သီးသန့်အိမ်လေးအတွင်းတွင် ဖြစ်သည်။
ချူဖုန်းသည် သူ၏မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားခန်းဖွင့်နေသည်။
အတော်ကြာပြီးနောက်တွင်မှ သူ၏နှုတ်ခမ်းအစုံသည် အနည်းငယ်ကွေးညွတ်သွားပြီး ပြုံးယောင်သန်းလာ၏။
“ဒါပေါ့... လုပ်လို့ရတာပေါ့။ နည်းနည်းတော့ လက်ဝင်တာပေမဲ့ စိန်ခေါ်မှုတစ်ခုလို့ သတ်မှတ်ရလောက်တဲ့အထိတော့ မခက်ခဲပါဘူး။”
သူ စကားပြောလိုက်သည်နှင့် ထိုင်နေဆဲဖြစ်သော အမျိုးသမီးနှစ်ဦးမှာ စူးစမ်းလိုစိတ်ပြင်းပြနေသည့် မျက်နှာများ ဖြစ်သွားကြသည်။
ချူဖုန်းက ပြုံးလျက် ပြောသည်။ “နောက်ရက်အနည်းငယ်နေရင် မင်းတို့ သိရမှာပါ”
ထိုစကားကို ကြားသောအခါ အမျိုးသမီးနှစ်ဦး၏ မျက်နှာများမှာ မျှော်လင့်ချက်များဖြင့် ဝင်းပသွားကြသည်။ ထို့နောက် အကြီးအကဲပင်းက စားပွဲပေါ်တွင် မှောက်နေသော လူနှစ်ယောက်ကို လက်ညှိုးထိုးပြကာ
“ဒါဆို ဒီနှစ်ယောက်ကိုကော ဘယ်လိုလုပ်မှာလဲ”
“ဒါက လွယ်ပါတယ်။”
ချူဖုန်းက ပြောပြောဆိုဆိုဖြင့် သူ၏ခွက်ထဲမှ ဝိုင်စက်အချို့ကို လက်ဖြင့်တို့ယူကာ လေထဲတွင် ‘ကြွ’ နှင့် ‘ပြန်’ ဟူသော စာလုံးနှစ်လုံးကို ရေးထွင်းလိုက်သည်။
ထိုစာလုံးများသည် ထိုလူနှစ်ဦးထံသို့ လွင့်ပျံသွား၏။ လူတိုင်းကို အံ့အားသင့်စေသည်မှာ ထိုသူနှစ်ဦးသည် လေထဲသို့ မြောက်တက်သွားပြီးနောက် ၎င်းတို့၏ ကိုယ်ပိုင်ဝင်းဆီသို့ အလိုအလျောက် လွင့်မျောသွားကြခြင်းပင်။
ထိုမြင်ကွင်းကို ကြည့်ပြီး အမျိုးသမီးနှစ်ဦးမှာ လုံးဝကို မှင်သက်သွားကြတော့၏။
ချင်းချင်းကစိတ်ထဲတွင် တွေးနေမိသည်။ ‘ငါ နောက်တစ်ခါ ဘယ်တော့မှ အမူးမခံတော့ဘူး။ ဒီလိုမျိုး အပို့ခံရတာက တကယ်ကို ရှက်စရာကြီးပဲ’
အကြီးအကဲပင်းက “နောင်မှာ ကျွန်မသာ မူးသွားရင် ရှင်က ကျွန်မကိုလည်း အဲဒီလိုပဲ ပြန်ပို့မှာလား”
ချူဖုန်း : “...”
သူသည် သူမကို အထက်အောက် သေချာကြည့်ရှုပြီးနောက် တည်ငြိမ်စွာဖြင့်ပင် “ဒါပေါ့... အဲဒီလို မပို့ပါဘူး။ ချင်းအာကိုပဲ မင်းကို တွဲပြီး ပြန်ပို့ခိုင်းလိုက်မှာပါ”
အကြီးအကဲပင်းသည် ပထမပိုင်းစကားကို ကြားရစဉ်က ဝမ်းသာသွားသော်လည်း ဒုတိယပိုင်းကို ကြားလိုက်ရချိန်တွင် သူမ၏ မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလို ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
“ဌာနမှူးချူ.. ကျွန်မ အရင်သွားခွင့်ပြုပါဦး။”
သူမသည် ချူဖုန်း၏ အဖြေကိုပင် မစောင့်တော့ဘဲ လှည့်ထွက်သွားကာ သူမ၏ အခန်းဆီသို့ တစ်ယောက်တည်း လျှောက်သွားလေသည်။
ချူဖုန်းမှာမူ ထူးခြားမှုကို သတိမထားမိဘဲ ချင်းချင်းကိုသာ ပြောလိုက်သည်။ “ချင်းအာ... မင်းလည်း စောစောပြန်နားတော့လေ”
“ဟုတ်ကဲ့ပါ ဆရာ။”
ချင်းချင်းသည် သူမ၏ဆရာကို တစ်ချက်ကြည့်လိုက်ပြီး အကြီးအကဲပင်း၏ အခန်းဘက်သို့လည်း ကြည့်ကာ ခေါင်းကိုအနည်းငယ် ခါယမ်းရင်း ဘာမှမပြောတော့ဘဲ ထွက်သွားသည်။
အခန်းထဲသို့ ပြန်ရောက်ပြီးနောက် ချူဖုန်းသည် မင်များကို စတင်သွေးလိုက်ပြီး စာလိပ်တစ်ခုပေါ်တွင် နန်ဟွာကျင့် ဟူသော စာလုံးကြီးသုံးလုံးကို ရေးထွင်းလိုက်သည်။
နောက်ရက် မွန်းတည့်ချိန်။
နျဲ့ရှို့ယွမ် နိုးလာသောအခါ မိမိကိုယ်ကိုယ် ခြံဝင်းထဲတွင် ရောက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် ခေါင်းကိုကုတ်ရင်း တွေးနေမိလေ၏။
‘ငါ ဘယ်လိုလုပ် ဒီကို ပြန်ရောက်နေတာလဲ’
မကြာမီမှာပင် သူ သတိလစ်မသွားခင်က မှတ်ဉာဏ်အပိုင်းအစအချို့သည် ဦးနှောက်ထဲတွင် ပေါ်လာတော့သည်။
‘တော်သေးတာပေါ့... မနေ့ညက ငါ အမှားအယွင်းတွေ မပြောမိလို့။ မဟုတ်ရင် ဆရာ့ရဲ့ အထူးဝိုင်ချက်နည်းကို သင်ယူခွင့်ရမှာ မဟုတ်ဘူး။’
နျဲ့ရှို့ယွမ်သည် ကိုယ်လက်သန့်စင်ပြီးနောက် ပင်မခြံဝင်းဆီသို့ ဦးတည်သွားလိုက်သည်။ အဝင်ဝသို့ ရောက်သည်နှင့် မျက်နှာမကောင်းသော ရွှီချိုက်ချန်နှင့် တိုးတော့သည်။
“စီနီယာအစ်ကို။”
“စီနီယာဦးလေး။”
သူတို့နှစ်ယောက် စကားပြောလိုက်သည်နှင့် ရွှီချိုက်ချန်မှာ ထိုနေရာတွင်တင် ကြောင်အသွားသည်။
အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်တွင်မှ သူက ပြောလိုက်သည်။ “စီနီယာဦးလေး... ခင်ဗျားပဲ မူးနေတာလား၊ ဒါမှမဟုတ် ကျွန်တော်ပဲ မူးနေတာလား”
နျဲ့ရှို့ယွမ်က ရယ်မောလျက်
“ငါ မနေ့ကပဲ ဆရာ့ရဲ့ တရားဝင်တပည့် ဖြစ်သွားပြီလေ။ ဆရာက ပြောတယ်... ငါတို့က အစဉ်အလာအတိုင်း အဆင့်အတန်းခွဲခြားရမယ်တဲ့။ အဲဒီတော့ အခုကစပြီး မင်းက ငါ့ကို စီနီယာဦးလေးလို့ ခေါ်ရမယ်၊ ငါက မင်းကို စီနီယာအစ်ကိုလို့ ခေါ်မယ်”
ရွှီခိုက်ချန် : “...”
ထိုသူနှစ်ဦး ဝင်းထဲသို့ ဝင်လာသော်လည်း ချူဖုန်းကို မတွေ့ရပေ။ ဆရာသည် နျဲ့ရှို့ယွမ်အတွက် သီးသန့်ကျင့်စဉ်တစ်ခု ရေးသားရန် အခန်းထဲတွင် အောင်းနေကြောင်း ချင်းချင်းထံမှ သိလိုက်ရသည်။
နျဲ့ရှို့ယွမ်မှာ ဆရာဖြစ်သူက သူ့ကိစ္စကို ဤမျှအလေးထားလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူသည် ချူဖုန်း၏ အခန်းဘက်သို့ အရိုအသေပြု ဦးညွှတ်လိုက်ပြီးနောက် လှည့်ထွက်သွားလိုက်သည်။
ခုနစ်ရက်မြောက်သောနေ့ ဆည်းဆာချိန်။
ချူဖုန်းသည် နန်ဟွာကျင့် အတွင်းအခန်း ခုနစ်ခန်းကို ကိုင်ဆောင်လျက် အခန်းထဲမှ ထွက်လာသည်။
“ဆရာ့ကို ဂါရဝပြုပါတယ် ခင်ဗျာ။”
ချင်းချင်းနှင့် ကျန်နှစ်ဦးမှာ ချူဖုန်းကို အနည်းငယ် ဦးညွှတ်နှုတ်ဆက်ကြသည်။
“အားနာမနေကြပါနဲ့။”
ချူဖုန်းသည် သမ်းဝေရင်း ဝင်းထဲရှိ ကျောက်စားပွဲဆီသို့ လျှောက်သွားသည်။ လူတိုင်း၏ မျက်လုံးများမှာမူ သူ၏လက်ထဲမှ စာလိပ်ပေါ်တွင်သာ စွဲနေကြ၏။
သူသည် စာလိပ်ကို စားပွဲပေါ်တွင် တင်လိုက်ပြီး နျဲ့ရှို့ယွမ်ကို ပြောလိုက်သည်။ “ရှို့ယွမ်... ဒီကျမ်းစာက မင်းကို အိပ်မက်ထဲမှာ တာအိုကို နားလည်သဘောပေါက်စေလိမ့်မယ်။ ဒါက မင်းရဲ့ စိတ်အာရုံနောက်စေမဲ့ အရာအားလုံးကို ဖယ်ရှားပေးပြီး ဝိုင်ချက်တဲ့ပညာအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်နိုင်အောင် ကူညီပေးလိမ့်မယ်။”
အကြီးအကဲပင်း၏ မျက်နှာမှာ သံသယများဖြင့် ပြည့်နှက်နေသည်။ ‘ရှင်က ဒီလောက် အဖိုးတန်တဲ့ ကျမ်းစာကို တပည့်တစ်ယောက်ကို ပေးလိုက်တာ... ဝိုင်ချက်နည်း သင်ပေးဖို့ သက်သက်ပဲလား’
သို့သော် နျဲ့ရှို့ယွမ်မှာမူ နန်ဟွာကျင့်ကို လက်ခံရရှိချိန်တွင် ဝမ်းသာအားရ ဖြစ်နေသည်။
“ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော် အိပ်မက်ထဲမှာ ဆရာ့ရဲ့ ဝိုင်ချက်နည်းကို တတ်မြောက်အောင် ကျင့်ကြံပါ့မယ်။ ဒါပေမဲ့... ကျွန်တော် မူးနေတဲ့အချိန်မှာကော ဒီနန်ဟွာကျင့်ကို ဖတ်လို့ရလား။”
ချင်းချင်း “...”
‘ဒီစီနီယာဦးလေး နျဲ့ကတော့ အရက်အကြောင်း မပါရင်ကို မနေနိုင်ဘူးပဲ။ ဒီလိုလူမျိုးက ကျင့်ကြံခြင်းရဲ့ မြင့်မြတ်နယ်မြေဖြစ်တဲ့ ဝမ်တောက်ကျောင်းတော် မှာ ဘယ်လိုများ နေထိုင်ခဲ့ပါလိမ့်။’
ချူဖုန်းက ရယ်မောလျက် “ပြဿနာမရှိပါဘူး။ မင်း မူးနေတဲ့အချိန်မှာ ဒါကို ရှင်းရှင်းလင်းလင်း မမြင်ရဘူးဆိုရင် အဲဒါက မင်းသောက်တဲ့ဝိုင်က မပြင်းသေးလို့ပဲ၊ မင်း အဲဒီထဲက အနှစ်သာရတွေကိုလည်း နားလည်မှာ မဟုတ်ဘူး။ အဲဒီလိုဆိုရင်တော့ မင်းရဲ့ အိပ်မက်တွေက အရင်လိုပဲ ရှုပ်ထွေးနေဦးမှာဖြစ်သလို တစ်သက်လုံး အိပ်မက်ဆိုးတွေရဲ့ ခြောက်လှန့်မှုကို ခံရလိမ့်မယ်”
ဤကဲ့သို့သော ထူးခြားသည့်ကျမ်းမျိုးကို နျဲ့ရှို့ယွမ် တစ်ခါမှ မကြားဖူးခဲ့ပေ။ အရင်က လူတွေက သူ့ကို အရက်မသောက်ရန်သာ တားမြစ်ခဲ့ကြသော်လည်း ယခု ဆရာဖြစ်သူကမူ အရက်လုံလုံလောက်လောက် မသောက်ခြင်းကသာ ပြဿနာဖြစ်သည်ဟု ဆိုနေ၏။
ဘေးနားမှ ရွှီချိုက်ချန်က လက်ထောင်ကာ မေးလိုက်သည်။ “ဆရာ... အရက်အလွန်အကျွံ သောက်တာက လူကို ပိုပြီး စိတ်သောက ရောက်စေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ပိုပြီး ကြည်လင်စေနိုင်မှာလဲ။”
ချူဖုန်း၏ နှုတ်ခမ်းအစုံသည် အသာအယာ ကွေးညွတ်သွားသည်။ “တစ်ခါတလေကျရင် ကိုယ့်နှလုံးသားထဲက သောကတွေကို ရင်ဆိုင်နိုင်စွမ်းရှိတာကလည်း ကြည်လင်မှု တစ်မျိုးပါပဲ။ လူတစ်ယောက်ဟာ သူအကြောက်ဆုံးအရာကိုတောင် မရင်ဆိုင်နိုင်ဘူးဆိုရင် အသက်ရှင်နေတာဟာ မူးနေတာနဲ့ ဘာမှမထူးပါဘူး။”
နျဲ့ရှို့ယွမ်သည် ထိုစကားများကို ကြားရသောအခါ အလွန်အမင်း စိတ်လှုပ်ရှားသွားသည်။ သူ အမြဲတမ်း ရင်မဆိုင်ရဲသော အရာမှာ သူ၏ဇနီးသည် အခေါ်ခံရသည့် အချိန်ပင် ဖြစ်သည်။ သူ အရက်သောက်တိုင်း ထိုမြင်ကွင်းက စိတ်ထဲတွင် ပြန်ပေါ်လာတတ်သောကြောင့် သူ အရက်ဖြတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“ဆရာ... ကျွန်တော် ဆရာတစ်ခါက ပြောဖူးတဲ့ ကဗျာကို နားထောင်ချင်ပါတယ်၊ ရမလား။”
“ဒါပေါ့။ ဒါပေမဲ့ ဒီနေရာက အဲဒီလိုကဗျာကို နားထောင်ဖို့ သင့်တော်တဲ့နေရာ မဟုတ်ဘူး။ ငါတို့ တခြားတစ်နေရာသွားကြရအောင်။”
ချူဖုန်းက ပြောပြောဆိုဆိုဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ စားပွဲတစ်ခုလုံးပါ ပါသွားပြီးနောက် မြောင်တောင် ၏ ကမ်းပါးယံတစ်ခုပေါ်ရှိ ကွင်းပြင်တစ်ခုဆီသို့ ဓားပျံစီးကာ ထွက်ခွာသွားတော့သည်။
၎င်းကို မြင်သောအခါ လူတိုင်းသည်လည်း လေထဲမှတစ်ဆင့် အမြန်လိုက်ပါသွားကြသည်။ ရွှီချိုက်ချန်တစ်ယောက်သာ ထိုနေရာတွင် မှင်သက်ကျန်ရစ်ခဲ့ပြီး ကောင်းကင်သို့ လှမ်းအော်ပြောလိုက်ရသည်။
“စီနီယာဦးလေး... ကျွန်တော် မပျံတတ်သေးဘူးဗျ”
နျဲ့ရှို့ယွမ်သည် လေထဲတွင် ခေတ္တရပ်ကာ ရွှီချိုက်ချန်၏ ကော်လာကို ဆွဲမလိုက်ပြီး သူနှင့်အတူ ကောင်းကင်သို့ ပျံတက်သွားတော့လေ၏။
ရွှီချိုက်ချန်မှာ လေထဲသို့ ရောက်သွားသည်နှင့် မျက်လုံးများကို အတင်းမှိတ်ထားလိုက်မိသည်။
အတန်ကြာပြီးနောက် သူ မြေပြင်ပေါ်သို့ ပြန်ရောက်လာသည့်ပုံပင်။
ချူဖုန်း ထိုင်လိုက်သည်နှင့် ကျန်သူများကလည်း အသီးသီး လိုက်ထိုင်ကြသည်။ ရွှီချိုက်ချန် မေးထားသော ကဗျာအကြောင်းကို အားလုံးက စပ်စုလိုနေကြသော်လည်း ချူဖုန်း စားသောက်နေစဉ် မည်သူမှ နှောင့်ယှက်ခြင်း မပြုကြပေ။
အချိန်သည် လေနှင့်အတူ ကုန်လွန်သွားခဲ့သည်။
ညဦးယံသို့ ရောက်လာပြီး လရောင်သည် မြေပြင်တစ်ခုလုံးကို လွှမ်းခြုံထား၏။
အားလုံးမှာ အနည်းငယ် ရီဝေနေကြပြီ ဖြစ်သည်။ ချူဖုန်းသည် စားပွဲပေါ်မှ ဝိုင်ပုလင်းကို ဆွဲယူကာ မတ်တတ်ရပ်လိုက်ပြီး ရွှီချိုက်ချန်ကို ရီဝေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
“ချိုက်ချန်... ငါပြတာကို သေချာကြည့်ထား။ နောင်တစ်ချိန်မှာ မင်း ဒီလမ်းကို လျှောက်မလား၊ မလျှောက်ဘူးလားဆိုတာက မင်းအပေါ်မှာပဲ မူတည်တယ်။”
သူ စကားပြောပြီးသည်နှင့် သူ၏ဘေးမှ အဖိုးတန်ဓားကို ဆွဲထုတ်လိုက်သည်။
လက်ထဲမှ ဓားကို စိုက်ကြည့်ရင်း ချူဖုန်းသည် ဝိုင်ကို နောက်တစ်ငုံ သောက်လိုက်ပြန်သည်။
အရက်ရှိန် တက်လာသည်နှင့်အမျှ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ မှိတ်လိုက်ပြီး လွန်ခဲ့သော ဘဝက ဖတ်ခဲ့ဖူးသည့် ကဗျာပေါင်းများစွာကို ပြန်လည်အမှတ်ရနေမိသည်။
ဂလု... ဂလု...
သူသည် နောက်ထပ် တစ်ငုံကြီး သောက်လိုက်ပြီးနောက် ရှေ့သို့ တက်လှမ်းကာ ဟိန်းဟောက်လိုက်သည်။ “ကျောက်ပြည်သား ဧည့်သည် ရိုင်းစိုင်းသော ပန်းပွားများကို ဆင်ယင်၏၊ ဝူပြည်သားတို့၏ ချိတ်ဓားသည် ဆီးနှင်းနှင့် မြူနှင်းကဲ့သို့ တောက်ပနေပေစွ”
သူ ပြောလိုက်သည်နှင့် လက်ထဲမှ ဓားသည် လေထဲတွင် အကြိမ်ကြိမ် ဝှေ့ယမ်းသွားသည်။
ကျန်ရှိနေသော လူများသည် ချူဖုန်း မျက်နှာချင်းဆိုင်ကမ်းပါးယံပေါ်တွင် ကြီးမားထင်ရှားသော စာလုံးများ ထွင်းထုနေရသည်ကို ကြည့်နေမိကြသည်။
ကဗျာတစ်ပိုဒ် ပြီးသွားသည်နှင့် ချူဖုန်းသည် ဝိုင်ကို အားရပါးရ သောက်လိုက်ပြီး ကျယ်လောင်သော အသံဖြင့် ဆက်လက်ရွတ်ဆိုသည်။
“ငွေရောင်ကုန်းနှီးဖြင့် ဖြူဖွေးသော မြင်းဖြူ၊
ကြွေကျလာသော ကြယ်ကဲ့သို့ လျင်မြန်စွာ ပြေးလွှား၏။
ဆယ်လှမ်း လှမ်းတိုင်း တစ်ဦးကို သတ်ဖြတ်၊
မိုင်ပေါင်းထောင်ချီ ခရီးနှင်သော်လည်း ခြေရာမကျန်ရစ်။
ကိစ္စပြီးမြောက်သော် ဝတ်ရုံကို ခါယမ်းကာ ထွက်ခွာ၊
မိမိ၏ အမည်နှင့် ကိုယ်ကို ဖုံးကွယ်ထားလေ၏။”
ဝိုင်တစ်ငုံ သောက်တိုင်း၊ ကဗျာတစ်ကြောင်း ရွတ်တိုင်း၊ ကြည့်နေသူများမှာ အံ့အားသင့်နေကြရသည်။
ဓားပညာရှင်တစ်ဦးဖြစ်သော အကြီးအကဲပင်းသည် ကမ်းပါးပေါ်တွင် ရေးထွင်းထားသော စာလုံးများကို စိုက်ကြည့်နေသည်။ စာလုံးတိုင်းတွင် နက်ရှိုင်းသော ဓားဆန္ဒ များ ပါဝင်နေသဖြင့် သူမမှာ မိန်းမောသွားရသည်။
သူမအတွက်မူ ကမ်းပါးပေါ်ရှိ စာလုံးတိုင်းသည် အစွမ်းထက်သော ဓားကွက်များကို ကိုယ်စားပြုနေသကဲ့သို့ပင်။ စာလုံးတိုင်းကို ကြည့်လိုက်တိုင်း ဓား၏ အနှစ်သာရလှိုင်းလုံးများသည် သူမထံသို့ ရိုက်ခတ်လာ၏။
ချင်းချင်း၏ မျက်လုံးထဲတွင်မူ ချူဖုန်းသည် မိုးမြေနှင့် တစ်သားတည်း ဖြစ်သွားသကဲ့သို့ပင်။ လှုပ်ရှားမှုတိုင်းသည် သဘာဝအတိုင်းပင် ဖြစ်နေသည်။ စာလုံးတိုင်းတွင် ပါဝင်သော စစ်မှန်သော အဓိပ္ပာယ်များသည် သူမအတွက် များစွာ အကျိုးရှိစေသည်။
ဂလန်း
နျဲ့ရှို့ယွမ်၏ လက်ထဲမှ ခွက်သည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး သူ တိုးတိုးလေး ရေရွတ်လိုက်သည်။ “မူးသည်လည်းမဟုတ်၊ သိသည်လည်းမဟုတ်၊ မိမိကိုယ်ကို မေ့လျော့ကာ နစ်မြောနေခြင်း... ကောင်းကင်နှင့် မြေကြီးအကြားတွင် လူတစ်ယောက်နှင့် ဓားတစ်လက်သာ ရှိတော့သည်။ ဆရာက ကျွန်တော့်ကို လမ်းပြနေတာပဲ။”
“မဟုတ်ဘူး၊ ဆရာက ကျွန်တော့်ကို လမ်းပြနေတာ”
ရွှီချိုက်ချန်က ချက်ချင်းဆိုလိုက်သည်။
“ဆရာရေးတဲ့ စာလုံးတိုင်းမှာ စာပေတာအို ရဲ့ စစ်မှန်တဲ့ အနှစ်သာရတွေ ပါနေတယ်။ ရှေးဟောင်းကျမ်းစာတွေထဲမှာ ဒီလိုအခြေအနေမျိုးအကြောင်း ကျွန်တော် ဖတ်ဖူးတယ်... ဒါဟာ ကွန်ဖြူးရှပ်ပညာရှိတစ်ဦးရဲ့ ကြီးမြတ်တဲ့ သွန်သင်မှု မြင်ကွင်းမျိုးပဲ။ ကျွန်တော်လည်း အရက်မဖြတ်နိုင်တော့ဘူး ထင်တယ်ဗျာ။”
ချူဖုန်းမှာမူ သူ့ဘေးနားမှ ဆွေးနွေးမှုများကို မကြားပေ။ သူ၏လက်ထဲမှ ဓားရှည်သည် လှုပ်ရှားကခုန်နေဆဲဖြစ်ပြီး သူ၏ ဟိန်းထွက်နေသော အသံသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။
“အောက်မှာရှိတဲ့ ကျမ်းစာတွေကို ဘယ်သူက ကူးရေးနိုင်မှာလဲ။ ဆံဖြူပညာရှိရဲ့ လက်ထဲက မြင့်မြတ်တဲ့ ကျမ်းစာအုပ်ပဲ ဖြစ်လေတော့သတည်း။”
ထိုနောက်ဆုံး စကားလုံးများအဆုံးတွင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်ခြင်းများ လွှမ်းမိုးသွားတော့သည်။
***