လင်းရှင်းဟိုင်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ပြီးနောက် ကျန်းယွဲ့ကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။ "အခုချက်ချင်း စီစဉ်ပေးပါ၊ ၁၀၇ နံပါတ်နဲ့ ၁၀၉ နံပါတ် ကင်းစခန်းတွေကို အမြောက်တပ်ဖွဲ့ငယ် တစ်ဖွဲ့စီ၊ အမြန်တုံ့ပြန်ရေး တပ်ဖွဲ့ ၃ ဖွဲ့စီနဲ့ တိုက်ခိုက်ရေးစက်ရုပ် ၃,၀၀၀ စီ အသီးသီး စစ်ကူလွှတ်ပေးလိုက်ပါ။"
"ဗျာ ဒီလောက်အင်အားအများကြီး ခွဲထုတ်ပေးလိုက်ရင် ငါတို့ ဒီနေရာမှာ ဘယ်လိုခုခံမလဲ" ကျန်းယွဲ့သည် လင်းရှင်းဟိုင်၏ အမိန့်ကြောင့် ချက်ချင်းပင် ထိတ်လန့်သွားရသည်။
အကယ်၍ လင်းရှင်းဟိုင် ပြောသည့်အတိုင်းသာ လုပ်ဆောင်ပါက ထိုကင်းစခန်းနှစ်ခု၏ ဘေးအန္တရာယ်မှာ ပြေလည်သွားမည် ဖြစ်သည်။
သို့သော် သူတို့ဆီတွင်မူ အမြောက်တပ်ဖွဲ့ငယ် တစ်ဖွဲ့၊ အမြန်တုံ့ပြန်ရေး တပ်ဖွဲ့ ၄ ဖွဲ့နှင့် တိုက်ခိုက်ရေးစက်ရုပ် ၄,၀၀၀ သာ ကျန်ရှိတော့မည် ဖြစ်သည်။
ဤနေရာရှိ ခံစစ်အင်အားမှာ သုံးပုံနှစ်ပုံခန့် လျော့နည်းသွားခြင်းပင်။
သို့ရာတွင် သူတို့ ရင်ဆိုင်ရမည်မှာမူ ရူးသွပ်ဇွန်ဘီ ၄,၀၀၀ နှင့် အရေအတွက် အတိအကျမသိရသော သွေးရောင်ပိုးကောင်ငယ်များ ဖြစ်နေသည်။ ဤမျှနည်းပါးသော အင်အားနှင့် မည်သို့ ခုခံနိုင်မည်နည်း။
"ဒါကလည်း တခြားနည်းလမ်းမရှိလို့ပဲ။ သာမန်ကင်းစခန်းတွေက ရူးသွပ်ဇွန်ဘီတွေနဲ့ သွေးရောင်ပိုးကောင်တွေရှေ့မှာ လုံးဝ ခုခံနိုင်စွမ်းမရှိဘူး။ လုံလောက်တဲ့ အင်အားရှိမှသာ မလိုလားအပ်တဲ့ မတော်တဆမှုတွေကို ရှောင်ရှားနိုင်မှာ။"
"ဒီနေရာအတွက်ကတော့ ငါတို့ ရှိနေတာပဲ မဟုတ်လား။ စိတ်မပူပါနဲ့၊ ပထမတစ်ကြိမ် တိုက်ခိုက်မှုကိုတော့ အနည်းငယ် ပေးဆပ်ရုံနဲ့ တောင့်ခံနိုင်ပါသေးတယ်။ ခဏနေရင် ပျက်စီးသွားမယ့် တိုက်ခိုက်ရေးစက်ရုပ် အရေအတွက်ကတော့ နည်းနည်းများလိမ့်မယ်၊ အဲဒါကိုတော့ ကြိုပြီး စိတ်ပြင်ဆင်ထားပါ" ဟု လင်းရှင်းဟိုင်က ပြောရင်း သူ့အတွက် သီးသန့်ဖြစ်သော ပစ်ခတ်မှု ပလက်ဖောင်းပေါ်သို့ ပြန်တက်လိုက်သည်။
ထို့ပြင် ကျည်ဆန်ဖြည့်တင်းရန်အတွက် သီးသန့် တာဝန်ပေးထားသော ကောင်းကင်ဖြိုခွင်း အဖွဲ့ဝင် နှစ်ဦးကိုလည်း ခေါ်ယူလိုက်သည်။
လင်းရှင်းဟိုင်၏ စကားကို ကြားပြီးနောက် တစ်ဖက်လူ၏ လှုပ်ရှားမှုများကို ကြည့်ရင်း ကျန်းယွဲ့မှာ မသိမသာ စိတ်အေးသွားရသလို တစ်ဖက်မှလည်း စပ်စုချင်စိတ် ဖြစ်ပေါ်လာမိသည်။ "မင်း ကိုယ်တိုင် တိုက်ခိုက်တော့မလို့လား"
"အင်း" လင်းရှင်းဟိုင်က ခေါင်းငြိမ့်ပြလိုက်သည်။ မိမိကိုယ်ပိုင် စွမ်းရည်သည်သာ သူ့အတွက် အကြီးမားဆုံးသော ယုံကြည်ချက်ပင်။ စစ်ကူများကို ဤမျှအထိ ခွဲထုတ်ပေးရဲခြင်းမှာလည်း လျော့နည်းသွားသော တိုက်ခိုက်ရေးစွမ်းအားကို သူကိုယ်တိုင် ပြန်လည်ဖြည့်တင်းနိုင်မည်ဟု ယုံကြည်ထားသောကြောင့် ဖြစ်သည်။
အတည်ပြုချက် ရရှိလိုက်သည့်အခါ ကျန်းယွဲ့၏ စိတ်ထဲတွင် မျှော်လင့်ချက်များ ဖြစ်ပေါ်လာခဲ့သည်။
သူသည် လင်းရှင်းဟိုင်နှင့် သိကျွမ်းခဲ့သည်မှာ အတန်ကြာပြီ ဖြစ်သော်လည်း တစ်ဖက်လူ အမှန်တကယ် လက်စွမ်းပြသည်ကိုမူ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ ယနေ့တွင်မူ ထိုအခွင့်အရေးကို ရရှိတော့မည် ဖြစ်သည်။
ရူးသွပ်ဇွန်ဘီများသည် လျင်မြန်စွာ ချဉ်းကပ်လာနေကြသည်။ စိပ်စိပ်ပိတ်နေသော ဇွန်ဘီအုပ်စုကြီးထဲတွင်ပင် ၎င်းတို့၏ တစ်ကိုယ်လုံး နီရဲနေသော ပုံစံမှာ အလွန်ပင် သိသာထင်ရှားလှသည်။
၁၀၈ နံပါတ် ကင်းစခန်းတွင်လည်း အလုပ်ရှုပ်နေကြသည်။ တိုက်ပွဲအတွက် ပြင်ဆင်ထားသော တပ်ဖွဲ့များသည် ချက်ချင်းပင် လူစုခွဲကာ အခြားကင်းစခန်း နှစ်ခုသို့ စစ်ကူပေးရန်အတွက် ထွက်ခွာသွားကြသည်။
ကျန်ရှိနေသော အဖွဲ့ဝင်များသည်လည်း ထွက်ခွာသွားသူများ၏ နေရာလွတ်များကို ဖြည့်ဆည်းရန်အတွက် လျင်မြန်စွာ နေရာညှိနှိုင်းလိုက်ကြသည်။
ဝန်ခံရမည်မှာ တပ်၏ စည်းကမ်းစနစ်မှာ ကြေးစားများနှင့် နှိုင်းယှဉ်၍ မရနိုင်ပေ။ ယခုကဲ့သို့သော ရုတ်တရက် အပြောင်းအလဲများတွင်ပင် ရှုပ်ထွေးမှုမရှိဘဲ စနစ်တကျ လုပ်ဆောင်နိုင်ကြသည်။
ဤမျှ ထိရောက်သော လှုပ်ရှားမှုရှိသလို ဘေးချင်းကပ် ကင်းစခန်းများနှင့် အကွာအဝေးမှာလည်း မီတာရာဂဏန်းသာ ရှိသဖြင့် စစ်ကူတပ်ဖွဲ့များသည် ရူးသွပ်ဇွန်ဘီများထက် အရင်ရောက်ရှိမည်မှာ သေချာလှသည်။
ထို့ကြောင့် လင်းရှင်းဟိုင်သည် ထိုဘက်ကို ခေတ္တမျှသာ အာရုံစိုက်ပြီးနောက် ၁၀၈ နံပါတ် ကင်းစခန်းဆီသို့ အာရုံပြန်လည် ပြောင်းလဲလိုက်သည်။
၁၀၈ နံပါတ် ကင်းစခန်းကို ထိန်းသိမ်းထားနိုင်ရန်မှာသာ အဓိက သော့ချက်ဖြစ်ပေသည်။
ရူးသွပ်ဇွန်ဘီများသည် လျင်မြန်စွာ ချဉ်းကပ်လာနေကြသည်။ ၂,၅၀၀ မီတာ၊ ၂,၀၀၀ မီတာ၊ ၁,၅၀၀ မီတာ၊ ၁,၀၀၀ မီတာ၊ ၅၀၀ မီတာ။
ရူးသွပ်ဇွန်ဘီများသည် ပထမခံစစ်စည်းနှင့် မီတာ ၅၀၀ အကွာအဝေးသို့ ရောက်ရှိလာသည့်အခါ လင်းရှင်းဟိုင်သည်လည်း စတင်လှုပ်ရှားတော့သည်။
သူသည် ဘေးရှိ အဖွဲ့ဝင်နှစ်ဦးကို ကျည်ဆန်ဖြည့်တင်းခိုင်းထားရင်း သံချပ်ကာကားကို ပထမခံစစ်စည်းဆီသို့ ဦးတည်မောင်းနှင်ရန် အမိန့်ပေးလိုက်သည်။
ဤမြင်ကွင်းကို မြင်လိုက်ရသည့်အခါ ကျန်းယွဲ့က တားဆီးရန် ပါးစပ်ပြင်လိုက်မိသည်။ အကြောင်းမှာ လင်းရှင်းဟိုင်၏ အစီအစဉ်အရ လူအားလုံးကို ဒုတိယခံစစ်စည်းသို့ ဆုတ်ခွာခိုင်းထားပြီး ပထမခံစစ်စည်းတွင် တိုက်ခိုက်ရေးစက်ရုပ်များကိုသာ ထားခဲ့ခြင်း ဖြစ်သောကြောင့် ဖြစ်သည်။
ယခုမူ လင်းရှင်းဟိုင် ကိုယ်တိုင် ရှေ့ထွက်သွားခြင်းမှာ အလွန်ပင် အန္တရာယ်များလှသည်။
သို့သော် ကျန်းယွဲ့သည် နောက်ဆုံးတွင် ဘာမှမပြောဘဲ တိတ်ဆိတ်သွားခဲ့သည်။ အကြောင်းမှာ ဤအန္တရာယ်ကို လင်းရှင်းဟိုင်သည် သူ့ထက် ပို၍ နားလည်ထားမည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။
ထို့ကြောင့် သူသည် တစ်ဖက်လူ ဘာလုပ်မည်ကိုသာ တိတ်တဆိတ် စောင့်ကြည့်နေလိုက်သည်။
မကြာမီမှာပင် တစ်ဖက်လူ၏ ဘေးရှိ လက်ထောက်နှစ်ဦးမှာ ဖြတ်တောက်သူ ရိုင်ဖယ်များကို ထုတ်ယူကာ ပစ်ခတ်မှု ပလက်ဖောင်းပေါ်တွင် တင်လိုက်ကြသည်ကို သူ သတိပြုမိလိုက်သည်။
ကျန်းယွဲ့ ရေတွက်ကြည့်လိုက်သည့်အခါ "ဖြတ်တောက်သူ" ရိုင်ဖယ် စုစုပေါင်း ၁၀ လက်တောင် ရှိနေသည်။ လင်းရှင်းဟိုင်၏ ဘယ်ဘက်နှင့် ညာဘက်တွင် ၅ လက်စီ တင်ထားခြင်း ဖြစ်သည်။
၎င်းသာမက ရိုင်ဖယ်များကို ထုတ်ပြီးနောက် ကျည်ဖြည့်တင်းပေးမည့် အဖွဲ့ဝင်နှစ်ဦးမှာ ကျည်အိမ် ၂၀ နှင့် အလိုအလျောက် ကျည်ဖြည့်သေတ္တာ ၁၀ ခုကိုပါ ထုတ်ယူလိုက်ကြပြန်သည်။
"ဒါကတော့ ချဲ့ကားလွန်းရာ ကျနေပြီ" ကျန်းယွဲ့ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
အဖြစ်မှန်ကို သိနေသဖြင့်သာ ဤလူနှစ်ဦးမှာ လင်းရှင်းဟိုင်အတွက် ကျည်ဆန်ဖြည့်ပေးနေမှန်း သိခြင်း ဖြစ်သည်။ မသိသူသာဆိုလျှင် ဤလူနှစ်ဦးမှာ ပစ်ခတ်ရေးအဖွဲ့ တစ်ဖွဲ့လုံးကို အလုပ်အကျွေး ပြုနေသည်ဟုပင် ထင်မှတ်သွားနိုင်ပေသည်။
ပစ်ခတ်ရေးအဖွဲ့ တစ်ဖွဲ့လုံးဆိုလျှင်ပင် အလိုအလျောက် ကျည်ဖြည့်သေတ္တာ ၁၀ ခုအထိ လိုအပ်မည် မဟုတ်ပေ။
သို့သော် ယခုအချိန်မှာ ထိုအကြောင်းကို အချိန်ပေး စဉ်းစားနေရမည့် အချိန်မဟုတ်တော့ပေ။ ရူးသွပ်ဇွန်ဘီများသည် ပထမခံစစ်စည်းနှင့် မီတာ ၃၀၀ အကွာအဝေးသို့ ရောက်ရှိလာသည့်အခါ အမြောက်တပ်ဖွဲ့ငယ်က ဦးစွာ စတင်တိုက်ခိုက်လိုက်တော့သည်။
မီးလောင်ဗုံးများနှင့် အမြောက်ဆံများသည် ရူးသွပ်ဇွန်ဘီ စစ်ကြောင်းအတွင်းသို့ တစ်ဟုန်ထိုး ကျရောက်သွားခဲ့သည်။
“ဒိုင်း... ဒိုင်း... ဒိုင်း”
ပြင်းထန်သော အမြောက်သံများမှာ မရပ်မနား ထွက်ပေါ်လာသည်။
ဤကဲ့သို့သော ပြည့်စုံပြင်းထန်သော ဗုံးကြဲမှုမျိုးသည် စက္ကန့်တိုင်းတွင် ကုန်ကျစရိတ်မှာ ကြောက်ခမန်းလိမ္မော် ဖြစ်ပြီး ကြေးစားအဖွဲ့တစ်ခုကို အလွယ်တကူ ဒေဝါလီခံသွားစေနိုင်သည်။
သို့သော် ၎င်း၏ အကျိုးသက်ရောက်မှုမှာလည်း အလွန်ပင် ထင်ရှားလှသည်။ ပထမခံစစ်စည်း အပြင်ဘက်ရှိ မီတာ ၃၀၀ အကွာအဝေးမှာ ချက်ချင်းပင် သေမင်းတမန် နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထိုခဏ၌ ဇွန်ဘီအုပ်စုကြီးထဲမှ သာမန်ဇွန်ဘီနှင့် အလယ်အလတ်အဆင့် ဇွန်ဘီများ မဆိုထားနှင့်၊ အဆင့်မြင့်ဇွန်ဘီများပင်လျှင် ဆက်တိုက် ဗုံးကြဲမှုအောက်တွင် သေတွင်းသို့ ဆင်းသွားကြရသည်။
ထိုရူးသွပ်ဇွန်ဘီများသည် မည်မျှပင် မြန်ဆန်ပါစေ၊ မည်မျှပင် လျင်မြန်စွာ တုံ့ပြန်နိုင်ပါစေ၊ ရှောင်တိမ်းရန် နေရာအလုံအလောက် မရှိသော အခြေအနေတွင် ဘာမှ မတတ်နိုင်ကြပေ။
၎င်းတို့အနေဖြင့် ပေါက်ကွဲမှု၏ အဓိက ဗဟိုချက်နှင့် ဝေးရာသို့သာ တတ်နိုင်သမျှ ရှောင်ရှားနိုင်ကြသော်လည်း နောက်ဆက်တွဲ ပေါ်ထွက်လာသော တုန်ခါမှုလှိုင်းများနှင့် ကျည်ဆန်စများကိုမူ မတတ်သာဘဲ မိမိတို့၏ သန်မာလှသော ခန္ဓာကိုယ်ဖြင့်သာ အောင့်အည်း ခံကြရသည်။
သို့သော် မီးလောင်ဗုံးနှင့် အမြောက်ဆံများဖြင့်သာ ထိုရူးသွပ်ဇွန်ဘီများကို အပြတ်အသတ် ရှင်းလင်းရန်မှာ မဖြစ်နိုင်သည်မှာ အမှန်ပင်။
ရူးသွပ်အခြေအနေသို့ ရောက်ရှိသွားပြီးနောက် ၎င်းတို့၏ ခန္ဓာကိုယ် ခုခံနိုင်စွမ်းမှာ နှစ်ဆခန့် မြင့်တက်လာခဲ့ရာ အမြောက်ဆံမှာ ခေါင်းပေါ်သို့ တည့်တည့်ကျရောက် ပေါက်ကွဲခြင်း မဟုတ်ပါက သေဆုံးရန် ခဲယဉ်းလှသည်။
၎င်းပြင် ရူးသွပ်ဇွန်ဘီများသည် လှုပ်ရှားမှု မြန်ဆန်လှသဖြင့် ဗုံးကြဲနယ်မြေကို အချိန်တိုအတွင်း ကျော်ဖြတ်နိုင်ခြင်းကလည်း ဗုံးထိမှန်နိုင်ခြေကို လျော့နည်းစေသည်။
နောက်ဆုံးရလဒ်မှာမူ ကံဆိုးလွန်းသော ရူးသွပ်ဇွန်ဘီ အနည်းငယ်မှလွဲ၍ အများစုမှာ ပြင်းထန်သော ဗုံးမိုးများကြားမှ ထိုးဖောက်ထွက်လာနိုင်ကြသည်။
မှန်ပါသည်၊ ထိုထိုးဖောက်လာနိုင်သော ရူးသွပ်ဇွန်ဘီများမှာလည်း ဒဏ်ရာအနာတရများစွာနှင့် ဖြစ်သည်။
သို့သော် ထိုဇွန်ဘီများသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ ပို၍ပင် ရူးသွပ်ကြမ်းတမ်းလာကြသည်။
၎င်းတို့၏ မျက်လုံးထဲတွင် သွေးဆာနေသော တောင့်တမှုများဖြင့် လက်တစ်ကမ်းအကွာရှိ ပထမခံစစ်စည်းဆီသို့ တိုက်ရိုက် ပြေးဝင်လာကြတော့သည်။
သို့သော် ထိုဇွန်ဘီများ မသိလိုက်သည်မှာ ယခုအချိန်သည်သာ အန္တရာယ်အရှိဆုံး အချိန်ဖြစ်ကြောင်းပင်။ အကြောင်းမှာ အဆင်သင့် စောင့်ဆိုင်းနေသော လင်းရှင်းဟိုင်သည် ဖြတ်တောက်သူ ရိုင်ဖယ်ကို မြှောက်ကိုင်လိုက်ပြီ ဖြစ်သောကြောင့် ဖြစ်သည်။
၎င်းတို့ ဗုံးမိုးများကြားမှ အောင်မြင်စွာ ထိုးဖောက်လာနိုင်သည့် ထိုခဏမှာပင် လင်းရှင်းဟိုင်သည် လက်ထဲမှ မောင်းတံကို ချက်ချင်းပင် ဆွဲညှစ်လိုက်တော့သည်။
***