းသော်လည်း အခြေခံလိုအပ်ချက်များကိုမူ ဖြည့်ဆည်းပေးထားကြောင်း တွေ့ရသည်။
ယင်းကပင် မုဟိုင်ထောင်း၏ ပါးနပ်မှုကို ပြသနေခြင်း ဖြစ်ပေသည်။ ထိုအင်ပါယာ ဗိုလ်မှူး၌ မည်သို့သော အကြံအစည်များ ရှိနေသည်ကို မသိနိုင်သော်လည်း သူသည် ကိစ္စရပ်များကို အဆုံးစွန်ထိ တွန်းပို့ခြင်းမျိုး မပြုဘဲ မိမိကိုယ်တိုင်အတွက်နှင့် B00785 အရန်အခြေစိုက်စခန်းအတွက်ပါ လှုပ်ရှားနိုင်မည့် လမ်းစများကို ချန်ထားခဲ့သည် ဖြစ်တန်ရာ၏။
ဝမ်ချန်သည် များများစားစား စကားမဆိုလိုသဖြင့် အထူးတပ်ဖွဲ့ဝင်များ၏ အခြေအနေကို ကြည့်ရှုပြီးနောက် မုဟိုင်ထောင်းအား တိုက်ရိုက်ပင် ပြောလိုက်၏။
“နောက် ၂၇ ရက် ကြာရင် လူ ၃၀ ဆန့်တဲ့ ယာဉ်တစ်စီး ဆင်းလာလိမ့်မယ်။ ရှုချန်ကျစ်တို့အဖွဲ့အပြင် ငါနဲ့အတူပါလာတဲ့ လူ ၄ ယောက်ကိုလည်း တန်ပါစ်ဂြိုဟ်ကနေ ခေါ်သွားမယ်လို့ ငါ ကတိပေးထားပြီးသား။”
“ကျန်တဲ့ နေရာလွတ်တွေကိုတော့ မင်းပဲ စီစဉ်လိုက်တော့”
မုဟိုင်ထောင်းမှာ ထိုစကားကို ကြားသည်နှင့် ချက်ချင်းပင် ဗျာများသွားတော့သည်။ နေရာ ၃၀ အနက် ဝမ်ချန်၊ ရှုချန်ကျစ်နှင့် အဖွဲ့ဝင်များ၊ ဝမ်ချန်ကတိပေးထားသူ ၄ ဦး အပါအဝင် စုစုပေါင်း ၁၂ နေရာမှာ ပြည့်သွားပြီဖြစ်၏။
ကျန်ရှိသော ၁၈ နေရာမှာ အလွန်ပင် တန်ဖိုးရှိလှသည်ကို မုဟိုင်ထောင်း ကောင်းစွာ သိရှိပေသည်။
တန်ပါစ်ဂြိုဟ်၏ အထူးအခြေအနေများကြောင့် အင်ပါယာအနေဖြင့် အကြီးစား ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ရန်မှာ ဖြစ်နိုင်ခြေ အလွန်နည်းပါးလှ၏။
ဤဂြိုဟ်ပေါ်တွင် အသက်ရှင်ကျန်ရစ်သူ အများအပြား ရှိနေသေးသည်ကို သိရှိနေစေကာမူ ဖြစ်ပေသည်။
ဝမ်ချန်ကို လာခေါ်မည့် ယာဉ်မှာ လောလောဆယ်တွင် တစ်စီးတည်းသော မျှော်လင့်ချက် ဖြစ်နိုင်ပြီး နောက်ထပ်တစ်စီး မည်သည့်အခါမှ ရောက်လာဦးမည်ကို မည်သူမျှ မသိနိုင်ချေ။
ထို့ပြင် ရောက်လာခဲ့လျှင်ပင် B00785 အရန်အခြေစိုက်စခန်းမှ လူများအတွက် အလှည့်ရောက်ပါဦးမည်လော။
သို့ပါလျက် ဤနေရာ၌ ထွက်ခွာလိုသူများမှာ အလွန်ပင် များပြားလှပေ၏။
ဤသတင်းသာ ပျံ့နှံ့သွားပါက အခြေစိုက်စခန်းအတွင်း ကြီးမားသော ဆူပူသောင်းကျန်းမှုများ ဖြစ်လာနိုင်သည်ကို မုဟိုင်ထောင်း သိရှိနေသည်။ သူ၏ ခေါင်းဆောင်မှုရာထူးပင်လျှင် ပြုတ်ကျသွားနိုင်သည့် အခြေအနေမျိုး ဖြစ်တန်ရာ၏။
ထို့ကြောင့် ဤနေရာ ၁၈ နေရာမှာ အလွန်ပင် တန်ဖိုးကြီးလှသကဲ့သို့ ပူလောင်လှသော မီးခဲကြီးများသဖွယ်လည်း ဖြစ်နေတော့သည်။
အမှန်အတိုင်း ပြောရလျှင် မုဟိုင်ထောင်းအနေဖြင့် ဝမ်ချန်သာ ဤနေရာသို့ မရောက်လာခဲ့ပါက ပို၍ကောင်းမည်ဟု ဆန္ဒရှိမိသည်။
သို့မှသာ အရာအားလုံးကို သူစီစဉ်ထားသည့်အတိုင်း ဆက်လက် လုပ်ဆောင်နိုင်မည် ဖြစ်သော်လည်း ယခုမူ မမျှော်လင့်သော အခြေအနေများနှင့် ရင်ဆိုင်နေရပြီ ဖြစ်ပေသည်။
သို့သော် ဝမ်ချန်ကိုမူ သူ မည်သို့မျှ မတတ်နိုင်ချေ။
“ကျေးဇူးတင်ပါတယ်...”
မုဟိုင်ထောင်းသည် ခါးသီးလှသော ခံစားချက်ဖြင့် ထိုစကားကို ခက်ခဲစွာ ပြောလိုက်ရရှာသည်။
“ဒါတွေက အလကား ပေးတာတော့ မဟုတ်ဘူး”
ဝမ်ချန်က ခပ်အေးအေးပင် ဆိုလိုက်ရင်း-
“မင်းတို့ဆီမှာ သုံးလို့ရတဲ့ ယာဉ်တစ်စီးစီး ရှိမလား။ ငါ လုပ်စရာ ရှိလို့ ခဏလောက် ငှားချင်တယ်” ဟု မေးလိုက်၏။
မေးသာ မေးလိုက်ရသော်လည်း သူ အလွန်အမင်း မျှော်လင့်ထားခြင်းကား မရှိချေ။ အထူးစွမ်းအင် လျှပ်စစ်လှိုင်းများကြောင့် တန်ပါစ်ဂြိုဟ်ပေါ်ရှိ နည်းပညာသုံး ကိရိယာများမှာ လျင်မြန်စွာပင် ပျက်စီးသွားလေ့ရှိရာ ပျံသန်းနိုင်သော ယာဉ်များမှာ ကောင်းမွန်နေစေဦးတော့ သုံးစွဲ၍ ရနိုင်လိမ့်မည် မဟုတ်ပေ။
သို့သော် မုဟိုင်ထောင်းထံ၌ တစ်ခုတော့ ရှိနေခဲ့ပေသည်။
သူသည် ဝမ်ချန်အား ရှေးဟောင်းဆိုင်ကယ်တစ်စီးကို ထုတ်ပေးလာ၏။ ထိုဆိုင်ကယ်မှာ ယခုခေတ်တွင် ထုတ်လုပ်ထားခြင်း မဟုတ်သကဲ့သို့ B00785 အရန်အခြေစိုက်စခန်း၌လည်း ထုတ်လုပ်နိုင်စွမ်း မရှိချေ။
ယင်းမှာ စစ်မဖြစ်မီက အခြေစိုက်စခန်း အင်ဂျင်နီယာတစ်ဦးမှ ကိုယ်တိုင် တပ်ဆင်ထားသည့် ရှေးဟောင်းပုံစံ လောင်စာဆီသုံး အင်ဂျင်ဖြင့် မောင်းနှင်သော ဆိုင်ကယ်တစ်စီး ဖြစ်ပေသည်။
၎င်းမှာ ရှေးဟောင်းလက်မှု နည်းပညာများဖြင့်သာ ပြုလုပ်ထားခြင်းကြောင့် ယခုကဲ့သို့သော တန်ပါစ်ဂြိုဟ်၏ အခြေအနေမျိုးတွင်လည်း အသုံးပြုနိုင်ခြင်း ဖြစ်ပေသည်။
လောင်စာဆီကိုလည်း အလွယ်တကူ ရရှိနိုင်ပေသည်။
သို့သော် အရန်အခြေစိုက်စခန်းသို့ ပြောင်းရွှေ့လာပြီးကတည်းက လူဦးရေ ထူထပ်လှသော ပတ်ဝန်းကျင်၌ မောင်းနှင်ရန် နေရာမရှိသဖြင့် ထိုရှေးဟောင်းဆိုင်ကယ်ကို တစ်ခါမျှ ပြန်လည် မနှိုးဖြစ်ခဲ့ချေ။
၎င်းမှာ အင်ဂျင်နီယာအတွက် စိတ်အပန်းဖြေစရာ သက်သက်မျှသာ ဖြစ်ခဲ့ပေသည်။
ယခုမူ မုဟိုင်ထောင်း ကိုယ်တိုင် ကြားဝင်ပြောဆိုပေးသဖြင့် အင်ဂျင်နီယာဖြစ်သူမှာ နှမြောတသဖြစ်နေသော်လည်း အပိုပစ္စည်းများနှင့် လောင်စာဆီများ အပါအဝင် ငှားရမ်းပေးလိုက်ရလေတော့သည်။
“ကျေးဇူးပြုပြီး သေသေချာချာလေး ဂရုစိုက်ပေးပါဦး”
မုတ်ဆိတ်ဗလပွနှင့် အင်ဂျင်နီယာကြီးသည် ဆိုင်ကယ်ကို နောက်ဆုံးအကြိမ်အဖြစ် ပွတ်သပ်သုတ်သင်ရင်း-
“တစ်စုံတစ်ခု ဖြစ်ခဲ့ရင် ကျွန်တော့်ဆီ ပြန်ယူလာခဲ့ပါ... ကျွန်တော် ပြင်ပေးနိုင်ပါတယ်” ဟု ဝမ်ချန်အား ပြောလိုက်၏။
သူ၏ အမူအရာမှာ မိမိ၏ အချစ်ဆုံးသူကို အခြားသူလက်ထဲ အပ်နှံလိုက်ရသကဲ့သို့ ဝမ်းနည်းပူဆွေးနေဟန် ရှိချေသည်။
“စိတ်ချပါ...”
ဝမ်ချန်မှာ မရယ်ဘဲ မနေနိုင်တော့ဘဲ-
“သုံးပြီးရင် ပြန်ပေးပါ့မယ်” ဟု ဆိုလိုက်၏။
ခဏမျှ စဉ်းစားပြီးနောက် သူသည် နက်သာ အမြူတေ တစ်ခုကို ထုတ်ယူ၍ ပေးလိုက်ကာ-
“ဒါကို ငှားရမ်းခအဖြစ် မှတ်ယူလိုက်ပါ” ဟု ပြောလိုက်လေသည်။
မုဟိုင်ထောင်းနှင့် အင်ဂျင်နီယာကြီး နှစ်ဦးစလုံးမှာ အံ့အားသင့်သွားကြရ၏။ သူတို့နှစ်ဦးစလုံးမှာ ဤခရမ်းရောင် အမြူတေ၏ တန်ဖိုးကို ကောင်းစွာ သိရှိကြသည် မဟုတ်လော။
အင်ဂျင်နီယာကြီးသည် မယူဝံ့သဖြင့် ငြင်းပယ်ရန် ကြိုးစားသော်လည်း ဝမ်ချန်က လက်ကာပြလိုက်ပြီးနောက် ဆိုင်ကယ်၊ လောင်စာဆီနှင့် အပိုပစ္စည်းအားလုံးကို နက္ခတ်တာရာ လက်စွပ် အတွင်းသို့ ချက်ချင်းပင် သိမ်းဆည်းလိုက်လေတော့သည်။
ထိုအခါမှသာ အင်ဂျင်နီယာကြီးလည်း စကားစမရှိတော့ဘဲ ပါးစပ်ပိတ်သွားရလေသတည်း။
***