သူမ၏ နောင်တမှာ အူတိုင်ထိအောင် နက်ရှိုင်းလှချေပြီ။
အကယ်၍ နောက်တစ်ကြိမ် အခွင့်အရေးသာ ရခဲ့မည်ဆိုလျှင်... ဘယ်လိုလင်သတ်တဲ့ကလဲ့စားလဲဘယ်လိုချင်းယွန်းကျောင်း တာအိုဆရာလဲ
သူမ လုံးဝဂရုစိုက်တော့မည်မဟုတ်
ဝေမြို့နဲ့လည်း ဝေးဝေးနေမည်၊ ထိုအမျိုးသမီးနှင့်လည်း အဝေးဆုံးသို့ ပြေးပေတော့မည်
လူငယ်ပညာရှိနှင့် မုတ်ဆိတ်ဗလကြီးတို့မှာလည်း ချိကဲဘက်ဂိုဏ်း၏ အဆင့်မြင့်အုပ်ချုပ်သူကြီးများ ဖြစ်ကြပြီး ကောင်းကင်ဘုရင်များပြီးလျှင် ရာထူးအမြင့်ဆုံးသူများ ဖြစ်ကြသည်။
သို့သော် ယခုအခါတွင်မူ လက်တစ်ဖက်တည်းဖြင့် ရတနာကို ရိုက်ခွဲကာ ဝိညာဉ်ပုံရိပ်ကို ဖမ်းချုပ်ထားသည့် အခြေအနေကို ရင်ဆိုင်နေရသဖြင့်...
သူတို့နှစ်ဦးစလုံးမှာ အစွမ်းကုန် ထိတ်လန့်ချောက်ချားနေကြရပြီ
သူတို့သည် ဂိုဏ်းချုပ်ကတော် လက်ဦးမှုကို မြင်ဖူးကြသော်လည်း ယခုခံစားနေရသည့် ကြောက်မက်ဖွယ် ဖိအားမျိုးမှာ တတိယအဆင့် ကျင့်ကြံသူ ယန်ဝိညာဉ် ပညာရှင်ကြီးများဆီမှသာ ရရှိနိုင်သည့် အရှိန်အဝါမျိုး ဖြစ်သည်။
လူငယ်ပညာရှိမှာ မြေပြင်ပေါ်တွင် ဒူးထောက်နေရပြီး တစ်ကိုယ်လုံးရှိ အရိုးအဆစ်များ ကြေမွတော့မည့်အလား ခံစားနေရကာ မျက်စိ၊ နား၊ နှာ၊ ပါးစပ် မှ သွေးများ စီးကျလာနေသည်။
နတ်ဘုရားအရှိန်အဝါမှာ အလွန်ပင် လေးလံလှပေသည်
သူတို့ကဲ့သို့ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများအတွက်မူ ပို၍ပင် ခံရခက်လှသည်။
သူ၏ မျက်ဝန်းအစုံမှာ နက်မှောင်သွားပြီး ပါးစပ်မှလည်း တိုးတိုးလေး ရွတ်ဆိုနေသည်။
ခက်ခဲလှသော ဂါထာသံများကို အားယူ၍ ထုတ်ဖော်လိုက်ရာ...
သူ့အပေါ် ကျရောက်နေသည့် တောင်ကြီးတစ်လုံးသဖွယ် လေးလံသော ဖိအားမှာ အနည်းငယ် လျော့ပါးသွားတော့သည်။
သူသည် ရင်ဘတ်ထဲမှ အဆောင်တစ်ခုကို ထုတ်ယူကာ ထိုအဆောင်ပေါ်ရှိ ထူးဆန်းသော အင်းစာသားများကို အသက်သွင်းလိုက်သည်။
ထိုအဆောင်သည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဂူအတွင်းပိုင်းသို့ ပျံသန်းဝင်ရောက်သွားတော့သည်
တစ်ခဏအတွင်းမှာပင်...
သူသည် လေးလံလှသော ဖိအားများ၏ ချုပ်နှောင်မှုမှ နောက်ဆုံးတွင် ရုန်းထွက်နိုင်ခဲ့သည်။
သူ၏ နဖူးမှာ မြေပြင်နှင့် ပြင်းထန်စွာ ရိုက်မိသွားသဖြင့် သွေးများပင် ရဲရဲနီသွားတော့သည်။
"ချိကဲဘက်ဂိုဏ်း အုပ်ချုပ်သူကြီး ကျန်းကျန့်က... ဂိုဏ်းချုပ်ရဲ့ ကိုယ်ပွားဖန်ဆင်းရှင်ကို ကြွမြန်းလာဖို့ ရိုသေစွာ ဖိတ်ကြားအပ်ပါတယ် "
လူငယ်ပညာရှိက စူးရှစွာ အော်ဟစ်လိုက်သည်
ဒွါရခုနစ်ပေါက်မှ သွေးများ စီးကျနေသည့် သူ၏ မျက်နှာမှာ အလွန်ပင် ထူးဆန်းကြောက်မက်ဖွယ် ကောင်းနေတော့သည်။
ဂယက်... ဂယက်... ဝုန်း
ဂူအတွင်းမှ ကြီးမားသော အသံကြီး ထွက်ပေါ်လာပြီး လေးလံသော ကြိတ်ဆုံကြီး လည်ပတ်နေသကဲ့သို့ပင်။
လူတိုင်းမှာ အလောင်းတောင်၊ သွေးပင်လယ်ကြီးအတွင်း ရောက်နေသကဲ့သို့ ခံစားလိုက်ရပြီး ဂူနက်ကြီးအတွင်းမှ ပြင်းထန်လှသော မိစ္ဆာအငွေ့အသက်များ ထွက်ပေါ်လာတော့သည်!
တစ်ချိန်တည်းမှာပင်...
ဂူအပြင်ဘက်မှ လေခွဲသံများ ကြားလိုက်ရရာ တစ်စုံတစ်ယောက် အနားသို့ ချဉ်းကပ်လာနေသည်မှာ သိသာလှသည်။
ဆိုင်ရှင်မသည် ထိုရင်းနှီးနေသော အရှိန်အဝါကို ခံစားလိုက်ရသဖြင့် မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
သို့သော် မျက်ဝန်းများမှာ ချက်ချင်းပင် အေးစက်သွားတော့သည်
နတ်မိမယ် ဝိညာဉ်ပုံရိပ်မှာ တစ်ခဏအတွင်း ပြာအဖြစ် ပြောင်းလဲသွားတော့သည်
ထိုသို့ သေဆုံးသွားခြင်းမှာ ဆုန့်ယာအတွက် လွတ်မြောက်မှု မဟုတ်ချေ။
ပြင်းထန်လှသော နတ်ဘုရားအရှိန်အဝါဖြင့် အကြိမ်ပေါင်း ထောင်သောင်းမက အစိမခံလိုက်ရခြင်းမှာ...
သူမအတွက်မူ အလွန်ပင် ရှည်လျားလှသော အချိန်ကာလကြီးတစ်ခု ဖြစ်ခဲ့ရသည်။
ဝုန်း
ဂူအဝင်ဝမှာ အပြင်ဘက်မှနေ၍ ရိုက်ခွဲခြင်း ခံလိုက်ရသည်။
တောက်ပလှသော နတ်အလင်းများ ဖုံးလွှမ်းနေသည့် ပုံရိပ်တစ်ခု ပေါ်ထွက်လာရာ...
ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ထဲတွင် ရှေးဟောင်းဓားကြီးတစ်လက်ကို ကိုင်ဆောင်ကာ အရှိန်အဝါမှာ အလွန်ပင် ထည်ဝါလှသည်။
ကောင်းကင်ဘုံမှ နတ်ဘုရားတစ်ပါး ကြွဆင်းလာသကဲ့သို့ပင်
ဤသူကား (၅) ကြိမ်တိုင်တိုင် အဆင့်မြှင့်တင်ထားသော လင်ကွမ်းဖိတ်ခေါ်အဆောင် ကို အသုံးပြုထားသည့် လီယန်ချူ ပင် ဖြစ်သည်။
သူ၏ မျက်ဝန်းများမှာ အေးစက်နေပြီး တည်ငြိမ်လှသည်။
သူ ပထမဆုံး တွေ့လိုက်ရသည်မှာ သနားစဖွယ် ဖြစ်နေသော ဆိုင်ရှင်မပင် ဖြစ်သည်။
နောက်တစ်ခဏ၌
သူသည် ဆိုင်ရှင်မ၏ ဘေးသို့ ရောက်ရှိသွားတော့သည်။
"ဘာဖြစ်သွားသေးလဲ"
လီယန်ချူက အသံပျော့ပျော့ဖြင့် မေးလိုက်သည်။
ဆိုင်ရှင်မမှာ လီယန်ချူ၏ ရင်ခွင်ထဲသို့ တစ်ခဏချင်း တိုးဝင်လိုက်ကာ မျက်ရည်များ ဝဲလျက် ငိုယိုကာ ပြောတော့သည်
"ဘာလို့ အခုမှ လာရတာလဲ... ဒီလူတွေက ကျမကို ဖမ်းခေါ်လာတာ၊ ကျမ ကတော့ သေရမှာ မကြောက်ဘဲ သူတို့ကို အညံ့မခံခဲ့ဘူး "
လူငယ်ပညာရှိ : "..."
မုတ်ဆိတ်ဗလကြီး : "..."
လီယန်ချူမှာ ဆိုင်ရှင်မ ဘာမှမဖြစ်သည်ကို တွေ့လိုက်ရသဖြင့် စိတ်အေးသွားရသည်။
"ဒါဆိုရင် တော်သေးတာပေါ့ "
ဘာကြောင့်မှန်းမသိသော်လည်း လူငယ်ပညာရှိနှင့် မုတ်ဆိတ်ဗလကြီးတို့မှာ သူတို့၏ ကျင့်ကြံမှုစိတ်ဓာတ် ပြိုလဲတော့မည့်အလား ခံစားလိုက်ရသည်။
ဒီမိန်းမ... သရုပ်ဆောင် တော်လှချည်လား
လီယန်ချူမှာ ၅ ကြိမ်အဆင့်မြှင့်ထားသော အဆောင်ကို အသုံးပြုထားသဖြင့် သူ၏ကိုယ်ပေါ်တွင် သန့်စင်သော နတ်ဘုရားအရှိန်အဝါများ ရှိနေသည်။
တစ်ကိုယ်လုံးမှာ တောက်ပသော နတ်အလင်းများအတွင်း နစ်မြုပ်နေရာ...
ဆိုင်ရှင်မမှာ သူ၏ ဘေးတစောင်း မျက်နှာသွင်ပြင်ကို ကြည့်ရင်း မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
အရမ်းချောတာပဲ
ဝုန်း... ဝုန်း... ဝုန်း
ဂူအတွင်းပိုင်းမှ အသံကြီးများ ထွက်ပေါ်လာပြီး ငရဲတံခါးကြီး ပွင့်လာသကဲ့သို့ပင်
အရှိန်အဝါ အလွန်ပြင်းထန်သော ပုံရိပ်တစ်ခု ဖြည်းဖြည်းချင်း လမ်းလျှောက်လာသည်။
နှုတ်ခမ်းနီနီ၊ မျက်တောင်ကော့ကော့နှင့် ချစ်စဖွယ်ကောင်းသော မိန်းကလေးတစ်ဦးမှာ အလောင်းတောင်၊ သွေးပင်လယ်အတွင်းမှ လမ်းလျှောက်ထွက်လာခြင်း ဖြစ်သည်။
ခြေလှမ်းတိုင်းတွင် အလွန်ထူထပ်လှသော မိစ္ဆာအငွေ့အသက်များ ပါဝင်နေသည်။
မျက်ဝန်းအစုံမှာလည်း ထူးဆန်းသော အလင်းများဖြင့် ဝင်းလက်နေပြီး...
"ဂိုဏ်းချုပ် "
လူငယ်ပညာရှိနှင့် မုတ်ဆိတ်ဗလကြီးတို့မှာ ပြိုင်တူပင် အော်ဟစ်လိုက်ကြသည်။
ကိုယ်တိုင် မမြင်ရပါက လုံးဝယုံကြည်နိုင်မည် မဟုတ်ချေ။
ချိကဲဘက်ဂိုဏ်း၏ ဂိုဏ်းချုပ် ဘိုင်သခင်မ မှာ ဤမျှလောက်အထိ ချစ်စဖွယ်ကောင်းသော မိန်းကလေးတစ်ဦး ဖြစ်နေလိမ့်မည်ဟု...
ဘိုင်သခင်မ ပေါ်ထွက်လာသည်နှင့်အမျှ ငရဲတံခါးကြီး ပွင့်လာကာ အလောင်းတောင်၊ သွေးပင်လယ်များ ပေါ်ပေါက်လာခြင်းမှာ... ကောင်းကင်နှင့် မြေကြီးကိုပင် တုန်လှုပ်စေသော ဖြစ်ရပ်တစ်ခု ဖြစ်သည်။
သူမက အေးစက်စွာ ခေါင်းညိတ်ပြလိုက်ပြီး...
သူမရှေ့တွင် ရပ်နေသော အမျိုးသားနှင့် အမျိုးသမီးဆီသို့ ကြည့်လိုက်သည်။
"ဟင် "
ဘိုင်သခင်မ အနည်းငယ် အံ့အားသင့်သွားရသည်။
တာအိုဆရာပေါက်စတစ်ယောက်ကို မျှားခေါ်လာတာ မဟုတ်ဘူးလား
သွေးအရှိန်အဝါက ပင်လယ်ကြီးလို ပြင်းထန်ပြီး ကိုယ်ပေါ်မှာ နတ်ဘုရားအရှိန်အဝါတွေ ရှိနေတဲ့ ဒီရွှေရောင်နတ်စစ်သည်ကြီးက ဘယ်သူလဲ
"ဂိုဏ်းချုပ်... ဒါက အဲဒီချင်းယွန်းကျောင်း တာအိုဆရာပါပဲ၊ သခင်မကိုယ်တိုင် ဒီလူကို သတ်ပေးပါဦး "
လူငယ်ပညာရှိက နာကျည်းစွာ အော်ဟစ်လိုက်သည်
သူ၏ စိတ်လှုပ်ရှားမှုမှာ အထွတ်အထိပ်သို့ ရောက်နေသည်
သခင်မက တတိယအဆင့် ယန်ဝိညာဉ် ပညာရှင်ကြီး မဟုတ်ပါလား
ချိကဲဘက်ဂိုဏ်းဟာ နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့ပြီး အခုတော့ ပြန်လည် နိုးထလာတော့မှာပါ
သူသည် လီယန်ချူတို့ နှစ်ဦးကို အေးစက်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
မင်းတို့ နှစ်ယောက်လုံး... ဒီနေ့တော့ သေကြပေဦးတော့
"မင်းက ဘယ်သူလဲ"
ဘိုင်သခင်မက လူငယ်ပညာရှိကို ကြည့်ကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
မဖြစ်နိုင်တာ
သခင်မက သူ့ကို သိရမည် မဟုတ်ပါလား၊ သူသည် သခင်မ၏ တားမြစ်ပိတ်ပင်မှုကိစ္စအတွက် အချိန်အတော်ကြာအောင် ကြိုးစားပေးခဲ့ရသည်လေ။
သူ အကြီးအကျယ် ကြောင်အမ်းသွားရသည်။
ဘိုင်သခင်မသည် လီယန်ချူကို ကြည့်ကာ ပြုံးလိုက်ပြီး
"တောင်းပန်ပါတယ်... ကျွန်မ လမ်းမှားသွားလို့ပါ၊ အနှောင့်အယှက် ဖြစ်သွားရင် ခွင့်လွှတ်ပါဦး"
ထိုသို့ ပြောပြီးသည်နှင့် သူမသည် ချက်ချင်းပင် လှည့်ထွက်သွားတော့သည်။
"..." လူငယ်ပညာရှိ
"..." မုတ်ဆိတ်ဗလကြီး
လီယန်ချူပင်လျှင် နှုတ်ခမ်းထောင့်များ အနည်းငယ် တုန်ခါသွားရသည်အထိ ဖြစ်သွားရသည်။
ဒါက ချိကဲဘက်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား
ဒီလိုကြီးပဲ ပြေးသွားတာလား
ဂူအတွင်းရှိ အလောင်းတောင်၊ သွေးပင်လယ် အငွေ့အသက်များအားလုံး ပျောက်ကွယ်သွားရာ ဘာမှမဖြစ်ခဲ့သကဲ့သို့ပင်။
လူငယ်ပညာရှိနှင့် မုတ်ဆိတ်ဗလကြီးမှာ မှင်တက်ကျန်ရစ်ခဲ့တော့သည်။
"မင်းတို့ရဲ့ ဂိုဏ်းချုပ်က သိပ်ပြီး အလုပ်မဖြစ်ဘူးပဲ"
လီယန်ချူက အေးစက်စွာ လှောင်ပြောင်လိုက်သည်။
"ကျန်းကျန့်... ဘယ်လိုပဲဖြစ်ဖြစ် သေရမှာအတူတူပဲ၊ သူတို့ကို ပြန်ချရအောင် "
မုတ်ဆိတ်ဗလကြီးက ဟိန်းဟောက်လိုက်သည်။
သူသည် စောစောကတည်းက မိစ္ဆာအငွေ့အသက်များကို စုဆောင်းနေခြင်းဖြစ်ရာ ယခု ဟိန်းဟောက်လိုက်သောအခါ မမြင်ရသော လေလှိုင်းတစ်ခု ထွက်ပေါ်လာတော့သည်
သူ့နောက်တွင် ကြောက်မက်ဖွယ် ကျားခေါင်းပုံရိပ်တစ်ခု ပေါ်လာသည်။
ကျန်းကျန့်၏ စိတ်ထဲတွင်လည်း မုတ်ဆိတ်ဗလကြီး၏ တိုက်ခိုက်လိုစိတ်ကြောင့် အားတက်သွားရသည်။
သူသည် ရုတ်ချည်း လှည့်လိုက်ကာ...
"ကောင်းပြီ "
သူ၏ မျက်ဝန်းအစုံမှာ နက်မှောင်သွားပြီး...
မျက်လုံးလေးလုံးပါသော ယက္ခဝိညာဉ်ပုံရိပ် တစ်ခု သူ၏ ကိုယ်အတွင်းမှ ပေါ်ထွက်လာတော့သည်။
လက်ထဲတွင် နာကျည်းနေသော ဝိညာဉ်များ ရစ်ပတ်နေသည့် နက်မှောင်သော မဟာယာနဗုဒ္ဓဘာသာ တောင်ဝှေးကြီးကို ကိုင်ဆောင်ထားသည်။
"လာစမ်း"
ယက္ခပုံရိပ်က ဟိန်းဟောက်လိုက်သည်။
သူသည် အကွက်ချစီစဉ်ရခြင်းကို ကျွမ်းကျင်သော်လည်း လောကအနှံ့ ကျင်လည်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်ရာ အရေးကြုံလာလျှင် အသေခံတိုက်မည့် သတ္တိမျိုးလည်း ရှိသည်။
အရေးကြုံလာလျှင် သတ္တိမွေးရမည်
ယက္ခပုံရိပ်မှာ ဒေါသတကြီးဖြင့် ရှေ့သို့ အဟုန်ဖြင့် ပြေးဝင်သွားတော့သည်
ဒါဟာ သူ၏ တစ်သက်တာမှာ တစ်ကြိမ်တည်းသော သွေးပူတိုက်ခိုက်မှု ဖြစ်နိုင်ပါသည်
သူသည် အစွမ်းကုန် ခုန်အုပ်လိုက်သော်လည်း...
မျက်လုံးအစွန်မှ မြင်လိုက်ရသည်မှာ မုတ်ဆိတ်ဗလကြီး၏ ပုံရိပ်မှာ နောက်သို့ ဆုတ်ခွာသွားပြီး စောစောက အပေါက်ကြီးမှနေ၍ ထွက်ပြေးသွားခြင်းပင်
ထွက်ပြေးသွားတာလား
ယက္ခပုံရိပ်မှာ အကြီးအကျယ် ဒေါသထွက်သွားရသည်။
သို့သော် သူ တုံ့ပြန်ရန် မမီလိုက်ခင်မှာပင်
ရွှေရောင်ဝတ်စုံနှင့် တောက်ပသော နတ်အလင်းများ ထွက်ပေါ်နေသည့် လူငယ်က ဓားဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်တော့သည်။
ယက္ခဝိညာဉ်ပုံရိပ်မှာ တစ်ခဏအတွင်း ဝိညာဉ်လွင့်စင် ပျောက်ကွယ်သွားတော့သည်
အလုံးစုံ သုတ်သင်ခြင်း ခံလိုက်ရပြီ
ထို့နောက်တွင်ပင် ချိကဲဘက်ဂိုဏ်း၏ အဆင့်မြင့်အုပ်ချုပ်သူကြီး တစ်ဦးဖြစ်သော ကျန်းကျန့်၏ ကြိုးစားအားထုတ်ခဲ့ရသမျှ ဘဝကြီးမှာလည်း နိဂုံးချုပ်သွားရတော့သည်။
ငလူးမ....ချိကဲဘက်ဂိုဏ်း
ဒါက ကျန်းကျန့် မသေခင် နောက်ဆုံးတွေးလိုက်တဲ့ အတွေးပင် ဖြစ်သည်။
လီယန်ချူ၏ မျက်ဝန်းများမှာ အေးစက်နေပြီး သူ၏ လက်အတွင်းမှ နတ်အလင်းတစ်ခု ထွက်ပေါ်သွားသည်။
၎င်းမှာ ကျန့်ကျောင်းဖြတ်ဓား ပင် ဖြစ်သည်။
"အား..."
နောက်ဆုံးအချိန်တွင် လူငယ်ပညာရှိကို မြှောက်ပင့်ပြီး အသေခံခိုင်းကာ ကိုယ်တိုင်ထွက်ပြေးခဲ့သော မုတ်ဆိတ်ဗလကြီးမှာ... ခါးမှနေ၍ နှစ်ပိုင်း ပြတ်တောက်သွားတော့သည်။
ဓားအလင်းက သူ၏ ဝိညာဉ်ကိုပါ တစ်ပါတည်း သုတ်သင်လိုက်ခြင်း ဖြစ်သည်။
အစစ်အမှန် စွမ်းအားရှေ့တွင်မူ ဤကဲ့သို့သော လှည့်ကွက်များ၊ အောက်တန်းကျသော အကြံအစည်များမှာ ပြောပလောက်စရာ မရှိချေ
လီယန်ချူ၏ မျက်ဝန်းများမှာ အလင်းတန်းများ ဝင်းလက်သွားပြီး ဂူအတွင်းပိုင်းသို့ ကြည့်လိုက်သည်။
ဝိညာဥ်မျက်စိအတတ်
အရှိန်အဝါကြည့်အတတ်
ဂူအတွင်းပိုင်းတွင် ပြင်းထန်လှသော တားမြစ်ပိတ်ပင်မှုတစ်ခု ရှိနေသည်
ထိုအရှိန်အဝါကို ကြည့်ရသည်မှာ တာအိုဂိုဏ်းမှ ပညာရှင်ကြီးတစ်ဦး၏ လက်ရာ ဖြစ်ဟန်တူသည်။
ယခုအခါ ထိုတားမြစ်ပိတ်ပင်မှုပေါ်တွင် အက်ကွဲကြောင်းတစ်ခု ရှိနေသဖြင့် အစီရင်စုတစ်ခုလုံးတွင် ဟာကွက် ပေါ်ပေါက်နေသည်။
ထိုအက်ကွဲကြောင်းမှတစ်ဆင့် အတွင်းဘက်ရှိ အလွန်ထူထပ်လှသော၊ ဒြပ်သားအဖြစ် ပြောင်းလဲတော့မည့်အလား ဖြစ်နေသည့် သွေးဆာနေသော မိစ္ဆာအငွေ့အသက်များကို မြင်တွေ့နိုင်ရသည်။
ထိုအစီရင်စု၏ အလယ်ဗဟိုတွင် အလွန်အားကောင်းလှသော မီးဓာတ်အရှိန်အဝါများ ရှိနေသည်။
ဒါဟာ အစီရင်စုရဲ့ အချက်အခြာ ဖြစ်ရမည်
"တောင်ဘက်အရပ်က ကျူးချွယ်မီးနတ်ဘုရား အစီရင်စုကြီး လား "
လီယန်ချူက တိုးတိုးလေး ရေရွတ်လိုက်မိတော့သည်။
***