နောက်တစ်နေ့ မွန်းတည့်ချိန်တွင် ဖြစ်၏။
ထမင်းစားသောက်ပြီးနောက် ချူဖုန်းက ရွှီချိုက်ချန်၏ ပုခုံးကို ပုတ်ကာ ဆိုလိုက်သည်။
“ချိုက်ချန်... မင်းရဲ့ ဆရာက ဝိုင်စချက်တော့မယ်။ လာပြီး ကူညီဦး”
ရွှီချိုက်ချန်မှာ အလိုအလျောက်ပင် ဗလုံးဗထွေး ရေရွတ်မိသွားသည် “ဆရာ... ဆရာက တကယ်ကြီး ပြောနေတာလား”
“ဒီကောင်လေး... ငါက ဘယ်တုန်းက လိမ်ဖူးလို့လဲ။ ငါတို့ လို ကျောင်းတော်သားတွေအတွက် အရေးကြီးဆုံးက ကတိတည်ဖို့ပဲ။ သွားကြစို့။”
ထိုသို့ပြောပြီးနောက် ချူဖုန်းသည် ရွှီချိုက်ချန်ကို ကြက်ပေါက်လေးတစ်ကောင်အား မလိုက်သကဲ့သို့ မကာ ထွက်ခွာသွားတော့သည်။
ထိုအခြင်းအရာကို မြင်သော် နျဲ့ရှို့ယွမ်သည်လည်း အလျင်အမြန် ထရပ်ကာ နောက်မှ လိုက်လာခဲ့သည် “ဌာနမှူးချူ... ကျွန်တော့်ကိုလည်း လိုက်ခွင့်ပြုပါဦး”
သူတို့ သုံးဦးသည် မကြာမီမှာပင် သောင်းပြောင်းပညာရပ်ဌာန အတွင်းရှိ ကြာမြင့်စွာ စွန့်ပစ်ထားခြင်းခံရသော ဝိုင်ချက်ရုံသို့ ရောက်ရှိသွားကြသည်။
ဟောင်းနွမ်းပျက်စီးနေသော ဝိုင်ချက်ရုံကို ကြည့်ရင်း နျဲ့ရှို့ယွမ်မှာ အာရုံများ ထုံထိုင်းသွားရ၏။ ဤကဲ့သို့သော နေရာမျိုးတွင် တကယ်ပဲ ဝိုင်ကောင်းကောင်း ချက်နိုင်ပါ့မလား။
ရွှီချိုက်ချန်က ပြောလိုက်သည်။ “ဆရာ... ကျွန်တော့်ကို ဒီကို ခေါ်လာတာ ဝိုင်ချက်ရုံကို သန့်ရှင်းရေး လုပ်ခိုင်းဖို့တော့ မဟုတ်ပါဘူးနော်”
“တောက်...”
ချူဖုန်းက စိတ်မရှည်စွာ ပြောလိုက်၏။ “မင်းမှာ ဒီထက်ပိုတဲ့ ရည်မှန်းချက် မရှိဘူးလား။ ငါတို့လို ကျင့်ကြံသူတွေက ကိုယ်တိုင် သန့်ရှင်းရေး လုပ်နေရမလားလုပ်နေရမလားကွ”
စကားအဆုံးတွင် သူက “သန့်စင်စေ” ဟူသော စကားတစ်လုံးကို သာမန်ကာလျှံကာ ရွတ်ဆိုလိုက်သည်။
“သန့်စင်ခြင်း” ဟူသော စာလုံးကြီးတစ်လုံးသည် ဝိုင်ချက်ရုံအတွင်း ပေါ်လာသည်။ တစ်ခဏချင်းမှာပင် ဖုန်မှုန့်များ ပျောက်ကွယ်သွားပြီး တစ်နေရာလုံးမှာ စနစ်တကျ သန့်ရှင်းထားသကဲ့သို့ ပြောင်လက်စင်ကြယ်သွားတော့သည်။
“နှုတ်ထွက်စကား လက်တွေ့ဖြစ်စေခြင်း ပါလား”
ရွှီချိုက်ချန်မှာ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများကို ပွတ်သပ်ရင်းမေးလိုက်သည်။
“ဆရာ... ကျွန်တော်ရော ဘယ်တော့မှ ဆရာ့လို လုပ်နိုင်မှာလဲ”
ချူဖုန်းက ပေါ့ပေါ့ပါးပါးပင်။ “စာများများဖတ်၊ ဝိုင်များများသောက်။ အဲဒါပါပဲ”
ထိုစကားအဆုံးတွင် ကျန်နှစ်ဦး၏ မျက်နှာပေးမှာ ကွဲပြားသွားသည်။
ရွှီခိုက်ချန်က ဇဝေဇဝါဖြင့် မေး၏။ “ဆရာ... ကျွန်တော်လည်း အစိုးရကျောင်းတော် တက်ခဲ့တာပဲ။ ကျွန်တော့်ကို လာမညာပါနဲ့။ စာဖတ်ရမယ်ဆိုတာကိုတော့ လက်ခံနိုင်ပေမဲ့ ဝိုင်သောက်တာနဲ့ ဒါနဲ့ ဘာဆိုင်လို့လဲ”
နျဲ့ရှို့ယွမ်မှာမူ ဌာနမှူးချူက သူ့ကို ရည်ညွှန်းပြောဆိုနေသည်ဟု ခံစားရသော်လည်း သက်သေမရှိသဖြင့် မမေးရဲပေ။
ချူဖုန်းက ရယ်မောလိုက်သည်။ “ငါလို သူတော်စင်တစ်ပိုင်း တစ်ယောက်က မင်းလို ကျောင်းတော်သားလေးတစ်ယောက်ကို ဘာလို့ လိမ်နေရမှာလဲ။ ဟိုးရှေးတုန်းက အင်မော်တယ်ကဗျာဆရာ ဆိုတာ ဝိုင်သောက်ရင်း ကဗျာတွေ စပ်ဆိုခဲ့တာ။ ဝိုင်သောက်လေ ကဗျာတွေက ပိုကောင်းလေလေပဲ။ သူစပ်ဆိုခဲ့တဲ့ ‘ဓားသမားရဲ့တေးသံ’ တစ်ပုဒ်တည်းနဲ့တင် သာမန်လူတစ်ယောက်ကို တောတောင်တွေ ကျောက်တုံးတွေကို ဖြတ်တောက်နိုင်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်သွားစေနိုင်တယ်”
သူ့ဆရာ၏ စကားမှာ အတည်ကြီး ဖြစ်နေသဖြင့် ရွှီချိုက်ချန်မှာ စိတ်ဝင်စားသွား၏။
“ဆရာ... အဲဒီ ‘ဓားသမားရဲ့တေးသံ’ ကို ကျွန်တော် နားထောင်လို့ ရမလား”
“ဝိုင်မရှိဘဲနဲ့တော့ ငါ မရွတ်နိုင်ဘူး။”
ချူဖုန်းက သူ့ပုခုံးကို ပုတ်ကာ ဆိုသည်။ “မင်း သွားပြီး ထင်းခုတ်ချေ။ မင်းရဲ့ ဆရာက ဝိုင်စချက်တော့မယ်”
“ကောင်းပါပြီ။”
ရွှီချိုက်ချန်လည်း ငြင်းမနေတော့ဘဲ အလျင်အမြန်ပင် ထင်းများကို သယ်ယူလာခဲ့သည်။
ထိုအခြင်းအရာကို မြင်သော် နျဲ့ရှို့ယွမ်သည်လည်း ဒီအတိုင်း ရပ်ကြည့်မနေနိုင်တော့ဘဲ ရွှီချိုက်ချန်နှင့်အတူ ထင်းခုတ်ရာတွင် ပါဝင်ကူညီလေ၏။
ချူဖုန်းသည် ဝိုင်ချက်ရန် လိုအပ်သော ဝိညာဉ်ပါဝင်ပစ္စည်းများနှင့် စမ်းရေများကို စတင်ပြင်ဆင်တော့သည်။
တစ်နာရီခန့် ကြာပြီးနောက် အားလုံး အဆင်သင့် ဖြစ်သွား၏။ သူသည် အပြင်းဆုံး ဝိုင်ကို ချက်လိုသဖြင့် ဝိညာဉ်စွမ်းအင်များ စိမ့်ဝင်နေသော ဝိညာဉ်ပြောင်းကို အသုံးပြုထားသည်။
သူသည် ဝိုင်ချက်ခြင်းအတတ်ပညာတွင် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ၏ လှုပ်ရှားမှုအချို့မှာပင် နျဲ့ရှို့ယွမ်ကို မှင်တက်သွားစေသည်။
‘ဌာနမှူးချူက တကယ့် ဝိုင်ချက်ဆရာကြီးပဲ... သူ့ရဲ့ အတတ်ပညာနဲ့ နည်းစနစ်တွေက ငါ့ထက်တောင် အများကြီး သာလွန်နေပါလား။’
ဝိုင်ချက်နေစဉ်အတွင်းမှာပင် ချူဖုန်းသည် တစ်ခုခု လိုအပ်နေသေးသည်ဟု ခံစားရသည်။ ထိုအခါ သူ၏ ဆရာအိုကြီး ပြောဖူးသည့် စကားတစ်ခွန်းကို သတိရသွား၏။
“ဝိုင်ရဲ့ တကယ့် ရည်ရွယ်ချက်က အခြားသူတွေကို ပျော်ရွှင်မှု ပေးဖို့ပဲ။ ဒါကြောင့် ဝိုင်ချက်တဲ့ ဖြစ်စဉ်မှာ မင်းရဲ့ နှလုံးသားကို ထည့်သွင်းရမယ်။”
ချူဖုန်း ထိုစကားကို စကြားတုန်းက “အဖိုးကြီး... ခင်ဗျား ဒါကို ‘ ပညာရှင်သူခိုးငယ်လေးဇာတ်ကား’ ထဲက ခိုးပြောတာ မဟုတ်လား”
‘နှလုံးသား... ဟုတ်လား။’
ချူဖုန်း၏ နှုတ်ခမ်းတွင် အပြုံးစလေးတစ်ခု ပေါ်လာသည်။ သူသည် ဝိုင်ချက်သည့် လုပ်ငန်းစဉ်အပေါ် အပြည့်အဝ အာရုံစိုက်လိုက်ပြီး သူ၏ စိတ်ဆန္ဒကို ဝိုင်ချက်ခြင်းထဲသို့ သွန်းလောင်းထည့်လိုက်သည်။
မသိစိတ်အတွင်းမှာပင် သူသည် ဝိုင်ချက်ရခြင်း၏ ပျော်ရွှင်မှုထဲတွင် နစ်မြောသွားတော့၏။
ဂလန်း
ရွှီချိုက်ချန်၏ လက်ထဲမှ ပုဆိန်သည် လွတ်ကျသွားကာ လက်ကိုင်မှာ ကြမ်းပြင်ပေါ်သို့ ကျသွားပြီး ပုဆိန်သွားမှာမူ မှင်တက်နေသော နျဲ့ရှို့ယွမ်၏ အနီးသို့ ကျသွားသည်။
နျဲ့ရှို့ယွမ်မှာမူ လုံးဝ သတိမထားမိပေ။ သူသည် ထိုနေရာတွင်ပင် မတ်တတ်ရပ်လျက် ချူဖုန်းကို တိတ်ဆိတ်စွာ ငေးကြည့်နေမိလေ၏။
ချူဖုန်း ဝိုင်ချက်ခြင်း ပြီးဆုံးသွားသည့်အခါမှ ထိုနှစ်ယောက် ကြောင်အမ်းအမ်း ဖြစ်နေသည်ကို သတိထားမိတော့သည်။
“မင်းတို့ နှစ်ယောက် ဘာဖြစ်နေတာလဲ။”
နျဲ့ရှို့ယွမ်က ဗလုံးဗထွေးဖြင့် ပြောသည်။ “စိတ်ဆန္ဒ... မဟုတ်ဘူး၊ တာအို အနှစ်သာရ... ဌာနမှူး... ခင်ဗျား ခုနက ဝိုင်နှပ်တဲ့နေရာမှာ တာအိုအနှစ်သာရ ကို အသုံးပြုသွားတာပဲ”
“အော်။”
ချူဖုန်းက ဘာမှမဟုတ်သလို ပုံစံဖြင့်ပေ။ “ငါ အာရုံစိုက်မိသွားလို့ ကိုယ့်ကိုယ်ကိုယ် မေ့သွားတာပါ။ ဘာပဲဖြစ်ဖြစ် ဝိုင်နှပ်ဖို့က တစ်ရက်ထက်မက ကြာဦးမှာ။ မင်းတို့ ထင်း ဆက်ခုတ်နေကြဦး။ ငါ ဝိုင်ဖတ်တွေကို နှပ်ထားလိုက်ဦးမယ်၊ အဆင်သင့်ဖြစ်မှပဲ အဆုံးသတ် အဆင့်ကို လုပ်တော့မယ်”
ထိုသို့ပြောပြီးနောက် သူသည် အလုပ်ကို ဆက်လုပ်သည်။ ခုနစ်ရက် ကြာပြီးနောက်တွင်မူ ချူဖုန်းသည် နောက်ဆုံးအဆင့်ကို စတင်တော့သည်။
ယနေ့တွင် သောင်းပြောင်းပညာရပ်ဌာနမှ လူတိုင်းသည် ချူဖုန်း၏ ဝိုင်ကို ကိုယ်တိုင်မြင်တွေ့လိုသဖြင့် ဝိုင်ချက်ရုံသို့ စုရုံးရောက်ရှိနေကြသည်။
နာရီအနည်းငယ် ကြာပြီးနောက်တွင် ဝိုင်၏ မွှေးပျံ့သော ရနံ့သည် လေထဲတွင် လွင့်ပျံ့လာပြီး ရောက်ရှိနေသူအားလုံးကို မူးယစ်သလို ခံစားရစေသည်။
ဝိုင်အရူးဖြစ်သော နျဲ့ရှို့ယွမ်မှာမူ သွားရည်များပင် ကျနေပြီဖြစ်ကာ ဤဝိုင်ကို မြည်းစမ်းကြည့်ရန် မအောင့်နိုင်တော့ပေ။
ကံကောင်းစွာဖြင့် သူတို့ အကြာကြီး မစောင့်လိုက်ရပေ။ ချူဖုန်းသည် ဘူးသီးပုံသဏ္ဌာန် ဝိုင်အိုးကို ကိုင်လျက် ထွက်လာပြီး လူအုပ်ကို ကြေညာလိုက်သည်။
“ဒီညတော့... မင်းတို့ကို ပူလောင်ခြင်းဓားသွား နဲ့ ဧည့်ခံမယ်”
အားလုံးက မျှော်လင့်တကြီးဖြင့် ခေါင်းညိတ်ကြပြီး ညနေခင်း ရောက်လာမည့်အချိန်ကို စောင့်စားနေကြတော့၏။
ဟား...
ဘေးဘက်ဝင်းအတွင်း၌ လူတိုင်းသည် ဝိုင်ကို တစ်ငုံမြည်းလိုက်သည်နှင့် ပူလောင်သော အရသာကြောင့် အသက်ရှူပင် မှားသွားကြသည်။
နျဲ့ရှို့ယွမ် တစ်ယောက်သာလျှင် အော်ဟစ်နေ၏။
“တကယ့် ဝိုင်ကောင်းပဲ အပြင်းစားကြီးပဲဟေ့ ကျုပ်ဘဝမှာ ဒီလောက် ပြင်းတဲ့ ဝိုင်မျိုး တစ်ခါမှ မသောက်ဖူးဘူး”
ချူဖုန်းက ပြုံးလျက်ပင်။ “ကြိုက်ရင် များများသောက်ကြ”
“ဒါဆိုရင်တော့ အားနာမနေတော့ဘူးနော်။”
နျဲ့ရှို့ယွမ်သည် အားနာမနေတော့ဘဲ ဝိုင်ကို ရေကဲ့သို့ပင် တစ်ခွက်ပြီးတစ်ခွက် မော့ချနေသဖြင့် ကျန်ရှိသူများမှာ အံ့အားသင့်ကာ ကြည့်နေမိကြသည်။
အကြီးအကဲပင်း သည် သူမ၏ ဝိုင်ခွက်ကို သောက်ပြီးနောက် တစ်ကိုယ်လုံး ပူလောင်သွားကာ ဝိညာဉ်စွမ်းအင်များ ခန္ဓာကိုယ်အတွင်း လှည့်ပတ်လာသည်ကို ခံစားလိုက်ရသည်။ သူမသည် အတိုင်းအထက်အလွန် ခွန်အားများ ရှိနေသကဲ့သို့ ခံစားရပြီး သူမ၏ သွေးကြောများပင် အနည်းငယ် ကျယ်လာသည်ဟု ထင်ရသည်။
သူမသည် စွမ်းအင်ကို လုံးဝ မလှည့်ပတ်ရသေးသော်လည်း သူမ၏ ဝိညာဉ်စွမ်းအင်မှာ ရုတ်တရက် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွား၏။
မဟုတ်သေး ဤသည်မှာ ဝိညာဉ်ဝိုင်၏ အာနိသင် ဖြစ်ရမည်။
သူမက ပြောလိုက်၏။ “ ဌာနမှူးချူ... ဆရာချက်တဲ့ ဝိညာဉ်ဝိုင်က တကယ်ကို ထူးခြားပါတယ်။ နီဗားနားရှငိသန်ခြင်းအဆင့်မှာ ရှိတဲ့သူတစ်ယောက်ကိုတောင် သူ့ရဲ့ အစွမ်းကုန် ခွန်အားကို ချက်ချင်း ထုတ်ဖော်နိုင်စေတာပဲ။ အဆင့်မြင့်ဆုံး ဝိညာဉ်ဝိုင်တွေမှာပဲ ဒီလို အာနိသင် ရှိတာ”
ချူဖုန်းက အကြီးအကဲပင်းကို လက်မထောင်ပြလိုက်သည်။ “အကြီးအကဲပင်း ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်။ တစ်ငုံသောက်ရုံနဲ့တင် အဆင့်မြင့် ဝိညာဉ်ဝိုင်ဆိုတာကို သိတာပဲ။”
အကြီးအကဲပင်း: “...”
ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပြောသည်။ “ဒါပေမဲ့ ဌာနမှူးချူက သာမန် ဝိညာဉ်ပြောင်းတွေကိုပဲ သုံးခဲ့တာ ရှင်းနေတာပဲ။ ဘယ်လိုလုပ်ပြီး အဆင့်မြင့် ဝိညာဉ်ဝိုင် ဖြစ်လာရတာလဲ”
ဝိုင်ကို တစ်ခွက်ပြီးတစ်ခွက် မော့နေသော နျဲ့ရှို့ယွမ်သည်လည်း လက်တန့်သွားပြီး ချူဖုန်းကို အံ့အားသင့်စွာ စိုက်ကြည့်နေမိသည်။ သူ စဉ်းစားမိသွား၏။ ‘ဟုတ်သားပဲ ဌာနမှူးချူက သာမန် ဝိညာဉ်နှံစားပြောင်းကိုပဲ သုံးခဲ့တာ... ဘယ်လိုလုပ်ပြီး ဒီလို ဝိုင်မျိုး ဖြစ်လာတာလဲ။ ဒါက တကယ်ကို မယုံနိုင်စရာပဲ။’
ချူဖုန်းက ရယ်မောလိုက်သည်။ “အကြီးအကဲပင်း... ခင်ဗျား ကျုပ်အကြောင်းကို ကောင်းကောင်း မသိသေးပါဘူး။ ကျုပ်က သောင်းပြောင်းပညာရပ် ဌာနရဲ့ ဌာနမှူးပဲလေ။ ဝိုင်ချက်တဲ့ အတတ်ပညာကို ကျွမ်းကျင်နေတာက သဘာဝပဲ မဟုတ်ဘူးလား။”
အားလုံး: “...”
ခဏမျှ လူတိုင်း မည်သို့ ပြန်ပြောရမှန်း မသိ ဖြစ်သွားကြသည်။
ခဏအကြာတွင် နျဲ့ရှို့ယွမ်သည် ရုတ်တရက် ထရပ်ကာ နောက်သို့ ဆုတ်လိုက်ပြီး ချူဖုန်း၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
“ဆရာ... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ”
အံ့အားသင့်နေရာမှ လတ်လတ်ဆတ်ဆတ် နိုးထလာသော အကြီးအကဲပင်းမှာ တစ်ဖန် မှင်တက်သွားရပြန်သည်။ အစွမ်းလေး အနည်းငယ် ပြလိုက်ရုံနဲ့တင် စီနီယာအစ်ကိုနျဲ့က တပည့်အဖြစ် ခံယူဖို့ ကိုယ်တိုင် တောင်းဆိုတယ်လား။
‘ ဒါဟာ သူမသိတဲ့ အစားအသောက်နဲ့ ဝိုင်ကလွဲလို့ ဘာကိုမှ ဂရုမစိုက်တဲ့ စီနီယာအစ်ကိုနျဲ့ တကယ်ပဲ ဟုတ်ရဲ့လား ‘
ချူဖုန်း ထရပ်လိုက်ပြီး နျဲ့ရှို့ယွမ်ထံ လျှောက်သွားသည်။ “ကောင်းပြီ။ ဒီနေ့ကစပြီး မင်းကို ငါ့တပည့်အဖြစ် လက်ခံလိုက်မယ်။ ဒါပေမဲ့ မင်းရဲ့ အခြေအနေက ထူးခြားနေတော့ နောက်ဆိုရင် ရှောင်ယန်တို့နဲ့ မတူတဲ့ ဆက်ဆံမှုမျိုး မင်း ရလိမ့်မယ်”
“ဟုတ်ကဲ့ပါ။”
ထို့နောက် နျဲ့ရှို့ယွမ်သည် လက်ဖက်ရည်အစား ဝိုင်ကို အသုံးပြုကာ ချူဖုန်းကို ဂါရဝပြု ဆက်သလိုက်သည်။
ချူဖုန်းက ထိုဝိုင်ကို ကုန်အောင်သောက်လိုက်ပြီး ခွက်ကို ချလိုက်သည်။
နျဲ့ရှို့ယွမ်က စိတ်လှုပ်ရှားစွာဖြင့် မေးသည်။ “ဆရာ... ကျွန်တော့်ကို ဝိုင်ချက်နည်း ဘယ်တော့ သင်ပေးမှာလဲ”
ချူဖုန်းက ပြုံးလိုက်သည်။ “ဘယ်အချိန်မဆို ရပါတယ်။ ဒါပေမဲ့ မင်းရဲ့ အခုရှိနေတဲ့ အခြေအနေနဲ့ဆိုရင် ငါ့ဆီက ဝိုင်ချက်ခြင်းရဲ့ တကယ့် အနှစ်သာရကို မင်း သဘောပေါက်မှာ မဟုတ်သေးဘူး”
“ညွှန်ကြားပေးပါ ဆရာ။”
နျဲ့ရှို့ယွမ်က မသိစိတ်မှပင် လွှတ်ခနဲ ပြောမိသွားသည်။
ချူဖုန်းက ပြောလိုက်သည်။ “မင်း ငါ့အဆင့်ကို ရောက်ချင်တယ်ဆိုရင် စိတ်အာရုံနောက်စရာတွေကို အကုန်ဖယ်ထုတ်ပြီး ဝိုင်အပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ရမယ်။ ဒါပေမဲ့ မင်းရဲ့ စိတ်က အရမ်း ပျံ့လွင့်နေတယ်။ အဲဒီ အခြေအနေကို ရောက်ဖို့ဆိုတာ ကောင်းကင်ဘုံကို တက်လှမ်းရသလို ခက်ခဲလိမ့်မယ်”
နျဲ့ရှို့ယွမ်သည် တစ်စုံတစ်ခုကို ရုတ်တရက် နားလည်သွားသည့်ပုံစံဖြင့် ပြောလိုက်သည်။ “ဒါဆို ဆရာ... ကျွန်တော့်ရဲ့ ပျံ့လွင့်နေတဲ့ စိတ်တွေကို ဘယ်လို ဖယ်ထုတ်ရမလဲ”
ချူးဖုန်းက တိုက်ရိုက် မဖြေဘဲ တည်ငြိမ်စွာပင်။ “မင်းရဲ့ စိတ်က ဘယ်အချိန်မှာ အကြည်လင်ဆုံးလဲ”
နျဲ့ရှို့ယွမ် တိတ်ဆိတ်သွားသည်။ သူသည် ထိုနေရာတွင်ပင် ထိုင်နေရင်း ဝိုင်အမျိုးမျိုးကို ရောနှောကာ တစ်ခွက်ပြီးတစ်ခွက် ကိုယ်တိုင် ငှဲ့သောက်နေမိသည်။
မကြာမီမှာပင် သူ၏ အကြည့်များမှာ ဝေဝါးလာသော်လည်း သူ လဲကျခါနီးအချိန်တွင် မျက်ဝန်းထဲ၌ ကြည်လင်မှု အရိပ်အယောင်တစ်ခု လက်ခနဲ ပေါ်လာ၏။
“ဆရာ... ကျွန်တော်... ကျွန်တော်က အိမ်မက်ထဲမှာပဲ ကြည်လင်တာပါ...”
ထိုသို့ ပြောပြီးသည်နှင့် သူသည် စားပွဲပေါ်သို့ မှောက်ကျသွားရာ အားလုံး စကားမထွက်နိုင် ဖြစ်သွားကြတော့သည်။
အကြီးအကဲပင်းက ဝေခွဲမရစွာဖြင့် မေးလိုက်သည်။” ဌာနမှူးချူ... ဒီလို တပည့်မျိုးကို တကယ်ပဲ သင်ပေးလို့ ရပါ့မလား”
***