“အတားအဆီး တစ်ခုလား။”
ယဲ့ပေ့ရွှမ်သည် ဂူဝသို့ ပျံသန်းရောက်ရှိသည်နှင့် ထိုနေရာရှိ အတားအဆီးတစ်ခုကို အာရုံခံမိလိုက်လေသည်။ သို့သော် ယခုအချိန်တွင်မူ ၎င်းမှာ သူ့အတွက် ခဲယဉ်းသော စိန်ခေါ်မှုတစ်ခု မဟုတ်တော့ပေ။
“ဒီလို အတားအဆီးမျိုးနဲ့ ရွှမ်ဟွမ်သစ်သီးကို ဖုံးကွယ်ထားဖို့ ကြိုးစားခဲ့တာကိုး။ ငါ့အတိတ်ဘဝတုန်းက ဘာလို့ အလွယ်တကူ ရှာမတွေ့ကြလဲဆိုတာ မဆန်းတော့ပါဘူး။ ဒီအစီရင်ကို ချခဲ့တဲ့လူက သိပ်တော့ အဆင့်မမြင့်လှဘူးပဲ။”
သူက ပြောပြောဆိုဆိုဖြင့် သိုလှောင်လက်စွပ်ထဲမှ အတားအဆီးချိုးဖျက်ခြင်း အဆောင်ပုတီးကို ထုတ်ယူလိုက်၏။ ၎င်းမှာ မှောင်ခိုဈေးကွက်တစ်ခုမှ သူရခဲ့သော ရတနာတစ်ခု ဖြစ်သည်။
ပြီးခဲ့သော တစ်နှစ်ခွဲခန့်အတွင်း ယဲ့ပေ့ရွှမ်၏ ကျင့်ကြံမှုမှာ များစွာတိုးတက်မလာခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ရတနာအတော်များများကို ပိုင်ဆိုင်ခွင့်ရခဲ့၏။ ထို့ကြောင့်ပင် သူသည် ခရီးဝေးနှင်၍ ရွှမ်ဟွမ်သစ်သီးကို လာရောက်ရှာဖွေရန် ယုံကြည်ချက်ရှိနေခြင်းပင်။
“ပွင့်စေ”
ယဲ့ပေ့ရွှမ်သည် အော်ဟစ်လိုက်ရင်း အဆောင်ပုတီးကို ဂူဝရှိ အတားအဆီး ဆီသို့ ပစ်လွှတ်လိုက်လေသည်။
ဝုန်း
မိုးထစ်ချုန်းသံကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အဆောင်ပုတီးသည် အစီအရင်ကို ဖျက်ဆီးပစ်လိုက်ပြီး ဂူဝတွင် အပေါက်ကြီးတစ်ခုကို ပွင့်ထွက်သွားစေ၏။
အောင်မြင်ပြီ။
ပွင့်သွားသော ဂူဝကို ကြည့်နေစဉ် ပျက်စီးသွားသော အတားအဆီးအစီရင်ကြားမှ အလင်းတန်းတစ်ခုမှာ သူ့ထံသို့ ပြေးဝင်လာသည်ကို ယဲ့ပေ့ရွှမ် တွေ့လိုက်ရသည်။
“ဒါက အစီရင်က ချန်ထားခဲ့တဲ့ အမှတ်အသားပဲ”
သူက မျက်မှောင်ကြုတ်လျက် ရေရွတ်လိုက်သည်။
“ဒီအစီရင်ကို ချခဲ့တဲ့လူက နောက်ကြောင်းပြန်လိုက်နိုင်အောင် လမ်းကြောင်းချန်ထားခဲ့တာပဲ။ ငါ ဒီမှာ အကြာကြီး နေလို့မဖြစ်တော့ဘူး”
ယဲ့ပေ့ရွှမ်သည် ဂူအတွင်းသို့ လျင်မြန်စွာ ပျံဝင်သွားပြီး အဟန့်အတားများကို လက်ဝါးချက်အချို့ဖြင့် ဖယ်ရှားပစ်လိုက်၏။
သူ အတားအဆီးကို ဖျက်ဆီးလိုက်သည့် တစ်ချိန်တည်းမှာပင် လီတစ်ရာအကွာရှိ မြို့တစ်မြို့၌
အဘိုးအိုတစ်ဦး၏ မျက်လုံးများ ရုတ်တရက် ပွင့်လာလေသည်။ အက်ကွဲသွားသော ကျောက်စိမ်းပြားကို ကြည့်ကာ သူ၏မျက်နှာမှာ သိသိသာသာ ပျက်ယွင်းသွား၏။
“တောက်.. ရွှမ်ဟွမ်သစ်သီးဘေးက ကန့်သတ်ချက် ပျက်စီးသွားပြီ။ ဒါကို တခြားလူလက်ထဲ အပါမခံနိုင်ဘူး။ အဲဒီရတနာက ငါ တာအိုပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းဖို့အတွက် အဓိကသော့ချက်ပဲ”
သူက အော်ဟစ်ကာ ခေါ်လိုက်သည်။
“အီ့၊ အာ့၊ ဆန်း”
“ကျွန်တော်မျိုးတို့ ရောက်ပါပြီ”
အခန်းထဲတွင် လူရိပ်သုံးခု ချက်ချင်းပေါ်လာသည်။ တစ်ဦးချင်းစီမှာ ကောင်းကင်ဇာစ်မြစ်အဆင့် ၏ အထွတ်အထိပ်တွင် ရှိနေကြသူများ ဖြစ်ကြသည်။
အဘိုးအိုက တင်းမာသောလေသံဖြင့်ဆိုသည်။ “မင်းတို့သုံးယောက် ငါ့နောက်လိုက်ခဲ့”
“ဟုတ်ကဲ့ပါ အကြီးအကဲချုပ်”
ခဏချင်းမှာပင် ထိုလေးဦးမှာ မှောင်မိုက်သော ညယံအတွင်းသို့ ပျောက်ကွယ်သွားပြီး ရွှမ်ဟွမ်သစ်သီး ဝှက်ထားသော ချောက်ကမ်းပါးဆီသို့ ပျံသန်းသွားကြလေတော့သည်။
ယဲ့ပေ့ရွှမ်ဘက်တွင်မူ သူသည် ရွှမ်ဟွမ်သစ်သီးကို ရရှိပြီးနောက် ထွက်ပြေးရမည့် လမ်းကြောင်းကို စိတ်ထဲ၌ လျင်မြန်စွာ ပုံဖော်လိုက်သည်။
လီနှစ်ရာကျော်အကွာတွင် ယွမ်လင်ဂိုဏ်း ၏ တောင်ခြေမှ ယွမ်လင်မြို့ ရှိနေပြီး ထိုနေရာကို တာအိုပေါင်းစည်းခြင်းအဆင့်ပညာရှင်များက စောင့်ကြပ်နေကြ၏။
ယွမ်လင်မြို့ထဲသို့ ရောက်ရှိသွားပြီး ခြေရာခံအမှတ်အသားကို ဖျက်ဆီးနိုင်သရွေ့ ကန့်သတ်ချက်ချခဲ့သောသူသည် သူ့ကို ရှာတွေ့နိုင်တော့မည် မဟုတ်ပေ။
ယွမ်လင်မြို့သို့ ဦးတည်ခြင်းမှာ ရုတ်တရက် ဆုံးဖြတ်ချက်ချခြင်း မဟုတ်ပါ။ အကြောင်းမှာ ယွမ်လင်ဂိုဏ်းသည် သူတော်စင်တစ်ပိုင်း အဆင့် အင်အားစုတစ်ခု ဖြစ်သောကြောင့်ပင်။
အကယ်၍ သူတို့သာ ရွှမ်ဟွမ်သစ်သီးကို ရှာတွေ့ခဲ့ပါက ဤမျှ ရိုးရှင်းသော ကန့်သတ်ချက်မျိုးကို အသုံးပြုမည် မဟုတ်ပေ။
သူ၏ အတိတ်ဘဝတုန်းကလည်း ယွမ်လင်ဂိုဏ်းသည် ရွှမ်ဟွမ်သစ်သီး ပေါ်ထွက်လာပြီးမှသာ သိရှိခဲ့ကြပြီး ဤကဲ့သို့သော ရတနာမျိုးမှာ သူတို့နှာခေါင်းအောက်၌ ရှိနေခဲ့သည်ကို အံ့အားသင့်ခဲ့ကြဖူးသည်။
နောက်ဆုံးတွင် ထိုအသီးကို မြင့်မြတ်နယ်မြေ မှ ပါရမီရှင်တစ်ဦးက လုယူသွားခဲ့ပြီး ယွမ်လင်ဂိုဏ်းမှာမူ မိမိတို့ရှေ့မှောက်ရှိ ရတနာကို လက်လွတ်ခဲ့ရသည့်အတွက် အဖွဲ့အစည်းအသီးသီး၏ လှောင်ပြောင်စရာ ဖြစ်ခဲ့ရလေသည်။
နှစ်နာရီခန့် ကြာပြီးနောက် မိုးသောက်ယံသို့ ရောက်ရှိလာ၏။ ယဲ့ပေ့ရွှမ်မှာ လီနှစ်ရာကျော် ပျံသန်းလာခဲ့ပြီးဖြစ်ရာ ယခုအခါ ယွမ်လင်မြို့နှင့် လီနှစ်ဆယ်ခန့်သာ ဝေးတော့သည်။
မကြာမီ သူ ဘေးကင်းရာသို့ ရောက်တော့မည် ဖြစ်သည်။ နီးကပ်လာသော မြို့ကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေး တစ်ခု ပေါ်လာ၏။
ထိုအခိုက်အတန့်တွင်ပင် အစွမ်းထက်သော အရှိန်အဝါတစ်ခုက သူ့ကို ပစ်မှတ်ထားလိုက်သည်ကို သူ ခံစားလိုက်ရသည်။
သူ၏ စိတ်အာရုံစွမ်းအားဖြင့် အသာအယာ စူးစမ်းကြည့်လိုက်ရာ အရှိန်အဝါအချို့မှာ အလွန်လျင်မြန်စွာ နီးကပ်လာနေသည်ကို တွေ့လိုက်ရလေသည်။ ၎င်းတို့မှာ ခဏချင်းအတွင်း သူ့ကို မှီလာတော့မည် ဖြစ်၏။
သူသည် နောက်သို့ လှည့်မကြည့်ဘဲ အရှိန်ကို မြှင့်တင်လိုက်ကာ လေးညှို့မှ လွတ်ထွက်သွားသော မြားတစ်စင်းကဲ့သို့ ယွမ်လင်မြို့ဆီသို့ ဦးတည်ပြေးဝင်လိုက်တော့သည်။
သူ့ရှေ့မှ ယဲ့ပေ့ရွှမ်၏ ရုတ်တရက် မြန်ဆန်လာသော အရှိန်ကို မြင်လိုက်ရသောအခါ အဘိုးအို၏ မျက်နှာမှာ ပြာနှမ်းသွားပြီး အော်ဟစ်လိုက်သည်။
“သူခိုးကောင်... အခုချက်ချင်း ရပ်လိုက်စမ်း”
သူ့အသံမှာ လီပေါင်းများစွာအထိ ဟိန်းထွက်သွားရာ မြေပြင်ပေါ်ရှိ ကျင့်ကြံသူများမှာ မော့ကြည့်လိုက်ကြ၏။ ကောင်းကင်ယံတွင် လူလေးဦးက လူငယ်တစ်ဦးကို လိုက်လံဖမ်းဆီးနေသည်ကို မြင်လိုက်ရသည်။
“ဟိုမှာ...ဘိုင်လန်ကျန်း ကလန် ရဲ့ အကြီးအကဲချုပ် မဟုတ်လား။ သူက ဘာလို့ တာအိုတည်ဆောက်ခြင်း အဆင့်ရှိတဲ့ လူငယ်လေးကို လိုက်ဖမ်းနေရတာလဲ။”
“ဟဲ... အဲဒီကလေးက သာမန်တော့ မဟုတ်ဘူး။ တာအိုတည်ဆောက်ခြင်းအဆင့်နဲ့ ဒီလောက် မြန်မြန်ပျံနိုင်တာ မယုံနိုင်စရာပဲ။”
“မြန်နေလည်း အလကားပါပဲ။ တာအိုတည်ဆောက်ခြင်းအဆင့်က လူငယ်တစ်ယောက်က တာအိုပေါင်းစည်းခြင်းအဆင့် ပညာရှင်ဆီက ဘယ်လိုလုပ် လွတ်နိုင်မှာလဲ။”
“ကဲ... မနက်စောစော စီးစီး ပွဲကောင်းကြည့်ရတာပေါ့။”
“…”
ယွမ်လင်မြို့ပြင်ရှိ လမ်းမကြီးပေါ်တွင် ကြံ့ခိုင်တောင့်တင်းသော လူတစ်ဦးသည် ခန့်ညားထည်ဝါသော ကျားဖြူကြီးတစ်ကောင်ကို စီးလျက် မြို့ထဲသို့ ဖြည်းဖြည်းချင်း ဝင်လာနေ၏။
လူနှင့် ကျားဖြူ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် လမ်းသွားလမ်းလာများမှာ ကြောက်လန့်တကြား ဖယ်ပေးကြရသည်။ ကျားဖြူကြီး၏ ကောင်းကင်ဇစ်မြစ်အဆင့် အရှိန်အဝါကြောင့် အနီးနားရှိ လူတိုင်းမှာ တုန်လှုပ်နေကြရ၏။
ကျားစီးလာသော လူသန်ကြီးသည် ကောင်းကင်မှ ဟစ်အော်သံကို ကြားလိုက်ရသဖြင့် အလိုအလျောက် မော့ကြည့်လိုက်လေသည်။
သူသည် ထိုလူငယ်ကျင့်ကြံသူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောအခါ သူ၏ ပုံမှန် လူမိုက်ဆန်သော အမူအရာမှာ တစ်စက္ကန့်အတွင်း ပျောက်ကွယ်သွားပြီး စိတ်လှုပ်ရှားမှုများဖြင့် အစားထိုးဝင်ရောက်လာ၏။
“ပဉ္စမမြောက် ညီလေး... မင်းနဲ့ ဒီမှာတွေ့ရမယ်လို့ ငါမထင်ထားဘူး။”
ကျားစီးလာသော ထိုလူကြမ်းကြီးမှာ အခြားသူမဟုတ်ဘဲ ချောင်ရို့ချန် ပင် ဖြစ်သည်။ ယဲ့ပေ့ရွှမ် မြေပြင်နှင့် နီးကပ်လာသည်ကို မြင်သည်နှင့် သူသည် လက်ကိုလှမ်းလိုက်ပြီး ယဲ့ပေ့ရွှမ်ကို သူ့ဘေးနားသို့ ဆွဲယူလိုက်လေတော့သည်။
ယဲ့ပေ့ရွှမ်မှာ လုံးဝ အဆင်သင့်မဖြစ်သေးပေ။ ထိုထိတ်လန့်ဖွယ် ကောင်းလှသော ခွန်အားကို ခံစားလိုက်ရသည့် ခဏ၌ သူသည် စိတ်ထဲမှ တွေးလိုက်သည်။ “ဒုက္ခပဲ ရှေ့မှာလည်း ရန်သူရှိနေတာလား”
သူ၏ ပထမဆုံးသော တုံ့ပြန်မှုမှာ ခါးတွင်ချိတ်ထားသည့် ဓားကျောက်စိမ်းကို လှမ်းကိုင်လိုက်ခြင်းပင်။
“ညီလေးယဲ့၊ မင်းရဲ့ အခြေအနေကတော့ နည်းနည်း ဆိုးနေပုံပဲနော်”
ရင်းနှီးနေသော်လည်း တစ်မျိုးထူးခြားနေသော အသံတစ်ခုက ယဲ့ပေ့ရွှမ်၏ လှုပ်ရှားမှုကို တားဆီးလိုက်သည်။ သူ မော့ကြည့်လိုက်သောအခါ သူ့ကို ပြုံးရွှင်စွာ ကြည့်နေသော ရင်းနှီးသည့် မျက်နှာတစ်ခုကို မြင်လိုက်ရ၏။
လိုက်လံဖမ်းဆီးသူများ နီးကပ်လာသည်ကို အာရုံခံမိသဖြင့် ယဲ့ပေ့ရွှမ်က အမြန်ပြောလိုက်သည်။ “ဒုတိယ အစ်ကိုကြီး... ရှင်းပြဖို့ အချိန်မရှိတော့ဘူး။ မြို့ထဲကို မြန်မြန်သွားရအောင်။ မဟုတ်ရင် ဆရာပေးထားတဲ့ ဓားဆန္ဒ ကို အလကား ဖြုန်းတီးပစ်ရလိမ့်မယ်”
ချောင်ရို့ချန်က ပြုံးစိစိဖြင့် အဝေးမှ ပျံသန်းလာသော လူလေးဦးကို လက်ညှိုးညွှန်ပြကာ ပြောသည်။ “ဒီအမှိုက်လေးယောက်ကို ရှင်းဖို့ ဆရာ့ရဲ့ ရတနာကို သုံးဖို့ လိုလိမ့်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား”
သူ့အသံက မကျယ်သော်လည်း ဘေးပတ်ဝန်းကျင်ရှိ လူတိုင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။ လူတိုင်း၏ အကြည့်မှာ ချောင်ရို့ချန်ထံသို့ ရောက်ရှိသွားကြတော့၏။
ယဲ့ပေ့ရွှမ်မှာ ခဏတာ ဆွံ့အသွားပြီးမှ သတိပြန်ဝင်လာသည်။ “အစ်ကိုကြီး... အဲဒါတွေက တာအိုပေါင်းစည်းခြင်းအဆင့် ပညာရှင်တွေလေ။ အစ်ကိုကြီး တကယ်ပဲ ကိုင်တွယ်နိုင်လို့လား”
သူ၏ မှတ်ဉာဏ်များအရ ချောင်ရို့ချန်၏ ကျင့်ကြံမှုမှာ စစ်မှန်ကံကြမ္မာအဆင့်တွင်သာ ရှိသေး၏။ သူ၏ အစ်ကိုကြီးမှာ အဆင့်ကျော်၍ တိုက်ခိုက်နိုင်သည်ဆိုဦးတော့၊ အဆင့်ကြီး နှစ်ခုလုံးကို ကျော်လွှားနိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
“ပြဿနာမရှိဘူး။ ဒီမှာပဲ ငြိမ်ငြိမ်လေး ရပ်နေ။ ခဏနေရင် ငါ အကုန်ရှင်းပေးမယ်။”
ထို့နောက် ချောင်ရို့ချန်သည် အကြီးအကဲကျန်းနှင့် သူ၏အဖွဲ့ကို စိုက်ကြည့်လိုက်ပြီး မေးလိုက်သည်။
“မင်းတို့ လေးယောက်က ငါ့ညီလေးကို အနိုင်ကျင့်နေတာလား”
အကြီးအကဲကျန်းသည် ကောင်းကင်ဇာစ်မြစ်အထွတ်အထိပ်အဆင့်ရှိ ကျားမိစ္ဆာကို စီးနင်းလာသော လူငယ်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
ဤလူငယ်၏ ကျင့်ကြံမှုမှာ သိသိသာသာပင် စစ်မှန်ကံကြမ္မာအဆင့်တွင်သာ ရှိသော်လည်း သူ၏ အရှိန်အဝါမှာ သာမန်မဟုတ်ပေ။
ကောင်းကင်ဇာစ်မြစ်အဆင့် ကျားတစ်ကောင်ကို အစီးအနင်းအဖြစ် အသုံးပြုနိုင်သူမှာ သာမန်တပည့် မဟုတ်သည်မှာ သေချာသည်။ သူသည် အင်အားကြီးအဖွဲ့အစည်းတစ်ခုမှ ဖြစ်နိုင်ပြီး ထိုသို့သောလူကို ရန်စခြင်းမှာ ကျန်းမျိုးနွယ်စုအတွက် ပညာရှိရာ မရောက်ပေ။
ထို့ကြောင့် အကျိုးအမြတ်အချို့ ရယူရန် ကြိုးစားခြင်းက ပို၍ ကောင်းပေလိမ့်မည်။
သူက လက်သီးဆုပ်ကာ နှုတ်ဆက်လိုက်၏။ “လူငယ်လေး... မင်းရဲ့ညီက ငါ့ရဲ့ ရတနာကို အရင် ခိုးသွားတာပါ။ သူသာ အဲဒါကို ပြန်ပေးမယ်ဆိုရင် ငါ ဒီကိစ္စကို ဆက်မပြောတော့ပါဘူး”
ယဲ့ပေ့ရွှမ်က ရှင်းပြရန် ပြင်လိုက်သော်လည်း ချောင်ရို့ချန်က လက်မြှောက်၍ တားလိုက်ပြီး ပြုံးလျက် ပြန်ပြောလိုက်သည် “ငါ့ညီက သူ့ရဲ့ သိုလှောင်လက်စွပ်ကို ငါ့လက်ထဲ အပ်ထားပြီးသား။ သူက ဘာကို ခိုးခဲ့တာလဲ။”
“ရွှမ်…”
အကြီးအကဲကျန်းသည် စကားလုံးတစ်လုံးကို ဟလိုက်ပြီးမှ တစ်ခုခု မှားနေသည်ကို သတိထားမိသွား၏။ အကယ်၍ သူသာ ဤနေရာတွင် “ရွှမ်ဟွမ်သစ်သီး” ဟု ပြောလိုက်ပါက ကျန်းမျိုးနွယ်စုအနေဖြင့် ၎င်းကို မည်သို့မျှ ကာကွယ်ထားနိုင်မည် မဟုတ်ပေ။
“သူ့ရဲ့ သိုလှောင်လက်စွပ်ကို ငါ့လက်ထဲ အပ်စမ်း။ ငါ စစ်ဆေးကြည့်မယ်။ ဒါဆိုရင် ငါ သိရမှာပေါ့။”
“ဟက်။”
ချောင်ရို့ချန်က လှောင်ပြုံးပြုံးလိုက်သည်။ “အဲဒီလောက် ဒုက္ခခံနေဖို့ မလိုပါဘူး။ သူ့လက်စွပ်ထဲက ရတနာတွေ အကုန်ထုတ်ပြမယ်၊ ခင်ဗျားပဲ ကြည့်လိုက်တော့လေ၊ ဟုတ်ပြီလား”
ထို့နောက် ချောင်ရို့ချန်သည် သူ၏ ကိုယ်ပိုင်သိုလှောင်လက်စွပ်ထဲမှ နှစ်တစ်ထောင်သက်တမ်းရှိ ဝိညာဉ်ဆေးပင်တစ်ပင်ကို ထုတ်လိုက်သည်။
“အဲဒါ ဒီ ခုနစ်စင်ကြယ်သစ်သီးလား။”
အကြီးအကဲကျန်းက ထိုအသီးကို ကြည့်ကာ ခေါင်းခါပြ၏။
“ဒါဆိုရင် ဒီ ကိုးလွှာဝိညာဉ်ဂျင်ဆင်း များလား။”
ချောင်ယို့ချန်းက သူ၏ သိုလှောင်လက်စွပ်ထဲမှ ဂျင်ဆင်းတစ်ပင်ကို ထပ်ထုတ်လိုက်ပြန်သည်။
“မဟုတ်…”
အကြီးအကဲကျန်းက ငြင်းပယ်ရန် ပြင်လိုက်သော်လည်း ဂျင်ဆင်း၏ ရနံ့ကို ရလိုက်သည့် ခဏတွင် ၎င်းမှာ နှစ်တစ်ထောင်သက်တမ်းရှိ ဝိညာဉ်ဆေးပင်ဖြစ်ကြောင်း သိလိုက်ရ၏။ ၎င်းမှာ သူ့အတွက် ရွှမ်ဟွမ်သစ်သီးထက်ပင် ပို၍ တန်ဖိုးရှိလှပေသည်။
“အဲဒီလိုလား။”
ချောင်ရို့ချန်က ပြုံးလျက် ထိုဂျင်ဆင်းကို ပြန်သိမ်းလိုက်ပြီး အေးအေးလူလူပင် ဆိုလိုက်သည်။ “ခင်ဗျား သိလား... လူလိမ်တွေကို ကောင်းကင်က ဒဏ်ခတ်တတ်တယ်ဗျ။”
အကြီးအကဲကျန်းမှာမူ သူ အလှောင်ပြောင်ခံနေရမှန်း ယခုမှ သတိထားမိသွားတော့သည်။
“မင်း... ကောင်စုတ်လေး။ မင်း ငါ့ကို အရူးလုပ်နေတာလား”
***