“ဟုတ်တယ်၊ ခင်ဗျား ကို အရူးလုပ်နေတာ”
ချောင်ရို့ချန်က လှောင်ပြုံးပြုံးရင်း ပြောလိုက်လေသည်။ “ခင်ဗျားက ကျုပ်ရဲ့ ပဉ္စမမြောက်ညီလေးနောက်ကို ဒီလောက်အကြာကြီး လိုက်ခဲ့တာပဲ။ ခင်ဗျားကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ရင် သိပ်သက်သာရာ ရသွားမှာပေါ့၊ မဟုတ်ဘူးလား။”
ရှူး
ပတ်ဝန်းကျင်ရှိ လူအားလုံးမှာ အံ့အားသင့်လွန်းသဖြင့် အသက်ရှူပင် မှားသွားကြ၏။
‘ထောင်လွှားလိုက်တာ ဒီလူငယ်က အတော်လေးကို ထောင်လွှားလွန်းလှသည်’
သူသည် အင်အားကြီးအဖွဲ့အစည်းတစ်ခုမှ လာသည်ဆိုဦးတော့၊ ဤမျှငယ်ရွယ်သောသူက စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် ပညာရှင်တစ်ဦးကို မည်သို့ ယှဉ်နိုင်မည်နည်း။
(ခုနက တာအိုပေါင်းစည်းခြင်းအဆင့်ဆိုတာ အောက်ကသူတွေပြောတာနော်၊ သူက အဆင့်တက်တော့မှာ )
သူ့တွင် အစွမ်းထက်သော ရတနာအချို့ ရှိနေလျှင်ပင် အလွန်ဆုံးရှိလှ အသက်လု၍ ထွက်ပြေးနိုင်ရုံသာ ရှိပေလိမ့်မည်။
ယခုကဲ့သို့ ရန်သူကို ဒေါသထွက်အောင် ရန်စနေခြင်းမှာ သေတွင်းတူးနေခြင်းပင် မဟုတ်ပါလား။
“ကောင်စုတ်လေး၊ မင်း ငါ့ကို အတင်းအကျပ် လက်ပါအောင် လုပ်နေတာပဲ”
အကြီးအကဲကျန်းက ဟိန်းဟောက်လိုက်ပြီး စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်ပညာရှင်တစ်ဦး၏ အရှိန်အဝါကို ထုတ်ဖော်လိုက်ရာ ထိတ်လန့်ဖွယ် ဖိအားများမှာ လီပေါင်းများစွာအထိ လွှမ်းမိုးသွားတော့သည်။
ယွမ်လင်မြို့တံခါးဝတွင် တာဝန်ကျနေသော အစောင့်များပင် ထိုဖိအားကို ခံစားလိုက်ရသဖြင့် အခြေအနေကို အထက်သို့ အလျင်အမြန် အစီရင်ခံကာ ပြင်ဆင်မှုများ ပြုလုပ်ကြလေသည်။
“သူ ပျာယာခတ်နေပြီ။ ညီလေး ကြည့်စမ်း သူ စိတ်လွတ် သွားပြီ။”
ချောင်ရို့ချန်က မည်သို့မျှ မတုန်လှုပ်ဘဲ နှာခေါင်းရှုံ့လိုက်၏။
ယဲ့ပေ့ရွှမ်မှာ ဆွံ့အသွားရသည်။ ‘ဒါ ငါ့အတိတ်ဘဝတုန်းကအတိုင်း စိုးရိမ်ကြောက်လန့်မှုမရှိတဲ့ အစ်ကိုကြီးချောင်ပါပဲလား။ ငါ တစ်ကျော့ပြန် မွေးဖွားလာပြီး အခြေအနေတွေ ပြောင်းလဲသွားပေမဲ့ လူတစ်ယောက်ရဲ့ ပင်ကိုယ်ဗီဇကတော့ အလွယ်တကူ ပြောင်းလဲမသွားဘူးထင်တယ်။’
သူက တည်ငြိမ်စွာဖြင့် ပြောသည် “အဘိုးကြီး၊ ကျုပ်က တောထဲမှာ ဝိညာဉ်ဆေးပင်တစ်ပင် ရှာတွေ့တာပဲရှိတာ အဲဒါက ဘယ်တုန်းက ခင်ဗျားပိုင်ဆိုင်မှု ဖြစ်သွားတာလဲ”
ဘေးပတ်ဝန်းကျင်မှ ကြည့်နေသူများမှာ ထိုစကားကို ကြားလိုက်ရသည့်အခါ အခြေအနေကို သဘောပေါက်သွားကြပြီး ပွဲကြည့်ပရိသတ်များအလား စိတ်ဝင်တစား စောင့်ကြည့်နေကြတော့၏။
အစွမ်းထက်သော ဂိုဏ်းတစ်ခုမှ တက်သစ်စလူငယ်နှင့် ဒေသခံလူမိုက် အကြီးအကဲကျန်းတို့၏ ထိပ်တိုက်တွေ့ဆုံပွဲမှာ အတော်လေး ကြည့်ကောင်းတော့မည် ဖြစ်သည်။
ချောင်ရို့ချန်က ရယ်မောလိုက်ပြီး ယဲ့ပေ့ရွှမ်၏ ပခုံးကို ပုတ်သည်။“ညီလေး၊ ဒီလို အရှက်မရှိတဲ့ ခွေးအိုကြီးနဲ့ စကားများပြီး ဘာလို့ အမောခံနေမှာလဲ။ အဘိုးကြီး၊ အကုန်လုံး အတူတူလာခဲ့ကြစမ်းပါ။ ဒါမှ ကျုပ် အချိန်မကုန်တော့မှာ”
အကြီးအကဲကျန်းက စကားပြန်မပြောတော့ဘဲ သူ၏ သိုလှောင်လက်စွပ်ထဲမှ လခြမ်းကွေးဓားတစ်စင်းကို ဆွဲထုတ်လိုက်သည်။
ဓားထံမှ သွေးနီရောင်အလင်းများ ဖြာထွက်နေသဖြင့် ရှိနေသူအားလုံး အံ့အားသင့်ကာ အော်ဟစ်လိုက်ကြ၏။
“သွေးလမင်း လခြမ်းကွေးဓား ဒီမိစ္ဆာလက်နက်က အကြီးအကဲကျန်းရဲ့လက်ထဲမှာ ရှိနေလိမ့်မယ်လို့ ငါ မထင်ထားဘူး။”
“ဒီကလေးက နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ဝိညာဉ်ဆေးပင်ကို တကယ်ပဲ ရခဲ့ပုံရတယ်။ မဟုတ်ရင် အကြီးအကဲကျန်းက ဒီလောက်အထိ ဒေါသထွက်မှာ မဟုတ်ဘူး”
“…”
ချောင်ရို့ချန်၏ အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။ သူသည် ကျားစီးနင်းရာမှ ဖြည်းဖြည်းချင်း ခုန်ဆင်းလိုက်ပြီး ရန်သူကို မျက်မှောင်ကြုတ်ကာ အေးဆေးစွာ ပြုံးကြည့်နေ၏။
“အဆင့်နိမ့် ဝိညာဉ်ဓားတစ်စင်းပဲ... ဒါက ငါ့ကို အလေးအနက်ထား တိုက်ခိုက်ဖို့ လုံလောက်စေပါတယ်။”
သူ စကားပြောပြီးသည်နှင့် သူ၏ကိုယ်မှ အရှိန်အဝါများမှာ မီးတောင်ပေါက်ကွဲသကဲ့သို့ ထွက်ပေါ်လာတော့သည်။
ချောင်ရို့ချန်၏ ကိုယ်မှ ဖိအားလှိုင်းများကို လူတိုင်းခံစားလိုက်ရသဖြင့် ခြေထောက်များပင် တုန်ယင်ကုန်ကြ၏။
ဤလူငယ်သည် သိသိသာသာပင် ကောင်းကင်ဇစ်မြစ်အဆင့်သို့သာ ရောက်ရှိသေးသော်လည်း သူထုတ်ဖော်လိုက်သော ထိတ်လန့်ဖွယ် လူသတ်ငွေ့များမှာ သူတို့တစ်သက် တစ်ခါမျှ မတွေ့ကြုံဖူးသည့် အရာမျိုး ဖြစ်နေသည်။
ယဲ့ပေ့ရွှမ်မှာ ချောင်ရို့ချန်၏ ထွားကျိုင်းသော ကျောပြင်ကို ကြည့်ကာ အလွန်အမင်း တုန်လှုပ်သွားရ၏။
‘ဒုတိယ အစ်ကိုကြီးနဲ့ အစ်ကိုကြီးက တကယ်ပဲ ကောင်းကင်ဇာစ်မြစ်အဆင့်ကို ရောက်သွားပြီပေါ့’
“လမင်းခွဲ ခုတ်ချက်”
အကြီးအကဲကျန်းက ဟိန်းဟောက်လိုက်ပြီး သူ၏ဓားကို အားကုန်လွှဲ၍ ခုတ်ချလိုက်လေသည်။
မီတာပေါင်းများစွာ ရှည်လျားသော ကြက်သွေးရောင် ဓားအလင်းတန်းမှာ ကောင်းကင်ယံသို့ ပျံတက်သွား၏။ ထိုစွမ်းအင်တွင် ပါဝင်သော ကြောက်မက်ဖွယ် ဓားဆန္ဒ ကြောင့် ကြည့်နေသူများမှာ ကြက်သီးမွေးညင်းပင် ထသွားကြရသည်။
“သူ့ရဲ့ ဓားဆန္ဒက ပြီးပြည့်စုံနေပြီ... အစ်ကိုကြီး၊ သူက...”
ယဲ့ပေ့ရွှမ်မှာ “သန်မာတယ်” ဟူသော စကားလုံးကိုပင် ဆုံးအောင်မပြောနိုင်ခင်မှာ ထိုနေရာ၌ပင် ထပ်မံမှင်တက်သွားရပြန်သည်။
ချောင်ရို့ချန်က ကျဆင်းလာသော ဓားအလင်းတန်းကို ရင်ဆိုင်ကာ လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်ကို သူ မြင်လိုက်ရ၏။
ထိုလက်သီးချက်မှာ မိုးကြိုးထစ်ချုန်းသကဲ့သို့ ပြင်းထန်လှပြီး မည်သည့်အရာကမျှ တားဆီးနိုင်စွမ်း မရှိချေ။
ကြီးမားလှသော လက်သီးစွမ်းအား၏ နောက်ကွယ်တွင် လက်သီးဆန္ဒမှ ဖြစ်ပေါ်လာသော ဝိညာဉ်ပုံရိပ်တစ်ခု ရှိနေပြီး ထိုပုံရိပ်အတွင်း၌ နတ်ဘုရားတစ်ပါး၏ လက်သီးကို ဝေဝါးစွာ မြင်တွေ့နိုင်လေသည်။
ဒုန်း
လက်သီးချက်မှာ ကောင်းကင်ယံရှိ ဓားစွမ်းအင်နှင့် ထိပ်တိုက်တွေ့ဆုံကာ မိုးကြိုးပစ်သကဲ့သို့ ကျယ်လောင်သော ပေါက်ကွဲသံကို ဖြစ်ပေါ်စေ၏။
ပေါက်ကွဲထွက်လာသော လှိုင်းလုံးကြီးမှာ အကြီးအကဲကျန်းနှင့် အခြားသုံးဦးကို လွှမ်းခြုံသွားပြီး သဲအိတ်များကဲ့သို့ လွင့်စင်သွားစေတော့သည်။
ဖူး
လေးဦးစလုံးမှာ သွေးတစ်လုပ်စီ အန်ထုတ်လိုက်ကြပြီးနောက် မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားကြလေသည်။
ချောင်ရို့ချန်က ရှေ့သို့ တစ်လှမ်းတက်လိုက်ပြီး သူတို့ကို အထက်စီးမှ ငုံ့ကြည့်လိုက်၏။ “စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်က ဒီလောက်ပဲလား။ ခင်ဗျားရဲ့ ဝိညာဉ်က ကျုပ်ရဲ့ ပြင်းထန်တာအို နတ်ဘုရားလက်သီး ကို မခံနိုင်ပါလား”
“မင်း... မင်းက တကယ်ပဲ ဘယ်သူလဲ... ဖူး”
အကြီးအကဲကျန်းက သွေးတစ်လုပ် ထပ်အန်လိုက်ပြန်သည်။ သူသည် မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် ချောင်ရို့ချန်ကို စိုက်ကြည့်နေမိ၏။
“မင်းလို အမှိုက်မျိုးက ငါ့နာမည်ကို သိပိုင်ခွင့်မရှိဘူး။”
ထိုသို့ပြောရင်း ချောင်ယို့ချန်းက နောက်ထပ် လက်သီးတစ်ချက် ပစ်သွင်းလိုက်ပြန်သည်။
ထိုလက်သီးချက်နှင့်အတူ သူတို့လေးဦးမှာ ချက်ချင်းပင် အသက်ပျောက်သွားကြတော့၏။ အကြီးအကဲကျန်း၏ ကိုယ်ထဲမှ မှေးမှိန်သော ဝိညာဉ်အကြွင်းအကျန်တစ်ခုမှာ အဝေးသို့ လွတ်အောင် ထွက်ပြေးရန် ကြိုးစားလေသည်။
၎င်းကို မြင်သောအခါ ချောင်ရို့ချန်က လက်လှမ်းလိုက်ပြီး ထိုဝိညာဉ်ကို ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အသာအယာ ချေမှုန်းပစ်လိုက်၏။
“မလုပ်ပါနဲ့”
အကြီးအကဲကျန်းမှာ နောက်ဆုံးသော နာကျင်စရာ အော်ဟစ်သံကို ပြုလုပ်လိုက်ပြီးနောက် လုံးဝဥဿုံ ပျက်စီးကွယ်ပျောက်သွားရလေတော့သည်။
ချောင်ရို့ချန်က ဘာမျှမဖြစ်ခဲ့သည့်အလား လက်ကို ခါယမ်းလိုက်ပြီး ဘေးရှိ ကျားမိစ္ဆာဘက်သို့ လှည့်ကာ ပြော၏။ “ကြောင်ကြီး၊ သွားပြီး သူတို့ရဲ့ သိုလှောင်လက်စွပ်တွေနဲ့ တန်ဖိုးရှိတာမှန်သမျှ သွားကောက်ချေ။ ခဏနေရင် ငါ မင်းကို အရသာရှိတာတစ်ခုခု ကျွေးမယ်”
ကျားမိစ္ဆာ၏ ပုံရိပ်မှာ လျှပ်တပြက်အတွင်း ပျောက်ကွယ်သွားပြီးနောက် ခဏအကြာတွင် ချောင်ရို့ချန်၏ ဘေးသို့ ပြန်ရောက်လာ၏။ ၎င်း၏ ပါးစပ်ထဲတွင် သိုလှောင်လက်စွပ် တစ်ကွင်းနှင့် သိုလှောင်အိတ် သုံးလုံး ပါလာလေသည်။
ချောင်ရို့ချန်က ၎င်းတို့ကို တစ်ချက်ကြည့်ကာ ရာစုနှစ်ပေါင်းများစွာ သက်တမ်းရှိသော ဝိညာဉ်ဆေးပင်တစ်ပင်ကို ကျားမိစ္ဆာ၏ ပါးစပ်ထဲသို့ အသာအယာ ပစ်ထည့်ပေးလိုက်၏။
“ဒါ မင်းအတွက် ဆုလာဘ်ပဲ။”
ကျားမိစ္ဆာမှာ ပျော်ရွှင်စွာ ဝါးစားလိုက်ပြီး ချောင်ရို့ချန်း၏ ကိုယ်ကို ချစ်ခင်မြတ်နိုးစွာဖြင့် ပွတ်သပ်နေတော့သည်။
ယဲ့ပေ့ရွှမ်က ထိုသားရဲကို ကြည့်ကာ ပြော၏။ “အစ်ကိုကြီးက သားရဲထိန်းတစ်ယောက် ဖြစ်လာမယ်လို့ ကျွန်တော် မထင်ထားဘူး။ ဒါပေမဲ့ ဘာလို့ ဒီသားရဲပေါ်မှာ ကတိကဝတ်စာချုပ် တစ်ခုမှ မရှိတာလဲ”
ချောင်ရို့ချန်က ကျားမိစ္ဆာ၏ ခေါင်းကို ပွတ်သပ်ပေးရင်း ရယ်မောလိုက်သည်။ “မလိုပါဘူး။ နတ်သားရဲ သွေးမျိုးဆက်ပါတဲ့ မူလကောင်းကင် ကျားမိစ္ဆာတစ်ကောင်ကို ငါ ရိုက်နှက်ပြီး အညံ့ခံခိုင်းတာ ဒါ ပထမဆုံးအကြိမ် မဟုတ်တော့ဘူးလေ။”
ယဲ့ပေ့ရွှမ် - “...”
ကြည့်နေသူများ - “...”
ယဲ့ပေ့ရွှမ်မှာ စကားမပြောနိုင်ဖြစ်နေသည်ကို မြင်သောအခါ ချောင်ရို့ချန်က ပြုံး၍ ပြော၏။ “ဒီနေရာက စကားပြောဖို့ ကောင်းတဲ့နေရာ မဟုတ်ဘူး။ ယွမ်လင်ဂိုဏ်းကို ရောက်မှပဲ အေးအေးဆေးဆေး စကားပြောကြတာပေါ့။ ပြီးတော့ ထိုက်ရွှီလျှို့ဝှက်နယ်မြေထဲမှာ ကြုံခဲ့ရတဲ့ ပျော်စရာလေးတွေအကြောင်းလည်း ငါ ပြောပြမယ်”
“ကောင်းပါပြီ”
ယဲ့ပေ့ရွှမ်က ခေါင်းညိတ်လိုက်ပြီး မြို့တံခါးဘက်သို့ ချောင်ရို့ချန်နောက်မှ လိုက်ပါသွား၏။
သူတို့နှစ်ဦး ရောက်ရှိသွားသည်နှင့် ယွမ်လင်မြို့၏ မြို့စားမင်းသည် ကျင့်ကြံသူ အုပ်စုတစ်စုနှင့်အတူ ထိုနေရာ၌ စောင့်ဆိုင်းနေလေပြီ။
မြို့စားမင်းမှာ ရှေ့သို့ လှမ်းလာကာ လက်ဆုပ်ကာနှုတ်ဆက်လိုက်၏။ “ကျွန်ုပ်ကတော့ ယွမ်လင်မြို့စား စုန့်ခွေပါ။ လူကြီးမင်းတို့ နှစ်ယောက်ရဲ့ အမည်ကို သိခွင့်ရမလားခင်ဗျာ။”
သူ၏ မျိုးရိုးအမည်မှာ စုန့် ဖြစ်ကြောင်း ကြားလိုက်ရသဖြင့် ချောင်ယို့ချန်းက မေးလိုက်သည်။
“မင်းနဲ့ စုန့်ကျောက်ယွီ က ဘယ်လိုပတ်သက်လဲ”
စုန့်ခွေမှာ ခဏတာ ဆွံ့အသွားပြီးမှ ရိုသေသမှုဖြင့် ဖြေသည်။ “ဆွေစဉ်မျိုးဆက်အရဆိုရင် သူမက ကျွန်တော့်ရဲ့ အဖွားလေးပါ”
ချောင်ရို့ချန်က ပြောလိုက်သည်။ “မင်းက သူမရဲ့ မြေးတော်စပ်နေမှတော့ ငါ ရက်ရောပေးရမှာပေါ့။ ဒီနာမည်ကို မှတ်ထားလိုက်ပါ။ ဝမ်တောက်ကျောင်းတော်က ချောင်ရို့ချန်”
စုန့်ခွေသည် ထိုနာမည်ကို ကြားလိုက်ရသည်နှင့် ကိုယ်လုံးတုန်ယင်သွားတော့သည်။ သေးငယ်သော ဂိုဏ်းငယ်လေးများနှင့် မတူဘဲ ယွမ်လင်ဂိုဏ်းကဲ့သို့ သူတော်စင်တစ်ပိုင်းအဆင့် အင်အားစုများမှာ ထိုက်ရွှီလျှို့ဝှက်နယ်မြေအတွင်းရှိ အင်အားကြီးနှစ်ခုကြားမှ ပဋိပက္ခများကို ပို၍ ကောင်းစွာ သိရှိကြသည်။
‘ ဒါဆို ကျားနက်သခင် ကို လက်သီးတစ်ချက်တည်းနဲ့ ပြားချပ်သွားအောင် လုပ်ခဲ့တဲ့သူက ဒီလူပေါ့။ ကျန်းမိသားစုက အဘိုးကြီးကတော့ တကယ်ပဲ အလကား သေသွားခဲ့ရတာပဲ ‘
“ဒါဆို သခင်လေးချောင် ဖြစ်နေတာကိုး။ ကျွန့်တော်ရဲ့ မြို့ငယ်လေးကို ဘာကိစ္စနဲ့များ ကြွလာရတာလဲဆိုတာ သိခွင့်ရှိမလားခင်ဗျာ။”
ချောင်ရို့ချန်က ပခုံးတွန့်လိုက်၏။ “လမ်းကြုံလို့ ဝင်လာတာ။ ဒါမှမဟုတ် မင်းလို မျိုးဆက်သစ်တစ်ယောက်က မင်းရဲ့ ဘိုးဘေး စုန့်ကျောက်ယီရဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်ချင်လို့လား”
ထိုအခါ စုန့်ခွေ၏ မျက်နှာမှာ ထပ်မံပြောင်းလဲသွားပြန်သည်။ သူ၏ ဖခင်မှာ စုန့်မျိုးနွယ်စုတွင် သားသမက်မျှသာဖြစ်ပြီး၊ ယွမ်လင်မြို့ရှိ ကြီးမြတ်သော မိသားစုကြီးလေးခုတွင် သူ၏အဆင့်အတန်းမှာလည်း မြင့်မားလှသည် မဟုတ်ချေ။
ထို့ကြောင့်ပင် သူသည် ဤနေရာ၌ မြို့စားအဖြစ် စေလွှတ်ခြင်းခံရခြင်းပင်။ သူသည် စုန့်ကျောက်ယီ၏ ကိစ္စများတွင် ဝင်ရောက်စွက်ဖက်ရန် အမှန်တကယ် မဝံ့ရဲပေ။
သို့သော် ယနေ့ ဂိုဏ်းအတွင်း ပျံ့နှံ့နေသော ကောလာဟလများကို သတိရလိုက်သဖြင့် သူက မနေနိုင်ဘဲမေးလိုက်၏။ “သခင်လေးချောင်ကလည်း ကျွန်ုပ်ရဲ့ အဖွားလေးကို ရှာဖို့ လာခဲ့တာလားခင်ဗျာ”
“ဟုတ်တယ်။ မင်း အားနေရင် လမ်းပြပေးစမ်းပါ။”
ချောင်ရို့ချန်က စုန့်ခွေ၏ မြို့စားဟူသော ရာထူးကို အနည်းငယ်မျှ ဂရုမစိုက်ဘဲ သဘာဝအတိုင်းပင် ပြောလိုက်သည်။
“ကောင်းပါပြီခင်ဗျာ။ ဒီဘက်က ကြွပါ လူကြီးမင်းတို့။”
စုန့်ခွေသည် ချောင်ရို့ချန်နှင့် ယဲ့ပေ့ရွှမ်တို့ကို မြို့ထဲသို့ ရိုသေစွာ လမ်းပြခေါ်ဆောင်သွားလေသည်။
ကျားစီးလာသော ချောင်ရို့ချန်သည် ရုတ်တရက် တစ်ခုခုကို သတိရသွားဟန်ဖြင့် မေးလိုက်လေ၏။
“နေဦး ခုနက မင်းပြောတဲ့ ‘သခင်လေးလည်း’ ဆိုတာက ဘာကို ဆိုလိုတာလဲ”
***