"တကယ်ကြီး ရှင်တို့ပဲ။ နောက်ဆုံးတော့ ရှင်တို့ ရောက်လာကြပြီပေါ့... အဟင့်..."
လီယာကျွင်း သည် ပြတင်းပေါက်တွင် လက်တင်ကာ တစ်ကိုယ်လုံး ပျော့ခွေကျသွားပြီး ရှိုက်ကြီးတငင် ငိုကြွေးနေတော့သည်။
သူမ၏ စိတ်ထဲတွင် တင်းနေသော ကြိုးတစ်ချောင်း ရုတ်တရက် ပြတ်တောက်သွားသလိုပင်။
ပြီးခဲ့သည့် ရက်များအတွင်း ဖြစ်ပျက်ခဲ့သမျှမှာ ညဘက်များတွင်သာ ဖြစ်ပွားခဲ့သဖြင့် လီယာကျွင်းမှာ ကောင်းကောင်း မအိပ်စက်နိုင်ခဲ့ပေ။
အိပ်စက်မှုပုံစံများ ပျက်ယွင်းလာသည်နှင့်အမျှ သူမ၏ စိတ်မှာလည်း အလွန်အမင်း ထိခိုက်လွယ်လာပြီး လှုပ်ရှားမှုသေးသေးလေးများကိုပင် တုံ့ပြန်မှု လွန်ကဲနေမိသည်။
ထို့ကြောင့် စောစောက လီဝမ်ရှီး လှမ်းနှုတ်ဆက်လိုက်သည့်အခါ သူမသည် ရန်သူဟု ထင်မှတ်ကာ မြှားသေနတ် နှင့် တိုက်ရိုက် ချိန်ရွယ်ခဲ့ခြင်း ဖြစ်သည်။
သူမသည် အမြဲတမ်း ထိတ်လန့်ခြောက်ခြားနေခဲ့ရ၏။
ရွှီရှင်းနှင့် လီဝမ်ရှီးတို့ကို အခြားနယ်မြေမှ ရန်သူများဟု ထင်မှတ်ခဲ့မိခြင်းပင်။
ဘာပဲဖြစ်ဖြစ် စူးစမ်းရှာဖွေသူများ အဖွဲ့က နယ်မြေချန်နယ်တွင် အခြေခံအခြေအနေများကို ရှင်းပြထားပြီးဖြစ်ရာ သူမ၏ ပတ်ဝန်းကျင်တွင် အခြားနယ်မြေမှလူများ ဝိုင်းရံထားကြောင်း သူမ သိရှိထား၏။
ယခုအခါ သူတို့သည် တကယ့်စူးစမ်းရှာဖွေသူများဖြစ်ကြောင်း အတည်ပြုနိုင်ပြီဖြစ်ရာ လီယာကျွင်း၏ စိတ်လှုပ်ရှားမှုကို စကားလုံးဖြင့် ဖော်ပြရန်ပင် ခက်ခဲလှသည်။
"ကဲ... မငိုပါနဲ့တော့။ နင်က ငါတို့ရှာတွေ့တဲ့ ပထမဆုံး နယ်မြေတူသူပဲ၊ ပြီးတော့ အမြန်ဆုံးလည်း ဖြစ်တယ်"
လီဝမ်ရှီးက လီယာကျွင်းကို မော့ကြည့်ကာ နှစ်သိမ့်လိုက်သည်။
"အာ... ဟုတ်သားပဲ... ကျွန်မ ဘာလို့ အပေါ်မှာပဲ ရှိနေတာလဲ။ အခုချက်ချင်း အောက်ဆင်းလာခဲ့ပါ့မယ်"
လီယာကျွင်းသည် သူမ သစ်ပင်အိမ်ပေါ်တွင် ရှိနေသေးသည်ကို ရုတ်တရက် သတိရသွားပြီး သစ်ပင်အိမ်ကို ထိန်းချုပ်ကာ အောက်သို့ ဆင်းလာခဲ့သည်။
ရွှီရှင်းနှင့် လီဝမ်ရှီးတို့သည်လည်း ငွေရောင်ဘုရင်ပေါ်မှ ဆင်းလိုက်ကြ၏။
ဤမိန်းကလေးမှာ လီဝမ်ရှီးထက် အနည်းငယ် အရပ်ပုပြီး ၁.၆ မီတာခန့်သာ မြင့်သဖြင့် သူတို့နှစ်ဦးကို မော့ကြည့်နေရ၏။
သူမသည် အစိမ်းရောင်အဆင့် သားရေချပ်ဝတ်ကို ဝတ်ဆင်ထား၏။
သစ်ပင်အိမ်ပေါ်မှ ဆင်းလာပြီးနောက် သူမသည် အနည်းငယ် တုန်ယင်နေပြီး လက်ဝါးချင်း ပွတ်နေရှာသည်။
ကြည့်ရသည်မှာ အစိမ်းရောင်အဆင့် သားရေချပ်ဝတ်က အအေးဒဏ်ကို သိပ်ကာကွယ်မပေးနိုင်ပုံရ၏။
လီဝမ်ရှီးမှာ အပြာရောင်အဆင့် သံမဏိချပ်ဝတ်ကို ဝတ်ထားပြီး သူကတော့ ခရမ်းရောင်အဆင့် အကြေးခွံချပ်ဝတ်ကို ဝတ်ထားခြင်း ဖြစ်သည်။
ငွေရောင်ဘုရင် အရှိန်ပြင်းပြင်း ပြေးစဉ်က လေအေးများ တိုက်ခတ်နေသော်လည်း သူတို့နှစ်ဦးစလုံး အေးသည်ဟု မခံစားရပေ။
"အေးနေတာလား"
လီဝမ်ရှီးက စိုးရိမ်တကြီး မေးလိုက်သည်။
"အဆင်ပြေပါတယ်"
လီယာကျွင်းမှာ ယခုအခါ အအေးဒဏ်ကို မမှုနိုင်တော့ပေ။
သူမ၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုများ ရောယှက်နေ၏။
သူမက မျှော်လင့်တကြီးနှင့် "ဟို... ကျွန်မ ရှင်တို့နဲ့ လိုက်ခဲ့လို့ ရမလား။ ရှင်တို့က ကျွန်မကို လာခေါ်တာ မဟုတ်လား" ဟု မေးလိုက်၏။
"ရတာပေါ့"
လီဝမ်ရှီးက ပြန်ဖြေလိုက်သည်။
လီယာကျွင်း တုန်ယင်နေသည်ကို မြင်သောအခါ သူမက ချက်ချင်းပင် "အပေါ်တက်ပြီး စကားပြောကြမလား။ အပေါ်မှာ မီးလင်းဖို ရှိတယ် မဟုတ်လား။ ငါတို့လည်း နည်းနည်းလောက် နွေးအောင် လုပ်လို့ရတာပေါ့" ဟု အကြံပေးလိုက်သည်။
လီယာကျွင်းက ကပျာကယာပင်....
"ရှိပါတယ်။မီးလင်းဖို ရှိပါတယ်။ကျွန်မ အပေါ်ကို ခေါ်သွားပါ့မယ်"
ပြောပြောဆိုဆိုဖြင့် လီယာကျွင်းသည် သစ်ပင်အမြုတေကို ထိန်းချုပ်ကာ သူတို့ကို အပေါ်သို့ ဆွဲတင်လိုက်တော့သည်။
သူမ၏ အသက်ကို ကယ်တင်ခဲ့သော စူးစမ်းရှာဖွေသူများ၊ အထူးသဖြင့် နယ်မြေတစ်ခုလုံးတွင် နံပါတ်တစ်ဖြစ်သော ရွှီရှင်း၏ ရှေ့တွင် သူမသည် သတိထားနေမှုအားလုံးကို လုံးဝ လျှော့ချထားလိုက်ပြီ ဖြစ်သည်။
"ဟို... ဒီဝံပုလွေကကော"
လီယာကျွင်းသည် သာမန်ဝံပုလွေများထက် အဆမတန် ကြီးသော ငွေရောင်ဘုရင်ကို တွန့်ဆုတ်စွာ ကြည့်လိုက်မိသည်။
"ဒီဝံပုလွေက ဗီဇပြောင်းသားရဲလား။ သူလည်း အပေါ်ကို လိုက်မှာလား"
"ဝု"
ငွေရောင်ဘုရင်က သူမကို လှမ်းအော်လိုက်၏။
အသံမှာ တိုးညင်းပြီး ရန်လိုမှု မရှိသော်လည်း သူမမှာ ကိုယ်လေး တုန်သွားရပြီး မျက်လုံးအဝိုင်းသား ဖြစ်သွားရှာသည်။
"သူက... ကျွန်မပြောတာကို နားလည်တာလား။"
လီယာကျွင်းသည် ငွေရောင်ဘုရင်ကို အကြည့်မခွာနိုင်ဘဲ ငေးကြည့်နေမိ၏။
"ဒီဝံပုလွေက ငါ့ရဲ့ စီးနင်းဖော်ပါ"
ရွှီရှင်းက ငွေရောင်ဘုရင်၏ ခေါင်းကို ပုတ်ပေးလိုက်ရင်း..
"သူ့နာမည်က ငွေရောင်ဘုရင်။ သူက ဖော်ရွေပါတယ်၊ ရန်မလိုဘူး၊ မင်းကို အန္တရာယ်မပြုစေရဘူး။ သူ့ကိုပါ တစ်ပါတည်း တင်သွားရအောင်"
"အော်... ဟုတ်ကဲ့ပါ..."
လီယာကျွင်းမှာ ငွေရောင်ဘုရင်ကို နောက်တစ်ချက် လှမ်းကြည့်လိုက်ပြီးမှ အမြစ်များကို ထိန်းချုပ်ကာ သစ်ပင်အိမ်ထဲသို့ ခေါ်ဆောင်သွားတော့သည်။
ရွှီရှင်းနှင့် လီဝမ်ရှီးတို့၏ အိမ်များနှင့် နှိုင်းယှဉ်လျှင် လီယာကျွင်း၏ နှစ်ထပ်သစ်ပင်အိမ်မှာ အတော်လေး ရိုးရှင်းလှသည်။
ဧရိယာ ကျဉ်းမြောင်းသလို ပစ္စည်းများစွာလည်း ဝယ်ထားနိုင်ပုံမရပေ။
ပထမထပ်တွင် ဆက်သွယ်ရေးမျက်နှာပြင် ရှိသော်လည်း အိမ်အမြင့်မှာ သုံးမီတာခန့်သာ ရှိသဖြင့် ထိုနေရာတွင် နေရသည်မှာ သူမအတွက် မလုံခြုံသလို ခံစားရပုံရသည်။
ထို့ကြောင့် လီယာကျွင်းက ပထမထပ်ကို အလုပ်ခန်းနှင့် ပစ္စည်းသိုလှောင်ခန်းအဖြစ် သုံးပြီး ဒုတိယထပ်ကိုတော့ နေထိုင်စရာ နေရာအဖြစ် ဖန်တီးထားခြင်း ဖြစ်ပေသည်။
ပထမထပ်မှာ ၂၀ စတုရန်းမီတာခန့်သာ ရှိသော်လည်း သူမက သေသေသပ်သပ် ထား၏။
စားပွဲ၊ ကုလားထိုင်များကို စနစ်တကျ ထားပြီး ပြတင်းပေါက်နားတွင် ကုတင်သေးသေးလေး တစ်လုံး ရှိ၏။
မီးလင်းဖိုထဲတွင် မီးများ တောက်လောင်နေပြီး သစ်သားများ လောင်ကျွမ်းသံ "ဖောက်... ဖောက်" ဆိုသည့် အသံလေးနှင့်အတူ နွေးထွေးသော အိမ်လေးတစ်လုံး၏ ခံစားချက်ကို ပေးစွမ်းနေသည်။
ဤနေရာတွင် ကုလားထိုင် တစ်လုံးတည်းသာ ရှိသဖြင့် သူမက ချက်ချင်းပင် နောက်ထပ် နှစ်လုံးကို ထုတ်လုပ်လိုက်ပြီး သုံးယောက်သား မီးလင်းဖိုနားတွင် ထိုင်လိုက်ကြသည်။
ငွေရောင်ဘုရင်ကလည်း ရွှီရှင်းနှင့် လီဝမ်ရှီးတို့၏ နောက်တွင် ဝပ်ကာ မီးလှုံနေ၏။
"နင့်ရဲ့ အိမ်လေးက တကယ်လှတာပဲ။ ငါ့အိမ်ထက်တောင် ပိုပြီး အိမ်နဲ့တူသေးတယ်"
လီဝမ်ရှီးက ရင်ခွင်ထဲမှာ အိပ်ပျော်နေဆဲဖြစ်သော ခဲခဲကို ပွတ်သပ်ပေးရင်း ဤသစ်ပင်အိမ်လေးကို အားကျသလို ကြည့်ကာ ပြောလိုက်၏။
"တကယ်တော့... ဒါက ကမ္ဘာမြေပေါ်က ကျွန်မရဲ့ အခန်းလေးအတိုင်း ဒီဇိုင်းဆွဲထားတာပါ။ အဲဒီ အိမ်လိုမျိုး ခံစားချက် မရဘူးဆိုရင် ကျွန်မ စိတ်ဓာတ်တွေ အစောကြီးကတည်းက ပြိုလဲသွားလောက်ပြီ..."
လီယာကျွင်းက သက်ပြင်းလေး ချကာ ရှင်းပြသည်။
သူမ၏ အကြည့်က လီဝမ်ရှီး၏ ရင်ခွင်ထဲက ခဲခဲဆီသို့ ခဏတာ ရောက်သွားပြီးမှ ပြန်လည် အာရုံစိုက်လိုက်သည်။
"ဟို... ကျွန်မ..."
"ကိုင်ကြည့်ချင်လို့လား"
လီဝမ်ရှီးက ခဲခဲအား လီယာကျွင်း ငေးကြည့်နေသည်ကို သတိပြုမိသည်နှင့် ပြုံးလျက် မေးလိုက်သည်။
"ခဲခဲက တကယ့်ကို ချစ်စရာကောင်းတာနော်"
"... ကိုင်လို့ ရပါ့မလား"
ဒါပေမဲ့ အမှန်အတိုင်း ပြောရလျှင် ဤချစ်စရာကောင်းသော ပန်ဒါလေးကို သူမ တကယ် ကိုင်ကြည့်ချင်မိသည်။
သူမ၏ ရှေ့မှ လူနှစ်ဦးမှာ သူမ စိတ်ကူးထားသည်နှင့် လုံးဝ ခြားနားနေ၏။
စူးစမ်းရှာဖွေသူများ ဆိုသည်မှာ အသက်အန္တရာယ်ကြားတွင် ကျင်လည်နေရသူများ ဖြစ်သဖြင့် လူသတ်သမားများကဲ့သို့ ပြတ်သား ရက်စက်သည့် စရိုက်မျိုး ရှိမည်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
ယခု တွေ့ဆုံလိုက်ရသည့်အခါတွင်မူ သူတို့နှစ်ဦး၏ ပုံစံမှာ သူမထင်ထားသော စူးစမ်းရှာဖွေသူ ပုံရိပ်နှင့် လုံးဝ မတူညီပေ။
သူတို့၏ အဆင့်မြင့်လှသော ပစ္စည်းကိရိယာများကို ဖယ်လိုက်လျှင် သူတို့မှာ ရုပ်ချောကာ လှပပြီး ပျော်ပျော်ပါးပါး စကားပြောဆိုနေကြသည့် ကျောင်းသားစုံတွဲလေးနှင့်သာ တူနေ၏။
သူတို့နှင့် စကားပြောရသည်မှာ သူငယ်ချင်းများနှင့် ပြောရသလို ခံစားရသဖြင့် သူမ၏ တင်းမာနေသော စိတ်အစုံမှာ ဖြည်းဖြည်းချင်း ပြေလျော့လာရသည်။
ဤခံစားချက်မှာ တကယ်ကို သက်သောင့်သက်သာ ရှိလှ၏။
"သူ အိပ်နေတုန်းလေး ခိုးပြီး ပွတ်ကြည့်လိုက်။ ခဲခဲက သူစိမ်းတွေ ကိုင်တာကို သိပ်မကြိုက်ဘူး၊ နိုးလာရင်တော့ ကိုင်ရမှာ မဟုတ်တော့ဘူး"
ရွှီရှင်းက ခဲခဲ နိုးသွားမှာ စိုးသဖြင့် တိုးတိုးလေး ကပ်ပြောလိုက်သည်။
သူ့ရှေ့က မိန်းကလေးမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ အတော်လေး ပင်ပန်းနေသည်ကို သူ မြင်နိုင်၏။
ထို့ကြောင့် ကပ်ပါးသစ်ပင်အိမ်အကြောင်း မပြောခင် ခဏလောက် စောင့်ပေးရန် သူ ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူလည်း ဟိုဟိုဒီဒီ ပြေးလွှားနေရသည်မှာ ကြာပြီဖြစ်ရာ ခေတ္တနားလိုက်ခြင်းက မဆိုးလှပေ။
"ဒါဆိုရင်လည်း..."
လီယာကျွင်း မျက်လုံးလေးတွေ ဝင်းခနဲ ဖြစ်သွားပြီး ခဲခဲကို ပွတ်သပ်ရန် လက်လှမ်းလိုက်သည်။
ခဲခဲမှာ လီဝမ်ရှီး၏ ပေါင်ပေါ်တွင် ပက်လက်လေး အိပ်နေပြီး သူမက ဗိုက်လေးကို အသာအယာ ပွတ်ပေးနေသဖြင့် သက်သောင့်သက်သာနှင့် အိပ်မောကျနေပုံရသည်။
"အီး"
ခဲခဲက အိပ်မက်မက်နေပုံရကာ လျှာလေး ထွက်လာပြီး အမြီးလေးကိုလည်း အနည်းငယ် လှုပ်ယမ်းနေ၏။
"ချစ်စရာလေး..."
လီယာကျွင်း က ခဲခဲ၏ ဗိုက်လေးကို ကိုင်ကြည့်လိုက်သည်။
နူးညံ့လှသော အမွေးအမျှင်များနှင့် ခဲခဲ၏ အသံလေး၊ လျှာလေးထုတ်ထားသည့် ချစ်စရာအမူအရာလေးတို့က သူမ၏ ပင်ပန်းနေသော စိတ်အစုံကို ချက်ချင်းပင် ကုသပေးလိုက်သလို ခံစားလိုက်ရသည်။
အကယ်၍ သူမတွင်လည်း ဤကဲ့သို့ ချစ်စရာကောင်းသည့် အဖော်လေးသာ ရှိခဲ့မည်ဆိုလျှင် ယခုကဲ့သို့ စိတ်ဓာတ်ပြိုလဲလုနီးပါး အခြေအနေမျိုး ကြုံတွေ့ရမည် မဟုတ်ပေ။
"...အီး"
ခဲခဲက ဖြည်းဖြည်းချင်း မျက်လုံးပွင့်လာပြီး သူစိမ်းတစ်ယောက်က ကိုင်နေသည်ကို သတိပြုမိသည်နှင့် လီဝမ်ရှီး၏ ပေါင်ပေါ်မှ ချက်ချင်း ခုန်ထွက်လိုက်တော့သည်။
၎င်းက ရွှီရှင်းဆီသို့ ခုန်တက်သွားပြီး ပုခုံးပေါ်မှတစ်ဆင့် ကျောဘက်သို့ တက်ကာ ခေါင်းလေးကို ပြူထွက်လျက် လီယာကျွင်း ကို အော်ကာရန် လုပ်နေတော့သည်။
"အီး အီး အီး"
ကြည့်ရသည်မှာ ဒီကောင်လေးက တခြားသူတွေ ကိုင်တာကို ခုထိ ခွင့်မပြုသေးဘူးချေ။
ရွှီရှင်းက ခဲခဲကို ကျောဘက်မှနေ၍ ရင်ခွင်ထဲသို့ ပြန်လည် ချီလိုက်ပြီး ခေါင်းလေးကို ပုတ်ကာ ချော့မြှူလိုက်သည်။
"ရန်သူမဟုတ်ပါဘူး၊ စိတ်မပူနဲ့"
ခဲခဲက သူ၏ လက်သည်းလေးများဖြင့် ကန့်ကွက်နေပုံမှာ ဘယ်သူပဲဖြစ်ဖြစ် ဒီတိုင်း လာကိုင်လို့ မရဘူးဟု ပြောနေသလိုပင်။
"ခဲခဲက တခြားသူတွေ ကိုင်တာကို တကယ် ခွင့်မပြုတာပဲ"
လီဝမ်ရှီးသည် ခဲခဲ၏ ငြင်းဆန်သည့် အမူအရာကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ရာ အတော်လေး ထူးဆန်းနေမိသည်။
သူမ ကိုင်သည့်အခါတိုင်း ခဲခဲမှာ အမြဲတမ်း လိမ္မာနေတတ်သည် မဟုတ်ပါလား။
လီယာကျွင်း မှာ ခဲခဲက သူမကို မနှစ်သက်သဖြင့် အနည်းငယ် စိတ်မကောင်း ဖြစ်သွားသော်လည်း ခဲခဲ၏ အမူအရာကြောင့် ရယ်ချင်သွားရသည်။
ရယ်မောနေရင်းမှာပင် သူမ၏ ပါးပြင်ပေါ်သို့ မျက်ရည်တစ်စက် စီးကျလာပြန်သည်။
လီယာကျွင်း သည် ဤကမ္ဘာကြီးတွင် တစ်ယောက်တည်း နေထိုင်လာခဲ့သည်မှာ ရက်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး အထီးကျန်စွာ စူးစမ်းရှာဖွေရမှုများက သူမ၏ စိတ်ဓာတ်ကို ပြိုလဲလုနီးပါး ဖြစ်စေခဲ့သည်။
သူမတွင် အပြာရောင်အဆင့် နာရီ မရှိသဖြင့် သစ်ပင်အိမ်အပြင်ဘက်တွင် တခြားသူများနှင့် မဆက်သွယ်နိုင်ပေ။
ထို့ကြောင့် လှုပ်ရှားမှုအားလုံးကို တစ်ယောက်တည်းသာ ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ရသည်။
သာမန်ရှင်ကျန်သူများ၏ ခံစားချက်ကို ရွှီရှင်းတို့အဖွဲ့ နားလည်နိုင်မည်မဟုတ်ပေ။
ဥပမာအားဖြင့် မြေအောက်စူးစမ်းရေး လှုပ်ရှားမှုများတွင် စူးစမ်းရှာဖွေသူများ အဖွဲ့ဝင်များသည် သစ်ပင်အိမ်အပြင်ဘက်မှနေ၍ အချင်းချင်း အဆက်မပြတ် ဆွေးနွေးနိုင်ကြပြီး နည်းဗျူဟာများ ဝေမျှနိုင်ကြသည်။
၎င်းမှာ အပြင်လောကနှင့် အဆက်အသွယ် ပြတ်တောက်ကာ ခြေလှမ်းတိုင်းတွင် သေမင်းကို ကြောက်လန့်နေရသော တစ်ယောက်တည်း စူးစမ်းရသည့် ခံစားချက်နှင့် လုံးဝ ခြားနားလှ၏။
ထို့ပြင် ရွှီရှင်းတွင်လည်း ခဲခဲက အမြဲတမ်း အတူရှိနေပေးသဖြင့် အထီးကျန်မှု သို့မဟုတ် ကြောက်ရွံ့မှုများကို သိပ်မခံစားရပေ။
သာမန်ရှင်ကျန်သူများမှာမူ သားရဲများကို တစ်ယောက်တည်း အမဲလိုက်ရသည်၊ ဂူများကို တစ်ယောက်တည်း စူးစမ်းရသည်၊ သစ်ပင်အိမ်၏ ဒုတိယထပ်တွင် မိုးသက်မုန်တိုင်းများ ကုန်ဆုံးသည်အထိ တစ်ယောက်တည်း စောင့်ဆိုင်းနေရရှာသည်။
ဤကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုမျိုးကို ရွှီရှင်းတို့အဖွဲ့ အမှန်တကယ် မကြုံတွေ့ခဲ့ရဖူးပေ။
လှုပ်ရှားမှုများစွာကို ကျော်ဖြတ်ပြီးနောက်မှာတော့ သူမသည် တစ်ယောက်တည်း ရုန်းကန်ရခြင်းနှင့် ကြိုတင်မသိနိုင်သော အကြောက်တရားများအား ရင်ဆိုင်နေရခြင်းကို တကယ်ပင် ငြီးငွေ့နေပြီ ဖြစ်သည်။
တကယ့် ရှင်ကျန်သူများနှင့် မည်သည့်အချိန်တွင် တွေ့ဆုံရမလဲ၊ အချင်းချင်း မည်သည့်အချိန်တွင် ဖေးမကူညီပြီး အတူတူ ရှင်သန်ကြမလဲဆိုသည်ကိုသာ သူမ အမြဲ တွေးတောနေခဲ့မိ၏။
ထို့ကြောင့် ဒုတိယအဆင့် စတင်သည့်အခါ၊ စူးစမ်းရှာဖွေသူများ အဖွဲ့က အကာအကွယ်ဇုန်များ ချိတ်ဆက်မိပြီဖြစ်ကြောင်းနှင့် အဖွဲ့လိုက် ရှင်သန်ရန် လူစုဆောင်းနေကြောင်း နယ်မြေချန်နယ်တွင် ကြေညာလိုက်သည့်အခါ သူမ၏ စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့၏။
သူမ သွားရမည်...။
အကယ်၍ ရွှီရှင်းတို့အဖွဲ့က အကာအကွယ်ဇုန်များမှာ အပြည့်အဝ မချိတ်ဆက်သေးသဖြင့် တစ်ယောက်တည်း သွားလာလျှင် အန္တရာယ်ရှိနိုင်ကြောင်း နယ်မြေချန်နယ်တွင် သတိမပေးထားခဲ့ပါက သူမသည် တစ်ယောက်တည်း ထွက်ရှာနေမိလောက်ပြီ ဖြစ်သည်။
"အို... ပြန်ငိုနေပြန်ပြီ။ ကောင်းပါပြီ... ဒီနေ့ကစပြီး ငါတို့က တကယ့် မိတ်ဖက်တွေ ဖြစ်သွားကြပြီ။ နောက်ဆိုရင် နင် တစ်ယောက်တည်း အန္တရာယ်တွေကို ရင်ဆိုင်နေစရာ မလိုတော့ဘူးနော်"
လီဝမ်ရှီးက လီယာကျွင်း ၏ လက်ကို ကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။
"အင်း..."
လီယာကျွင်း က ရှိုက်သံလေးနှင့်အတူ လီဝမ်ရှီး၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရှာ၏။
ရွှီရှင်းလည်း သူမ၏ ခံစားချက်ကို ကိုယ်ချင်းစာနိုင်ပေသည်။
လူသားဆိုသည်မှာ အပေါင်းအသင်းနှင့်သာ နေတတ်သော သတ္တဝါများ ဖြစ်ကြရာ ကိုယ်ပိုင်စွမ်းရည်ရှိပြီး ဤကမ္ဘာတွင် အသက်ရှင်နိုင်သူများအတွက် ပထမအဆင့်မှာ အကြီးမားဆုံးရန်သူသည် မိမိ၏ အသက်ကို နှုတ်ယူနိုင်သော လှုပ်ရှားမှုများ မဟုတ်ဘဲ မိမိ၏ စိတ်နှလုံးသားသာ ဖြစ်ပေလိမ့်မည်။
ရွှီရှင်းကိုယ်တိုင်ပင်လျှင် နေ့တိုင်း စကားတတွတ်တွတ် ပြောနေတတ်သော ခဲခဲသာ ဘေးနားမှာ မရှိခဲ့ပါက၊ လီဝမ်ရှီးနှင့် နေ့တိုင်း ဗီဒီယိုကော ပြောပြီး စိတ်အပန်းမဖြေနိုင်ခဲ့ပါက သူ၏ စိတ်ပိုင်းဆိုင်ရာမှာလည်း ပြဿနာအချို့ ရှိလာနိုင်၏။
ဘာပဲဖြစ်ဖြစ် သူမသည် ခံစားချက်များကို အတော်လေး ဖွင့်ထုတ်ပြီးပြီဖြစ်ရာ ယခုအခါ အရေးကြီးသည့် ကိစ္စများကို ဆွေးနွေးရန် အချိန်တန်ပြီ ဖြစ်သည်။
သူတို့၏ ဒီနေ့ အဓိကတာဝန်မှာ ချီရွှယ်ဖေးကို ရှာဖွေရန် ဖြစ်သဖြင့် ဤနေရာတွင် အချိန်အများကြီး အကုန်မခံနိုင်ပေ။
အခန်း ၂၄၃ ပြီး
***