ကျာစီလေလံရုံ ၏ အရှိန်အဝါနှင့် လုပ်နိုင်စွမ်းမှာ အမည်နာမသက်သက်သာ မဟုတ်ပေ။ ဝမ်ချန်
သည် နက်သာအမြူတေ ဆယ်ဆမျှကို ထပ်မံထုတ်ယူလာခဲ့သော်လည်း ချူရှင်းအန်း သည် အထက်လူကြီးများနှင့် တိုင်ပင်ပြီးနောက် အားလုံးကိုပင် လက်ခံခဲ့ချေသည်။
အဖိုးတန်လှသော ထိုဗျူဟာမြောက် သယံဇာတများကို မည်မျှပင် ရရှိစေကာမူ များပြားလွန်းသည်ဟု မရှိပေ။ ယင်းတို့ကို ပိုင်ဆိုင်ထားလေလေ ညှိနှိုင်းမှုစွမ်းအားမှာလည်း မြင့်မားလာလေ ဖြစ်ပေရာ ဒုတိယမြောက် သေတ္တာအတွင်းမှ ရောင်းချရငွေမှာ ပုဂ္ဂလိက လေလံစျေးနှုန်းများနှင့်ပင် များစွာ နီးစပ်လာခဲ့လေသည်။
အရောင်းအဝယ် ကိစ္စများ ပြီးမြောက်သွားသောအခါ ချူရှင်းအန်းသည် များစွာ စိတ်လှုပ်ရှားနေမိပြီး “လူကြီးမင်း... နောင်တစ်ချိန်မှာလည်း နက်သာအမြူတေတွေ ရှိခဲ့မယ်ဆိုရင် ကျနော့်ကိုသာ ဆက်သွယ်လိုက်ပါ၊ ကျာစီလေလံရုံက အကုန်လုံးကို ဝယ်ယူမှာဖြစ်သလို စျေးနှုန်းကိုလည်း စိတ်ကျေနပ်မှု ရှိစေရပါ့မယ်” ဟု ဆိုလာခဲ့သည်။
ဝမ်ချန်အနေဖြင့် ဤမျှ များပြားလှသော အမြူတေများကို မည်သည့်နေရာမှ ရရှိလာခဲ့သည်ကိုမူ သူ မသိနိုင်ခဲ့ပေ။ သို့သော် ယင်းမှာ အရေးမကြီးလှဘဲ ဝမ်ချန် ထောက်ပံ့ပေးသော အမြူတေများမှာ အရေအတွက် များပြားရုံသာမက အရည်အသွေးမှာလည်း အထူးကောင်းမွန်လှပေသည်။
ကျာစီလေလံရုံအနေဖြင့် ဤအမြူတေများကို လက်ဝယ်ထားရှိခြင်းဖြင့် အခြားသော အဖိုးတန်သယံဇာတများနှင့် လဲလှယ်နိုင်မည်ဖြစ်ရာ ဤအရောင်းအဝယ်မှာ များစွာ အကျိုးအမြတ်ဖြစ်ထွန်းစေမည့် ကိစ္စပင် ဖြစ်ပေတော့သည်။
ဝမ်ချန်ကလည်း ပြုံးရယ်လျက် “ကောင်းပါပြီ” ဟုသာ ပြန်လည် မိန့်ကြားခဲ့လေသည်။
ကျာစီလေလံရုံမှ လူသုံးဦး ပြန်လည်ထွက်ခွာသွားသောအခါ မင်မေ သည် ဝမ်ချန်၏ လည်ပင်းကို ဖက်တွယ်လျက် “ကို... ကိုယ်ပိုင်မက်ကာအတွက် ပိုက်ဆံ လောက်ငရဲ့လား” ဟု ချွဲနွဲ့စွာ မေးမြန်းရှာသည်။
သူမအနေဖြင့် အရောင်းအဝယ် ပမာဏကို တိတိကျကျ မမြင်ခဲ့ရသော်လည်း နက်သာအမြူတေ၏ တန်ဖိုးကိုမူ အတိုင်းအတာတစ်ခုအထိ သိရှိထားသူ ဖြစ်ပေသည်။
ဝမ်ချန်မှာမူ ယခုတစ်ခေါက်တွင် ပစ္စည်းဥစ္စာ ကြွယ်ဝသွားခဲ့ပြီ ဖြစ်ပေရာ မင်မေကို ပြုံးလျက် ပုတ်ပေးကာ “မင်းရဲ့ အကောင့်ကို ပို့လိုက်ဦး” ဟု ပြောဆိုလိုက်သည်။
မင်မေသည် သူမနှင့် အသင့်တော်ဆုံး ဖြစ်မည့် အစွမ်းထက်ဆုံး မက်ကာတစ်စင်းကို ဖန်တီးရန် အမြဲ စိတ်ကူးနေခဲ့ကြောင်း ဝမ်ချန် သိရှိပြီး ဖြစ်သည်။ သူမ၏ ဒီဇိုင်းမှာ အကြိမ်ကြိမ် ပြင်ဆင်ပြီး ဖြစ်သော်လည်း ရန်ပုံငွေ အခက်အခဲကြောင့် စာရွက်ပေါ်တွင်သာ ရှိနေခဲ့ရခြင်း ဖြစ်ပေသည်။
အမှန်စင်စစ် ဝမ်ချန်တွင် ငွေကြေးများ ရှိနေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း မိမိ၏ စွမ်းအားကို အမြဲ မြှင့်တင်နေရသည်ဖြစ်ရာ ဤကိစ္စကို အလောတကြီး မလုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ယခုမူ အချိန်အခါမှာ သင့်မြတ်လှပြီဟု ယူဆရပေမည်။
မင်မေသည် ဝမ်းသာအားရဖြင့် သူမ၏ ကိုယ်ပိုင်အချက်အလက်စက် မှတစ်ဆင့် အကောင့်နံပါတ်ကို ပို့ပေးလိုက်သည်။ ထိုအခါ ဝမ်ချန်က တန်မို ကိုလည်း “မင်းရဲ့အကောင့်ကိုလည်း ပို့ဦးလေ” ဟု ဆိုလာပြန်သည်။
ခေတ္တမျှ ကြာပြီးနောက် မင်မေနှင့် တန်မိုတို့မှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး မယုံကြည်နိုင်လောက်သော အမူအရာဖြင့် ပါးစပ်များကို အုပ်ထားမိကြသည်။ အကယ်၍သာ ထိုသို့ မလုပ်ခဲ့ပါက အော်ဟစ်မိမည်မှာ အမှန်ပင်။
တန်မို၏ အကောင့်ထဲသို့ ကြယ်တာရာသုံးငွေ သန်းနှစ်ရာ ဝင်ရောက်လာခဲ့ပြီး မင်မေကမူ သန်းခုနစ်ရာတိတိ ရရှိခဲ့လေသည်။
ဤပမာဏမှာ မည်မျှ ကြီးမားသနည်းဆိုသော် အင်ပါယာအတွင်းရှိ သာမန်မိသားစုတစ်ခု၏ တစ်နှစ်ဝင်ငွေမှာ ငါးသောင်းမှ ခြောက်သောင်းခန့်သာ ရှိပြီး လစာကောင်းသော ဝန်ထမ်းတစ်ဦးပင်လျှင် တစ်လ ငါးထောင်ခန့်သာ ရရှိခြင်း ဖြစ်သည်။
တန်မိုနှင့် မင်မေတို့၏ မိသားစု အခြေအနေမှာ ကောင်းမွန်သည်ဟု ဆိုနိုင်သော်လည်း ယခုကဲ့သို့ သုညများစွာ ပါဝင်သော ငွေပမာဏကို မြင်တွေ့လိုက်ရသောအခါ အိမ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရသည်။
တန်မိုက “ကို.. ဘာလို့ တန်မိုကို ပိုက်ဆံတွေ အများကြီး ပေးရတာလဲ” ဟု တိုးတိုးလေး မေးမြန်းရှာသည်။
ဝမ်ချန်ကမူ သူ၏ ချစ်သူနှစ်ဦးကို ရင်ခွင်အတွင်းသို့ ဆွဲသွင်းဖက်ထားလျက် “ကို့မှာ ပိုက်ဆံတွေက အရမ်းများနေလို့ပါ၊ ဒါကြောင့် မင်းတို့ကို သုံးစွဲခိုင်းရတာ၊ မဟုတ်ရင် အကောင့်ထဲမှာ အလကားပဲ ရှိနေမှာပေါ့” ဟု ပြုံးလျက် ဆိုလိုက်သည်။
အမှန်တကယ်ပင် ဝမ်ချန်၌ ငွေကြေး မချို့တဲ့ပေ။ ယခင်က ရရှိခဲ့သော ပစ္စည်းများအပြင် ယခုတစ်ခေါက် တန်ပါစ်ဂြိုဟ် မှ ရရှိလာသည်များမှာ ဘဝပေါင်းများစွာ သုံးမကုန်နိုင်အောင်ပင် ရှိနေခဲ့သည်။
အမြင့်ဆုံးသော လမ်းစဥ်ကို လျှောက်လှမ်းနေသူ တစ်ဦးအဖို့ ကျင့်ကြံခြင်း၌ အထောက်အကူ မပြုသော ငွေကြေးမှာ ဂဏန်းသင်္ချာ သက်သက်သာ ဖြစ်ချေသည်။
“ဒီပိုက်ဆံတွေက မင်းတို့ လုပ်ချင်တာတွေ လုပ်ဖို့နဲ့ အပြင်က ဖိအားတွေကို မပူပန်ဘဲ ပျော်ပျော်ရွှင်ရွှင် နေနိုင်ဖို့အတွက်ပါ” ဟု ဝမ်ချန်က ရှင်းပြလိုက်သည်။
အဓိက ဖိအားမှာ မိသားစုထံမှ လာခြင်းဖြစ်ပြီး ယခုကဲ့သို့ ငွေကြေးအရ လွတ်လပ်ခွင့် ရရှိသွားခြင်းမှာ ထိုဖိအားများကို ရင်ဆိုင်နိုင်ရန် ခွန်အားနှင့် သတ္တိကို ပေးစွမ်းနိုင်မည် ဖြစ်သည်။
မင်မေက သူမ၏ အကောင့်မှာ တန်မိုထက် ပိုမိုများပြားနေသည်ကို မြင်သောအခါ အံ့အားသင့်စွာ မေးမြန်းရာ ဝမ်ချန်က “အဲဒီ ပိုနေတဲ့ ငါးရာက မက်ကာကို ဒီဇိုင်းဆွဲပြီး ထုတ်လုပ်ဖို့အတွက်လေ” ဟု ပြန်လည် ဖြေကြားခဲ့သည်။
ဝမ်ချန်က ဆက်လက်၍ “အခု ဒီဇိုင်းကို အလယ်အလတ်စား မက်ကာကနေ အကြီးစား မက်ကာအဖြစ် ပြောင်းလဲလိုက်ပါ။ အလောတကြီး မလုပ်နဲ့၊ ဒီပိုက်ဆံတွေကို သုံးပြီး အကယ်ဒမီမှာ သုတေသန ပရောဂျက်တစ်ခု စတင်လိုက်ပါ၊ ဆရာတွေနဲ့ သူငယ်ချင်းတွေကို ဖိတ်ခေါ်ပြီး အကောင်းဆုံးသော ကိုယ်ပိုင်မက်ကာကို ဖန်တီးလိုက်” ဟု တိုက်တွန်းလိုက်သည်။
မင်မေသည် မက်ကာဒီဇိုင်းပိုင်းတွင် ပါရမီပါသူဖြစ်ကြောင်း သူသိသော်လည်း ကျွမ်းကျင်သူ ပညာရှင်ကြီးများနှင့် နှိုင်းယှဉ်ပါက သင်ယူရန် လိုအပ်နေသေးသည်ဖြစ်ရာ ဤငွေကြေးများဖြင့် သူမ၏ တိုးတက်မှုကို အထောက်အကူပြုစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ငွေရှိပါက မဖြစ်နိုင်သောအရာဟူ၍ မရှိပေ။ အင်ပါယာ ပထမစစ်ဘက်အကယ်ဒမီ ၏ မက်ကာဒီဇိုင်း အဆင့်အတန်းမှာ အလွန်မြင့်မားလှပေရာ အကယ်၍ မင်မေအနေဖြင့် ထိုမှ ပါမောက္ခကြီးများကို ဖိတ်ခေါ်နိုင်ပါက သူမအတွက် များစွာ အဖိုးတန်သော အတွေ့အကြုံများ ဖြစ်လာပေလိမ့်မည်။
မင်မေသည်လည်း ဝမ်ချန်၏ စေတနာကို နားလည်သွားပြီး “မင်မေ သေချာပေါက် လုပ်နိုင်ပါတယ်” ဟု အားတက်သရော ပြောဆိုရှာသည်။
ထို့နောက် ဝမ်ချန်သည် ကြိုတင်ပြင်ဆင်ထားသော စာချုပ်တစ်ခုကို ထုတ်ယူကာ လက်မှတ်ရေးထိုးခိုင်းခဲ့သည်။ ယင်းမှာ သူနေထိုင်သော စံအိမ်ကို တန်မိုနှင့် မင်မေတို့အား ပူးတွဲပိုင်ရှင်အဖြစ် ထည့်သွင်းပေးခြင်းပင် ဖြစ်သည်။
ဝမ်ချန်အနေဖြင့် အနာဂတ်တွင် မိမိ၏ စိတ်ဝိညာဉ်အမှတ်အသား သည် ဤခန္ဓာကိုယ်မှ ခွဲထွက်၍ ဟောက်ထျန်းနယ်မြေ သို့ ပြန်လည်ရောက်ရှိသွားနိုင်သည့် အခြေအနေကို ကြိုတင်တွေးဆထားခြင်း ဖြစ်သည်။
ထိုသို့ဖြစ်ပါက ပိုင်ရှင်မဲ့သော ပစ္စည်းများကို အင်ပါယာမှ သိမ်းဆည်းသွားမည်ဖြစ်ရာ ချစ်သူများအတွက် ကြိုတင်စီစဉ်ပေးခဲ့ခြင်း ဖြစ်ပေသည်။
ထို့ပြင် ဝမ်ချန်သည် ရှုရှောင်ချန် နှင့် သဘောတူညီမှု ရယူခဲ့ပြီး ဖြစ်သည်။ မိမိအတွက် ဂုဏ်သိက္ခာရှင်ဘွဲ့ မလိုအပ်သော်လည်း တန်မိုနှင့် မင်မေတို့အတွက် ဘာရွန် ဘွဲ့တစ်ခုစီ ရရှိရန် တောင်းဆိုထားခဲ့သည်။
ဤကဲ့သို့ ဘွဲ့ထူးများနှင့် ငွေကြေးအမြောက်အမြား ရှိနေပါက ဝမ်ချန် မရှိတော့သည့်တိုင် သူတို့နှစ်ဦးမှာ မိသားစု၏ ချုပ်ကိုင်မှုမှ ကင်းလွတ်၍ သက်သောင့်သက်သာ နေထိုင်သွားနိုင်မည် ဖြစ်သည်။
ရှုမိသားစုအတွက်လည်း ဤတောင်းဆိုမှုမှာ မခက်ခဲလှပေရာ သဘောတူညီမှု ရရှိခဲ့ချေသည်။
ဤအကြောင်းများကိုမူ ဝမ်ချန်သည် လောလောဆယ်တွင် မပြောပြသေးဘဲ အရာရာ အဆင်ပြေချောမွေ့သွားသောအခါမှသာ လက်ဆောင်အဖြစ် ပေးအပ်ရန် ရည်ရွယ်ထားသည်။
သို့သော်လည်း တန်မိုနှင့် မင်မေတို့မှာ ဝမ်ချန်၏ စေတနာကြောင့် မျက်ရည်များပင် ဝဲလာခဲ့ကြရသည်။
နောက်ရက်များတွင် ဝမ်ချန်သည် ချစ်သူနှစ်ဦး၏ နွေးထွေးကြင်နာမှုများကို တဝကြီး ခံစားခဲ့ရလေသည်။
ကံကောင်းထောက်မစွာဖြင့် ဝမ်ချန်၏ ခန္ဓာကိုယ်မှာ အထူးသန်မာလှသဖြင့်သာ ခံနိုင်ရည်ရှိခဲ့ခြင်း ဖြစ်ပေသည်။
သို့သော် ပျော်ရွှင်စရာ အချိန်များမှာ ခဏတာသာ ဖြစ်ပြီး သူတို့နှစ်ဦးမှာ အားလပ်ရက် ကုန်ဆုံးသွားပြီဖြစ်ရာ ဝမ်ချန်ကို မခွဲချင် ခွဲချင်ဖြင့် နှုတ်ဆက်ကာ ထိုက်ဝူကြယ်စုတန်း သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။
ဝမ်ချန်သည်လည်း ဆယ်လကြာပြီးနောက် ပြန်လည်တွေ့ဆုံရန် ကတိပြုခဲ့သည်။ သူတို့နှစ်ဦးကို ပို့ဆောင်ပြီးနောက် ဝမ်ချန်သည် စံအိမ်တွင် ခေတ္တမျှ နေထိုင်ကာ ရှုရှောင်ချန်နှင့် ဆက်သွယ်ပြီး တန်ပါစ်ဂြိုဟ် သို့ တစ်ဖန် ပြန်လည်ရောက်ရှိခဲ့လေသည်။
ယခုတစ်ခေါက်တွင်မူ ဝမ်ချန်၌ အခြားအလုပ် မရှိပေ။ သူ၏ ရည်မှန်းချက်မှာ နတ်ဆိုးသတ်ကွန်ရက် အတွင်းသို့ ဝိညာဉ်စွမ်းအင်များ ဖြည့်တင်းရန်နှင့် မိမိ၏ စိတ်ဝိညာဉ်ကို ခွဲထုတ်ရန်အတွက် အရေးကြီးဆုံးသော ပြင်ဆင်မှုများကို လုပ်ဆောင်ရန်သာ ဖြစ်ပေတော့သတည်း။
***