"ကဲ... ပူးပေါင်းဆောင်ရွက်ရေး အကြောင်း ပြောကြရအောင်"
လီယာကျွင်း စိတ်တည်ငြိမ်သွားသည်ကို မြင်သောအခါ ရွှီရှင်းက စကားစလိုက်၏။
"အင်း... ဟုတ်ကဲ့... ဟိုလေ... အရင်က နယ်မြေချန်နယ်မှာ ပြောထားသလိုမျိုး ကျွန်မတို့ကို ကပ်ပါးအဖြစ် လက်ခံပြီး အတူတူ ဖွံ့ဖြိုးအောင် လုပ်ပေးမယ်ဆိုတာ တကယ်ပဲလားဟင်"
လီယာကျွင်းက သူတို့နှစ်ဦးကို မသေချာသလို ကြည့်ရင်း မေးရှာသည်။
"တကယ်ပေါ့"
လီဝမ်ရှီးက သူမ၏ ရင်ဘတ်ကို ပုတ်ရင်း...
"ငါတို့က ဘယ်တော့မှ မလိမ်ဘူး။ ဒါပေမဲ့..."
လီဝမ်ရှီးက ရွှီရှင်းကို တစ်ချက် လှမ်းကြည့်လိုက်သည်။
သူမသည် ကပ်ပါးသစ်ပင်အိမ်၏ အခြေအနေမှန်ကို လီယာကျွင်းအား အသေးစိတ် ရှင်းပြချင်နေခြင်း ဖြစ်သည်။
"ရွှီရှင်း... သူမကို အပွင့်လင်းဆုံး ရှင်းပြလိုက်ရအောင်။ ကပ်ပါးသစ်ပင်အိမ် အကြောင်းကိုလေ"
လီဝမ်ရှီးက ရွှီရှင်း၏ လက်ချောင်းလေးများကို ဆွဲကာ တိုးတိုးလေး ကပ်ပြောလိုက်၏။
"... ပြောလိုက်ပါ၊ ဒီလိုကိစ္စမျိုးက ရှင်းရှင်းလင်းလင်း ရှိတာ အကောင်းဆုံးပဲ"
ရွှီရှင်းက သူမကို ဘာမှမတတ်နိုင်သလို ကြည့်ကာ ပြန်ပြောလိုက်၏။
တိုးတိုးလေး ပြောသည်ဆိုသော်လည်း ဤမျှနီးကပ်နေမှတော့ လီယာကျွင်း ကြားနေရမည်မှာ အသေအချာပင်။
သို့သော် သူလည်း မကန့်ကွက်လိုပေ။
"ကပ်ပါးသစ်ပင်အိမ်မှာ ဘာပြဿနာ ရှိလို့လဲဟင်"
လီယာကျွင်းက ဇဝေဇဝါဖြင့် ကြည့်နေပြီးမှ တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့်....
"ဟို လုပ်ဆောင်ချက်တွေ ကန့်သတ်ခံရမယ့် အကြောင်းကို ပြောတာလား။ အဲဒါဆိုရင်တော့ ကျွန်မ သိပါတယ်။ ကိစ္စမရှိပါဘူး"
"မဟုတ်ဘူး... တကယ်တော့ တခြားပြဿနာ တစ်ခု ရှိသေးတယ်"
ကျိချောင်းယန်က နယ်မြေချန်နယ်တွင် ပြောကြားစဉ်က ကပ်ပါးသစ်ပင်အိမ်၏ လုပ်ဆောင်ချက်များကို ပင်မသစ်ပင်အိမ်က ထိန်းချုပ်ကန့်သတ်နိုင်သည်ဟုသာ ဆိုခဲ့၏။
သို့သော် ပင်မသစ်ပင်အိမ် ပိုင်ရှင်သည် ကပ်ပါးသစ်ပင်အိမ် ပိုင်ရှင်ထက် အဆင့်အတန်း ပိုမြင့်မားသွားမည် ဖြစ်ကြောင်း၊ ကပ်ပါးအိမ်ရှင် လုပ်နိုင်သမျှ အရာအားလုံးကို ပင်မအိမ်ရှင်ကလည်း လုပ်နိုင်ကြောင်းနှင့် အိမ်ပိုင်ရှင်အမည်ကိုပင် ပြောင်းလဲပစ်နိုင်ကြောင်းတို့ကိုမူ ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပေ။
ချန်နယ်တွင် ထိုသို့ မပြောခဲ့ခြင်းမှာ ပူးပေါင်းချင်နေသည့် ရှင်ကျန်သူများကို ကြောက်လန့်မသွားစေရန် ဖြစ်သည်။
ယခုမူ သူမနှင့် ထိပ်တိုက်တွေ့ဆုံနေရပြီ ဖြစ်ရာ အခြားသူများ၏ နှောင့်ယှက်မှုမရှိဘဲ အမှန်အတိုင်း ရှင်းပြလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
အကယ်၍ သူမ လုံးဝ လက်မခံနိုင်ပါကလည်း ထားခဲ့ရုံသာ ရှိတော့သည်။
မှန်ပေသည်၊ ဤသည်မှာ နယ်မြေတူသူများအတွက်သာ ဖြစ်သည်။
အကယ်၍ နယ်မြေမတူသူများသာ ဆိုပါက မပူးပေါင်းလျှင် သေရမည်ဖြစ်ရာ ဆွေးနွေးညှိနှိုင်းနေစရာပင် လိုမည်မဟုတ်ပေ။
လီဝမ်ရှီးက အခြေအနေအားလုံးကို အသေးစိတ် ရှင်းပြလိုက်သည်။
"ဒါကြောင့် နင် သေချာ ပြန်စဉ်းစားကြည့်ဦး။ လာမလား၊ မလာဘူးလားဆိုတာကိုပေါ့။ တစ်ခါလာပြီးရင်တော့ နောင်တရလို့ မရတော့ဘူးနော်"
လီဝမ်ရှီးက ရွှီရှင်း၏ ပေါင်ပေါ်တွင် စိတ်ကောက်နေဆဲ ဖြစ်သော ခဲခဲကို ဆွဲယူကာ ပက်လက်လှန်ပြီး ဗိုက်လေးကို ပွတ်ပေးရင်း လီယာကျွင်းကို ပြောလိုက်သည်။
"အီး"
ခဲခဲလေးမှာ ဗိုက်အပွတ်ခံရသည်နှင့် စိတ်ကောက်ပြေသွားကာ မျက်လုံးလေးမှိတ်ပြီး သက်သောင့်သက်သာ ဇိမ်ယူနေတော့သည်။
လီယာကျွင်း ခေါင်းငုံ့ကာ စဉ်းစားနေမိ၏။
သူမ တစ်ယောက်တည်း ဆက်ပြီး အထီးကျန်မနေချင်တော့သည်မှာ အမှန်ပင်။
သို့သော် ဤပူးပေါင်းဆောင်ရွက်မှုအတွက် ပေးဆပ်ရမည့် တန်ဖိုးမှာ အတော်လေး ကြီးမားလှသည်။
အရင်က သူမ သိထားသည့် အခြေအနေမှာ အလုပ်ရှင်နှင့် အလုပ်သမား ဆက်ဆံရေးမျိုး ဖြစ်သော်လည်း၊ အခု အခြေအနေမှာတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ် မရပ်တည်နိုင်သေးသည့် ကလေးနှင့် မိဘကဲ့သို့ အဆင့်အတန်း ကွာခြားချက်မျိုး ဖြစ်နေသည်။
ဒါ့အပြင် မိသားစု သံယောဇဉ်နှင့် ဥပဒေဆိုသည်မှာလည်း ဤကမ္ဘာတွင် မရှိတော့ပေ။
အကယ်၍ ပင်မသစ်ပင်အိမ် ပိုင်ရှင်သာ ရက်စက်တတ်သူဆိုလျှင် သူမ၏ အခြေအနေမှာ ကျွန်တစ်ယောက်လို ဖြစ်သွားနိုင်ပြီး အချိန်မရွေး စွန့်ပစ်ခံရနိုင်သည့် အန္တရာယ် ရှိနေသည်။
ဘာပဲဖြစ်ဖြစ် ကပ်ပါးအိမ်ရှင်အမည်ကို ပြောင်းလဲလိုက်ရုံနှင့် မူလပိုင်ရှင်မှာ ရှင်သန်ရေးအတွက် မရှိမဖြစ်လိုအပ်သော သစ်ပင်အိမ်ကို ဆုံးရှုံးသွားရမည် မဟုတ်ပါလား။
"... ကျွန်မ နင့် ရဲ့ အကာအကွယ်ဇုန်ထဲကို လိုက်ခဲ့လို့ ရမလား"
လီယာကျွင်းက မော့ကြည့်ပြီး လီဝမ်ရှီးကို မေးလိုက်၏။
သူမနှင့် ရွယ်တူ မိန်းကလေးတစ်ယောက်၊ အထူးသဖြင့် သူမရှေ့က ဤမိန်းကလေးဆိုလျှင်တော့ ပြဿနာကြီးကြီးမားမား ရှိလိမ့်မည်မဟုတ်ဟု သူမ ခံစားရသည်။
"ရတာပေါ့"
လီဝမ်ရှီးက ချက်ချင်း ပြန်ဖြေလိုက်သော်လည်း သူမဘက်က အခြေအနေကို ကြိုတင် ရှင်းပြထားလိုက်သည်။
"ဒါပေမဲ့ ကြိုပြောထားမယ်နော်၊ ငါ့ဆီမှာက သတ္တုတူးတာနဲ့ အရည်ကျိုတဲ့ အလုပ်တွေကို အဓိက လုပ်ရမှာ။ နင် အဆင်ပြေပါ့မလား။ အဲဒီအလုပ်တွေကို မလုပ်နိုင်တာမျိုး ဖြစ်နေမလား"
"ကျွန်မ လုပ်နိုင်ပါတယ်"
လီယာကျွင်းက လီဝမ်ရှီးကို ကြည့်ကာ ပြတ်ပြတ်သားသား ခေါင်းညိတ်ပြသည်။
"ဘာပဲလုပ်ရလုပ်ရပါ၊ ကျွန်မက တကယ့်လူကောင်းတွေနဲ့အတူ အသက်ရှင်ချင်ရုံတင်ပါ"
သူမရဲ့ စကားတွေက...
ရွှီရှင်း သူမကို တစ်ချက် ကြည့်လိုက်မိသည်။
ဘာမှမသိတဲ့သူသာ ဆိုရင် သူမက လီဝမ်ရှီးရဲ့ အချစ်ပြိုင်ဘက် ဖြစ်ချင်နေတာလားလို့တောင် ထင်သွားနိုင်၏။
"ဒါဆိုရင်တော့ ကောင်းတာပေါ့"
လီဝမ်ရှီးက ရွှီရှင်းကို ဂုဏ်ယူသလို တစ်ချက် လှမ်းကြည့်လိုက်ရာ ရွှီရှင်းမှာ ခံစားချက်မျိုးစုံ ဖြစ်သွားရသည်။
"တကယ်တော့ ငါလည်း နင့်ကို ငါ့နယ်မြေထဲ ခေါ်သွားချင်နေတာ။ ဒီလူကြီးကို အသာစီး အရမခံနိုင်ဘူးလေ"
လီယာကျွင်း သက်ပြင်းချလိုက်ပြီး ကျေးဇူးတင်စွာဖြင့် ပြောလိုက်သည်။
"ဒါဆိုရင်တော့ ကောင်းတာပေါ့။ ကျေးဇူးတင်ပါတယ်နော်၊ ငါ နင်နဲ့ လိုက်ခဲ့ပါ့မယ်။ ဒါဆို... အခုပဲ ငါ့ရဲ့ အိမ်ကို ဖြိုချပြီး လိုက်ခဲ့ရမလား"
သူမသည် ဤနေရာမှ ထွက်ခွာရန် အလွန် စိတ်အားထက်သန်နေပုံရ၏။
"မဟုတ်သေးဘူး၊ အခုတော့ မဟုတ်သေးဘူး"
ရွှီရှင်းက ရုတ်တရက် ဝင်ပြောလိုက်သည်။
"... ဟင်"
လီယာကျွင်း၏ မျက်နှာ အမူအရာ တောင့်ခဲသွားတော့သည်။
"ဟုတ်တယ်၊ အခုတော့ မရသေးဘူး။ ဒီနေ့ ငါတို့ လုပ်စရာ ကိစ္စတွေ ရှိသေးတယ်"
လီဝမ်ရှီးက ခေါင်းညိတ် ထောက်ခံလိုက်၏။
မမရွှယ်ဖေးဆီ သွားရဦးမည် ဖြစ်ရာ သူမကိုပါ တစ်ပါတည်း ခေါ်သွားလို့ မဖြစ်နိုင်ဘူး မဟုတ်ပါလား။
စူးစမ်းရှာဖွေသူ အချင်းချင်း တွေ့ဆုံခြင်းမှာ တစ်ဦးချင်းစီ၏ စွမ်းရည်များနှင့် ပတ်သက်၍ ဆွေးနွေးစရာများ ရှိပေလိမ့်မည်။
ထိုနေရာသို့ ပြင်ပလူတစ်ယောက် ခေါ်သွားရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
"ငါတို့တွေ နောက်ထပ် စူးစမ်းရှာဖွေသူများ အဖွဲ့ဝင် တစ်ယောက်ကို သွားရှာရဦးမယ်။ ပြီးတော့ အကာအကွယ်နယ်မြေတွေ ချိတ်ဆက်မှု အခြေအနေကိုလည်း အတည်မပြုရသေးဘူး။ လမ်းမှာ အန္တရာယ်တွေ ရှိနိုင်တာမို့ မင်းကို ခေါ်သွားလို့ မရသေးတာပါ။"
ရွှီရှင်းက ရှင်းပြလိုက်၏။
"ဒီနေ့ အပြန်ကျရင် ငါတို့ ဒီလမ်းကနေပဲ ပြန်လာမှာ၊ အဲဒီကျရင် မင်းကို တစ်ခါတည်း ခေါ်သွားမယ်"
"ဪ... အဲဒီလိုလား"
လီယာကျွင်း စိတ်အေးသွားသော်လည်း အနည်းငယ်တော့ စိုးရိမ်နေဆဲပင်။
သူမက သတိကြီးစွာဖြင့် "ဒါဆိုရင် ဘယ်အချိန်လောက် ပြန်လာမှာလဲဟင်" ဟု မေးလိုက်သည်။
"စိတ်မပူပါနဲ့၊ နယ်မြေ ၁၈၈ က ရှင်ကျန်သူ အားလုံးကို ကြိုဆိုပါတယ်လို့ ငါတို့ ပြောထားပြီးသားပဲ။ ကတိမဖျက်ပါဘူး"
ရွှီရှင်းက ပြုံးလျက် - "ဒီနေ့အတွင်းမှာပဲ မင်းကို သူမရဲ့ နယ်မြေထဲ ငါတို့ ခေါ်သွားပေးပါ့မယ်။ ငါတို့ မရှိတဲ့ခဏတော့ မင်းရဲ့ သစ်ပင်အိမ်ထဲမှာပဲ စောင့်နေပေးပါဦး"
လီဝမ်ရှီးက သူမ၏ ဘယ်ဘက်လက်ကို မြှောက်ကာ နာရီကို ညွှန်ပြလိုက်သည်။
"နင့် ဆီကို ငါ သီးသန့်စာ ပို့ထားတယ်၊ ငါတို့ အချိန်မရွေး ဆက်သွယ်လို့ ရတယ်နော်"
လီယာကျွင်း ခေါင်းကို အားရပါးရ ညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ပါ။ ကျွန်မ ဒီနေ့ ဘယ်မှမသွားဘဲ သစ်ပင်အိမ်ထဲမှာပဲ စောင့်နေပါ့မယ်"
"ဒါနဲ့..."
ရွှီရှင်းသည် စောစောက ငွေရောင်ဘုရင်၏ ပုံမှန်မဟုတ်သော အပြုအမူကို စဉ်းစားမိရင်း မေးလိုက်သည်။
"ပြီးခဲ့တဲ့ လှုပ်ရှားမှုတွေတုန်းက မင်းရဲ့ သစ်ပင်အိမ် ပတ်ဝန်းကျင်မှာ တစ်ခုခု ထူးခြားတာမျိုး ကြုံခဲ့ရသေးလား။"
---
အခန်း ၂၄၄ ပြီး
***