ထျန်းယွင် ၁၅၇ သယ်ယူပို့ဆောင်ရေးယာဉ်ပျံ၏ ကွပ်ကဲမှုခန်းမအတွင်း၌ ဖြစ်ချေသည်။
ဝမ်ချန်သည် အာကာသယာဉ်၏ ကြီးမားလှသော ပြတင်းပေါက်မှတစ်ဆင့် အဝေးတစ်နေရာတွင် တည်ဆောက်ဆဲဖြစ်သော အာကာသခံတပ်ကြီးကို ငေးမောကြည့်ရှုနေမိ၏။
ယင်းကား တန်ပါစ်ဂြိုဟ်၏ အာကာသခံတပ်အသစ်ပင် ဖြစ်တော့သည်။
မူလက တန်ပါစ်ဂြိုဟ်၌ ကြီးမားသော အာကာသခံတပ်တစ်ခု ရှိခဲ့ဖူးသော်လည်း နက်သာမျိုးနွယ်စု၏ ဖျက်ဆီးခြင်းကို ခံခဲ့ရပေသည်။
ယခုအခါ ထိုကြယ်စုတန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ရာ ခံတပ်၏ ခုခံရေးစနစ်ကို ပြန်လည်တည်ဆောက်ရန် လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေကြပြီ ဖြစ်သည်။
ဤမြင်ကွင်းသည် ဝမ်ချန် နောက်ဆုံးအကြိမ် ရောက်ရှိခဲ့စဉ်ကနှင့် များစွာ ကွာခြားလှပေရာ အင်ပါယာ၏ ဆုံးရှုံးသွားသော နယ်မြေများကို ပြန်လည်ကာကွယ်စောင့်ရှောက်လိုသည့် ပြင်းထန်သော စိတ်ပိုင်းဖြတ်မှုကို ခံတပ်အသစ်၏ ကြီးမားသော အတိုင်းအတာက သက်သေပြနေသကဲ့သို့ ရှိနေတော့သည်။
ကီလိုမီတာ ရာနှင့်ချီ၍ ဝေးကွာသော နေရာမှပင် အာကာသခံတပ်သစ်မှ ထွက်ပေါ်နေသော မီးပွားများကို ဝမ်ချန် အထင်အရှား မြင်တွေ့နေရ၏။
ခံတပ်၏ ပတ်ဝန်းကျင်၌လည်း အရွယ်အစားမျိုးစုံရှိသော အင်ဂျင်နီယာယာဉ်များနှင့် သယ်ယူပို့ဆောင်ရေးယာဉ် ပေါင်းရာချီ၍ အလုပ်ရှုပ်နေကြသဖြင့် ကြယ်တံခါးသို့ သွားရာလမ်းကြောင်းမှာ ပိတ်ဆို့လျက် ရှိနေပေသည်။
ဝမ်ချန် လိုက်ပါလာသော သယ်ယူပို့ဆောင်ရေးယာဉ်သည် တန်ပါစ်ဂြိုဟ်၏ စည်းချက်ညီ ဂြိုဟ်ပတ်လမ်းကြောင်းသို့ မဝင်ရောက်မီ နှစ်နာရီခန့် စောင့်ဆိုင်းခဲ့ရလေသည်။
“အရာရှိမင်း ... နောက်နာရီဝက်နေရင် ဂြိုဟ်ဆင်းယာဉ်တွေ ထွက်ခွာတော့မှာမို့ ပြင်ဆင်ထားပေးပါ”
တပ်ကြပ်တစ်ဦးသည် ဝမ်ချန်ထံသို့ အပြေးအလွှား လာရောက်အစီရင်ခံ၏။
ဝမ်ချန်သည် ခေါင်းငြိမ့်ပြကာ ထိုသူနောက်သို့ လိုက်ပါသွားပြီးလျှင် ဂြိုဟ်ဆင်းယာဉ်တစ်စီးပေါ်တွင် နေရာယူလိုက်တော့သည်။
ထျန်းယွင် ၁၅၇ သယ်ယူပို့ဆောင်ရေးယာဉ်ပျံသည် တစ်ကြိမ်လျှင် ဂြိုဟ်ဆင်းယာဉ် အစီးငါးဆယ်အထိ တပြိုင်နက် သယ်ဆောင်နိုင်ရန် အထူးပြုပြင်ထားသော ယာဉ်ကြီးတစ်စီး ဖြစ်ပေသည်။
ဤဂြိုဟ်ဆင်းယာဉ်များကို တန်ပါစ်ဂြိုဟ်၏ ထူးခြားသော အခြေအနေများအတွက် အထူးရည်ရွယ်၍ ဒီဇိုင်းထုတ်ထားခြင်း ဖြစ်၏။
ဝမ်ချန်သည် စမ်းသပ်ယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာပြီးနောက် အင်ပါယာသည် အဖိုးတန်သော အချက်အလက်များကို ရရှိခဲ့ရာ ဝမ်ချန် ပေးအပ်သော သတင်းအချက်အလက်များအပေါ် အခြေခံ၍ အထူးပြုလုပ်ထားသော ဂြိုဟ်ဆင်းယာဉ်သစ်များကို လျင်မြန်စွာ ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ဝမ်ချန် လိုက်ပါလာသော ဂြိုဟ်ဆင်းယာဉ်မှာ အကြိမ်ကြိမ် အဆင့်မြှင့်တင်ထားသော အမျိုးအစားဖြစ်ပြီး ပြင်ပခွံကို ပိုမိုခိုင်ခံ့အောင် ပြုလုပ်ထားသည့်အပြင် အတွင်းခန်းမှာလည်း ပိုမိုကျယ်ဝန်း၍ သက်သောင့်သက်သာ ရှိလှပေသည်။
ဂြိုဟ်ဆင်းယာဉ်ပေါ်တွင် ဝမ်ချန်တစ်ဦးတည်း မဟုတ်ဘဲ အပြည့်အစုံ လက်နက်စွဲကိုင်ထားသော စစ်သည်တော် တစ်ရာကျော်လည်း လိုက်ပါလာကြသေး၏။
သူတို့၏ ဝတ်စုံနှင့် ကိရိယာတန်ဆာပလာများမှာလည်း တန်ပါစ်ဂြိုဟ်၏ အခြေအနေနှင့် လိုက်လျောညီထွေရှိစေရန် ပြုလုပ်ထားခြင်း ဖြစ်ပေရာသည်။
ဆယ်မိနစ်ခန့် ကြာသောအခါ ဂြိုဟ်ဆင်းယာဉ်များသည် ထျန်းယွင် ၁၅၇ မှ ခွဲထွက်၍ တန်ပါစ်ဂြိုဟ်ပေါ်သို့ ဆင်းသက်ရန် စတင်လိုက်ကြတော့သည်။ လုပ်ငန်းစဉ်တစ်ခုလုံးမှာ အလွန်ပင် ချောမွေ့လှပေသည်။
ဂြိုဟ်မျက်နှာပြင်သို့ ရောက်ရှိ၍ ယာဉ်တံခါးများ ပွင့်သွားသည်နှင့် ဝမ်ချန်သည် ပြင်ပတွင် စောင့်ကြိုနေကြသော လူအုပ်ကြီးကို မြင်တွေ့လိုက်ရ၏။
သူနှင့် စစ်သည်တော်များ ယာဉ်ပေါ်မှ ဆင်းလိုက်သည်နှင့် ခရီးသည်အသစ်များသည်လည်း ယာဉ်ပေါ်သို့ လျင်မြန်စွာ တက်ရောက်လာကြပြန်သည်။
မိနစ်အနည်းငယ်အတွင်း၌ပင် ထိုဂြိုဟ်ဆင်းယာဉ်များသည် ကောင်းကင်ယံသို့ ပြန်လည်ပျံတက်သွားပြီး ခရီးသည် ထောင်နှင့်ချီ၍ အာကာသထဲသို့ ပို့ဆောင်ပေးနေတော့သည်။ ထိုသူတို့ထဲတွင် တန်ပါစ်ဂြိုဟ်မှ အသက်ရှင်ကျန်ရစ်သူများသာမက ဝန်ထမ်းအများအပြားလည်း ပါဝင်ပေသည်။
တန်ပါစ်ဂြိုဟ်ပေါ်သို့ တစ်ဖန်ပြန်၍ ခြေချလိုက်မိသောအခါ မလှမ်းမကမ်းတွင် လူပေါင်းများစွာ အလုပ်ရှုပ်နေကြသည်ကို ဝမ်ချန် မြင်တွေ့ရ၏။
သူတို့သည် စစ်ဘေးသင့် ပျက်စီးနေသော အပျက်အစီးများကြားမှ သူတို့၏ မြို့ပြကို ပြန်လည်တည်ဆောက်နေကြခြင်း ဖြစ်ပေသည်။
တန်ပါစ်ဂြိုဟ်၏ အခြေအနေမှာ အလွန်ပင် ထူးခြားဆန်းပြားလှသော်လည်း အင်ပါယာသည် ဤဂြိုဟ်ကို စွန့်ပစ်ရန် ငြင်းဆန်ခဲ့သည့်အပြင် ပြန်လည်တည်ဆောက်ရေးအတွက် လူအင်အားနှင့် အရင်းအမြစ် အမြောက်အမြားကိုပါ ရင်းနှီးမြှုပ်နှံခဲ့ချေသည်။
သို့ရာတွင် ဤကြီးမားလှသော ပြန်လည်တည်ဆောက်ရေး လုပ်ငန်းမှာ အလွန်ပင် ခက်ခဲ၍ အချိန်ကြာမြင့်ဖွယ် ရှိပေသည်။
ဤနေရာရှိ လူများသည် ခေတ်မီစက်ကိရိယာများကို အသုံးမပြုနိုင်ကြသဖြင့် ရှေးကျသော နည်းလမ်းများဖြင့်သာ အိမ်ရာများကို ပြန်လည်တည်ဆောက်နေကြရရှာသည်။
အင်ပါယာမှ လေထီးဖြင့် ပစ္စည်းများ ပံ့ပိုးပေးနေသော်ငြားလည်း များစွာသော ကြိုးပမ်းအားထုတ်မှုနှင့် စတေးမှုများ လိုအပ်နေဦးမည်သာ ဖြစ်ပေသည်။
သံမဏိကင်းမျှော်စင်များ၊ သေနတ်များနှင့် အမြောက်များက ဤဂြိုဟ်ပေါ်တွင် ရှိနေသေးသော အန္တရာယ်များကို ပြသနေသကဲ့သို့ ရှိချေသည်။ ဝမ်ချန်သည် ရှေ့မှောက်မှ မြင်ကွင်းကို ကြည့်၍ အတွေးနယ်ချဲ့နေမိ၏။
အကယ်၍ မမျှော်လင့်ထားသည်များ ဖြစ်မလာခဲ့ပါက တန်ပါစ်ဂြိုဟ်၏ ဤထူးခြားသော အခြေအနေသည် မသေမျိုးနန်းတော်၏ အစီအရင်များ လုံးဝပျက်စီးမသွားမချင်း နှစ်ပေါင်း ရာနှင့်ချီ၍ သို့မဟုတ် ထောင်နှင့်ချီ၍ ဆက်ရှိနေပေလိမ့်မည်။
ထိုမျှလောက် ကြာမြင့်လှသော အချိန်ကာလအတွင်း ဤဂြိုဟ်ပေါ်မှ လူသားတို့သည် မည်သို့ရှင်သန်ကြမည်နည်း။ ရေနွေးငွေ့နည်းပညာ ခေတ်ဦးကဲ့သို့သော လောကတစ်ခု ဖြစ်လာလေမလား။ ယင်းကား စိတ်ဝင်စားဖွယ်ရာ အတွေးတစ်ခုပင် ဖြစ်ပေသည်။
“မိတ်ဆွေ ... ‘စစ်သည်တော်ဟောင်း အရက်ဆိုင်’ ဒီနေ့ပဲ ဖွင့်တာဗျ၊ တစ်ခွက်လောက် ဝင်သောက်မလား”
ဝမ်ချန် ငေးမောနေစဉ် တစ်စုံတစ်ဦးက ကျယ်လောင်စွာ လှမ်းခေါ်လိုက်ခြင်း ဖြစ်၏။
“ဆိုင်ဖွင့်ပွဲ အထူးအစီအစဉ်အနေနဲ့ ၂၀ ရာခိုင်နှုန်း လျှော့ပေးနေတယ်နော်”
ဝမ်ချန် လှည့်ကြည့်လိုက်သောအခါ ဆိုင်းဘုတ်မျိုးစုံ တပ်ထားသော ယာယီအဆောက်အအုံတန်းကြီးကို မြင်လိုက်ရသည်။
ယင်းကား သူ၏ ယခင်ဘဝက ကွန်တိန်နာအိမ်များနှင့် ဆင်တူသော်လည်း ပို၍ အဆင့်မြင့်လှပေသည်။ ခဏမျှ စဉ်းစားပြီးနောက် ဝမ်ချန်သည် ထိုအရက်ဆိုင်သစ်ဆီသို့ လျှောက်လှမ်းသွားလိုက်တော့သည်။
ဆိုင်ကို အပြင်ဘက်မှကြည့်လျှင် ထူးခြားမှုမရှိသော်လည်း အတွင်းဘက်တွင်မူ အလွန်ပင် ကျယ်ဝန်းလှသည့်အပြင် လူများဖြင့်လည်း စည်ကားနေပေသည်။ စားပွဲအများစုမှာ လူပြည့်နေ၏။
အရက်ဆိုင် ဘေးရှိ စင်မြင့်ထက်တွင်လည်း တီးဝိုင်းတစ်ခုက အင်ပါယာ၏ နာမည်ကြီး တေးသီချင်းများကို တီးခတ်နေပြီး အဆိုတော်တစ်ဦးကလည်း သီဆိုနေပေသည်။
ဤသို့သော မြင်ကွင်းမျိုးကို လွန်ခဲ့သော တစ်လခန့်က စိတ်ပင်မကူးခဲ့ဖူးချေ။
ထိုစဉ်က တန်ပါစ်ဂြိုဟ်၏ မျက်နှာပြင်မှာ စစ်ဘေးကြောင့် ပျက်စီးနေသော အပျက်အစီးများသာ ရှိခဲ့ပြီး အသက်ရှင်ကျန်ရစ်သူတို့မှာလည်း မြေအောက်စခန်းများတွင် ပုန်းအောင်းကာ အပြင်သို့ မထွက်ရဲကြပေ။
ဂြိုဟ်မျက်နှာပြင်မှာလည်း မျိုးရိုးဗီဇပြောင်း သတ္တဝါများနှင့် နက်သာမျိုးနွယ်စုများ၏ လက်အောက်သို့ ရောက်ရှိနေခဲ့သည် မဟုတ်လော။
ယခုမူ တစ်လအတွင်းမှာပင် လူသားတို့သည် ဂြိုဟ်မျက်နှာပြင်ပေါ်၌ သူတို့၏ အိမ်ဂေဟာများကို ပြန်လည်တည်ဆောက်နေကြပြီ ဖြစ်သည်။ ဝမ်ချန်သည် လူအများ၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်များနှင့် စစ်မှန်သော အပြုံးများကို မြင်တွေ့လိုက်ရ၏။
သူသည် ဆိုင်တွင် နေရာတစ်ခုယူကာ အရက်တစ်ခွက် မှာယူရန် ပြင်လိုက်စဉ် စဉ်းစားစရာ မေးခွန်းတစ်ခု ပေါ်လာသဖြင့် - “ဆိုင်ရှင် ... ဒီမှာ ငွေပေးချေမှုကို ဘယ်လိုလုပ်ရလဲ” ဟု မေးလိုက်မိသည်။
ကွန်ရက်မရှိသလို ကိုယ်ပိုင်အချက်အလက်စက်များကိုလည်း အသုံးမပြုနိုင်သဖြင့် အီလက်ထရောနစ်စနစ်ဖြင့် ငွေပေးချေရန်မှာ မဖြစ်နိုင်ပေ။
အရက်စပ်နေသော ဆိုင်ရှင်က ပြုံး၍ - “ဒီမှာကတော့ လက်ငင်းငွေသားပဲ ပေးရပါတယ်၊ ဒါမှမဟုတ်လည်း အကြွေးလက်မှတ် ထိုးခဲ့လို့ ရပါတယ်ဗျ” ဟု ပြောလေသည်။
အကြွေးလက်မှတ်မှာ ပမာဏ အနည်းငယ်သာ ခွင့်ပြုထားပြီး အင်ပါယာ၏ သက်ဆိုင်ရာဌာနများမှ ထုတ်ဝေပေးထားကာ လက်မှတ်နှင့် လက်ဗွေနှိပ်ရန် လိုအပ်ပေသည်။ ဆိုင်ရှင်၏ အပြောအရ ထိုအကြွေးလက်မှတ်များကို အာကာသယာဉ်ပေါ်သို့ ပြန်လည်ပေးပို့၍ စာရင်းရှင်းရခြင်း ဖြစ်သည်ဟု ဆို၏။
ယင်းကား ယာယီဖြေရှင်းချက် တစ်ခုသာ ဖြစ်ပေလိမ့်မည်။
ဝမ်ချန်က ခေါင်းငြိမ့်ကာ “နားလည်ပြီ ... မင်းတို့ဆိုင်ရဲ့ အထူးအရက်တစ်ခွက် ပေးပါဦး” ဟု ပြောရင်း ‘ကြယ်တာရာသုံးငွေ’ တစ်ရွက်ကို ကောင်တာပေါ်သို့ တင်လိုက်လေသည်။
ဝမ်ချန်တွင် ငွေသားမရှိသော်လည်း သူ၏ ‘နက္ခတ်တာရာလက်စွပ်’ ထဲ၌ သိမ်းဆည်းထားသော ငွေသားအမြောက်အမြား ရှိနေပေသည်။ ထိုငွေများကား မှောင်ခိုဈေးကွက်မှ သိမ်းဆည်းရမိထားသော ငွေများသာ ဖြစ်ပေသည်။
သူသည် အရက်ကို မြိန်ရှက်စွာ သောက်နေရင်း ဆိုင်အတွင်းမှ ပြောဆိုသံများကို နားစွင့်နေမိ၏။ ဆိုင်ရှိ လူအချို့မှာ တန်ပါစ်ဂြိုဟ်မှ အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြပြီး အချို့မှာ အပြင်မှ လာရောက်အလုပ်လုပ်ကိုင်သူများ ဖြစ်ကာ စစ်ဘက်ဆိုင်ရာ ပုဂ္ဂိုလ်အချို့လည်း ပါဝင်နေပေသည်။
အင်ပါယာက အာကာသခရီးစဉ်များကို စီစဉ်ပေးနေသဖြင့် ဂြိုဟ်ပေါ်မှ ထွက်ခွာလိုသူများ ထွက်ခွာနိုင်သော်လည်း အများစုမှာမူ သူတို့၏ ဇာတိမြေကို မခွဲနိုင်ကြဘဲ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများတွင် ပါဝင်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်ပေသည်။
အပြင်မှ ရောက်ရှိလာသူများမှာမူ လစာကောင်းကောင်းပေးသော အလုပ်အကိုင်များကြောင့် လာရောက်ကြခြင်း ဖြစ်၏။
အင်ပါယာသည်လည်း အိမ်ရာသစ်များကို ကာကွယ်ရန်နှင့် မျိုးရိုးဗီဇပြောင်း သတ္တဝါများနှင့် နက်သာမျိုးနွယ်စုများ၏ ရန်မှ ကာကွယ်ရန် စစ်သည်တော် အမြောက်အမြား ချထားပေးထားပေသည်။
ဤပြန်လည်တည်ဆောက်ရေး နယ်မြေမှာ ယခုအခါ အလွန်ပင် လုံခြုံလှပြီး နက်သာမျိုးနွယ်စုဝင်များကိုလည်း မတွေ့ရတော့ပေ။ သူတို့သည် ဝေးရာသို့ မောင်းထုတ်ခြင်း ခံလိုက်ရပုံ ရပေသည်။
ဝမ်ချန်သည် ဆိုင်ထဲတွင် နာရီဝက်ခန့် ထိုင်နေပြီးနောက် တိတ်တဆိတ် ထွက်ခွာလာခဲ့တော့သည်။ သူသည် ဤဂြိုဟ်ပေါ်တွင် ပုန်းအောင်းနေသေးသော ဂြိုဟ်ပြင်ပ သတ္တဝါဆန်းများကို ရှာဖွေရန် ခရီးစဉ်သစ်တစ်ခုကို တစ်ဦးတည်း စတင်လိုက်လေသည်။
‘နတ်ဆိုးသတ်ကွန်ရက်’ ၏ စိတ်အာရုံစွမ်းအား လိုအပ်ချက်ကို ပြည့်မီစေရန်အတွက် ‘နက်သာမျက်လုံး’ကဲ့သို့သော အဆင့်မြင့်သားကောင်များကို ဝမ်ချန် ရှာဖွေအမဲလိုက်ရန် လိုအပ်နေပေသတည်း။
***