“ရှို့ယွမ်၊ မင်း အဲဒီလောက် ယဉ်ကျေးနေဖို့ မလိုပါဘူး။ နောက်ဆိုရင် ဒီနေရာကို မင်းရဲ့ ကိုယ်ပိုင်အိမ်လိုပဲ သဘောထား။ ခဏနေရင် လွတ်နေတဲ့ ခြံဝင်းတစ်ခုခုကို ရွေးပြီး နေလိုက်ပေါ့။ ဝိုင်ချက်ဖို့ နေရာအတွက်ဆိုရင်တော့ ငါတို့ရဲ့ သောင်းပြောင်းပညာရပ်ဌာနမှာ ဝိုင်ချက်စက်ရုံ ရှိပြီးသား။ ဒါပေမဲ့ အသုံးမပြုတာ ကြာပြီဆိုတော့ မင်းကိုယ်တိုင်ပဲ ပြန်သန့်ရှင်းရေး လုပ်ရလိမ့်မယ်။”
ချူဖုန်းက ရောက်ရောက်ချင်းမှာပဲ သောင်းပြောင်းပညာရပ်ဌာန၏ လက်ရှိအခြေအနေကို ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
မည်သို့ပင်ဆိုစေကာမူ နျဲ့ရှို့ယွမ်က တခြားသူများနှင့် မတူပေ။ သူက ဝမ်တောက်ကျောင်းတော်၏ ဒု-ဌာနမှူး တစ်ယောက်ပေ။ တပည့်အသစ်များကို လှည့်စားသည့် လှည့်ကွက်များသည် ဝါရင့်တစ်ယောက်ဖြစ်သည့် သူ့အပေါ်မှာ အသုံးဝင်မှာ မဟုတ်။
ရိုးရိုးသားသား ပြောလိုက်သည်ကမှ ပိုကောင်းဦးမည်။ အဲဒါမှ မမျှော်လင့်ထားတဲ့ ရလဒ်ကောင်းတွေ ထွက်လာနိုင်သည်။
“လက်ခံစောင့်ရှောက်ပေးတဲ့အတွက် ဌာနမှုးချူကို ကျေးဇူးတင်ပါတယ်” နျဲ့ရှို့ယွမ်က ချူဖုန်းကို ထပ်မံဦးညွှတ်ရင်း ပြန်ပြောသည်။ “ကျုပ်မှာ ထွေထွေထူးထူး အရည်အချင်း မရှိပေမဲ့ ဝိုင်ကောင်းကောင်းတော့ ချက်တတ်ပါတယ်။ ဌာနမှူးအနေနဲ့ စိတ်မရှိဘူးဆိုရင် အချိန်မရွေး ကျုပ်နဲ့အတူ လာသောက်နိုင်ပါတယ်။”
“သိပ်ကောင်းတာပေါ့။ အခုတော့ ငါ့မှာ အဖော်ရပြီ”
သူက စကားပြောဖော်ပေါ်မူတည်ပြီး လိုက်လျောညီထွေ ပြောဆိုတတ်သူ ဖြစ်ရာ၊ ထိုစကားကြောင့် နျဲ့ရှို့ယွမ်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။
သူက စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။“ဌာနမှူး... တကယ်ပြောတာလားဗျာ”
ချူဖုန်းက ရယ်မောရင်းဆိုသည်။ “ဒါပေါ့။ ငါက အားတဲ့ရက်တွေဆိုရင် စာဖတ်တာကလွဲလို့ ဘာမှ သိပ်လုပ်တာ မဟုတ်ဘူး။ မင်းက ဝိုင်ကောင်းကောင်း ချက် ပေးနိုင်တယ်ဆိုရင်၊ ငါကလည်း ပုံပြင်တွေ အများကြီး ပြောပြနိုင်တာပေါ့”
နျဲ့ရှို့ယွမ်၏ မျက်လုံးများက ပို၍ပင် တောက်ပလာပြီး ချူဖုန်းကို ကြည့်ရသည်မှာ နှစ်ပေါင်းများစွာကြာမှ ရင်ဘတ်ချင်းတူသည့် မိတ်ဆွေတစ်ဦးကို တွေ့လိုက်ရသည့်နှယ်။
ဘေးနားမှာ ရပ်နေသည့် အကြီးအကဲပိုင်ကတော့ ဒီမြင်ကွင်းထဲမှာ တစ်ခုခု လွဲနေသလို ခံစားနေရသော်လည်း ဘာလဲဆိုတာကိုတော့ အတိအကျ မပြောနိုင်ပေ။
“ဌာနမှူးချူ... ရှို့ယွမ်ကို ဌာနမှူးချူလက်ထဲမှာပဲ အပ်ခဲ့ပါပြီနော်”
အကြီးအကဲပိုင်က ဆိုသည်။
ချူဖုန်းက စိတ်ချရန် အကြည့်ဖြင့် တုံ့ပြန်လိုက်၏။ “ပြဿနာမရှိပါဘူး။ အချိန်ကောင်းကို စောင့်မနေနဲ့တော့၊ ဒီနေ့ပဲ စီမံခန့်ခွဲရေးခန်းမကို သွားပြီး ရှို့ယွမ်ရဲ့ ဌာနကူးပြောင်းရေးကိစ္စကို အပြီးသတ်လိုက်ကြရအောင်”
“ကောင်းပြီလေ” အကြီးအကဲပိုင်က ကိစ္စတွေ ဒီလောက်အထိ ချောချောမွေ့မွေ့ ဖြစ်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
အနည်းငယ် ထပ်မံစကားပြောပြီးနောက် သူတို့သုံးဦးလုံး ဓားပျံစီးကာ စီမံခန့်ခွဲရေးခန်းမသို့ အတူတူ ထွက်ခွာခဲ့ကြသည်။
စီမံခန့်ခွဲရေးခန်းမမှ လူများသည် ချူဖုန်းက ပြင်ပရေးရာဌာနမှ လူနှစ်ယောက်ကို ခေါ်လာသည်ကို မြင်သောအခါ မျက်နှာတွင် သံသယများ ရိပ်ပြေးသွားကြသည်။
သို့သော် ချူဖုန်းသည် ယခင်ကလို ဌာနမှူးဆယ်ယောက် ထဲတွင် မထင်မရှား တစ်ယောက် မဟုတ်တော့ဘဲ၊ ယခုအခါ သူတို့ထဲတွင် ထိပ်ဆုံးက ဦးဆောင်သူ ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ခဏအတွင်းမှာပင် နျဲ့ရှို့ယွမ်၏ အပြောင်းအရွှေ့ကိစ္စ ပြီးစီးသွားခဲ့သည်။
နျဲ့ရှို့ယွမ်သည် ဝမ်တောက်ကျောင်းတော်တွင် လူထူးလူဆန်းတစ်ယောက်အဖြစ် လူသိများပြီးသားဖြစ်ရာ၊ ယခု သောင်းပြောင်းပညာရပ် ဌာနသို့ ဝင်ရောက်သွားခြင်းအပေါ် အားလုံး စိတ်ဝင်စားနေကြသည်။
ဌာနမှူးချူ၏ လက်အောက်တွင် နျဲ့ရှို့ယွမ်သည် မည်ကဲ့သို့သောသူ ဖြစ်လာမည်နည်းဟု လူတိုင်းက သိချင်နေကြ၏။
“ဦးလေးနျဲ့က စီနီယာရှောင်တို့လိုမျိုး အရှိန်အဟုန်နဲ့ တိုးတက်လာနိုင်မယ် ထင်လား”
“မထင်ပါဘူးကွာ။ သူ့ရဲ့ တာအိုနှလုံးသား ပျက်စီးသွားပြီလို့ ငါကြားတယ်။ ဒီဘဝမှာ နီဗားနားရှင်သန်ခြင်းအဆင့်ထိ ရောက်ရင်တောင် အဲဒါက သူ့ရဲ့ အကန့်အသတ်ပဲ။”
“ဘယ်ပြောလို့ရမလဲ။ အံ့ဖွယ်တွေဆိုတာ ဖြစ်တတ်တာပဲလေ။”
“…”
နျဲ့ရှို့ယွမ် သောင်းပြောင်းပညာရပ်ဌာနသို့ ဝင်ရောက်သွားသည့်သတင်းက ကျောင်းအုပ်ကြီးထံသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
စီမံခန့်ခွဲရေးခန်းမမှ မဟာအကြီးအကဲ၏ တင်ပြချက်ကို ကြားပြီးနောက် ကျောင်းအုပ်ကြီးက ပြောလိုက်သည်။ “ရှို့ယွမ်က တစ်ချိန်က ပါရမီရှင်တစ်ယောက် ဖြစ်ခဲ့တာပါ။ ရှောင်ဖုန်းရဲ့ လမ်းညွှန်မှုအောက်မှာ သူ နိုးထလာနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်”
မဟာအကြီးအကဲက ဆိုသည်။ “ပျက်စီးသွားတဲ့ တာအိုနှလုံးသားကို ပြန်ပြုပြင်ဖို့ဆိုတာ မယုံနိုင်လောက်အောင် ခက်ခဲပါတယ်။ တကယ်လို့ ဌာနမှူးချူက သူ့ကို ပြန်ကောင်းအောင် ကူညီပေးနိုင်မယ်ဆိုရင်တော့၊ နောက်နှစ်တစ်ထောင်ကြာတဲ့အခါ ကျုပ်တို့ ဝမ်တောက်ကျောင်းတော် မှာ နောက်ထပ် သူတော်စင်တစ်ပိုင်း တစ်ယောက် တိုးလာမှာပါ။ ဒါပေမဲ့ သိပ်ကို ခက်ခဲလွန်းပါတယ်”
ကျောင်းအုပ်ကြီးက ပြုံးလိုက်သည်။ “မခက်ခဲဘူးဆိုရင် ရှောင်ဖုန်းအတွက် စိတ်ဝင်စားစရာ ကောင်းမှာမဟုတ်ဘူးလေ”
သောင်းပြောင်းပညာရပ် ဌာန အတွင်း၌။
နျဲ့ရှို့ယွမ်ကို ကြိုဆိုသည့်အနေဖြင့် ချူဖုန်းကိုယ်တိုင် ဟင်းချက်ပေးသည်။
ဤလုပ်ရပ်ကြောင့် နျဲ့ရှို့ယွမ်မှာ အလွန်အမင်း အားနာသွားရသည်။ စားပွဲပေါ်ရှိ စားစရာများကို ကြည့်ရင်း ပြောလိုက်သည်။ “ဌာနမှူးချူ... ဒါက အရမ်း အားနာစရာ ကောင်းလွန်းပါတယ်။ ကျွန်တော် ဒီလောက်အထိ လက်မခံရဲပါဘူး”
ချူဖုန်းက သူ့ပုခုံးကို ပုတ်ရင်း ဆိုသည်။“ဒါဆို ဘာစောင့်နေတာလဲ။ မင်းရဲ့ ဝိုင်ကောင်းတွေကို ထုတ်မလာတော့ဘူးလား”
ထိုစကားကို ကြားသောအခါ နျဲ့ရှို့ယွမ်က သူ၏ သိုလှောင်လက်စွပ်ထဲမှ အရောင်အမျိုးမျိုးရှိသော ဝိုင်အိုး ဆယ်အိုးကို ချက်ချင်း ထုတ်လိုက်သည်။
“ဌာနမှူး... ဒါတွေက ကျွန်တော် စုဆောင်းထားတဲ့ အကောင်းဆုံး ဝိုင်တွေပါ။ ဌာနမှူး စိတ်ကျေနပ်စေရမယ်လို့ ကျွန်တော် အာမခံပါတယ်”
ဝိုင်အကြောင်း ပြောလာလျှင် နျဲ့ရှို့ယွမ်၏ မျက်လုံးများက ဂုဏ်ယူမှုဖြင့် အမြဲ တောက်ပနေတတ်သည်။ ဝိုင်ချက်ခြင်း ပညာရပ်တွင် သူက ဒုတိယဟု ဆိုလျှင် မည်သူကမျှ ပထမဟု မဆိုရဲကြပေ။
“ကောင်းပြီလေ၊ ဒါဆို ဒီည မမူးမချင်း မပြန်ကြေးပဲ။”
ချူဖုန်းက အကြီးအကဲပင်း၊ ချင်းချင်းနှင့် ရွှီချိုက်ချန်တို့ကိုပါ ဝိုင်းသို့ ဖိတ်ခေါ်လိုက်သည်။
ဝိုင်အိုးများ ကုန်သွားပြီးနောက် ဝိုင်းက စည်ကားလာ၏။
ကျင့်စဉ်အဆင့် အနိမ့်ဆုံးဖြစ်သော ရွှီချိုက်ချန်မှာ မျက်လုံးများ နီမြန်းကာ မူးနေပြီဖြစ်သည်။
သူက ထရပ်ပြီး ချူဖုန်းကို အနည်းငယ် ဦးညွှတ်လိုက်သည်။ “ဆရာ... ကျွန်တော် ဝိုင် သိပ်မသောက်နိုင်တော့လို့ပါ။ ခွင့်ပြုရင် သွားနားပါရစေ”
ချူဖုန်းက ရယ်မောကာဆိုသည်။ “မင်းကတော့ကွာ... ခွေးတစ်ကောင်တောင် မင်းထက် ပိုသောက်နိုင်ဦးမယ်။ သွား... သွားနားတော့”
“ဟုတ်ကဲ့ပါ ဆရာ။”
ရွှီချိုက်ချန်က ပြောပြီးနောက် လှည့်ထွက်သွားသည်။
ချူဖုန်းက ဝိုင်မသောက်တော့ဘဲ ထိုင်နေသော ချင်းချင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
“ချင်းအာ... ဝိုင်ကောင်းရှိရင် ဂီတသံကောင်းလည်း ရှိသင့်တယ်။ မင်း တီးခတ်တာ မကြားရတာ ကြာပြီ။ ငါတို့အတွက် တစ်ပုဒ်လောက် တီးပြပေးနိုင်မလား”
ချင်းချင်းက ထရပ်ပြီး အရိုအသေပြုကာ ဆိုသည်။“ဆရာ့အတွက် ကျွန်မ တီးခတ်ပေးပါ့မယ်”
ထို့နောက် သူမက ဘေးနားတွင် ထိုင်ကာ ဇီသာ ကို ထုတ်လိုက်၏။ မကြာမီမှာပင် သာယာနာပျော်ဖွယ်ကောင်းသော ဂီတသံစဉ်များ လေထုထဲတွင် ပျံ့လွင့်လာသည်။
ချူဖုန်းက လှပသော တေးသံကို နားထောင်ရင်း ဝိုင်ခွက်ကို မြှောက်ကာ နျဲ့ရှို့ယွမ်နှင့် ဆက်လက် သောက်နေခဲ့သည်။
သီချင်းဆုံးသွားချိန်တွင် ချူဖုန်းနှင့် နျဲ့ရှို့ယွမ်တို့သည် စားပွဲပေါ်ရှိ ဝိုင်အားလုံးကို မြည်းစမ်းပြီး ဖြစ်နေသည်။
နျဲ့ရှို့ယွမ် မေးလိုက်၏။ “ဌာနမှူးချူ... ကျွန်တော့်ဝိုင်တွေ ဘယ်လိုနေလဲ”
ချူဖုန်း၏ မျက်နှာတွင် စဉ်းစားနေသည့် အမူအရာ ပေါ်လာသည်။ “ဝိုင်ကတော့ ကောင်းပါရဲ့၊ ဒါပေမဲ့ သိပ်မပြင်းသေးဘူး၊ ပြီးတော့ အရမ်း ရိုးလွန်းတယ်”
နျဲ့ရှို့ယွမ်၏ အမူအရာ ပြောင်းလဲသွားသည်။ “ဌာနမှူးချူ... ဌာနမှူးက ကျွန်တော်ချက်တာထက် ပိုပြင်းတဲ့ဝိုင်ကို သောက်ဖူးလို့လား”
“မှန်တာပေါ့။”
ချူဖုန်း ပြောလိုက်သည်နှင့် သူ၏ ယခင်ဘဝက သောက်ဖူးခဲ့သော ပြင်းထန်သည့် အရက်အမျိုးမျိုးကို အမှတ်ရသွားသည်။ ထိုအရက်များသည် ဝမ်တောက်ကျောင်းတော်၏ ဝိညာဉ်ဝိုင်များကဲ့သို့ မွှေးကြိုင်ချိုမြိန်ခြင်း မရှိသော်လည်း၊ တစ်ခုတော့ ရှိသည်... ၎င်းမှာ ‘ပြင်းအား’ ပင် ဖြစ်သည်။
သူ စရောက်ခါစက အားသည့်အချိန်တွင် မိမိဘာသာ အနည်းငယ် ချက်သောက်ခဲ့သေးသည်။
သို့သော် နောက်ပိုင်းတွင် ကုန်ကြမ်းများ ပြတ်လပ်သွားသောကြောင့် ချူဖုန်းက ဝိုင်ချက်ခြင်းကို လုံးဝ ရပ်နားထားခဲ့ခြင်း ဖြစ်၏။
“အဲဒီလိုဝိုင်မျိုးကို ဘယ်မှာ ရှာလို့ရမလဲဆိုတာ သိလား”
ဝိုင်အရူးအမူးဖြစ်သူ နျဲ့ရှို့ယွမ်က ချက်ချင်း စိတ်လှုပ်ရှားလာသည်။ သူသည် လောကရှိ အကောင်းဆုံး ဝိုင်အားလုံးကို မြည်းစမ်းဖူးသည်ဟု မိမိကိုယ်ကိုယ် ဂုဏ်ယူထားသူဖြစ်ပြီး၊ ယနေ့ည သူထုတ်လာသော ဝိုင်ဆယ်မျိုးမှာလည်း ထိပ်တန်း ဝိညာဉ်ဝိုင်များကိုပင် ယှဉ်နိုင်သည့် ရှားပါးဝိုင်များ ဖြစ်သည်။
ဒဏ္ဍာရီလာ ‘သူတော်စင်ဝိုင်’ ကလွဲလျှင် သူ၏ဝိုင်မှာ မည်သည့်ဝိုင်ကိုမျှ ရှုံးမည်မဟုတ်ဟု ယုံကြည်ထားသည်။
ချူဖုန်းကပြောလိုက်သည်။ “ဒါပေါ့... ငါကိုယ်တိုင် ချက်တာလေ။ အခုတလော စာဖတ်ရတာ နည်းနည်း ငြီးငွေ့နေတာနဲ့ အတော်ပဲ၊ မင်း အထူးအဆန်းဖြစ်သွားအောင် ငါကိုယ်တိုင် အရက်ပြင်း ချက်ပေးမယ်”
“ကောင်းပါပြီ၊ ဒါဆို ကတိနော်။”
နျဲ့ရှို့ယွမ်သည် မိမိနှင့် ဝါသနာတူသူကို တွေ့ရခဲသဖြင့် ရင်ထဲတွင် မျှော်လင့်ချက်အချို့ ဖြစ်ပေါ်လာရသည်။
အရက်ဝိုင်းသည် ညဉ့်နက်မှသာ ပြီးဆုံးသွားသည်။
နျဲ့ရှို့ယွမ် ထွက်သွားပြီးနောက် အကြီးအကဲပင်းက ချူဖုန်း၏ အခန်းထဲသို့ ခြေဆေးရန် ရေဇလုံတစ်ခု သယ်လာပေးသည်။
သူမက ဇလုံကို ချူဖုန်းရှေ့တွင် ချထားပေး၏။ “ ဌာနမှူးချူ... စီနီယာနျဲ့ကို တပည့်အဖြစ် လက်ခံဖို့ အစီအစဉ် ရှိလား”
ချူဖုန်း၏ မျက်နှာတွင် မူးသည့်အရိပ်အယောင် လုံးဝမရှိဘဲ ပြုံးလိုက်သည်။ “လောလောဆယ်တော့ မရှိသေးပါဘူး။ ငါက သူ့ကို သောက်ဖော်သောက်ဖက်အနေနဲ့ပဲ သဘောထားတာ။ ပြီးတော့ တပည့်အဖြစ် လက်ခံဖို့ဆိုတာ ငါတစ်ယောက်တည်း ဆုံးဖြတ်လို့ရတာ မဟုတ်ဘူး။ သူကိုယ်တိုင်ကလည်း ငါ့ကို ဆရာအဖြစ် လက်ခံချင်စိတ် ရှိရဦးမှာလေ”
အကြီးအကဲပင်းက တီးတိုးလေးရေရွတ်သည်။
“အဲဒါကတော့ ခက်လိမ့်မယ်။ စီနီယာနျဲ့ရဲ့ တာအိုနှလုံးသားက ပျက်စီးသွားတာ ကြာလှပြီ”
“ဟင်”
ချူဖုန်း စိတ်ဝင်စားသွား၏။ “အဲဒီအကြောင်း ငါ့ကို အသေးစိတ် ပြောပြလို့ ရမလား”
အကြီးအကဲပင်း၏ မျက်နှာတွင် အတိတ်ကို ပြန်စဉ်းစားနေသည့် အမူအရာ ပေါ်လာသည်။ “ဟိုးအရင်က စီနီယာနျဲ့ကလည်း ကျွန်မတို့ ဝမ်တောက်ကျောင်းတော်ရဲ့ ပါရမီရှင်တစ်ယောက်ပါ။ ကျောင်းတော်ကို မဝင်ခင်က သူကသူတော်စင်တစ်ပိုင်းအဆင့်ရှိတဲ့ အင်အားစုတစ်ခုရဲ့ ဆက်ခံသူတစ်ယောက် ဖြစ်ခဲ့ဖူးတယ် “
“ ကံဆိုးချင်တော့ သူက လူမှားပြီး ယုံကြည်မိသွားခဲ့တယ်။ သူ့ရဲ့ မင်္ဂလာဦးညမှာပဲ သူ့ဇနီးနဲ့ ရန်သူတွေ ပူးပေါင်းပြီး နျဲ့မိသားစုကို တိုက်ခိုက်ခဲ့ကြတယ် “
“ အဲဒီညမှာ စီနီယာနျဲ့ သေလုနီးပါး ဖြစ်ခဲ့ရတယ်။ နျဲ့မိသားစု ခေါင်းဆောင်က ဝိုင်းရံပိတ်ဆို့မှုတွေကို ဖောက်ထွက်ပြီး သူ့ကို မကယ်ထုတ်နိုင်ခဲ့ဘူးဆိုရင်၊ သူ ဒီ ကျောင်းတော်တံဆိပ် နဲ့ ဝမ်တောက်ကျောင်းတော် ကို ရောက်လာမှာ မဟုတ်ဘူး။”
ချူဖုန်းက ပြောလိုက်သည်။ “ဒီလိုဆိုရင် ဘေးဒုက္ခကနေ အသက်ရှင်ကျန်ရစ်တဲ့သူတွေက နောက်ပိုင်းမှာ ကံကောင်းတတ်ကြစမြဲပဲလေ။ နျဲ့ရှို့ယွမ်က လက်စားချေဖို့ မစဉ်းစားခဲ့ဘူးလား”
အကြီးအကဲပင်းက ပြန်ဖြေ၏။ “စဉ်းစားတာပေါ့။ ကျွန်မ ဂိုဏ်းထဲကို စဝင်တုန်းက သူက အတွင်းစည်းတပည့်တွေထဲမှာ ထိပ်တန်း ပါရမီရှင် သုံးယောက်စာရင်းဝင် ဖြစ်နေပြီ။ ဒါပေမဲ့ အခြေအနေတွေ ကောင်းလာခါစမှာပဲ နောက်ထပ် အဖြစ်ဆိုးတစ်ခု ကြုံခဲ့ရပြန်တယ် “
“မဟာဟင်းလင်းပြင် နယ်မြေ ကို သွားတဲ့ ခရီးစဉ်မှာ သူဟာ သူ့မိသားစုကို ဖျက်ဆီးခဲ့တဲ့ သူ့ဇနီးနဲ့ ရန်သူတွေကို တွေ့ခဲ့ရတယ်။ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကျင့်စဉ်အဆင့်ချင်း တူနေပါလျက်နဲ့ သူ့ဇနီးက သူ့ကို အနိုင်ယူခဲ့ရုံတင်မကဘဲ အဲဒီတိုက်ပွဲမှာပဲ သူ့ရဲ့ တာအိုနှလုံးသားကို အပြီးတိုင် ချိုးနှိမ်ဖျက်ဆီးပစ်ခဲ့တယ် “
“ ဘာတွေ အတိအကျ ဖြစ်ခဲ့သလဲဆိုတာ ဘယ်သူမှ မသိကြဘူး။ တခြားတပည့်တွေက မေးရင်တောင် စီနီယာနျဲ့က ဘာမှ မပြောခဲ့ဘူး “
“ ဒါပေမဲ့ အဲဒီနယ်မြေကနေ ပြန်လာပြီးနောက်မှာတော့ သူ လုံးဝ ပြောင်းလဲသွားခဲ့တယ်။ ဝမ်တောက်ကျောင်းတော် ရဲ့ ပါရမီရှင်ဟာ လုံးဝ နိမ့်ပါးသွားပြီးကျောင်းတော်ရဲ့ နာမည်ကြီး အရက်သမား ဖြစ်လာခဲ့ရတယ်။ သူ့ရဲ့ ရန်သူနှစ်ယောက်ကတော့ အခုဆိုရင် နီဗားနားရှင်သန်ခြင်းအဆင့်ကို ရောက်ပြီး အရှင် တွေ ဖြစ်ကုန်ကြပြီ။”
အကြီးအကဲပင်း ပြောတာကို နားထောင်ပြီးနောက် ချူဖုန်းက ခပ်ပါးပါးလေး ပြုံးလိုက်သည်။ “ဒါတွေအားလုံး ကြားပြီးမှတော့ ကျုပ် နျဲ့ရှို့ယွမ်ကို တကယ်ပဲ စိတ်ဝင်စားသွားပြီ။ သူ့ရဲ့ တာအိုနှလုံးသားကို ပြန်ပြုပြင်ပေးဖို့ဆိုတာ... ကျုပ်စိန်ခေါ်ကြည့်ချင်တဲ့ အလုပ်မျိုးပဲ”
အကြီးအကဲပင်းကတော့ တွေးနေမိလေ၏။
‘စီနီယာနျဲ့ကို သူ့ဆီမှာ တပည့်အဖြစ် ကြည်ကြည်ဖြူဖြူ ခံယူလာအောင် ဌာနမှူးချူ ဘယ်လိုနည်းလမ်းမျိုး သုံးမှာပါလိမ့်’
***