“ဌာနမှူးချူရဲ့ မြင့်မြတ်ဝိုင်ချက်လုပ်မှု အောင်မြင်ခြင်းအတွက် ကျွန်တော်တို့ ဂုဏ်ပြုပါတယ်ဗျာ။”
ဝိုင်ချက်ရုံအပြင်ဘက်တွင် အကြီးအကဲတစ်ဒါဇင်ခန့်က တညီတညွတ်တည်း အသံပြုကာ ဂုဏ်ပြုနှုတ်ဆက်ကြလေသည်။
ချူဖုန်းက ဘေးနားရှိ အမျိုးသမီးနှစ်ဦးကို တစ်ချက်ကြည့်၍ ပြုံးလိုက်ပြီး သူ၏ ဝိုင်အိုးကို ကိုင်လျက် ရုံအတွင်းမှ လှမ်းထွက်လာခဲ့၏။
သူ အပြင်သို့ ရောက်သည်နှင့် တံခါးဝတွင် စောင့်ဆိုင်းနေသော လူအုပ်ကို ကြည့်ကာ တောက်ပသော အပြုံးဖြင့် စနောက်လိုက်သည်။
“ခင်ဗျားတို့ နှာခေါင်းတွေက တကယ်ကို စူးရှတာပဲ”
အကြီးအကဲများမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ အားနာဟန်ရှိသော်လည်း ယဉ်ကျေးသော အပြုံးများဖြင့် ဆိုသည်။“ကျွန်တော်တို့က မြင့်မြတ်ဝိုင်ရဲ့ အရှိန်အဝါကြောင့် ဆွဲဆောင်ခံရတာပါ။ ဌာနမှူးချူ နည်းနည်းလောက်ပေးမြည်းပါအုံး”
ချူဖုန်း၏ အပြုံးက ဆက်လက်တောက်ပနေဆဲဖြစ်သည်။
“နောက်တစ်ခေါက်ကျမှပေါ့”
အကြီးအကဲများ “…”
ဂါရန် ရဲ့ Q စကေးထိမှန်သွားသည့်အလား အကြီးအကဲအားလုံး ဆွံ့အသွားသည်ကို မြင်သောအခါ ချူဖုန်းမှာ ထိုနေရာ၌ပင် ပေါက်ကွဲထွက်မတတ် ရယ်ချင်စိတ်ကို အောင့်ထားလိုက်ရတော့သည်။
[ဂိမ်းထဲမှ စွမ်းရည်တစ်ခုဖြစ်ပြီး ပြိုင်ဘက်ကို စကားအပြောအဆို ရပ်တန့်သွားစေခြင်း]
“ကျွန်တော်က ခင်ဗျားတို့ကို စတာပါ။ ချင်းအာ... ခွက်တစ်ဒါဇင်လောက် ယူလာခဲ့ပေးဦး။”
“ဟုတ်ကဲ့ပါ။”
ဝိုင်ချက်ရုံအတွင်းမှ ချင်းချင်းက ပြန်ထူးလိုက်ပြီး မကြာမီမှာပင် ဝိုင်ခွက်အသေး တစ်ဒါဇင်ကို ယူဆောင်လာခဲ့သည်။ ချူဖုန်းက သူ၏ ရတနာဘူးသီးခြောက်ကို ထုတ်ယူကာ ခွက်တိုင်းကို အပြည့်အလျှံ လောင်းထည့်ပေးလိုက်၏။
“မိတ်ဆွေတို့... ဒီ ဉာဏ်အလင်းပွင့်ဝိုင် က သိပ်အများကြီး မရှိလို့ ကျွန်တော် ဧည့်ခံပွဲကြီးကြီးမားမား မလုပ်ပေးနိုင်တာ ခွင့်လွှတ်ကြပါ။ ကိုယ့်ခွက်ကိုယ်ယူပြီး နေရာမှာပဲ ဖြည်းဖြည်းချင်း အရသာခံကြပါဦး။”
ဉာဏ်အလင်းပွင့်ဝိုင် ဆိုသည့် စကားလုံးကြောင့် အကြီးအကဲများ၏ မျက်လုံးများမှာ အရောင်တောက်သွားကြပြီး ချူဖုန်းဘက်သို့ ဦးညွှတ်ကာ ဆိုလိုက်ကြသည်။
“ဌာနမှူးချူရဲ့ ရက်ရောမှုအတွက် ကျေးဇူးတင်ပါတယ်ဗျာ”
တစ်ယောက်ချင်းစီက လေထဲတွင် ဝဲပျံနေသော ခွက်များကို လှမ်းယူကာ ဝိုင်များကို မိမိတို့၏ ကိုယ်ပိုင်ဘူးသီးခြောက်များထဲသို့ ဂရုတစိုက် ပြောင်းထည့်လိုက်ကြ၏။
“ဒါဆို ကျွန်တော်တို့ ခွင့်ပြုပါဦးဦးမယ်။”
“ကောင်းပါပြီ။”
ချူဖုန်းက ခေါင်းညိတ်ပြပြီး လက်ဝှေ့ယမ်းနှုတ်ဆက်လိုက်သည်။ ကျေနပ်အားရသွားကြသော အကြီးအကဲများသည် သောင်းပြောင်းပညာရပ်ဌာနမှ ထွက်ခွာသွားကြတော့၏။
မြောင်တောင် ပြင်ပသို့ ပျံသန်းထွက်ခွာလာပြီးနောက် သူတို့မှာ သက်ပြင်းမချဘဲ မနေနိုင်ကြတော့ပေ။
“ဌာနမှူးချူက တကယ်ကို လူကောင်းတစ်ယောက်ပဲဗျာ။”
“ဟေ့ လူအိုကြီး၊ ခင်ဗျားက ဒါကို အခုမှ ပြောရသလား။ ဌာနမှူးချူက အကြီးအကဲအသစ်တွေ ထပ်လက်ခံဦးမလားလို့ ကျွန်တော် တွေးနေတာ။”
“ဟားဟား... ခင်ဗျားက ဝိုင်သောက်ချင်လို့ သောင်းပြောင်းပညာရပ်ဌာနထဲ ဝင်ချင်နေတာ မဟုတ်လား။”
“…”
အကြီးအကဲများကို ပို့ဆောင်ပြီးနောက် ချူဖုန်းက ချင်းချင်းနှင့် အခြားသူများဘက်သို့ လှည့်ကာဆိုသည်။ “ဒီညတော့ ဝိုင်မြည်းစမ်းပွဲလေး လုပ်ကြတာပေါ့”
အကြီးအကဲပင်းနှင့် အခြားသူများက ရိုသေစွာဖြင့် ပြောလိုက်ကြ၏။
“ကျေးဇူးတင်ပါတယ် ဆရာ”
ညဉ့်နက်လာသောအခါ ပင်မနေအိမ်တွင် လူတိုင်းစုဝေးကြသော်လည်း မည်သူမျှ အစားအသောက်အပေါ် စိတ်မရောက်ကြဘဲ ချူဖုန်းဘေးရှိ ဘူးသီးခြောက်ကိုသာ စိုက်ကြည့်နေကြသည်။
ချူဖုန်းက စကားမပြောဘဲ ဘူးသီးခြောက်ကို လက်ညှိုးညွှန်ပြလိုက်ရာ အဖုံးမှာ ချက်ချင်းပွင့်သွား၏။
“ဘူးသီး... ဝိုင်လောင်းပေးတော့။”
သူ့စကားအဆုံးတွင် ဘူးသီးခြောက်မှာ လေထဲသို့ ပျံတက်သွားပြီး ချူဖုန်းမှ စတင်ကာ ရှိသမျှ လူတိုင်းကို တစ်ခွက်စီ လောင်းထည့်ပေးလေသည်။ ဝိုင်၏ ရနံ့က မွှေးကြိုင်လွန်းလှသဖြင့် လူတိုင်းမှာ မြည်းစမ်းကြည့်ချင်စိတ်ကို မနည်းအောင့်ထားရ၏။
ချူဖုန်းက သူ၏ခွက်ကို အရင်မြှောက်လိုက်၏။ “ကဲ... သောက်ကြရအောင်။ ဒီဉာဏ်အလင်းပွင့်ဝိုင်က အရမ်းကောင်းပေမဲ့ ပြင်းလည်းပြင်းတယ်။ တစ်ခါတည်းနဲ့ အကုန်ကုန်အောင် မသောက်ကြနဲ့။ တစ်ယောက်ယောက်များ မူးလဲသွားလို့ကတော့ ကိုယ့်ဘာသာကိုယ် အိမ်ပြန်ပျံသွားခိုင်းမှာနော်”
နျဲ့ရှို့ယွမ်နှင့် ရွှီချိုက်ချန်တို့ နှစ်ယောက်စလုံး ထိုစကားကြောင့် မျက်နှာနီမြန်းသွားကြ၏။ ဆရာက သူတို့နာမည်ကို တိုက်ရိုက်ထုတ်မပြောရုံတမည်သာ ဖြစ်သည်။
ချူဖုန်း၏ သတိပေးချက်ကြောင့် မည်သူမျှ လက်လွတ်စပယ် မသောက်ဝံ့ကြပေ။ တစ်ခွက်သောက်ပြီးသည်နှင့် လူတိုင်းမှာ ယိုင်တိယိုင်ထိုးဖြင့် မိမိတို့၏ အဆောင်များသို့ ပြန်သွားကြလေသည်။
ပင်မနေအိမ်တွင် အကြီးအကဲပင်း၏ မျက်နှာမှာ အနည်းငယ် နီမြန်းနေပြီး တောက်ပကြည်လင်သော မျက်ဝန်းများဖြင့် ချူဖုန်းကို ကြည့်ကာ ပြောသည်။ “ဌာနမှူးချူ... ကျွန်မ နည်းနည်း အိပ်ငိုက်နေလို့ ဒီညတော့ ရှင့် ခြေဆေးဖို့ လာမပြင်ပေးနိုင်တော့ဘူးထင်တယ်”
ချူဖုန်းက ပြုံးလိုက်သည်။ “ဒါဆိုရင်လည်း စောစောအနားယူလိုက်ပါဦး”
အကြီးအကဲပင်း သူမ၏အခန်းထဲသို့ ပြန်ဝင်သွားသည်ကို ကြည့်ပြီးနောက် ချူဖုန်းသည် မိမိအခန်းသို့ ပြန်ကာ တရားထိုင်နေလိုက်တော့၏။
ရွှီချိုက်ချန်မှာ မူးဝေစွာဖြင့် သူ၏အခန်းသို့ ပြန်လာခဲ့သည်။ သူ အထဲသို့ ဝင်လိုက်သည်နှင့် ခြံဝင်းထဲတွင် သူ့ကို စိုးရိမ်တကြီး ကြည့်နေသော ရုပ်ချင်းတူသည့် ရှောင်ကျော့သုံးယောက်ကို တွေ့လိုက်ရ၏။
သူက ပြုံးဖြဲဖြဲဖြင့်ဆိုသည်။ “ရှောင်ကျို့... ဘယ်လိုဖြစ်လို့ သုံးယောက်တောင် ဖြစ်နေရတာလဲ။ ဒါက ငါ့ကို သုံးဆသော ပျော်ရွှင်မှုတွေပေးဖို့ စွမ်းအင်အသစ် ဖန်တီးလိုက်တာလား”
ရှောင်ကျို့က သူမ၏ နားထင်ကို ပွတ်သပ်လိုက်ပြီး ရွှီခိုက်ချန်ကို သွားရောက်တွဲကူလိုက်ကာ ဆိုသည်။ “ချန်ကော.. ရှင် မူးနေပြီ။ ကျွန်မ အိပ်ရာထဲ လိုက်ပို့ပေးမယ်”
“မဟုတ်ဘူး... ငါမမူးသေးဘူး။ ငါက ဆရာ့လိုပဲ ဝိုင်ကနေတစ်ဆင့် ဉာဏ်အလင်းရချင်တာ။”
သူက ထိုသို့ပြောရင်း စာကြည့်ခန်းဘက်သို့ ဦးတည်သွားသည်။ ရှောင်ကျို့မှာ စာကြည့်ခန်းတံခါးဝတွင် ရပ်တန့်လိုက်ရ၏။ အထဲတွင် ချိတ်ဆွဲထားသော ကွန်ဖြူးရှပ်ပညာရှိ၏ ပုံတူပန်းချီကားကြောင့် သူမ အထဲသို့ မဝင်နိုင်ပေ။ သူမက ဝိညာဉ်တစ်ခု ဖြစ်နေသေးသဖြင့် စာကြည့်ခန်းထဲသို့ ဝင်ခွင့်မရှိခြင်းပင်။
ဟင်း…
သူမ သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး စာကြည့်ခန်းအပြင်ဘက်ကနေသာ စောင့်ဆိုင်းနေလိုက်ရတော့သည်။
ရွှီချိုက်ချန် စာကြည့်ခန်းထဲသို့ လှမ်းဝင်လိုက်သည်။ ထူးဆန်းသည်မှာ ကွန်ဖြူးရှပ်ပညာရှိ၏ ပုံတူကို မြင်လိုက်ရသည့် ခဏ၌ပင် သူ၏ အမူးအရှိန်အားလုံး ပျောက်ကွယ်သွားပြီး ကွန်ဖြူးရှပ်ကျမ်းစာ မှ စာသားများက သူ၏စိတ်ထဲတွင် ပေါ်ပေါက်လာ၏။
မကြာသေးမီက ထိုကျမ်းစာမှာ သူ့ကို ဇဝေဇဝါဖြစ်စေခဲ့သော်လည်း ယခုမူ ထူးခြားသော သိမြင်နားလည်မှုကို ရုတ်တရက် ရရှိသွားလေသည်။
“ကွန်ဖြူးရှပ်က ကျင့်ဝတ်စည်းကမ်းကို ရှေ့တန်းတင်ခဲ့တာပဲ။ ဒါပေမဲ့ ဘာလို့ ဒီပုံတူထဲမှာ ကျင့်ဝတ်စည်းကမ်းရဲ့ အရိပ်အယောင်ကို မတွေ့ရတာလဲ”
ရွှီချိုက်ချန်က သူ့ဘာသာ ရေရွတ်နေစဉ်မှာပင် ပန်းချီကားထဲမှ ကွန်ဖြူးရှပ်သည် သက်ဝင်လှုပ်ရှားလာသယောင် ရှိပြီး သူ့ကို အော်ဟစ်လိုက်တော့သည်။
“ကျင့်ဝတ်စည်းကမ်းဆိုတာ အတတ်ပညာတစ်ခုပဲ။ မင်းရဲ့ အင်္ကျီလက် ဒါမှမဟုတ် အဝတ်အစားတွေထဲမှာ တံစဉ်တစ်လက် ဒါမှမဟုတ် တခြားထက်မြက်တဲ့ လက်နက်တွေကို ဝှက်ထားသလိုမျိုးပေါ့။”
စကားအဆုံးတွင် ပန်းချီကားထဲမှ ကွန်ဖြူးရှပ်က သူ၏ လက်ကို ခါယမ်းလိုက်ရာ အထဲမှ ဓားမြှောင်တစ်စင်း ထွက်ပေါ်လာ၏။ မြင့်မြတ်သော တရားမျှတမှုအရှိန်အဝါများ ပြည့်နှက်နေသော ဓားအလင်းတန်းသည် ရွှီချိုက်ချန်၏ စိတ်အာရုံထဲသို့ တိုက်ရိုက် တိုးဝင်သွားလေတော့သည်။
ကျင့်ဝတ်စည်းကမ်း ဟူသော စာလုံးမှာ ရွှီခိုက်ချန်၏ ဝိညာဉ်ပေါ်တွင် အမှတ်အသားအဖြစ် ထင်ကျန်ရစ်ခဲ့သည်။
တစ်ချိန်တည်းမှာပင် နျဲ့ရှို့ယွမ်သည်လည်း နန်ဟွာကျင့်ကို ဖတ်ရှုနေပြီး နိုးတစ်ဝက်အိပ်တစ်ဝက်အခြေအနေဖြင့် ခေါင်းကို ဟိုဘက်ဒီဘက် ရမ်းနေမိ၏။
တစ်ခန်းလုံးတွင် ကျမ်းစာရွတ်ဖတ်သံမှအပ တိတ်ဆိတ်ငြိမ်သက်နေလေသည်။ နျဲ့ရှို့ယွမ်၏ နှလုံးသားမှာ ကြာမြင့်စွာ ပျောက်ဆုံးနေသော ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိသွားသည်။
အာရုံထွေပြားမှုအားလုံး ကင်းစင်ကာ တာအိုကျမ်းစာများကိုသာ အာရုံစိုက်ဖတ်ရှုနေသည့် သူ၏ အကောင်းဆုံးသော အခြေအနေသို့ ရောက်ရှိနေသည်ဟု သူ ခံစားလိုက်ရတော့သည်။
[ ဒင်။ တပည့် ရွှီခိုက်ချန်သည် ကွန်ဖြူးရှပ်ကျင့်ဝတ်ကို နားလည်သဘောပေါက်သွားပါသည်။ စာပေအသိအမြင် အဆင့်သို့ ရောက်ရှိသွားသည်။ ဆုလာဘ် - မဟာတာအို အနှစ်သာရ +၁ ]
[ ဒင်။ တပည့် နျဲ့ရှို့ယွမ်သည် နန်ဟွာကျမ်းကို နားလည်သဘောပေါက်သွားပါသည်။ ဆုလာဘ် - မဟာတာအို အနှစ်သာရ +၁ ]
ကျင့်ကြံနေသော ချူဖုန်းသည် ရင်းနှီးနေသော အကြောင်းကြားချက်နှစ်ခုကို ဆက်တိုက် ကြားလိုက်ရသဖြင့် သူ၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားပြီး တီးတိုးရေရွတ်မိလိုက်၏။
“ဒီဉာဏ်အလင်းပွင့်ဝိုင်က တကယ်ကို ကောင်းတာပဲ။ ယန်အာတို့ ပြန်လာရင် သူတို့ကိုလည်း မြည်းစမ်းခွင့် ပေးရမယ်။”
ရှောင်ယန်နှင့် အခြားသူများအကြောင်း ပြောလိုက်စဉ်တွင် သူ၏စိတ်ထဲ၌ ပထမဆုံး ပေါ်လာသူမှာ သူ့ကို စိတ်အပူရဆုံးဖြစ်သည့် ယဲ့ပေ့ရွှမ် ဖြစ်သည်။ ထိုကလေး ဘယ်လိုနေမလဲဟု သူ သိချင်မိလေသည်။
သူ တောင်ပေါ်က ဆင်းသွားသည်မှာ တစ်နှစ်ခွဲတောင် ရှိပြီဖြစ်သော်လည်း ယခုထိ သတင်းမကြားရသေးပေ။ အကယ်၍ စနစ်က ထိုကလေး အဆင့်အသစ်တစ်ခုသို့ တက်လှမ်းနိုင်ကြောင်း တစ်ခါတစ်ရံ အကြောင်းမကြားပါက ချူဖုန်းမှာ ထိုကဲ့သို့သော တပည့်မျိုး ရှိမှရှိပါလေစဟုပင် မေ့သွားနိုင်ပေသည်။
တွက်ချက်ကြည့်ရလျှင် ယဲ့ပေ့ရွှမ်သည် ဟုန်မင်ဖန်တီးခြင်းအတတ် ကို စတင်ကျင့်ကြံကတည်းက စုစုပေါင်း အဆင့်သေး သုံးခုအထိ ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ရာ ယခုဆိုလျှင် သူသည် တာအိုတည်ဆောက်ခြင်း၏ စတုတ္ထအဆင့်သို့ ရောက်ရှိနေလောက်ပြီ ဖြစ်၏။
ချူဖုန်းပေးလိုက်သော ဓားကျောက်စိမ်းနှင့်ဆိုလျှင် သူသည် မည်သည့် အန္တရာယ်နှင့်မျှ ရင်ဆိုင်ရမည်မဟုတ်ပေ။
ထိုသို့တွေးတောရင်း ချူဖုန်းသည် လဲလျောင်းလိုက်ကာ နှစ်ခြိုက်စွာ အိပ်ပျော်သွားတော့သည်။
ထိုအချိန်တွင် ယဲ့ပေ့ရွှမ်မှာ ဝမ်တောက်ကျောင်းတော်၏ တောင်ဘက် မိုင်ပေါင်းသောင်းချီဝေးသော တောင်တန်းတစ်ခုပေါ်တွင် ရှိနေသည်။
ညဉ့်နက်သန်းခေါင်ယံတွင် ယဲ့ပေ့ရွှမ်သည် ချောက်ကမ်းပါးတစ်လျှောက် တိတ်ဆိတ်စွာ ပျံသန်းနေ၏။
သူက ချောက်ကမ်းပါးပေါ်ရှိ ဂူတစ်ခုကို အသေအချာ လေ့လာကြည့်ရင်း စိတ်ထဲမှ ရေရွတ်လိုက်သည်။
‘ငါ့မှတ်ဉာဏ် မမှားနိုင်ပါဘူး။ ယွမ်လင်ဂိုဏ်း ရဲ့ အနောက်မြောက်ဘက် လီနှစ်ရာလောက်အကွာမှာ ရှိတဲ့ နာမည်မရှိတဲ့ ချောက်ကမ်းပါးဂူတစ်ခုရဲ့ ကျောက်ကြားထဲမှာ ရွှမ်ဟွမ်သစ်သီးတစ်လုံး ရှိနေရမယ်။’
သူ၏ အတိတ်ဘဝမှတ်ဉာဏ်အရ ဤရွှမ်ဟွမ်သစ်သီးကို နောက်ထပ် အနှစ်ခြောက်ဆယ်အထိ မည်သူမျှ ရှာတွေ့ဦးမည်မဟုတ်ပေ။
ရှာတွေ့သည့်အချိန်၌ ပါရမီရှင် အများအပြား လုယက်ကြပြီး ဝမ်တောက်ကျောင်းတော် မှ တပည့်အချို့ပင် အသက်ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့်ပင် ကျောင်းတော်တပည့်များသည် ဤထူးခြားမှုမရှိသော တောင်အကြောင်း ပြောလျှင် အမြဲတမ်း သတိထားခဲ့ကြခြင်းဖြစ်၏။
ထို့ကြောင့်ပင် ယဲ့ပေ့ရွှမ်မှာ ဤနေရာကို ချောချောမွေ့မွေ့ ရှာတွေ့နိုင်ခဲ့ခြင်းပင်။ ရွှမ်ဟွမ်သစ်သီးမှာ အပြည့်အဝ မမှည့်သေးသည့်အတွက် မည်သည့် ထူးခြားသော နိမိတ်မှ ပြဦးမည်မဟုတ်ဘဲ ၎င်းမှာ ဆွတ်ခူးရန် အကောင်းဆုံးအချိန်ဖြစ်သည်။
ရွှမ်ဟွမ်သစ်သီးမှာ အနှစ်တစ်ရာလျှင် တစ်ကြိမ်သာ ပွင့်ပြီး အနှစ်တစ်ရာလျှင် တစ်ကြိမ်သာ အသီးသီးကာ၊ အနှစ်တစ်ရာတိုင်းတွင် ရွှမ်ဟွမ်ချီတစ်မျှင်သာ ထွက်ရှိသည်။ အသီးထဲတွင် ရွှမ်ဟွမ်ချီ ကိုးမျှင် ပြည့်သွားသည့်အခါမှသာ သစ်သီးမှာ အပြည့်အဝ ရင့်မှည့်ခြင်းဖြစ်၏။
သူ့တွက်ချက်မှုအရ ယခုအချိန်တွင် အသီးထဲ၌ ရွှမ်ဟွမ်ချီ ရှစ်မျှင်လောက် ရှိနေသင့်ပြီဖြစ်ရာ ၎င်းမှာ သူ့အတွက် လုံလောက်နေပြီဖြစ်သည်။
ချောက်ကမ်းပါးတစ်လျှောက်ရှိ နွယ်ပင်များကို ကြည့်ပြီး ယဲ့ပေ့ရွှမ်က လက်ဖြင့် အသာအယာ ရိုက်ထုတ်လိုက်ရာ နွယ်ပင်များမှာ လေအဟုန်ကြောင့် ချက်ချင်း လွင့်စင်သွားလေသည်။
ကလေးတစ်ယောက် တွားသွားဝင်နိုင်ရုံသာရှိသော ဂူပေါက်လေးတစ်ခုမှာ ယဲ့ပေ့ရွှမ်၏ မျက်စိရှေ့တွင် ပေါ်လာသည်။ သူက ဂူကိုကြည့်လိုက်သည့်အခါ ပျော်ရွှင်မှု ကြောင့်မျက်နှာဝင်းပသွား၏။ သူ၏ နတ်ဘုရားအာရုံ ဖြင့် အထဲကို စူးစမ်းလိုက်ရာ မကြာမီမှာပင် ကျောက်ကြားထဲ၌ ပေါက်နေသော ရွှေဝါရောင်ဖျော့ဖျော့ ရွှမ်ဟွမ်သစ်သီးကို တွေ့လိုက်ရ၏။
သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး စိတ်လှုပ်ရှားသွားလေ၏။
“ငါ တကယ်ပဲ နေရာမမှားခဲ့ဘူး”
***