ချွင်
ထိုအသံကို ကြားလိုက်ရသည်နှင့် စုန့်ကျောက်ယီ၏လက်ထဲမှ ဓားသည် လွတ်ကျသွားပြီး မြေပြင်ပေါ်သို့ အသံမြည်ကာ ကျသွားတော့သည်။ သူမသည် အသံလာရာဘက်သို့ လှည့်ကြည့်ရင်း ဟစ်အော်လိုက်မိ၏။
“အစ်ကိုချန်”
ရောက်ရှိနေသူအားလုံး၏ အာရုံသည် ချောင်ရို့ချန်ထံသို့ စုပြုံရောက်ရှိသွားကြသည်။
ခဏတာမျှ ဆူညံနေသော လူအုပ်ကြီးမှာ လုံးဝ တိတ်ဆိတ်သွား၏။ အရာအားလုံးထက် အထက်စီးဆန်သော အရှိန်အဝါဖြင့် ရပ်နေသည့် ထိုမောက်မာလှသော အမျိုးသားကို ကြည့်ရင်း လူတိုင်း၏နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု တိုးဝင်လာကြသည်။
သူ့ဘေးတွင် ရပ်နေသော မြို့စားယွမ်လင်ပင်လျှင် ဆွံ့အသွားရ၏။ သခင်လေးချောင်သည် ဤမျှအထိ ရဲတင်းလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။ ဤသည်မှာ မရေမတွက်နိုင်သော ယွမ်လင်ဂိုဏ်းတပည့်များ လုပ်ဆောင်ရန် အိပ်မက်မက်ခဲ့ကြသည့် အရာပင် ဖြစ်သည်။
သို့သော်လည်း သခင်လေးချောင်ကမူ မည်သည့်တုံ့ဆိုင်းမှုမျှမရှိဘဲ လုပ်ဆောင်ခဲ့လေသည်။ မြင့်မြတ်မြေမှ ဆင်းသက်လာသော ပါရမီရှင်တစ်ဦးပီသပေစွ။
စင်မြင့်ထက်တွင်မူ လုံရန်၏မျက်နှာမှာ အလွန်အမင်း ကြည့်ရဆိုးနေ၏။ မိမိလက်ဖဝါးထဲသို့ ရောက်ခါနီး ဆုလာဘ်ကြီးကို ဤသို့ လုယူခြင်းခံလိုက်ရမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူက ခက်ထန်စွာ အော်လိုက်သည်။ “လုံမျိုးနွယ်စုနဲ့ စုန့်မျိုးနွယ်စုကြားက အိမ်ထောင်ရေးကိစ္စမှာ ဝင်စွက်ဖက်ရအောင် မင်းက ဘာကောင်လဲ။ မင်းရဲ့ ဘိုးဘေးတွေပါ ဒီကိစ္စအတွက် တာဝန်ယူရမှာကို မကြောက်ဘူးလား။”
ချောင်ရို့ချန်က အလွန်တရာ ထောင်လွှားသောအမူအရာဖြင့် အသံကျယ်ကျယ် ကြေညာလိုက်၏။ “လုံမျိုးနွယ်စုနဲ့ စုန့်မျိုးနွယ်စုဆိုတာ ဘာမှမဟုတ်ဘူး။ ငါ ချောင်ရို့ချန်က တစ်ယောက်ယောက်ကို ခေါ်သွားချင်ပြီဆိုရင် သိကြာမင်းကိုယ်တိုင် ဆင်းတားရင်တောင် တားနိုင်မှာမဟုတ်ဘူး”
ပတ်ဝန်းကျင်မှ လူအုပ်ကြီးမှာ အသက်ရှူပင် မှားသွားကြရသည်။ ဒီလူက ဘယ်သူမို့လို့လဲ။
စုန့်မျိုးနွယ်စုကိုပါ ဆွဲထည့်လိုက်တာလား။ ဒါကတော့ လွန်သွားပြီ။
“ချောင်ရို့ချန်”
လုံရန်၏ အမူအရာမှာ ပြောင်းလဲသွား၏။ “မင်းက ဝမ်တောက်ကျောင်းတော်က ချောင်ရို့ချန်လား။”
“ငါ ဘယ်သူလဲဆိုတာ သိပြီဆိုရင်တော့” ချောင်ယို့ချန်းက ပြုံးစိစိဖြင့် ဆက်ပြောသည်။ “နောက်ဘာလုပ်ရမလဲဆိုတာ မင်း သိသင့်ပြီ မဟုတ်လား။”
“ဟင်း”
လုံရန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ “ဝမ်တောက်ကျောင်းတော်က ဒီလို အောက်တန်းစားတွေကို မွေးထုတ်ပေးနေတာကိုး။ သူများရဲ့ စေ့စပ်ထားတဲ့ မိန်းကလေးကို လုယူတဲ့ကောင်။”
“ဟက်။”
ချောင်ရို့ချန်က ရယ်မောလိုက်သည်။ “ရှောင်ယီက မင်းရဲ့ စေ့စပ်ထားသူမို့လို့ မင်းအပိုင်လို့ ပြောတာလား။ ကဲ... သူမကို လှမ်းခေါ်ကြည့်လိုက်လေ၊ သူမ ပြန်ထူးမလားလို့။”
လုံရန် - “…”
စုန့်ကျောက်ယီကလည်း ဝင်ပြောလိုက်၏။ “ဟုတ်တယ်။ ငါက နင့်ကို လက်ထပ်ဖို့ ဘယ်တုန်းကမှ သဘောမတူခဲ့ဘူး၊ စုန့်မျိုးနွယ်စုကလည်း ငါ့ကိုပဲ ပေးရမယ်လို့ မပြောထားဘူး။ စုန့်မျိုးနွယ်စုမှာ တရားဝင်သမီးတွေ အများကြီးရှိတာပဲ။ နင် နိုင်သွားပြီဆိုမှတော့ တခြားသမီးတစ်ယောက်ကို လွှတ်ခိုင်းလိုက်ပေါ့။”
“မင်း... မင်းတို့”
လုံရန်မှာ သူတို့နှစ်ဦး၏ စကားကြောင့် ဆွံ့အသွားရတော့သည်။
ချောင်ရို့ချန်၏နောက်မှ ကြည့်နေသော ယဲ့ပေ့ရွှမ်မှာလည်း အံ့အားသင့်နေ၏။ ‘ဘာလို့ ဒုတိယအစ်ကိုကြီးကပဲ တစ်ကျော့ပြန်မွေးဖွားလာသလို ခံစားနေရတာလဲ။ ငါကပဲ အတုကြီး ဖြစ်နေသလိုပဲ...’
ထိုအခိုက်တွင် စုန့်မျိုးနွယ်စုမှ အကြီးအကဲတစ်ဦးက အချိန်ကိုက် ရှေ့သို့တက်လာပြီး ပြောလိုက်သည်။ “မှန်တယ်။ လုံမျိုးနွယ်စုက လူငယ်လေးရေ... ငါတို့ စုန့်မျိုးနွယ်စုက ကတိတည်ပါတယ်။ ရှောင်ယီမှာ တာအိုအဖော် ရှိနေပြီဆိုတော့ တခြားတစ်ယောက်ကိုပဲ ရွေးလိုက်ပါ။ ငါတို့က အိမ်ထောင်ရေးကတိကဝတ်ကို မဖြည့်ဆည်းပေးဘူးလို့ မပြောပါဘူး။မင်းတို့ လုံမျိုးနွယ်စုကမှ ပန်းတိုင်ကို အမြင့်ကြီး ထားနေတာ။”
ထိုစကားကြောင့် ခုနကအထိ ကိုယ်ကျင့်တရားအရ အသာစီးရနေသော လုံရန်မှာ ချက်ချင်းပင် ဝေဖန်မှုများ၏ ပစ်မှတ်ဖြစ်သွားတော့သည်။
ယွမ်လင်ဂိုဏ်းတပည့်များက အော်ဟစ်ကြတော့၏။
“ဟုတ်တယ် ကိုယ့်ကိုယ်ကိုယ်လည်း ပြန်ကြည့်ဦး။ မင်းက စီနီယာအစ်မ ကျောက်ယီနဲ့ တန်လို့လား။”
“အတိအကျပဲ မင်းက ဘာမို့လို့ စီနီယာအစ်ကိုကြီးချောင်နဲ့ ယှဉ်ချင်နေရတာလဲ။”
“စုန့်မျိုးနွယ်စုက မင်းကို မျက်နှာသာပေးတာတောင် မင်းက အထက်စီးချင်နေသေးတာလား။ အိပ်မက်မက်နေလိုက်ဦး။”
ရောက်ရှိနေသူများမှာ ငတုံးများ မဟုတ်ကြချေ။ စုန့်ကျောက်ယီကဲ့သို့ ယွမ်လင်၏ ထိပ်တန်းပါရမီရှင်တစ်ဦးသည် မြင့်မြတ်နယ်မြေမှ ပါရမီရှင် ချောင်ရို့ချန်နှင့် လက်ထပ်ခြင်းကသာ ယွမ်လင်ဂိုဏ်းအတွက် ဂုဏ်ယူစရာဖြစ်ပေလိမ့်မည်။
လုံရန်မှာ သွားများကို တင်းတင်းကြိတ်ထားပြီး ဒေါသကြောင့် မျက်နှာမှာ ပုံပျက်ပန်းပျက် ဖြစ်နေ၏။ သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး စိတ်ထဲမှ အော်ဟစ်လိုက်သည်။ ‘ဓားအဖိုး၊ ကျွန်တော် အဲဒီ ချောင် ဆိုတဲ့ကောင်ကို သတ်ချင်တယ်’
“သတ်နိုင်တာပေါ့” ဓားအဖိုးက အေးစက်စွာ ပြန်ဖြေ၏။ “မင်းရဲ့ စိတ်နှလုံးကိုတောင် မတည်ငြိမ်အောင် မလုပ်နိုင်ရင် အမြင့်ဆုံးဓားသိုင်းကို ဘယ်လိုကျင့်ကြံမလဲ။ ဒါ့အပြင် မင်းက ဒီလိုပါရမီရှင်တွေနဲ့ တစ်နေ့တွေ့ရမှာပဲ။ သူ့ကို မင်း နာမည်ကြီးဖို့အတွက် နင်းခြေရမယ့် လှေကားထစ်အဖြစ် အသုံးချလိုက်စမ်း။”
ထိုစကားကို ကြားလိုက်ရသည့်အခါ လုံရန်၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြန်လည်ပေါ်ပေါက်လာသည်။ သူသည် ချောင်ရို့ချန်ကို လက်ညှိုးထိုးပြကာ အော်ဟစ်လိုက်၏။
“ချောင်... မင်း ငါနဲ့ တိုက်ရဲလား။”
ချောင်ရို့ချန်က ပြုံးလိုက်သည်။ “ဘာလို့ မတိုက်ရဲရမှာလဲ။”
ယဲ့ပေ့ရွှမ်က အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ပြောလိုက်သည်။ “ဒုတိယအစ်ကိုကြီး၊ သတိထားပါ။ အဲဒီကောင်ရဲ့နောက်ကွယ်မှာ တစ်ခုခု ရှိနေနိုင်တယ်။ အဲဒီအဘိုးကြီးက လှုပ်ရှားလာရင် အစ်ကိုကြီး”
စကားမဆုံးခင်မှာပင် ချောင်ရို့ချန်က လက်မြှောက်၍ တားလိုက်ပြီး လှောင်ပြုံးပြုံးလိုက်၏။
“ညီလေး... မင်း ငါတို့ဆရာ့ရဲ့ ဓားဆန္ဒကို မမြင်ဖူးသေးဘူး မဟုတ်လား။ အဲဒီ မိစ္ဆာအိုကြီးက လှုပ်ရှားရဲရင်တော့ ငါ သူ့ကို အမှုန့်ဖြစ်သွားအောင် လုပ်ပစ်မယ်။ ငါ့မှာလည်း အစွမ်းထက်တဲ့ ဆရာရှိတာပဲလေ။”
ထိုသို့ပြောပြီးနောက် ချောင်ရို့ချန်သည် ကျားကျောပေါ်မှ ခုန်ဆင်းကာ စင်မြင့်ထက်သို့ ပျံတက်သွားလေသည်။
သူသည် စုန့်ကျောက်ယီအနားသို့ ချဉ်းကပ်ကာ တိုးတိုးလေး ပြောလိုက်၏။ “အောက်ကို ဆင်းပြီး ဒဏ်ရာကို ကုလိုက်ပါ။ ပြီးရင် ငါ့အတွက် လက်ဖက်ရည်တစ်အိုး ဖျော်ထားပေးပါ။ အဲဒါ အဆင်သင့်ဖြစ်တဲ့အချိန်မှာ ငါ သူ့ခေါင်းကို ယူခဲ့ပေးမယ်။”
မောက်မာလိုက်တာ။ အတိုင်းထက်အလွန် မောက်မာလှပေစွ။
ထိုအခိုက်အတန့်တွင် စုန့်ကျောက်ယီ၏ နှလုံးသားမှာ ဒိန်းခနဲ ခုန်သွားရသည်။ မည်သည့်အမျိုးသမီးက ဤသို့သော အခိုက်အတန့်ကို ခုခံနိုင်မည်နည်း။
သူမက ခေါင်းကို အသာအယာ ညိတ်လိုက်၏။
“ကောင်းပါပြီ၊ အစ်ကိုချန်။”
လုံရန်မှာ ထိုမြင်ကွင်းကို ကြည့်ရင်း ဒေါသများ ငြိမ်းသတ်သွားပြီး အေးစက်သော ဂရုမစိုက်မှုများသာ ကျန်ရစ်တော့သည်။
သေမည့်သူတစ်ယောက်အတွက် အငြင်းပွားနေရန် မလိုတော့ပေ။
စင်မြင့်ပေါ်မှ ဆင်းပြီးနောက် စုန့်ကျောက်ယီသည် သူမ၏ သိုလှောင်လက်စွပ်ထဲမှ လက်ဖက်ရည်အိုးတန်ဆာပလာများကို ထုတ်ယူကာ လက်ဖက်ရည် စတင်ဖျော်တော့၏။
စင်မြင့်ထက်တွင်မူ ချောင်ရို့ချန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် လုံရန်ကို အထက်စီးမှ ငုံ့ကြည့်နေလေသည်။
“မင်း အရင်တိုက်စမ်း။”
လုံရန်က ပြန်မဖြေဘဲ စိတ်အာရုံဖြင့်သာ အော်ဟစ်လိုက်၏။ “ဓားအဖိုး။ ကျွန်တော့်ကို ကူညီပါ”
နောက်တစ်စက္ကန့်တွင် သူ၏ အရှိန်အဝါ တစ်ခုလုံး လုံးဝပြောင်းလဲသွားတော့သည်။
စင်အောက်ရှိ လူအုပ်ကြီးမှာ ထိုမြင်ကွင်းကြောင့် မျက်နှာများ ဖြူဖျော့ကုန်ကြပြီး ယွမ်လင်အကြီးအကဲများပင် မျက်မှောင်ကြုတ်လိုက်မိကြ၏။ ဤလူငယ်တွင် ထူးဆန်းသောအရာ တစ်ခုခု ရှိနေသည်။
ယဲ့ပေ့ရွှမ်က အော်ပြောလိုက်သည်။ “ဒုတိယအစ်ကိုကြီး၊ သတိထား”
သို့သော်လည်း ချောင်ရို့ချန်ကမူ တည်ငြိမ်စွာပင် သူ၏ဆရာ ပေးထားသော ဓားကျောက်စိမ်းကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူလိုက်၏။
“သေစမ်း”
လုံရန်က ဟိန်းဟောက်လိုက်ပြီး ဓားကို ရှေ့သို့ ခုတ်ချလိုက်လေသည်။
ချောင်ရို့ချန်က လှောင်ပြုံးပြုံးလိုက်၏။ “အကောင်အိုကြီးရာ... မင်းမှာ ဒီလောက်ပဲ ရှိတာလား။ခုတ်လိုက်စမ်း”
သူက ပြောပြောဆိုဆိုဖြင့် သူ၏ ဝိညာဉ်စွမ်းအင်များကို ဓားကျောက်စိမ်းအတွင်းသို့ ထည့်သွင်းကာ လုံရန်ထံသို့ ဦးတည်လိုက်လေသည်။
ကြည်လင်သော ဓားသံတစ်ခု ပဲ့တင်ထပ်သွား၏။ ဓားကျောက်စိမ်းထဲမှ ကမ္ဘာကြီးကို တုန်လှုပ်စေမည့် တောက်ပလှသော ဓားချီ တစ်ခု ပေါက်ကွဲထွက်လာတော့သည်။
ထိုဓားစွမ်းအင်သည် ဓားရှည်တစ်စင်းကို ကိုင်ဆောင်ထားသော ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တစ်ချက်တည်းနှင့် ခုတ်ချလိုက်လေသည်။
အားအနည်းငယ်မျှဖြင့်ပင် လုံရန်၏ မီးတောက်မိစ္ဆာဓားချီကို အမှုန့်ဖြစ်သွားစေပြီးနောက် သူ့ထံသို့ တိုက်ရိုက် ဦးတည်သွားတော့သည်။
“ဓားသိုင်းရဲ့ အနှစ်သာရ ဒါ... ဒါက သူတော်စင်တစ်ပိုင်း ရဲ့ တိုက်ခိုက်မှုပဲ”
လုံရန်၏ အသက်အရွယ်နှင့် မလိုက်ဖက်သော ထိတ်လန့်တကြား အသံတစ်ခု သူ၏ပါးစပ်မှ ထွက်ပေါ်လာ၏။ နောက်တစ်စက္ကန့်တွင် ဓားအဖိုးသည် လုံရန်၏ ကိုယ်ထဲမှ ထွက်ပြေးကာ လက်စွပ်ထဲသို့ ပြန်ဝင်ရန် ကြိုးစားလေသည်။
သို့သော် ဓားအဖိုး မမျှော်လင့်ထားသည်မှာ ထိုဓားချက်သည် လုံရန်တွင် မရပ်တန့်ဘဲ လက်စွပ်ဆီသို့ပါ လိုက်လံခုတ်ချလိုက်ခြင်းပင်။
ဘန်း
လက်စွပ်မှာ ကြေမွသွားပြီး ဝိညာဉ်ရိပ်တစ်ခု လွင့်ထွက်လာ၏။
“မလုပ်ပါနဲ့”
ထိုဝိညာဉ်က အသနားခံရန်ပင် အချိန်မရလိုက်ဘဲ ဓားစွမ်းအင်က ထိုးဖောက်သွားလေသည်။ လူတိုင်း၏ မျက်စိရှေ့တွင်ပင် ၎င်းမှာ လုံးဝဥဿုံ ပျက်စီးကွယ်ပျောက်သွားတော့သည်။
တိတ်ဆိတ်ခြင်း။ စင်မြင့်ပတ်ဝန်းကျင်တစ်ခုလုံးတလင်းမြေကဲ့သို့ တိတ်ဆိတ်သွားရသည်။
လုံရန်၏ အရှိန်အဝါများ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်ကို ချောင်ရို့ချန် မြင်လိုက်ရ၏။ သူသည် တုံ့ဆိုင်းမနေဘဲ ဓားကျောက်စိမ်းကို စင်ပေါ်မှ ပစ်ချလိုက်ရာ ၎င်းမှာ စုန့်ကျောက်ယီ၏ ရှေ့သို့ တည့်တည့်ကျသွားလေသည်။
သူက မောက်မာစွာ ကြေညာလိုက်၏။ “အခုတော့ မဆိုင်တဲ့လူတွေကို ရှင်းပြီးပြီဆိုတော့ ယောက်ျားစစ်စစ်တွေ တိုက်ကြရအောင်လေ”
လုံရန်မှာ မှင်သက်ရာမှ သတိပြန်ဝင်လာပြီး တီးတိုးရေရွတ်နေမိသည်။ “မဖြစ်နိုင်ဘူး... ဓားအဖိုးက ဓားသူတော်စင် တစ်ယောက်လေ။ မင်းလို ကောင်းကင်ဇစ်မြစ်အဆင့်က လူတစ်ယောက်က သူ့ကို ဘယ်လိုလုပ် ဖျက်ဆီးနိုင်မှာလဲ။”
ချောင်ရို့ချန်က နှာခေါင်းရှုံ့လိုက်သည်။ “သေနေတာ ဘယ်လောက်တောင် ကြာပြီလဲမသိတဲ့ အလောင်းအိုကြီးလား။ အဲဒီလိုလူက မင်းလို အမှိုက်မျိုးကိုပဲ လှည့်စားနိုင်မှာပါ။ ငါ့ရှေ့လာရင်တောင် မျက်လုံးနဲ့ တစ်ချက်တောင် ကြည့်မှာမဟုတ်ဘူး။”
“မင်း... မင်း...”
လုံရန်မှာ လုံးဝ စိတ်ဓာတ်ကျသွားပြီး သူ၏ မောက်မာမှုများမှာ ထိတ်လန့်တုန်လှုပ်မှုများအဖြစ် ပြောင်းလဲသွားတော့သည်။
သို့သော် ချောင်ရို့ချန်ကမူ ဆက်လက်တိုက်ခိုက်ခြင်း မပြုသေးပေ။
“ဘာလဲ။ ကြောက်သွားပြီလား။ ကြောက်ရင်လည်း ဒူးထောက်ပြီး အသနားခံလိုက်လေ။ ငါ မင်းအသက်ကို ချမ်းသာပေးဖို့ စဉ်းစားပေးကောင်း ပေးနိုင်လိမ့်မယ်။”
စကားလုံးတိုင်းသည် လုံရန်၏ ဂုဏ်သိက္ခာကို ဓားနှင့်မွှန်းနေသကဲ့သို့ပင်။ အရှက်ရမှုနှင့် နာကျည်းမှုတို့က ကြောက်ရွံ့မှုကို ချက်ချင်း လွှမ်းမိုးသွားတော့သည်။
“ငါ မင်းကို အစွမ်းကုန် တိုက်ခိုက်မယ်။ နဂါးပျံ ကိုးဆင့်အသွင်ပြောင်းခြင်း”
လုံရန်သည် လေထဲသို့ မြင့်မားစွာ ခုန်တက်လိုက်၏။ သူ၏ ကျင့်ကြံမှုမှာ စစ်မှန်ကံကြမ္မာအဆင့်ကို ကျော်လွန်ကာ ကောင်းကင်ဇာစ်မြစ်အဆင့်သို့ ရောက်ရှိသွားပြီး နဂါးအရှိန်အဝါဖျော့ဖျော့က သူ့ကို ဝန်းရံသွားလေသည်။
ချောင်ရို့ချန်က ရယ်မောလိုက်သည်။ “အခုမှပဲ ယောက်ျားတစ်ယောက်နဲ့ တူတော့တယ်။ ဒါဆိုရင်တော့ ငါ မင်းကို အမြင့်ဆုံးသော ဂုဏ်ပြုမှု ပေးရမှာပေါ့။”
ပြောပြောဆိုဆိုဖြင့် သူ၏ အရှိန်အဝါမှာလည်း ပြောင်းလဲသွား၏။ နတ်ဘုရားအလင်းတန်းများက သူ၏ခန္ဓာကိုယ်ကို ဝန်းရံသွားတော့သည်။
ထိုနေရာ၌ ရပ်နေရုံမျှဖြင့် သူသည် စစ်နတ်ဘုရားတစ်ပါးနှင့် တူလှပေ၏။ လွှမ်းမိုးထားသော နတ်ဘုရားအရှိန်အဝါကြောင့် ကြည့်နေသူတိုင်း၏ နှလုံးသားမှာ တုန်လှုပ်ကုန်ကြရသည်။
“နတ်ဘုရားခန္ဓာ... အစ်ကိုကြီးချောင် အလေးအနက်ထားနေပြီ။”
ယဲ့ပေ့ရွှမ်က မနေနိုင်ဘဲ လွှတ်ခနဲ ပြောလိုက်မိ၏။
“ပျံလွှားနဂါး”
“ပြင်းထန် တာအိုနတ်ဘုရားလက်သီး”
လူတိုင်း၏ မျက်လုံးများသည် စင်မြင့်ထက်သို့ ရောက်ရှိသွားကြသည်။
နဂါးတစ်ကောင်သည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး လက်သီးအစုံက ၎င်းကို တားဆီး၍မရသော အရှိန်ဖြင့် ထိုးနှက်လိုက်လေတော့သည်။
ဝုန်း
နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ တိုက်ပွဲမှာ အဆုံးသတ်သွားခဲ့၏။
ဤတိုက်ပွဲသည် အောင်နိုင်မှုကိုသာ ဆုံးဖြတ်ခဲ့သည်မဟုတ်။ အသက်ရှင်ခြင်းနှင့် သေဆုံးခြင်းကိုပါ တစ်ပါတည်း ဆုံးဖြတ်ပေးလိုက်ခြင်းပင် ဖြစ်တော့သည်။
***