ရွှီရှင်း၏ လှံပုဆိန် သည် ထိုလူ၏ ဦးခေါင်းပေါ်ရှိ သစ်မြစ်များဆီသို့ လျှပ်တစ်ပြက် ဝှေ့ယမ်းသွားသည်။
"ဂျောက်"
လှံပုဆိန် သည် ထိုလူ၏ ဦးခေါင်းထက်က သစ်မြစ်များကို တို့ဟူးတုံး လှီးဖြတ်လိုက်သလို အားစိုက်စရာမလိုဘဲ ဖြတ်တောက်လိုက်နိုင်၏။
ရွှီရှင်းမှာ မည်သည့် ခုခံမှုကိုမျှ မခံစားရဘဲ သစ်မြစ်များမှာ ပြတ်တောက်သွားချေပြီ။
ထိုအခိုက်တွင် လှံရိုးမှတစ်ဆင့် ပြင်းထန်သော အသက်စွမ်းအင် များ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူ့ကို ပိုမို လန်းဆန်းတက်ကြွသွားစေသည်။
တစ်ပြိုင်နက်တည်းမှာပင် ကြိုတင်စီစဉ်ထားသည့်အတိုင်း လီဝမ်ရှီးသည် သူမ၏ မြှားသေနတ် ခလုတ်ကို ဆွဲညှစ်လိုက်ရာ၊ လက်နက်ကိုင်ထားသည့် ထိုလူ၏ လက်မောင်းကို တိတိကျကျ ထိမှန်သွားတော့၏။
ဒီလောက်နီးကပ်တဲ့ အကွာအဝေးမှာတော့ သူမ လွဲစရာ အကြောင်းမရှိချေ။
သစ်ပင်အိမ်၏ ထိန်းချုပ်မှု လွတ်ထွက်သွားသော ထိုလူသည် ထူးဆန်းသော အော်ဟစ်သံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွား၏။
သံမြှားမှာ သူ၏ လက်မောင်းကို ဖောက်ထွက်သွားပြီး အရိုးကိုပါ ကျိုးကြေသွားစေခဲ့သည်။
"အားးးးး"
ထိုလူမှာ သနားစရာကောင်းလောက်အောင် အော်ဟစ်နေပြီး၊ ပြင်းထန်လှသော နာကျင်မှုကြောင့် သူ၏ ဓားရှည်ကြီးကို လွှတ်ချလိုက်ရ၏။
သာမန်မြှားတစ်စင်း၏ အရှိန်ဖြင့် လက်မောင်းကို ဖောက်ထွက်သွားခြင်း ခံရသဖြင့် သူသည် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ နာကျင်စွာ အော်ဟစ်နေတော့သည်။
ရွှီရှင်းသည် ထိုလူ၏ ကျောပိုးအိတ်ကို လှံပုဆိန် ဖြင့် ချိတ်ကာ မလိုက်ပြီးနောက်၊ ထိုလူကို ကန်ထုတ်လိုက်တော့သည်။
နောက်ထပ် အော်ဟစ်သံတစ်ခုနှင့်အတူ ထိုလူမှာ သစ်ပင်အိမ်၏ အမိုးအကာအပြင်ဘက် မီတာ ၂၀ ခန့်အကွာသို့ လွင့်ထွက်သွား၏။
ရှင်ကျန်သူတစ်ဦးသည် သစ်ပင်အိမ်အောက်တွင် ရှိနေပါက သစ်ပင်အိမ်နှင့် တစ်သားတည်း ဖြစ်နေသလိုဖြစ်ပြီး စိတ်ကူးရုံနှင့် အရာအားလုံးကို ထိန်းချုပ်နိုင်ပေသည်။
သူ့ကို သစ်ပင်အိမ်အောက်မှာ ထားရတာက အန္တရာယ်တစ်ခု ဖြစ်နေတာကြောင့် သူ့ကို ဒီနယ်မြေပြင်ပရောက်အောင် ကန်ထုတ်လိုက်ဖို့ လိုအပ်၏။
ရွှီရှင်း၏ ခွန်အားမှာ ယခုအခါ လျှော့တွက်၍ မရတော့ပေ။
အထူးသဖြင့် ဒီနေ့အတွက် ရရှိထားသော ကျပန်းခွန်အားမြှင့်တင်မှု ကြောင့် သူ၏ ခွန်အားမှာ ပိုမိုကြီးမားနေသည်။
ထို့ကြောင့် မျောက်ကလေးတစ်ကောင်လို ပိန်ပိန်ပါးပါး လူမှာ မြေပြင်ပေါ်တွင် လူးလှိမ့်သွားပြီး ဝမ်းဗိုက်ကို ဆုပ်ကိုင်ကာ အရည်များကိုပါ အန်ထုတ်နေတော့၏။
သူသည် နှစ်ချက်မျှ ညည်းတွားလိုက်ပြီးနောက် ငြိမ်ကျသွားတော့၏။
ကြည့်ရတာ ကန်လိုက်တာ နည်းနည်း ပြင်းသွားပုံရတယ်၊ တစ်ခါတည်းသေမသွားဖို့ပဲ ဆုတောင်းရမှာပဲ။
"မမရွှယ်ဖေး"
ထိုလူ ပြန်မခုခံနိုင်တော့သည်ကို မြင်သောအခါ လီဝမ်ရှီးသည် ချီရွှယ်ဖေးရှိရာသို့ အပြေးအလွှား သွားလိုက်ပြီး သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်။
"ဘယ်လိုလဲ မမ၊ ဒဏ်ရာတွေက ပြင်းထန်လားဟင်"
ချီရွှယ်ဖေး၏ ခန္ဓာကိုယ်အနှံ့တွင် သွေးများ ထွက်နေသဖြင့် ကြည့်ရသည်မှာ အတော်လေး ဒဏ်ရာကြီးပုံရ၏။
"ဝမ်ရှီး.."
ချီရွှယ်ဖေးက လီဝမ်ရှီးကို ချက်ချင်း ဖက်လိုက်ပြီးမှ ပြန်လွှတ်ပေးလိုက်၏။
သူမသည် လီဝမ်ရှီး၏ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင်း၊ ပင်ပန်းနွမ်းနယ်နေသော မျက်နှာတွင် စိတ်အေးသွားသည့် အပြုံးလေး ပေါ်လာသည်။
"ငါ အဆင်ပြေပါတယ်၊ ဒီဒဏ်ရာတွေက ငါ့အတွက် ဘာမှမဟုတ်ပါဘူး။ ငါ ဘာအလုပ်လုပ်လဲဆိုတာ မေ့နေပြီလား။ စိတ်မပူနဲ့၊ ဒဏ်ရာတွေက အခုပဲ ပြန်ကောင်းသွားပါပြီ"
ပြောပြောဆိုဆိုဖြင့် သူမသည် စောစောကမှ မြှားထိပြီး ကျိုးသွားသော သူမ၏ ပုခုံးကို လှုပ်ရှားပြလိုက်၏။
သူမ၏ ပုခုံးမှာ လုံးဝ ပြန်လည်ကောင်းမွန်သွားပြီဖြစ်ပြီး လွတ်လပ်စွာ လှုပ်ရှားနိုင်နေချေပြီ။
လီဝမ်ရှီးလည်း ချီရွှယ်ဖေး ကောင်းကောင်း လှုပ်ရှားနိုင်သည်ကို မြင်မှ သက်ပြင်းချနိုင်တော့သည်။
"ကောင်းတယ်... တကယ်ကို ကောင်းတယ်..."
"... ကျေးဇူးတင်ပါတယ် ဝမ်ရှီးရာ။ နင်တို့တွေ တကယ်ကို အချိန်မီ ရောက်လာကြတာပဲ။ ဒါက ငါ့အမှားပါ၊ ငါက တိုက်ခိုက်ရေးနဲ့ မသင့်တော်ဘူးထင်တယ်၊ ပြီးတော့ လူတွေရဲ့ စိတ်ဓာတ်ကိုလည်း ငါက အကောင်းဘက်က အရမ်းတွေးမိသွားတယ်..."
ချီရွှယ်ဖေး သက်ပြင်းချလိုက်မိသည်။
သူမ၏ ဦးနှောက်ထဲတွင် ကောက်ကျစ်သော သီအိုရီပေါင်းစုံ ရှိနေသော်လည်း၊ သူမသည် အခြေခံအားဖြင့် ကမ္ဘာကြီးကို ကယ်တင်ချင်သော ဆေးဆရာမလေး တစ်ဦးသာ ဖြစ်ပြီး၊ လူ့လောက၏ ဒုက္ခများကို တကယ့်လက်တွေ့မှာ မရုန်းကန်ဖူးသေးသည့် ကျောင်းသူလေး တစ်ဦးသာ ဖြစ်သည်။
သူမသည် ရွှီရှင်းကဲ့သို့ အမြဲတမ်း သတိဝီရိယရှိပြီး သူတစ်ပါးကို သံသယစိတ်ဖြင့် ကြည့်တတ်သူ မဟုတ်သဖြင့် ဤအဖြစ်အပျက်မှာ သူမအတွက် သင်ခန်းစာကြီးတစ်ခု ဖြစ်ခဲ့ရ၏။
စောစောကမှ အသစ်စက်စက် ဝတ်ထားခဲ့သော သံမဏိချပ်ဝတ်တန်ဆာမှာ ယခုအခါ ချိုင့်ခွက်များဖြင့် မြေပြင်ပေါ်တွင် ပစ်ထားရသည်ကို ကြည့်ပြီး ချီရွှယ်ဖေး ခါးသီးစွာ ပြုံးလိုက်မိသည်။
"နင် ခုမှပေးတဲ့ ဝတ်စုံကို ငါတော့ ဖျက်ဆီးပစ်လိုက်မိပြီ..."
"ကိစ္စမရှိပါဘူး၊ ညီမဆီမှာ အရင်းအမြစ်တွေ အများကြီး ရှိတယ်၊ ညီမ ပြန်ပြင်ပေးလို့ ရပါတယ်"
လီဝမ်ရှီးက သူမ၏ ကျောပိုးအိတ်ကို ယုံကြည်ချက်ရှိရှိ ပုတ်ပြလိုက်၏။
"ဟားဟား... ဟုတ်သားပဲ၊ ငါ မေ့သွားတယ်၊ နင်က အိမ်မှာ သတ္တုတွင်းရှိတဲ့ သူဌေးမလေးပဲဥစ္စာ"
ချီရွှယ်ဖေး ရယ်မောလိုက်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်သော်လည်း ယိုင်လဲသွားမလို ဖြစ်သွား၏။
"ဟာ.."
လီဝမ်ရှီးက ကပျာကယာပင် သူမကို တွဲလိုက်ပြီး စိုးရိမ်တကြီး ကြည့်လာသည်။
"မမက အဆင်ပြေတယ် ဆိုပြီးတော့"
"ငါ အဆင်ပြေပါတယ်၊ ဒဏ်ရာတွေက ပျောက်သွားပြီဆိုပေမဲ့ စိတ်လှုပ်ရှားခဲ့ရတာတွေကြောင့် ခန္ဓာကိုယ်က နည်းနည်း နုန်းသွားတာပါ"
ချီရွှယ်ဖေး စိတ်ကို ပြန်ထိန်းကာ အသက်ကို ပြင်းပြင်းရှူလိုက်၏။
ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်သဖြင့် စောစောက နာကျင်မှုနှင့် တင်းမာမှုတွေကြောင့် တောင့်ခံထားနိုင်ခဲ့သော်လည်း၊ အခု ဘေးကင်းသွားပြီဆိုသည့် အသိဝင်လာသည့်အခါတွင်တော့ သူမ၏ ခြေထောက်များမှာ တုန်ယင်လာရခြင်း ဖြစ်သည်။
"လာ... ရွှီရှင်း ဘာလုပ်နေလဲ သွားကြည့်ရအောင်"
ရွှီရှင်းကတော့ ချီရွှယ်ဖေးကို သွားရောက်နှုတ်ဆက်ခြင်း မပြုဘဲ၊ သူ ကန်ထုတ်လိုက်သဖြင့် မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လဲကျနေသော ထိုလူဆီသို့ လျှောက်သွားလိုက်၏။
"အီး.."
ခဲခဲက အောက်သို့ ခုန်ဆင်းသွားပြီး သတိလစ်နေသော ထိုလူ၏ ဘေးသို့ ပြေးသွားကာ၊ သူမ၏ လက်သည်းလေးများဖြင့် ထိုလူ၏ မျက်နှာကို ကုတ်ခြစ်လိုက်ရာ မျက်နှာတစ်ခုလုံး ခြစ်ရာများဖြင့် ပြည့်သွားတော့သည်။
ခဲခဲသည်လည်း ဤလူ၏ လုပ်ရပ်များကို အတော်လေး မနှစ်မြို့ပုံရသည်။
"ကဲ... တော်ပြီ"
ရွှီရှင်းက ခဲခဲကို ပြန်ချီလိုက်သည်။
"ခြစ်ရာလေး အနည်းငယ်ဆိုရင် ရပါပြီ"
ခဲခဲက ရွှီရှင်း၏ ပုခုံးပေါ်မှနေ၍ မြေပြင်ပေါ်က လူကို သွားလေးများ ဖြဲပြကာ လက်သည်းလေးများဖြင့် ခြိမ်းခြောက်နေသေးသည်။
ရွှီရှင်းသည် သူ့ရှေ့က လူကို သေသေချာချာ ကြည့်လိုက်မိ၏။
သူ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရသည်။
ဤသစ်ပင်အိမ်ကို စတွေ့စဉ်က ဤအိမ်ရှင်မှာ အတော်လေး သန်မာသည့်သူ ဖြစ်လိမ့်မည်ဟု သူ ထင်ခဲ့သည်။
ဘာပဲဖြစ်ဖြစ် မြှားပစ်စက်ကြီး တွေ ဒီလောက်အများကြီး တပ်ဆင်ထားတာကိုး..။
ဤမျှ များပြားလှသော မြှားပစ်စက် အရေအတွက်ကို နယ်မြေ ၁၈၈ မှာတောင် ဝယ်ယူရုံနှင့် မရနိုင်ပေ။
တောင်ဘက်က လီယာကျွင်းဆိုလျှင်တောင် စူးစမ်းရှာဖွေသူများ ဆီကနေ ဝယ်ယူနိုင်စွမ်း ရှိသော်လည်း သူမ၏ အိမ်မှာ နှစ်လက်သာ ရှိသည်မဟုတ်ပါလား။
ထို့အပြင် ဤလူက မြှားပစ်စက် များကို ထိန်းချုပ်ပြီး ပစ်ခတ်နေပုံမှာလည်း အလွန်ပင် ကျွမ်းကျင်သန်မာသည်ဟု ရွှီရှင်း ခံစားခဲ့ရ၏။
သူ၏ မြှားပစ်စက် ထိန်းချုပ်နိုင်စွမ်းမှာ အလွန် မြင့်မားလှသည်။
ချီရွှယ်ဖေး၏ ခေါင်းကို ဝဲပျံသွားစေမည့် မြှား များကို ပစ်နိုင်သလို၊ သူမ၏ ရှေ့တွင် လမ်းပိတ်ရန်အတွက် မြှား သုံးစင်းကို တိတိကျကျ စိုက်ဝင်စေနိုင်ခဲ့၏။
နောက်ထပ် ပစ်လိုက်သော မြှားမှာလည်း ချီရွှယ်ဖေး၏ ပုခုံးကို တိုက်ရိုက် ထိမှန်စေခဲ့ပြီး၊ သူမကို အပြင်းအထန် ဒဏ်ရာမရစေဘဲ မြေပြင်ပေါ် လဲကျသွားအောင်သာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ သူမကို မသတ်ဘဲ ဤနယ်မြေအတွင်းကနေ ထွက်မပြေးနိုင်အောင် ပိတ်ဆို့ထားခြင်းပင်။
---
အခန်း ၂၅၁ ပြီး
***