သစ်ရွက်များမှာ တရှရှ မြည်သံပေးနေပြီး...
ယင်လေစိမ်းများက တဖြူးဖြူး တိုက်ခတ်နေသည်။
ဝါးဖုန်းတောင်ပေါ်တွင် လူသူအရောက်အပေါက် နည်းပါးလှရာ သရဲခြောက်ရန် အလွန်လွယ်ကူသော နေရာတစ်ခု ဖြစ်နေသည်။
လေထဲတွင် ညှိဟောင်သော အနံ့အသက်တစ်ခု ပါဝင်နေပြီး...
တိုက်ခတ်လာသော လေညင်းမှာ လူကို တစ်ကိုယ်လုံး အေးစိမ့်သွားစေတော့သည်။
မှောင်မိုက်နက်ရှိုင်းသော ဂူအတွင်း၌...
လူငယ်ပညာရှိနှင့် မုတ်ဆိတ်ဗလကြီးတို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြသည်၊ ဤနေရာမှာကား တားမြစ်ပိတ်ပင်ထားသော နယ်မြေသို့ သွားရာ အဝင်ဝပင် ဖြစ်သည်။
သူတို့နှစ်ဦးမှာ အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ကြပြီးနောက် နောက်ဆုံးတွင်မှ ဝေမြို့နယ်နိမိတ်အတွင်း၌ ထိုနေရာကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
"မင်း ထင်တာတော့ ချင်းဟွမ်ဂိုဏ်းက အဲဒီမြေခွေးမရဲ့ အစီအစဉ်က တကယ်ရော အလုပ်ဖြစ်ပါ့မလား"
လူငယ်ပညာရှိက အသံလေးလေးဖြင့် မေးလိုက်သည်။
"စမ်းကြည့်မှပဲ သိမှာပေါ့၊ ဒီဝေမြို့လို နေရာမျိုးမှာ တတိယအဆင့် ကျင့်ကြံသူ ရှိနေနိုင်မှာ မဟုတ်ပါဘူး၊ စိတ်ပူစရာ မလိုပါဘူး"
ဟု မုတ်ဆိတ်ဗလကြီးက ရယ်မောကာ ပြောလိုက်သည်။
"ဘာကြောင့်မှန်းမသိဘူး၊ ငါ့စိတ်ထဲမှာ မကောင်းတဲ့ အငွေ့အသက်တစ်ခု ခံစားနေရတယ်၊ တစ်ခုခု အပြောင်းအလဲ ဖြစ်တော့မလားလို့ စိုးရိမ်နေမိတယ်"
လူငယ်ပညာရှိက မျက်မှောင်ကြုတ်ကာ ဆိုသည်။
မုတ်ဆိတ်ဗလကြီးမှာ မှင်တက်သွားပြီး...
"ကျန်းကျန့်... ကိစ္စတွေက လက်တစ်ကမ်းရောက်မှ ဒါမျိုးလာပြောတာက ငါ့ကို တမင်ခြောက်နေတာတော့ မဟုတ်ပါဘူးနော်"
လူငယ်ပညာရှိမှာ ဝိညာဉ်ရေးရာ မှော်အတတ်များကို ကျွမ်းကျင်သူဖြစ်ရာ အချို့သော အာရုံခံစားမှုများ ရှိနေခြင်းမှာ မဆန်းကြောင်း သူသိထားသည်။
လူငယ်ပညာရှိ၏ မျက်နှာမှာ အတော်ပင် တည်တင်းနေပြီး
"စူးတု ဆိုတဲ့ အဲဒီအရူးမလည်း ဝေမြို့ကို ရောက်နေတယ်လို့ ထင်ရတယ်၊ ငါတို့ရဲ့ ခြေရာလက်ရာတွေ ပေါက်ကြားသွားတာနဲ့ ငါတို့ကို ပထမဆုံး လာသတ်မယ့်သူက သူမပဲ ဖြစ်လိမ့်မယ်"
စူးတု ဆိုသည့် နာမည်ကို ကြားလိုက်ရသည်နှင့် မုတ်ဆိတ်ဗလကြီး၏ မျက်နှာမှာလည်း ရုတ်ချည်း ပြောင်းလဲသွားတော့သည်။
သူက ခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ရက်စက်သောအမူအရာဖြင့်
"အဲဒီအရူးမသာ လိုက်လာမယ်ဆိုရင်တော့ သူ့ကိုပါ တားမြစ်နယ်မြေထဲ မျှားခေါ်သွားပြီး ဂိုဏ်းချုပ်ကိုပဲ ကိုင်တွယ်ခိုင်းလိုက်ရုံပေါ့ "
ထိုနည်းလမ်းမှလွဲ၍...
စူးတုကို ရင်ဆိုင်ရန် သူတို့တွင် သတ္တိမရှိချေ၊ ထိုအမျိုးသမီးမှာ သင်သည် ချိကဲဘက်ဂိုဏ်းသား ဟုတ်မဟုတ်ကို လုံးဝဂရုစိုက်မည့်သူ မဟုတ်ပေ။
သူမက သင်သည် သေသင့်သည်ဟု ယူဆလျှင် လုံးဝအလွတ်မပေးဘဲ သုတ်သင်မည့်သူ ဖြစ်သည်။
ချိကဲဘက်ဂိုဏ်း၏ ကောင်းကင်ဘုရင် လေးပါးအနက်...
စူးတုတွင်သာ လက်အောက်ငယ်သားဟူ၍ မရှိချေ။
ဘာလို့လဲဆိုတော့ အားလုံးကို သူမက သတ်ပစ်လိုက်သောကြောင့်ပင်...
ဂူအပြင်ဘက်မှ ခြေသံများ ကြားလိုက်ရသည်။
မုတ်ဆိတ်ဗလကြီး မော့ကြည့်လိုက်သောအခါ ဆုန့်ယာက အလှပဆုံးသော အမျိုးသမီးတစ်ဦးကို ခေါ်ဆောင်၍ ဝင်လာသည်ကို တွေ့လိုက်ရသည်။
ဖြူစင်မှုနှင့် ဆွဲဆောင်မှုရှိမှု နှစ်မျိုးလုံးမှာ ထိုအမျိုးသမီးပေါ်တွင် အချိုးကျစွာ ပေါင်းစပ်နေသည်။
မျက်နှာသွင်ပြင်မှာ အပြစ်ပြောစရာမရှိအောင် ထွင်းထုထားသကဲ့သို့ပင်။
အထူးသဖြင့် သူမ၏ ရင့်ကျက်သော အလှတရားမှာ လူကို အရှိန်အဝါဖြင့် ဖမ်းစားနိုင်လောက်သည်။
"ဒါ ထိုက်ဖင်တည်းခိုးခန်း ဆိုင်ရှင်မပဲ၊ အဲဒီတာအိုဆရာလေးရဲ့ ရည်စားပေါ့"
ဟု ဆုန့်ယာက မိတ်ဆက်ပေးလိုက်သည်။
မုတ်ဆိတ်ဗလကြီးက ရယ်မောလိုက်ကာ
"ဝေမြို့လို နေရာလေးမှာ ဒီလောက်လှတဲ့ မိန်းမ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး"
ဆုန့်ယာမှာ မျက်မှောင်ကြုတ်သွားမိသည်၊ ဤလူက ဘာဖြစ်နေတာလဲ၊ သူက မိန်းမကိစ္စတွေကို စိတ်မဝင်စားတတ်ဘူး မဟုတ်လား
လူငယ်ပညာရှိ၏ မျက်ဝန်းများမှာလည်း ဝင်းလက်သွားကာ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်သည်။
"ဒီမိန်းမက မဆိုးဘူးပဲ၊ သူ့ကို ချန်ထားလို့ ရနိုင်တယ်"
မုတ်ဆိတ်ဗလကြီးက မျက်မှောင်ကြုတ်ကာ
"ကျန်းကျန့်... မင်း ငါနဲ့ လာမလုနဲ့နော်"
လူငယ်ပညာရှိက လှောင်ပြုံးပြုံးကာ
"လှပတဲ့ အမျိုးသမီးကို ပညာရှိတွေက မက်မောတတ်တာ သဘာဝပဲ၊ မင်းလို ကြမ်းတမ်းတဲ့ကောင်က ဘာနားလည်မှာလဲ "
"ဒါမျိုး ပြောတယ်ဆိုတော့ ချချင်လို့လား "
မုတ်ဆိတ်ဗလကြီး၏ မျက်ခုံးအစုံတွင် သတ်ဖြတ်လိုသော အရှိန်အဝါများ ပေါ်ထွက်လာသည်။
"ငါကရော မင်းကို ကြောက်နေမယ် ထင်သလား!ာ"
လူငယ်ပညာရှိက အေးစက်စွာ ပြောလိုက်သည်။
ဆုန့်ယာ : "..."
ဒါက ဘာအခြေအနေလဲ
ငါ့ကို လာပြီး နောက်ပြောင်နေကြတာလား
စောစောကအထိ ဒီနှစ်ယောက်ရဲ့ အကြည့်တွေက ပုံမှန်ပဲလေ၊ အခုကျမှ မိန်းမတစ်ယောက်အတွက်နဲ့ ချတော့မလို့ ဖြစ်နေကြတာလား
ဆုန့်ယာသည် သူမဘေးရှိ ဆိုင်ရှင်မကို ကြည့်လိုက်မိရာ... သူမ၏ စိတ်ထဲတွင်လည်း မထိန်းချုပ်နိုင်သော ပိုင်ဆိုင်လိုစိတ်တစ်ခု ပြင်းထန်စွာ ပေါ်ပေါက်လာသည်။
ဒီအမျိုးသမီးက ငါ့ပစ္စည်းပဲ
ချက်ချင်းပင်...
သူမ၏ ရင်ဘတ်ထဲရှိ ကျောက်စိမ်းပိပါမှ အေးမြသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
တစ်ခဏအတွင်းမှာတင် ဆုန့်ယာ၏ ဦးနှောက်မှာ ကြည်လင်သွားတော့သည်။
ရှူး
သူမ မနေနိုင်ဘဲ လေကို တင်းတင်းရှူသွင်းလိုက်မိကာ အံ့အားသင့်စွာဖြင့် နောက်သို့ တစ်လှမ်းဆုတ်လိုက်သည်။
"ညှို့ဓာတ်အတတ် "
သူမသည် ဆိုင်ရှင်မကို အံ့အားသင့်စွာ ကြည့်လိုက်မိသည်။
ထို့နောက် ကျောက်စိမ်းပိပါကို ထုတ်ယူလိုက်ကာ...
တိန်း
ကျောက်စိမ်းပိပါမှ ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည်။
တစ်ချိန်တည်းမှာပင် မမြင်ရသော လှိုင်းအရှိန်အဝါတစ်ခုမှာ အပြင်ဘက်သို့ ပြန့်နှံ့သွားပြီး လူငယ်ပညာရှိနှင့် မုတ်ဆိတ်ဗလကြီးကို လွှမ်းခြုံသွားတော့သည်။
ထိုအခါမှ သူတို့နှစ်ဦးမှာ အိပ်မက်မှ နိုးလာသကဲ့သို့ ဖြစ်သွားကြပြီး...
တစ်ဦးကိုတစ်ဦး ကြည့်ကာ မျက်လုံးထဲတွင် ထိတ်လန့်မှုများ ပေါ်လာတော့သည်။
"ဘာဖြစ်သွားတာလဲ"
မုတ်ဆိတ်ဗလကြီး၏ မျက်နှာမှာ မဲမှောင်သွားသည်။
မူလက အေးစက်မှောင်မိုက်နေသော ဂူအတွင်း၌ သွေးဆာနေသည့် မိစ္ဆာအငွေ့အသက်များ ဖုံးလွှမ်းသွားသည်။
သူ့ကို ကြည့်ရုံနှင့်ပင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့သည့် ကြောက်မက်ဖွယ် မိစ္ဆာတစ်ဦးဖြစ်ကြောင်း သိသာလှသည်။
ဆုန့်ယာသည် ဆိုင်ရှင်မကို သတိကြီးစွာဖြင့် စိုက်ကြည့်နေမိသည်။
သို့သော်လည်း... မူလက စိတ်ညှို့အတတ် မိနေရမည့်၊ သတိလက်လွတ် ဖြစ်နေရမည့် ထိုလှပသောအမျိုးသမီးမှာ...
နှုတ်ခမ်းဖျားတွင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်ပေါက်လာပြီး...
အေးစက်စွာ လှောင်ပြုံး ပြုံးနေသည်ကို တွေ့လိုက်ရသည်။
တစ်ဖက်လူများကို အနည်းငယ် စိတ်ပျက်နေသည့်ပုံစံပင်။
"သုံးယောက်ပဲလား... ငါကတော့ အစီအစဉ်ကြီးကြီးမားမား ရှိမယ် ထင်ထားတာ"
ဆိုင်ရှင်မက ခေါင်းကို အနည်းငယ် ယမ်းလိုက်သည်။
သူမ၏ အရှိန်အဝါမှာ အလွန်ပင် အားကောင်းလှသည်။
ဆုန့်ယာက မျက်မှောင်ကြုတ်ကာ
"မင်းက ငါ့ရဲ့ စိတ်ညှို့အတတ်ကို မမိဘူးလား "
ဆိုင်ရှင်မက ညှို့ဓာတ်အပြည့်ဖြင့် ပြုံးလိုက်ကာ
"မင်း ဘယ်လိုထင်လဲ ကလေးမလေး"
"ဒါက တကယ်တော့ ဘာတွေဖြစ်နေတာလဲ "
မုတ်ဆိတ်ဗလကြီးက ဟိန်းဟောက်လိုက်သည်။
ဆုန့်ယာလည်း အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
သာမန်လူတစ်ယောက်ကို ဓားစာခံအဖြစ် ဖမ်းလာခဲ့တာလို့ ထင်ထားခဲ့တာ... တစ်ဖက်လူကလည်း ကျင့်ကြံသူတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး
"ရောက်လာမှတော့ ပြန်ဖို့ မစဉ်းစားနဲ့တော့ "
ဆုန့်ယာက အော်ဟစ်လိုက်သည်။
ထိုကိစ္စမှာ သူမ တာဝန်ယူလုပ်ဆောင်ရခြင်းဖြစ်ရာ အကယ်၍ ပြဿနာတစ်ခုခု ဖြစ်ခဲ့ပါက ချိကဲဘက်ဂိုဏ်းနှင့် သူမ၏ ဆက်ဆံရေးမှာ ပြီးဆုံးသွားပေလိမ့်မည်။
ရှူး ရှူး ရှူး
ဆုန့်ယာ၏ လက်ချောင်းများမှ အေးစက်သော ဆူးချွန်များ ထွက်ပေါ်လာသည်။ ၎င်းတို့မှာ ဓားကဲ့သို့ ထက်မြက်လှပြီး...
ဆိုင်ရှင်မ၏ လှပသော မျက်နှာလေးကို ရက်စက်စွာ ကုတ်ခြစ်ရန် ပြေးဝင်သွားတော့သည်။
ချင်းဟွမ်ဂိုဏ်း၏ ဒုတိယခေါင်းဆောင်ဖြစ်သည့် ဆုန့်ယာ၏ မှော်အတတ်များမှာ အလွန်ပင် ပြင်းထန်လှသည်။
သူမ၏ ကျင့်ကြံမှုမှာလည်း ဒုတိယအဆင့် အလယ်အလတ် တွင် ရှိနေသည်။
ယခု သူမ အသုံးပြုလိုက်သော အတတ်မှာ အလွန်ရက်စက်သော အတတ်ပင် ဖြစ်သည်။
"မဟာနဂါးမင်း၏ အရှိန်အဝါ "
ဆိုင်ရှင်မက အော်ဟစ်လိုက်ပြီး...
ဖြူဝင်းနုနယ်သော လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ဆုန့်ယာ၏ ရင်ဘတ်ကို တိုက်ရိုက်ပင် ထိုးနှက်လိုက်တော့သည်။
ဝုန်း
ဆုန့်ယာမှာ အရိပ်တစ်ခုအလား လွင့်စင်သွားကာ ဂူ၏ ကျောက်နံရံနှင့် ပြင်းထန်စွာ ဆောင့်မိသွားတော့သည်။
ကျောက်စိုင်ကျောက်ခဲများ လွင့်စင်သွားကာ ဖုန်တောထဲတွင် နစ်မြုပ်သွားတော့၏။
"..." လူငယ်ပညာရှိ
"..." မုတ်ဆိတ်ဗလကြီး
ဤမြင်ကွင်းမှာ အလွန်ပင် ထူးဆန်းအံ့သြဖွယ် ကောင်းလှသည်။
ထိုအမျိုးသမီးက ဤမျှအထိ ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်ထားသည်တဲ့လား
ဆိုင်ရှင်မ၏ မျက်လုံးများမှာ ဝင်းလက်သွားကာ မျက်နှာထက်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။
"သူပြောတာ မှန်တယ်ပဲ... တိုက်ခိုက်ခါနီးမှာ နာမည်အော်ရတာ နည်းနည်းတော့ အရူးကျပေမဲ့ တကယ်ကို အားရဖို့ ကောင်းတာပဲ"
လူငယ်ပညာရှိမှာ မျက်မှောင်ကြုတ်သွားသည်၊ ဤအမျိုးသမီး ဘာတွေ ပြောနေတာလဲ
သူသည် ဆုန့်ယာရှိရာသို့ လှည့်ကြည့်လိုက်သောအခါ...
ဆုန့်ယာ၏ ရင်ဘတ်မှာ အတွင်းသို့ ချိုင့်ဝင်သွားပြီး ရင်ဘတ်ရိုးများ အားလုံး ကြေမွကာ အသက်ပျောက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထိုစဉ် ဆုန့်ယာ၏ ကိုယ်ပေါ်မှ တောက်ပသော အလင်းတန်းတစ်ခု ပေါ်ထွက်လာသည်။
၎င်းမှာ လက်ထဲတွင် ကျောက်စိမ်းပိပါကို ကိုင်ဆောင်ထားသော နတ်မိမယ်ပုံသဏ္ဌာန်ပင် ဖြစ်သည်။
မျက်လုံးကို မှိတ်ထားသော်လည်း...
မျက်နှာထက်တွင် နာကျည်းချက်များဖြင့် ပြည့်နှက်နေသည်။
ဝိညာဉ်ပုံရိပ်
"နင်က... နင်က တကယ်တော့ ဘယ်သူလဲ"
ထိုနတ်မိမယ်ပုံရိပ်က ထိတ်လန့်တကြား မေးလိုက်သည်။
ဆိုင်ရှင်မက ညှို့ဓာတ်အပြည့်ဖြင့် ပြုံးလိုက်ကာ မျက်လုံးတစ်ဖက်ကို မှိတ်ပြလိုက်ပြီး...
"ခန့်မှန်းကြည့်လေ "
နတ်မိမယ်ပုံရိပ်မှာ အကြီးအကျယ် ဒေါသထွက်သွားကာ...
လက်ထဲရှိ ကျောက်စိမ်းပိပါကို တီးခတ်လိုက်သည်။
မိစ္ဆာဂီတသံများမှာ တစ်ဂူလုံးအတွင်းသို့ ရုတ်ချည်း ပျံ့နှံ့သွားတော့သည်။
လူငယ်ပညာရှိနှင့် မုတ်ဆိတ်ဗလကြီးတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကာ...
ချက်ချင်းပင် တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။
ထိုအမျိုးသမီးမှာ အလွန်ပင် ထူးဆန်းလှချေပြီ
သို့သော် သူတို့ အနားသို့ မကပ်နိုင်ခင်မှာပင် နားထဲသို့ ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ကြားလိုက်ရသည်။
ဒိုင်း
နတ်မိမယ်ပုံရိပ် လက်ထဲရှိ ရတနာဖြစ်သော ကျောက်စိမ်းပိပါမှာ တိုက်ရိုက်ပင် ပေါက်ကွဲပျက်စီးသွားတော့သည်။
ပြင်းထန်လှသော လေလှိုင်းတစ်ခုက သူတို့နှစ်ဦးကို နောက်သို့ တွန်းထုတ်လိုက်သည်။
နတ်မိမယ်ပုံရိပ်မှာ ထိတ်လန့်တုန်လှုပ်နေပြီး သူမ၏ လည်ပင်းကို ဆိုင်ရှင်မက လက်တစ်ဖက်တည်းဖြင့် ညှစ်ထားသည်ကို တွေ့လိုက်ရသည်။
သူမ၏ ကိုယ်ပေါ်ရှိ နတ်အလင်းများမှာလည်း မှိတ်တုတ်မှိတ်တုတ်ဖြင့် ပျောက်ကွယ်တော့မည့်အလား...
"ငါ့ကို ဓားစာခံလုပ်ဖို့ ကြံစည်နေတာလား"
ဆိုင်ရှင်မက လှောင်ပြောင်လိုက်သည်။
ထိုစဉ် ခန့်ညားထည်ဝါလှသော နတ်ဘုရားအရှိန်အဝါတစ်ခု ပေါ်ထွက်လာရာ လူငယ်ပညာရှိနှင့် မုတ်ဆိတ်ဗလကြီးတို့မှာ ချက်ချင်းပင် ဒူးထောက်ကျသွားတော့သည်။
ဦးရေပြားများပင် ထုံကျဉ်သွားရ၏။
ဆုန့်ယာဆိုတဲ့ အဲဒီ မသာမက...
ဘယ်လို ဘွားတော်ကြီး ကို သွားဖမ်းလာမိတာလဲ
"အား..."
နတ်မိမယ်ပုံရိပ်မှာ စူးရှစွာ အော်ဟစ်ကာ အတင်းရုန်းကန်နေတော့သည်။
သို့သော်လည်း...
မည်သို့ပင် ဖြစ်စေကာမူ ဆိုင်ရှင်မ၏ လက်ဖဝါးအတွင်းမှ ရုန်းမထွက်နိုင်ချေ၊ သူမ၏ တစ်ကိုယ်လုံးမှာ ဓားပေါင်းထောင်သောင်းဖြင့် အမွှန်းခံနေရသလို၊ မီးလောင်တိုက်သွင်းခံနေရသလို...
အလွန်အမင်း နာကျင်လှချေပြီ
ထူးဆန်းသည်မှာ ဆိုင်ရှင်မ၏ လက်ဖဝါးအတွင်း၌ နတ်အလင်းတစ်ခု ရှိနေပြီး ထိုအလင်းက သူမကို သတိလစ်မသွားအောင် ထိန်းသိမ်းပေးထားသဖြင့် သူမ၏ ဝိညာဉ်မှာ ပျက်စီးမသွားဘဲ နာကျင်မှုကို အပြည့်အဝ ခံစားနေရခြင်း ဖြစ်သည်။
ဤသည်မှာ ပို၍ပင် ရက်စက်လှချေသည်
ဆုန့်ယာ၏ စိတ်ထဲတွင် အကြီးအကျယ် ထိတ်လန့်ချောက်ချားမှုများ ပေါ်ပေါက်လာသည်။
သူမ၏ မျက်စိရှေ့တွင် တစ်ဆယ့်ရှစ်ထပ်ငရဲ ပေါ်လာပြီး သူမကိုယ်တိုင် ထိုငရဲထဲတွင် နှိပ်စက်မှုပေါင်းစုံကို ခံစားနေရသည်။
ဝိညာဉ်၏ အတွေးမှာ အလွန်မြန်လှသဖြင့် တစ်ခဏအတွင်းမှာပင် ဆုန့်ယာမှာ ငရဲ၏ နှိပ်စက်မှုပေါင်းများစွာကို နှစ်ပေါင်းရှည်ကြာစွာ ခံစားလိုက်ရသကဲ့သို့ ဖြစ်သွားပြီး လူရုပ်မပေါက်တော့အောင်ပင် စိတ်ဓာတ်များ ပြိုလဲသွားရတော့သည်။
***