လီယန်ချူသည် ယန်ချွမ်းမြို့တော်တွင် ကြာရှည်စွာ မနေထိုင်ဘဲ ဝေမြို့သို့ အမြန်ဆုံး ပြန်ရန်အတွက် ခရီးစတင်ခဲ့သည်။
တည်ခိုးခန်းပိုင်ရှင် ဆိုင်ရှင်မအတွက်မူ ဖန့်ချင်းလန်၏ အသက်ရှင်သေဆုံးမှုကို မသိရသေးဘဲ တည်းခိုးခန်း တွင် စိုးရိမ်တကြီး စောင့်မျှော်နေရှာမည် မဟုတ်ပါလား။
မြို့ပြင်သို့ ရောက်၍ လူသူကင်းဝေးသော နေရာသို့ ရောက်သည်နှင့်...
လီယန်ချူသည် ရှေ့သို့တိုးကာ ဖန့်ချင်းလန်၏ ခါးလေးကို ဆွဲဖက်လိုက်သည်။
"ရှင်... ဘာလုပ်တာလဲ "
ဖန့်ချင်းလန်၏ ပါးပြင်ပေါ်တွင် နီမြန်းသော အသွေးအရောင်များ ယှက်သန်းသွားပြီး မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။
"မင်းကို ဝေမြို့ ပြန်ခေါ်သွားမလို့လေ"
လီယန်ချူက ပြောလိုက်သည်။
ထို့နောက်...
သူ့ခြေဖဝါးအောက်တွင် တိမ်တိုက်များ ပေါ်ထွက်လာပြီး ဖန့်ချင်းလန်၏ သွယ်လျ၍ ကျစ်လျစ်သော ခါးလေးကို ဖက်ကာ ကောင်းကင်ယံသို့ တစ်ဟုန်ထိုး ပျံတက်သွားတော့သည်
ဖန့်ချင်းလန်မှာ အံ့ဩတုန်လှုပ်သော မျက်ဝန်းများဖြင့် လီယန်ချူကို စိုက်ကြည့်နေမိသည်။
"တိမ်စီးနှင်တာ "
သူမ၏ ကျင့်ကြံမှု အဆင့်အတန်းနှင့်ပင် ထိုအခြင်းအရာကို မြင်တွေ့ရသောအခါ အံ့အားသင့်သွားရသည်။
ဤသည်မှာ တတိယနယ်ပယ် ယန်ဝိညာဉ် အဆင့်ရှိ ပညာရှင်ကြီးများသာ တတ်စွမ်းနိုင်သည့် အမှတ်အသား ဖြစ်သောကြောင့်ပင်။
လီယန်ချူက မျက်စိတစ်ချက် မှိတ်ပြလိုက်ရင်း...
"တကယ်တော့... ငါ မင်းကို မပြောရသေးတဲ့ အချက်တစ်ချက် ရှိတယ်၊ ငါက အတားအဆီးတွေကို ချိုးဖျက်ပြီး ယန်ဝိညာဉ်အဆင့်ကို ရောက်နေတာ ကြာလှပြီ"
ဖန့်ချင်းလန်မှာ လှပသော မျက်ဝန်းအစုံကို ဝိုင်းစက်အောင် ပြူးကြည့်နေမိပြီး...
ခဏအကြာတွင်မူ... "ဖူး" ခနဲ မနေနိုင်ဘဲ ရယ်မောလိုက်တော့သည်။
"ကြွားနေပြန်ပြီ "
ယခုအခါ လီယန်ချူမှာ ကျင့်ကြံမှု တိုးတက်လာသည်ဖြစ်ရာ တိမ်စီးခြင်းအတတ်ကို အသုံးပြုသောအခါ အရှိန်မှာလည်း အလွန်ပင် လျင်မြန်လှပေသည်။
ဝေမြို့သို့ ပြန်ရောက်သောအခါ...
ဆိုင်ရှင်မ မှာ ထိတ်လန့်တုန်လှုပ်မှုများ မပြေပျောက်သေးဘဲ ဖန့်ချင်းလန်၏ လက်ကိုဆွဲကာ ဟိုဟိုဒီဒီ မေးမြန်းနေတော့သည်။
ညီမဖြစ်သူကို အပြစ်တင်စကား ပြောလိုက်၊ သနားသွားလိုက်နှင့်...
လှပကျော့ရှင်းသော မျက်နှာလေးပေါ်တွင် မျက်ရည်များ ဝဲနေကာ ငိုယိုနေရှာသည်။
လီယန်ချူမှာမူ ထိုညီအစ်မနှစ်ဦး ပြန်လည်ဆုံစည်းသည့် ကြည်နူးစရာ မြင်ကွင်းကို အနှောင့်အယှက် မပေးလိုသဖြင့်...
ချင်းယွန်းကျောင်း သို့ ပြန်၍ အနားယူလိုက်သည်။
ယခုတစ်ခေါက် ချူကျန်းမြစ်သို့ သွားခဲ့သည့် ခရီးတွင် ကုသိုလ်မှတ် ခုနစ်သောင်းသုံးထောင် ရရှိခဲ့သည်။
ထို့ပြင် နဂါးပုတီးစေ့ တစ်လုံး
နဂါးစစ်ရဲ့ အကြေးခွံ တစ်ခု
ရေခွဲပုတီးစေ့ တစ်လုံး တို့ကိုလည်း ရရှိခဲ့သည်။
ထိုအထဲမှ ရေခွဲပုတီးစေ့မှာ အဘိုးကြီးသူတောင်းစားက လီယန်ချူကို အတင်းအဓမ္မ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။
ယခုဆိုလျှင် သူ၏ ကိုယ်ပေါ်ရှိ ကုသိုလ်မှတ်များမှာ ခုနစ်သိန်း ငါးသောင်း လေးထောင် ဖြစ်သွားလေပြီ
ဆရာဦးလေး မှာမူ ကျောင်းတွင် မရှိတော့ဘဲ စာတစ်စောင် ချန်ထားကာ လုံဟုရှန်း သို့ ပြန်သွားခဲ့သည်။
နတ်သက်ကြွေထားသည့် အလား သန့်စင်သော အရှိန်အဝါများ ရှိလာသည့် ထိုတာအို ပညာရှင်ကြီးသည်...
ဝေမြို့တွင် ရှိနေစဉ်အတွင်း တစ်စုံတစ်ခုကို သိမြင်နားလည်သွားပုံရပြီး ကျင့်ကြံမှု အဆင့်အတန်း လှုပ်ခတ်လာကာ ယန်ဝိညာဉ်အဆင့်ကို ပြန်လည် ရရှိရန် မျှော်လင့်ချက် ရှိနေပုံရသည်။
သူက လီယန်ချူကို ကျင့်ကြံမှုအား ကောင်းကောင်း လုပ်ဆောင်ရန်သာ မှာကြားခဲ့ပြီး အခြားအရာများကိုမူ များများစားစား မပြောခဲ့ချေ။
လောကီအငွေ့အသက်နှင့် တာအိုအငွေ့သက် နှစ်မျိုးစလုံး ပိုင်ဆိုင်သည့် ထိုအဘိုးကြီး ထွက်သွားပြီးနောက်...
ချင်းယွးန်ကျောင်းမှာ ပြန်လည်၍ တိတ်ဆိတ်ခြောက်ကပ်သွားတော့သည်။
ကိစ္စကြီးကြီးမားမား ကြုံပြီးတိုင်း အိပ်စက်အနားယူခြင်းမှာ အကောင်းဆုံးပင်
သူသည် စိတ်ကြည်လင်လန်းဆန်းစွာဖြင့် နိုးထလာခဲ့သည်။
နံနက်ခင်းတွင် လီယန်ချူသည် မျက်နှာချင်းဆိုင်ရှိ ထိုက်ဖင်တည်းခိုးခန်းသို့ သွားကာ ဖြူဖွေးအိစက်၍ နူးညံ့လှသော အသားလုံးပေါင်း အလုံးနှစ်ဆယ်ကျော်ကို စားပွဲတော် တည်လိုက်သည်။
ဆိုင်ရှင်မ၏ လက်ရာမှာ ပို၍ပင် ကောင်းမွန်လာပြီး ပေါက်စီအတွင်းမှ ဟင်းရည်များမှာလည်း ချိုမြိန်လှသည်။
အနေတော် ကျိုထားသော ဆန်ပြုတ်နှင့် တွဲဖက်စားလိုက်ရသဖြင့် အလွန်ပင် လူကို အားရှိစေသည်။
"ချင်းလန် ဘာလို့ အပြင်ထွက်သွားတာလဲဆိုတာ မင်း သိလား "
လီယန်ချူက မေးလိုက်သည်။
"သူမက သူမရဲ့ ဝိညာဉ်ကို တည်ငြိမ်အောင်လုပ်ဖို့ ပုထျန်းဆေးလုံး တစ်လုံး လိုအပ်နေတာ၊ ဖုန်းတူး ကို သွားတာကလည်း အဲဒီဆေးလုံး ဖော်စပ်ဖို့ လိုအပ်တဲ့ အရေးကြီးတဲ့ ဆေးမြစ်တစ်မျိုးကို သွားရှာတာပဲ"
ဟု မမကြီးက ပြောပြသည်။
"ဝိညာဉ်ကို တည်ငြိမ်အောင် လုပ်ဖို့ ဟုတ်လား"
လီယန်ချူ မျက်မှောင်ကြုတ်သွားသည်။
ဆိုင်ရှင်မက သက်ပြင်းချရင်း...
"ငါလည်း မနေ့ညကမှ သူမနဲ့ စကားပြောကြည့်တော့မှ ဒီအကြောင်းစုံကို သိရတာ၊ ပုထျန်းဆေးလုံး ရှိရင်တောင်မှ အမြန်ဆုံး သုံးလေးနှစ်၊ နှေးရင် ရှစ်နှစ် ဆယ်နှစ်အတွင်း သူမရဲ့ ကျင့်ကြံမှုတွေ ပျက်စီးပြီး သေဆုံးသွားနိုင်တယ်တဲ့"
ဤမျှအထိ ပြင်းထန်လှပါသလော... လီယန်ချူ၏ မျက်မှောင်များ ပို၍ ကြုတ်သွားကာ..
"ဝိညာဉ်ကို အားဖြည့်ပေးနိုင်တဲ့ ဆေးဆိုရင် ရပြီလား "
ဝိညာဉ်ကို အားဖြည့်ပေးနိုင်သည့် နတ်ဆေးများမှာ ရှားပါးလှသော်လည်း သူ့လက်ထဲတွင် အမျိုးအမည် အနည်းငယ် ရှိနေပါသည်။
ဆိုင်ရှင်မ က ခေါင်းခါယမ်းလိုက်ရင်း...
"တခြားဆေးတွေ သုံးလို့ရရင် သူလည်း ဖုန်းတူးလို ကြောက်စရာကောင်းတဲ့ နေရာမျိုးကို သွားမှာမဟုတ်ဘူး"
အခန်းတွင်းရှိ လေထုမှာ အနည်းငယ် လေးလံသွားသည်။
"တကယ်တော့..."
ဆိုင်ရှင်မ က နှုတ်ခမ်းလေးကို ခပ်ဖွဖွ ကိုက်လိုက်ရင်း...
"ချင်းလန်ကို ကယ်နိုင်တဲ့ နောက်ထပ် နည်းလမ်းတစ်ခု ရှိသေးတယ်"
"ဘာနည်းလမ်းလဲ "
"ယင်ယန်ကျင့်စဉ် ပဲ"
ဆိုင်ရှင်မသည် သူမ၏ ရင်ခွင်ထဲမှ ဝါကြင့်ကြင့် စာအုပ်ငယ်လေး တစ်အုပ်ကို ထုတ်ယူလိုက်သည်။
မျက်နှာဖုံးတွင် ယင်ယန်ကျင့်စဉ် ဟူသော စာလုံးကြီး သုံးလုံးကို ရေးသားထားသည်။
" ယင်ယန်ကျင့်စဉ် "
လီယန်ချူမှာ အကြီးအကျယ် အံ့ဩသွားရသည်။
"ဟုတ်တယ်၊ အခု သူမကို ကူညီနိုင်တာ ရှင်တစ်ယောက်ပဲ ရှိတယ်"
"သူမရဲ့ ပြဿနာက... အရမ်းပြင်းထန်တယ်၊ ကုသိုလ်အရှိန်အဝါ ရှိတဲ့သူနဲ့ ယင်ယန်ရောရှပ်မှသာ သူမ သေဆုံးမယ့်ဘေးက လွတ်မှာ၊ ရှင်က အဲဒီအချက်နဲ့ ကိုက်ညီနေတယ်"
ကုသိုလ်အရှိန်အဝါ ဟုတ်လား... လီယန်ချူသည် ဆိုင်ရှင်မ ကို တစ်ချက် ကြည့်လိုက်သည်။
"ဒါမှမဟုတ်... ညကျရင် ကျွန်မပါ အတူတူ လာခဲ့ရမလား "
ဆိုင်ရှင်မ က သူ့ကို ညှို့ဓာတ်ပြင်းသော မျက်ဝန်းများဖြင့် တစ်ချက် ကြည့်လိုက်သည်။
လီယန်ချူ : "..."
ထိုနှောင့်ယှက်တတ်သော မြေခွေးမလေး
ငါ့ရဲ့ တာအိုစိတ်ဓာတ်ကို ဖျက်ဆီးဖို့ ကြံနေတာပဲ
ဟင်း... ဟင်း
လီယန်ချူသည် ထိုစာအုပ်ငယ်လေးကို ယူကာ ချင်းယွန်းကျောင်းသို့ ပြန်လာခဲ့သည်။
စိတ်ထဲတွင် အတွေးများစွာဖြင့် ရှုပ်ထွေးနေသည်။
ဆိုင်ရှင်မ နှင့် ဖန့်ချင်းလန်တို့၏ နောက်ခံသမိုင်းကြောင်းကို သူ ပို၍ပင် စိတ်ဝင်စားလာမိသည်။
သို့သော်လည်း...
ယခု လက်ရှိ အရေးအကြီးဆုံး ကိစ္စမှာ...
လူကယ်ဖို့ မဟုတ်ပါလား
ညမှောင်လာသောအခါ...
ထိုက်ဖင်ဟိုတယ်
ညလေပြေမှာ တဖြည်းဖြည်း တိုက်ခတ်နေပြီး အနည်းငယ် ပူအိုက်လှသည်။
တိတ်ဆိတ်လှသော ခြံဝန်းအတွင်း၌ ဖန့်ချင်းလန်နှင့် လီယန်ချူတို့ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
လေထုမှာ အနည်းငယ် အနေရခက်နေသည်။
"သူမက ရှင့်ကို ဘယ်လိုပြောလိုက်တာလဲ "
ဖန့်ချင်းလန်သည် တည်ငြိမ်အောင် ကြိုးစား၍ မေးလိုက်သည်။
လီယန်ချူကလည်း အကုန်အစင်ကို ရိုးရိုးသားသားပင် ပြောပြလိုက်သည်။
"လူကယ်ဖို့ သက်သက်ပဲလား "
ဖန့်ချင်းလန်က သူ့ကို တစ်ချက် စိုက်ကြည့်လိုက်သည်။
ရုတ်တရက်ဆိုသလို အေးစက်လှသော အမျိုးသမီး သူရဲကောင်းလေးမှာ ဆွဲဆောင်မှုရှိသော အမူအရာများဖြင့် အသက်ဝင်လာသလိုပင်။
လီယန်ချူက အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ကာ...
"အဲဒါ မဟုတ်ရင် ဘာဖြစ်ရမှာလဲ "
ဖန့်ချင်းလန်၏ မျက်နှာမှာ တည်ငြိမ်အေးဆေးနေသော်လည်း အသက်ရှူသံမှာမူ အနည်းငယ် မြန်နေသည်။
၎င်းက သူမ၏ စိတ်နှလုံးသည်လည်း ပကတိအတိုင်း တည်ငြိမ်မနေကြောင်း ပြသနေသည်။
နှစ်ဦးသား ဆက်လက်၍ တိတ်ဆိတ်သွားကြသည်။
ဖန့်ချင်းလန်က ရုတ်တရက် ထရပ်လိုက်ကာ အေးဆေးစွာ ပြောလိုက်သည်။
"ကျွန်မ ရေချိုးလိုက်ဦးမယ်"
လောကအတွေ့အကြုံရှိသော အမျိုးသမီး တစ်ယောက်အနေဖြင့် ယခုအချိန်တွင် ရှက်ကြောက်နေသည့် မိန်းကလေးငယ်တစ်ဦးကဲ့သို့ အမူအရာမျိုး မပြသင့်ဟု သူမ တွေးမိပုံရသည်။
"ကောင်းပါပြီ"
လီယန်ချူက ခေါင်းညိတ်ပြလိုက်သည်။
ထိုကဲ့သို့သော ကိစ္စမျိုးကို စိတ်မလှုပ်ရှားဘူးဟု ဆိုလျှင် လိမ်ရာကျပေလိမည်။
မည်သို့ပင်ဖြစ်စေ သူတို့နှစ်ဦးကြားတွင် သံယောဇဉ် အခြေခံက ရှိနေပြီးသား မဟုတ်ပါလား။
ဖန့်ချင်းလန်မှာ မည်သည့်အမူအရာမျှ မပြဘဲ ထွက်သွားသည်။
လီယန်ချူသည် လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ပြီး ခဏအကြာတွင် ထရပ်၍ အတွင်းသို့ ဝင်သွားတော့သည်။
အခန်းတွင်း၌ ရေနွေးငွေ့များ ဖုံးလွှမ်းနေသည်။
ဖန့်ချင်းလန်၏ ခြေတံများမှာ ရှည်လျားလှပြီး ပေါ့ပါးသော ကိုယ်ခံပညာကို ကျင့်ကြံထားသဖြင့် သူမ၏ ခန္ဓာကိုယ်မှာ သဘာဝအလျောက် အားသာချက်ရှိကာ အလွန်ပင် ပျော့ပျောင်းလှသည်။
ဤသည်မှာ နှစ်ပေါင်းများစွာ သိုင်းပညာ ကျင့်ကြံထားခြင်း၏ ရလဒ်ပင်။
သာမန် အမျိုးသမီးများထက် နုနုရွရွဖြစ်မှု အနည်းငယ် လျော့နည်းသော်လည်း ခွန်အားရှိသော အလှတရားမှာ ပို၍ ထင်ရှားနေသည်။
အစပိုင်းတွင် အနည်းငယ် အနေရခက်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ အရာအားလုံးမှာ ရေစီးသကဲ့သို့ပင် ချောမွေ့သွားတော့သည်။
နှစ်ဦးသားမှာ ရင်းနှီးပြီးသားဖြစ်သလို အပြန်အလှန်လည်း မေတ္တာရှိကြသူများ မဟုတ်ပါလား။
ဤကိစ္စမှာ ရုတ်တရက်ကြီး ဖြစ်လာသည်ဟုတော့ မဆိုနိုင်ချေ။
နှစ်ဦးသဘောတူ ချစ်ကြိုက်သွားသည်ဟု ဆိုလျှင် ပိုမှန်ပေလိမည်။
နောက်တစ်နေ့
ရာသီဥတုမှာ သာယာလှပနေသည်။
လီယန်ချူသည် မျက်လုံးဖွင့်လိုက်သောအခါ ဘေးတွင်ရှိနေသော ကျောက်စိမ်းကဲ့သို့ နူးညံ့ချောမွေ့သည့် အမျိုးသမီးလေးကို မြင်တွေ့ရသဖြင့် ပြုံးလိုက်မိသည်။
နှစ်ဦးသားကြားမှ အမုန်းတရားနှင့် အဖုအထစ်များမှာ ပျောက်ကွယ်သွားခဲ့လေပြီ။
အမှန်ပင်... ထိုနည်းလမ်းမှာ ဆက်ဆံရေးကို ပြန်လည် နွေးထွေးစေရန် အကောင်းဆုံး နည်းလမ်းပင် ဖြစ်သည်။
ဖန့်ချင်းလန်၏ ဝိညာဉ်အတွင်းမှ ပြဿနာအချို့မှာ ယင်ယန်ကျင့်စဉ်ကြောင့် တည်ငြိမ်သွားခဲ့ပြီဖြစ်ရာ နောင်တွင် မကြာခဏ ကျင့်ကြံပေးရုံဖြင့် သူမ ဘေးကင်းနိုင်မည် ဖြစ်သည်။
ကျင့်ကြံမှုမှာလည်း ပို၍ပင် တိုးတက်လာနိုင်သေးသည်။
ယနေ့တွင် သူမသည် အလွန်ပင် နှစ်ခြိုက်စွာ အိပ်ပျော်နေ၏။
နှုတ်ခမ်းထောင့်တွင် အပြုံးစလေး ယှက်သန်းနေပြီး ဆံပင်ရှည်များမှာ သူမ၏ ဖြူစင်လှသော နောက်ကျောပေါ်တွင် ပွင့်ချပ်များအလား ဖြန့်ကျက်နေသည်။
သူထင်ထားသည်မှာ သူမသည် နှစ်ပေါင်းများစွာ သိုင်းပညာကျင့်ကြံပြီး လောကအနှံ့ လှည့်လည်ခဲ့သူဖြစ်ရာ အသားအရေမှာ အနည်းငယ် ကြမ်းတမ်းနေမည်ဟု ထင်ခဲ့သော်လည်း...
မထင်မှတ်ဘဲ ဤမျှအထိ နုနယ်နေခြင်းပင်။
"ဒါဟာ ကျင့်ကြံခြင်းက ပေးတဲ့ ကောင်းကျိုးတွေပဲ ဖြစ်ရမယ် "
လီယန်ချူသည် စိတ်ထဲမှ တွေးလိုက်မိသည်။
သူသည် ကုတင်ဘေးတွင် ခန့်ညားစွာ ထိုင်လိုက်သည်။
ထိုစဉ် တံခါးပြင်ပမှ ဆိုင်ရှင်မ၏ အသံ ထွက်ပေါ်လာသည်။
"ရုံးတော်က ဝမ်အရာရှိ က ရှင့်ကို လာရှာနေတယ်၊ အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိပုံရတယ်"
လီယန်ချူ မျက်မှောင် အနည်းငယ် ကြုတ်သွားပြီး ဖန့်ချင်းလန်ကို တစ်ချက် ကြည့်လိုက်သည်။
ခဏမျှ စဉ်းစားပြီးနောက် သူမကို မနှိုးတော့ဘဲ စောင်ကို သေသေချာချာ ခြုံပေးလိုက်သည်။
ထို့နောက် တံခါးကိုဖွင့်၍ အပြင်သို့ ထွက်လာခဲ့သည်။
ပုံမှန်အားဖြင့် အဘိုးကြီးဝမ်က သူ့ကို လာရှာသည်ဆိုပါက ဖြေရှင်း၍မရသော နာနာဘာဝ သရဲတစ္ဆေ ကိစ္စများ ကြုံတွေ့နေရခြင်းကြောင့်သာ ဖြစ်သည်။
"လူက ဘယ်မှာလဲ"
"ရှေ့ဆောင်ခန်းမမှာ"
လီယန်ချူက ခေါင်းညိတ်ပြကာ အပြင်သို့ ခြေလှမ်းကျဲကြီးဖြင့် ထွက်လာခဲ့သည်။
ဝမ်အရာရှိသည် ခါးတွင် ဓားကို ချိတ်ဆွဲထားပြီး ဓားကိုင်ရဲမက် နှစ်ဦးနှင့်အတူ ဟိုတယ်ခန်းမအတွင်း၌ ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။
လီယန်ချူကို မြင်လိုက်ရသောအခါ သူ၏ မျက်ဝန်းများမှာ ချက်ချင်းပင် တောက်ပသွားတော့သည်။
ဝမ်အရာရှိက လက်အုပ်ချီ၍ ဆိုလိုက်သည်။
"လီတာအိုဆရာ မတွေ့ရတာ ကြာပြီနော်"
လီယန်ချူက မေးလိုက်သည်။
"ဝမ်အရာရှိ ကျွန်တော့်ကို ဒီလောက် အသည်းအသန် လာရှာတယ်ဆိုတော့ ခက်ခဲတဲ့ အမှုတစ်ခုခု ကြုံနေရလို့လား "
ဝမ်အရာရှိက အသံကို နှိမ့်ကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ ဝေမြို့မှာ အေးအေးချမ်းချမ်း ရှိနေတာ ကြာပြီ၊ ဒါပေမဲ့ မနေ့ညကမှ ထူးဆန်းတဲ့ လူသတ်မှုတစ်ခု ဖြစ်သွားတယ် "
လီယန်ချူက ခေါင်းညိတ်၍...
"ဆက်ပြောပါဦး"
ဝမ်အရာရှိကလည်း အချိန်မဆွဲဘဲ တိုက်ရိုက်ပင် ပြောတော့သည်။
"ဆန်စပါးအရောင်းအဝယ်လုပ်တဲ့ သူဌေးရွှီ ရဲ့ အိမ်မှာ လူသတ်မှု ဖြစ်သွားတာ၊ သူနဲ့အတူ အိမ်စေ အတော်များများ အသတ်ခံလိုက်ရတယ်၊ သေဆုံးပုံကလည်း အရမ်းကို ရွံစရာကောင်းပြီး ရက်စက်လွန်းတယ်"
"ဒါပေမဲ့ အိမ်က အမျိုးသမီးတွေအားလုံးကတော့ ဘာဒဏ်ရာမှမရဘဲ ဘေးကင်းနေကြတယ်၊ အသတ်ခံရတဲ့ညက သူဌေးရွှီရဲ့ ဇနီးငယ်လေးတောင်မှ သူနဲ့အတူ တစ်ကုတင်တည်း အတူတူ အိပ်နေခဲ့တာပဲ "
"ဟင်"
လီယန်ချူ အနည်းငယ် ထူးဆန်းသွားသည်။ ယောက်ျားတွေကိုပဲ ရွေးသတ်တာလား။
***