"အင်း... ဟုတ်တယ်၊ အခု သူက သစ်ပင်အိမ်ထဲမှာ ရှိနေတယ်။ ဒါပေမဲ့ အဲဒါက အားနည်းနေတဲ့ သူ့ကို လမ်းသွားလမ်းလာ ရန်သူတွေ သတ်မသွားအောင် ကာကွယ်ပေးထားတာပါ။ ဘာပဲဖြစ်ဖြစ် စာချုပ်တစ်ခုတောင် အကုန်ခံထားရတာကိုး"
"ဟွန်း...ဒါဆို ရှင်တို့နှစ်ယောက်ကြားမှာ တကယ်ပဲ ဘာမှမဖြစ်ခဲ့ဘူးပေါ့"
"မဖြစ်ပါဘူးဆို့ကွာ"
ရွှီရှင်းက သူမဘက်သို့ လက်ကမ်းပေးလိုက်ရင်း....
"အောက်မှာ ဘာလုပ်နေမှာလဲ။ ငါက နေရာ လာကြည့်တာပါ၊ အခု မြောက်ဘက်ကို ဆက်သွားရအောင်"
လီဝမ်ရှီးသည် တစ်ဖက်က သက်သောင့်သက်သာ အိပ်ပျော်နေသော ခဲခဲကို ပိုက်ထားပြီး ကျန်တစ်ဖက်ကတော့ ရွှီရှင်း၏ လက်ကို လှမ်းကိုင်လိုက်သည်။
ရွှီရှင်းက အားစိုက်ပြီး အသာအယာ ဆွဲတင်လိုက်ရာ သူမသည် ငွေရောင်ဘုရင်၏ ကျောပေါ်တွင် ဘေးတစောင်း ထိုင်လျက်သား ဖြစ်သွား၏။
"ငါ့ပုံပြင်ကို ဘယ်လိုသဘောရလဲ။ မင်းအကြိုက် တွေ့ရဲ့လား"
ရွှီရှင်းက သူမ၏ ဘေးတစောင်း ပုံရိပ်လေးကို ကြည့်ကာ ပြုံးလျက် မေးလိုက်၏။
"ဟီးဟီး... ကောင်းပါပြီ၊ ရှင့်ကို ယုံလိုက်ပါ့မယ်"
လီဝမ်ရှီးက ရယ်မောလိုက်ပြီး ခြေထောက်ကို မြှောက်ကာ ငွေရောင်ဘုရင်ကို ခွစီးလိုက်တော့သည်။
ရွှီရှင်း စကားမပြောရသေးခင်မှာပင် လီဝမ်ရှီးက ခဲခဲကို ပိုက်ထားရင်း လက်တစ်ဖက်ဖြင့် မြောက်ဘက်သို့ ညွှန်ပြကာ ရွှီရှင်း၏ လေသံကို တုပ၍ အမိန့်ပေးလိုက်သည်။
"ငွေရောင်ဘုရင်... မြောက်ဘက်ကို၊ သွားကြစို့"
"အူးးးး"
ငွေရောင်ဘုရင်က ဝံပုလွေဟောင်သံ တစ်ချက်ပေးကာ မြေပြင်မှ ကြွလိုက်ပြီး တောအုပ်ထဲသို့ တစ်ဖန် ပြန်လည် တိုးဝင်သွားတော့၏။
"အမေ့..."
သူမသည် ရွှီရှင်း ဖက်တာကို မခံထားရသဖြင့် ငွေရောင်ဘုရင်၏ ရုတ်တရက် ကွေ့ဝိုက် အရှိန်တင်လိုက်မှုကြောင့် ပြုတ်ကျလုနီးပါး ဖြစ်သွားရသည်။
ကံကောင်းထောက်မစွာဖြင့် ရွှီရှင်းက သူမကို အချိန်မီ လှမ်းဖမ်းလိုက်နိုင်၏။
"အီး"
ခဲခဲမှာလည်း ချက်ချင်း နိုးလာပြီး ဘာဖြစ်မှန်းမသိဘဲ သူမ၏ ခေါင်းလေးကို ဟိုဟိုဒီဒီ လှည့်ကြည့်နေလေတော့သည်။
ရွှီရှင်းကတော့ ငွေရောင်ဘုရင်ကို ဘာပြောရမှန်းမသိသည့် အမူအရာဖြင့် ကြည့်လိုက်မိ၏။
ဒီကောင်က လီဝမ်ရှီး ခိုင်းတာကို တကယ်ပဲ နားထောင်နေတာလားဟ။
တခြားသူ ခိုင်းတာကို နာခံတတ်လို့လား။
မဖြစ်နိုင်ပါဘူး။
ငွေရောင်ဘုရင်က အသိဉာဏ်မဲ့တဲ့ ဝံပုလွေမှ မဟုတ်တာ၊ သူ့မှာ ကိုယ်ပိုင် အတွေးရှိပါတယ်။
ဖြစ်နိုင်တာက စောစောက ငါ မြောက်ဘက်ကို သွားမယ်လို့ ပြောတာကို သူ ကြားထားလို့ လီဝမ်ရှီး ပြောတဲ့အချိန်မှာ လိုက်လုပ်ပေးလိုက်တာ ဖြစ်မှာပါ။
ဘာပဲဖြစ်ဖြစ် လီဝမ်ရှီး စိတ်ကြည်သွားပြီဆိုတော့ အဆင်ပြေသွားပေသည်။
ဒီသူဌေးမလေးက ချော့ရတာ တကယ်လွယ်တာပဲ...။
"အဲ... ဟို... ကျေးဇူးပါပဲ"
လီဝမ်ရှီး အနည်းငယ် ရှက်သွားမိသည်။
သူမကြောင့် သူမရော ခဲခဲပါ ပြုတ်ကျတော့မလို့ကိုး..။
"နောက်ဆုံးတော့ စိတ်မကောက်တော့ဘူးပေါ့"
"စိတ်ကောက်တယ်... ဘာစိတ်ကောက်ရမှာလဲ၊ ကျွန်မ စိတ်မကောက်ပါဘူး"
လီဝမ်ရှီးက မျက်နှာလွှဲလိုက်ပြီး ဇွတ်ငြင်းနေတော့၏။
"ကောင်းပါပြီ။ တကယ်လို့ ဒီသစ်ပင်အိမ်ရဲ့ မြောက်ဘက်က သွားလို့မရဘူးဆိုရင် ငါ့အိမ်ရဲ့ မြောက်ဘက်ကနေ စမ်းကြည့်ရမယ်။ ငါ့အိမ်နားက ဖြတ်သွားရင် မင်းကို အိမ်ထဲ ခေါ်ပြမယ်လေ"
"တကယ်လား။ ရှင့်ရဲ့ ဒီလောက်ကြီးတဲ့ သစ်ပင်အိမ်ကြီးကို ဘယ်လိုမျိုး အခန်းတွေ ခွဲထားလဲဆိုတာ ကျွန်မ တကယ် မြင်ဖူးချင်နေတာ"
လီဝမ်ရှီး ချက်ချင်း စိတ်လှုပ်ရှားသွားပြီး သူ့ကို ပြုံးလျက် လှမ်းကြည့်လိုက်ပြန်သည်။
"ဒါ့အပြင် ရှင်ပြောတဲ့ အဲဒီမိန်းကလေးက ဘယ်လောက်တောင် လှလဲဆိုတာကိုလည်း ကြည့်ချင်သေးတယ်"
ရွှီရှင်း : "..."
လုဖေးအာကတော့ လီဝမ်ရှီးရှေ့မှာ သနားစရာကောင်းတဲ့ ပုံစံဖမ်းပြီး ပေါက်ကရတွေ လျှောက်ပြောနေဦးမှာပဲလို့ သူ ခံစားနေမိ၏။
တကယ်လို့ သူမသာ အဲဒီလို လုပ်ရဲရင်တော့ လက်ကောက်ထဲပဲ ပြန်ထည့်ထားလိုက်တော့မယ်...။
ဒါပေမဲ့ အဲဒါကလည်း တစ်မျိုးပဲ....။
အပြစ်ရှိလို့ ဖုံးကွယ်ထားသလိုမျိုး ဖြစ်နေဦးမယ်...။
ရုတ်တရက် ကျိချောင်းယန်ကိုတောင် သူ သတိရသွားမိသည်။
ထားလိုက်ပါတော့လေ၊ ရောက်မှ မီးစင်ကြည့်ကရမှာပဲ။
"လမ်းက ပွင့်ချင်မှလည်း ပွင့်မှာပါ၊ ရှေ့မှာ လမ်းကောင်းရဲ့လား ကြည့်ရအောင်"
ရွှီရှင်းက ရှေ့သို့ ညွှန်ပြလိုက်၏။
သိပ်မဝေးလှသော နေရာတွင် စိမ်းလန်းစိုပြည်နေသော နေရာတစ်ခု ရှိနေပြီး ၎င်းမှာ အသက်ရှင်နေသော သစ်ပင်အိမ်တစ်ခုပင်။
"လမ်းပွင့်နေရင်တော့ အကောင်းဆုံးပဲ။ ရှေ့က အိမ်က ငါတို့ နယ်မြေ ၁၈၈ က လူ ဖြစ်နိုင်တယ် မဟုတ်လား"
ရှင်ကျန်သူများ တစ်လှည့်စီ ရှိနေသည့် ပုံစံအရဆိုလျှင် ထိုသစ်ပင်အိမ်တွင် နေထိုင်သူမှာ နယ်မြေ ၁၈၈ က ရှင်ကျန်သူပင်။ ဆိုလိုသည်မှာ သူတို့ဘက်တော်သား ဖြစ်ရမည်။
အကယ်၍ အဲဒီကို သွားလို့ရမယ်ဆိုလျှင် သူတို့နဲ့ စကားပြောကြည့်ပြီး ပူးပေါင်းချင်လား မေးကြည့်လို့ ရ၏။
သူတို့သာ သဘောတူရင် ချီရွှယ်ဖေးဆီက အပြန် သူတို့ကိုပါ တစ်ပါတည်း ခေါ်သွားရမည်။
သူတို့ရဲ့ သစ်ပင်အိမ်ကို တူးထုတ်ပြီး ကပ်ပါးအိမ်အဖြစ်နဲ့ လိုက်လာလို့ ရ၏။
ငွေရောင်ဘုရင်ကတော့ အရှိန်မလျှော့ဘဲ ရှေ့သို့ ပြေးလွှားနေပြီး ခဲခဲကတော့ လီဝမ်ရှီး၏ ရင်ခွင်ထဲတွင် ပြန်လည် အိပ်စက်နေချေပြီ။
"ငါတို့ အခု အဲဒီအိမ်ရဲ့ အကာအကွယ်ဇုန်ထဲကို ရောက်နေပြီ ထင်တယ်"
ရွှီရှင်းက အကွာအဝေးကို တွက်ချက်ရင်း မလှမ်းမကမ်းက သစ်ပင်အိမ်ကို ကြည့်ကာ ပြောလိုက်သည်။
သူ့စိတ်ထဲမှာ မြေပုံတစ်ခု ပေါ်လာသည်၊ မြောက်ဘက်ကို သူ တစ်ခါမှ မရောက်ဖူးသေးသဖြင့် မြေပုံမှာ မှောင်နေဆဲပင်။
သို့သော် ယခုအခါ သူတို့သည် တူးထုတ်ထားသော သစ်ပင်အိမ်နေရာမှ ၃ ကီလိုမီတာတောင် ကျော်လွန်လာပြီ ဖြစ်ရာ ထိုအိမ်၏ ဟန်ပြအကာအကွယ်ဇုန်ထဲမှ ထွက်လာပြီဟု ဆိုနိုင်သည်။
သူတို့ တိုက်ခိုက်ခြင်း မခံရသေးသဖြင့် ရှေ့က သစ်ပင်အိမ်၏ နယ်မြေထဲသို့ ရောက်နေပြီမှာ သေချာသလောက် ရှိနေပေသည်။
"ငါတို့ ကျော်ဖြတ်လာနိုင်ပြီထင်တယ်"
ရွှီရှင်း ပြုံးလိုက်၏။
ဒီလမ်းကနေ သွားရတာက ပိုပြီး အဆင်ပြေသည် မဟုတ်ပါလား။
"အခုတော့ မင်း အိမ်ကိုလိုက်လာလို့ မရသေးဘူးပေါ့"
"ကိစ္စမရှိပါဘူး၊ အပြန်ကျရင် ဝင်လည်မှာပဲလေ။ ရှင်လည်း ရှင့်အိမ်ကို ပြန်ရမှာပဲကို"
လီဝမ်ရှီးက စိတ်မပျက်သည့်အပြင် ရွှီရှင်း၏ အိမ်သို့ သွားရန်ကိုလည်း လက်မလျှော့ပေ။
"အဲဒီအချိန်ကျရင် တော်တော် နောက်ကျနေလောက်ပြီ။ မင်းက မင်းအိမ်ကို ပြန်ဦးမှာလား"
ရွှီရှင်းက ကူကယ်ရာမဲ့ ဟန်ဖြင့် မေးလိုက်၏။
"ဟင့်အင်း၊ ရှင့်ဆီမှာပဲ တစ်ညအိပ်လိုက်မယ်လေ။ ရှင့်အိမ်က အဲဒီလောက်ကြီးတာ အိပ်ခန်း တစ်ခန်းတည်းတော့ မဟုတ်လောက်ပါဘူး"
လီဝမ်ရှီးက အေးဆေးစွာ ပြောချလိုက်၏။
"မရဘူး၊ မင်း ဒီည အိမ်ပြန်ရမယ်။ ငါ့အိမ်ကို လိုက်ကြည့်လို့ ရပေမဲ့...ပြီးရင် ငါ မင်းကို ပြန်လိုက်ပို့ပေးမယ်"
ရွှီရှင်းက ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
"ဟင်"
လီဝမ်ရှီးက မျက်လုံးလေး အဝိုင်းသားဖြင့် သူ့ဘက် လှည့်ကြည့်လာ၏။
"တစ်ညတည်းကို... ရှင်က ရှေးရိုးစွဲလွန်းတဲ့ သူတော့ မဟုတ်ပါဘူးနော်။ ဒါမှမဟုတ် ရှင်က မထိန်းနိုင်ဘဲ တစ်ခုခု..."
"ဘာတွေ လျှောက်ပြောနေတာလဲကွာ"
ရွှီရှင်း မနေနိုင်တော့ဘဲ သူမ၏ နဖူးလေးကို လက်ညှိုးဖြင့် တောက်လိုက်တော့သည်။
"အား...နာလိုက်တာ"
လီဝမ်ရှီးက နဖူးကို ကိုင်ကာ ကိုယ်လေးကို တွန့်လိမ်ရင်း ရွှီရှင်းကို မျက်စောင်းထိုးကြည့်နေတော့သည်။
ရွှီရှင်းက ရှေးရိုးစွဲသူတော့ မဟုတ်ပါချေ။
ဒါပေမဲ့ ဒီကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေနဲ့ ပတ်သက်ရင်တော့ သူ သတိထားနေမိခြင်း ဖြစ်သည်။
---
အခန်း ၂၄၁ ပြီး
***