အရေးကြီးဆုံးအချက်မှာ ရွှီရှင်းကိုယ်တိုင်ပင် ဤကဲ့သို့သော လုပ်ဆောင်ချက်မျိုးကို လုံးဝ မလုပ်နိုင်ခြင်းပင်။
သူ့သစ်ပင်အိမ်ရှိ မြှားပစ်စက် တိုင်းကို ကိုယ်တိုင်ထိန်းချုပ်မည်ဆိုပါက နံရံပေါ်ရှိ ထိန်းချုပ်တံ ကိုသာ အသုံးပြုရမည်ဖြစ်သည်။
မြှားပစ်စက်သုံးလက်ကို တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်ရန်မှာ သူ့အတွက် မဖြစ်နိုင်သော အရာပင်။
မြှားပစ်စက်တစ်လက်နှင့် တစ်လက်ကြားတွင် လိုအပ်သော အကွာအဝေးတစ်ခု ရှိနေပြီး၊ သူသည် အလင်းကဲ့သို့ မြန်ဆန်စွာ ကူးလူးလှုပ်ရှားနိုင်လျှင်ပင် ၎င်းတို့ကို တစ်ချိန်တည်း ပစ်ခတ်မိစေရန်နှင့် မြေပြင်ပေါ်သို့ တစ်ပြိုင်နက် ကျရောက်စေရန် လုပ်ဆောင်ဖို့မှာ မဖြစ်နိုင်ပေ။
ဒါဟာ... သူ့ရှေ့ကလူ ပိုင်ဆိုင်ထားတဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုပဲ ဖြစ်ပေမည်။
စောစောက သူ ထိုသို့ တွေးခဲ့မိ၏။
သို့သော် ယခုအခါ သူကန်ထုတ်လိုက်သဖြင့် သတိလစ်နေသော ထိုလူကို အကဲခတ်ကြည့်သည့်အခါတွင် သူ၏ ခန့်မှန်းချက် မှားယွင်းနေနိုင်သည်ဟု သူ ခံစားလိုက်ရသည်။
ဤလူသည် အစိမ်းရောင်အဆင့် သားရေချပ်ဝတ်တန်ဆာကိုသာ ဝတ်ဆင်ထားပြီး အပြာရောင်အဆင့်တောင် မရှိပေ။
ထို့ပြင် ထိုလူ့ထံမှ သူသိမ်းယူထားသော အစိမ်းရောင်အဆင့် ကျောပိုးအိတ်ကို မွှေနှောက်ကြည့်သည့်အခါတွင်လည်း၊ သူကိုင်ထားသော ဓားရှည်မှာ အပြာရောင်အဆင့် ကျောက်လက်နက် ဖြစ်နေသည်မှလွဲ၍ ကျန်သည့် ကိရိယာများနှင့် လက်နက်အားလုံးမှာ အစိမ်းရောင်အဆင့်များသာ ဖြစ်ကြသည်။
ရွှီရှင်းသည် သူ၏ ကျောပိုးအိတ်ထဲတွင် အပြာရောင်အဆင့် အသီးအနှံ တစ်လုံးကိုမျှ ရှာမတွေ့ခဲ့ပေ။
သူက သာမန် အောက်ခြေအဆင့် ရှင်ကျန်သူတစ်ယောက်ပဲ မဟုတ်ဘူးလား..။
ဒါက ဘယ်လိုအခြေအနေလဲ။
ဘာကြောင့် ဒီလို သာမန်ရှင်ကျန်သူတစ်ယောက်က မြှားပစ်စက် တွေကို ထိန်းချုပ်ရာမှာ ဒီလောက်အထိ ထူးခြားတဲ့ စွမ်းရည်ရှိနေရတာလဲ။
ဒါမှမဟုတ် ဒီစွမ်းရည်က သူ့ဟာမဟုတ်ဘဲ...။
ရွှီရှင်းသည် သစ်ပင်အိမ်ပေါ်ရှိ မြှားပစ်စက် များကို မော့ကြည့်လိုက်၏။
ဒီမြှားပစ်စက် တွေကပဲ ထူးခြားနေတာလား။
သို့သော် ဤမြှားပစ်စက် များမှာ အစိမ်းရောင်အဆင့်များသာ ဖြစ်ကြပြီး အလွန်နိမ့်ကျသော အဆင့်များပင်။
ရွှီရှင်း မျက်မှောင်ကြုတ်ကာ စဉ်းစားနေစဉ်မှာပင် လီဝမ်ရှီးနှင့် ချီရွှယ်ဖေးတို့ လျှောက်လာကြ၏။
"အီး.."
ခဲခဲက ရွှီရှင်း၏ ပုခုံးပေါ်မှနေ၍ သူမ၏ လက်သည်းလေးကို ဝှေ့ယမ်းပြနေ၏။
သူတို့နှစ်ဦး ရှေ့သို့ လျှောက်လာကြပြီး မြေပြင်ပေါ်တွင် ငြိမ်သက်နေသော ထိုလူကို ကြည့်လိုက်ကြသည်။
ထိုလူ၏ မျက်နှာပေါ်ရှိ ခြစ်ရာများကို မြင်လိုက်ရသည့်အခါ နှစ်ယောက်စလုံး ခေတ္တမျှ ဆွံ့အသွားကြ၏။
လီဝမ်ရှီးသည် ခဲခဲကို ရွှီရှင်း၏ ပုခုံးပေါ်မှ ချီယူကာ သူမ၏ ရင်ခွင်ထဲ ထည့်လိုက်ပြီး မေးလိုက်သည်။
"သူ သတိလစ်သွားတာလား။ သူ့မျက်နှာက ဘာလို့ ဒီလို ဖြစ်သွားရတာလဲ၊ ဒီကောင်မလေး လက်ချက်များလား..."
"အီး..."
ခဲခဲက ခေါင်းလေးကို ညိတ်ပြလိုက်ပြီး ဟုတ်ပါတယ် သူမလက်ချက်ပါဟု အဖြေပေး၏။
"ဒါက နင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးလား"
ချီရွှယ်ဖေးက ခဲခဲကို စူးစမ်းစွာ ကြည့်လိုက်သည်။
ထို့နောက် သူမသည် ကျေးဇူးတင်ရိပ်များ ပါနေသော လေသံ၊ ရှက်ကိုးရှက်ကန်း ဖြစ်နေသည့် အရိပ်အယောင်လေးများနှင့်အတူ ရွှီရှင်းဘက်သို့ လှည့်ကာ...
"ဟို... ကျေးဇူးတင်ပါတယ် ရွှီရှင်း၊ နင်တို့သာ ရောက်မလာခဲ့ရင် ငါကတော့ တကယ်ကို..."
သူမ အမှန်တကယ်ပင် ရှက်မိနေသည်။
ယနေ့ သူတို့ သုံးယောက် ပထမဆုံးအကြိမ် တကယ့်လက်တွေ့မှာ ဆုံကြခြင်းဖြစ်သော်လည်း၊ သူမ အကြိမ်ကြိမ် လဲကျနေရသည်ကို သူတို့ မြင်သွားခဲ့ကြသည်မဟုတ်ပါလား။
သူမသည် ရှေ့က လူနှစ်ယောက်ထက် အသက်အရွယ်အရ နှစ်အနည်းငယ် ပိုကြီးသဖြင့် သူတို့က သူမကို မမရွှယ်ဖေးဟု ခေါ်ကြသည်။
သို့သော် ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာတော့ သူမမှာ အလွန်ပင် သိက္ခာကျစရာ ဖြစ်ခဲ့ရ၏...။
တကယ့်ကို ရှက်စရာပဲ...။
ဘာမှမတတ်နိုင်ဘဲ တွေးနေမိသည်။
"ငါက ဆေးဆရာမ အလုပ်နဲ့ပဲ သင့်တော်တာထင်တယ်၊ တိုက်ခိုက်တာတွေ နယ်မြေချဲ့ထွင်တာတွေက ငါနဲ့ လုံးဝ မအပ်စပ်ပါဘူး..."
"ဒါက လုပ်သင့်လုပ်ထိုက်တာပါ"
ရွှီရှင်း ခေါင်းညိတ်ပြလိုက်ပြီးနောက် မေးလိုက်သည်။
"အစ်မရွှယ်ဖေး၊ ဘာလို့ ဒီလောက် မြှားပစ်စက်ကြီး တွေ အများကြီး ဝိုင်းနေတဲ့ သစ်ပင်အိမ်နားကို ချဉ်းကပ်ခဲ့တာလဲ"
"ဟို..."
ချီရွှယ်ဖေး အားနာနာနဲ့ ပြုံးလိုက်ပြီး ဒီနေ့ အပြင်ထွက်လာပြီးနောက် သူမ ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြ၏။
သူမ ဤနေရာသို့ မည်သို့ ရောက်လာသနည်းနှင့် ဤအခြေအနေသို့ဘယ်လို ဆိုက်ရောက်ခဲ့သနည်း ဆိုသည်များ အပါအဝင်ပင်။
"ဟာ... မမရွှယ်ဖေးက မျက်စိမှုန်တာကိုး"
ချီရွှယ်ဖေးသည် မျက်စိမှုန်နေသဖြင့် မြှားပစ်စက်ကြီး များကို မမြင်ရဘဲ ချဉ်းကပ်မိခဲ့ခြင်းဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ၊ လီဝမ်ရှီးသည် သူမ၏ ရင်ခွင်ထဲက ခဲခဲကို တင်းတင်းကျပ်ကျပ် ဖက်လိုက်မိရာ ခဲခဲမှာ နှစ်ခါမျှ အော်သွားရ၏။
မူလကမ္ဘာမှာဆိုလျှင် မျက်စိမှုန်ခြင်း မှာ ပြဿနာကြီးကြီးမားမား မဟုတ်သော်လည်း၊ ဤနေရာတွင်မူ ခြားနားလှ၏။
သူတို့ ဤကမ္ဘာသို့ ရောက်လာသည့်အခါတွင် အစပြုသူ ဝတ်စုံနှင့် သစ်ပင်အိမ်မျိုးစေ့ကိုသာ ရရှိခဲ့ကြပြီး၊ ထိုဆန်းကြယ်သော အသံက သူတို့၏ မျက်မှန်များကိုပါ စေတနာရှေ့ထားပြီး ယူဆောင်ပေးခဲ့ခြင်း မရှိပေ။
သူတို့အနေဖြင့် မျက်မှန် မည်သို့လုပ်ရမည် သို့မဟုတ် မှန်ဘီလူး မည်သို့ သွေးရမည်ကိုလည်း လုံးဝ မသိကြပေ။
ထို့ကြောင့် ဤကမ္ဘာတွင် မျက်စိမှုန်ခြင်းမှာ အတော်လေး ကြီးမားသော အားနည်းချက်တစ်ခု ဖြစ်နေခြင်းပင်။
"ငါတို့နိုင်ငံမှာ အထက်တန်းကျောင်းသား ၈၀ ရာခိုင်နှုန်းကျော်က မျက်စိမှုန်ကြတယ်၊ တက္ကသိုလ်ကျောင်းသားတွေဆိုရင် ၉၀ ရာခိုင်နှုန်း နီးပါးရှိတယ်။ ဒါကြောင့် နင်တို့နှစ်ယောက် မျက်စိမမှုန်တာက တကယ်ကို ရှားပါးတဲ့ကိစ္စပဲ"
ချီရွှယ်ဖေးက စာရင်းဇယားတစ်ခုကို ပြောပြရင်း၊ သူမကိုယ်သူမ ကာကွယ်သည့်အနေဖြင့် ပါးပြင်လေးများ နီရဲကာ ပြောလိုက်၏။
"ဟင် အဲဒီလောက်တောင် များတာလား"
လီဝမ်ရှီး မျက်လုံးပြူးသွားပြီး စဉ်းစားလိုက်သည်။
"ကြည့်ရတာ... တကယ်ပဲ အဲဒီလို ဖြစ်လိမ့်မယ်"
သူမ၏ အထက်တန်းကျောင်းက အတန်းဖော်တွေထဲမှာ မျက်မှန်မတပ်တဲ့သူ သိပ်မရှိချေ။
တက္ကသိုလ်ရောက်တော့ နည်းသွားသလို ထင်ရပေမဲ့၊ အဲဒါက လူတွေက ရုပ်ရည်ကို ပိုဂရုစိုက်လာကြလို့ပင်။
အချို့က လိုအပ်မှ တပ်ကြသလို အချို့က မျက်ကပ်မှန် ပြောင်းတပ်ကြကာ အချို့ကတော့ လေဆာဖြင့် မျက်စိပြင်ခြင်း လုပ်လိုက်ကြတာကြောင့် မျက်စိမှုန်သူ နည်းသွားသလို ထင်ရခြင်းသာ ဖြစ်သည်။
လေဆာဖြင့် မျက်စိပြင်ခြင်းအကြောင်း စဉ်းစားမိလိုက်သည့်အခါ လီဝမ်ရှီးက ရုတ်တရက် လက်ခုပ်တီးလိုက်ပြီး...
"စိတ်မပူပါနဲ့ မမရွှယ်ဖေးရာ၊ ဟိုဘက်ကမ္ဘာမှာ မျက်စိမှုန်တာကို ကုလို့ရမှတော့၊ ဒီကမ္ဘာမှာလည်း ကျိန်းသေပေါက် ဖြစ်နိုင်မှာပါ။ ဖြစ်နိုင်တာက မမက မျက်စိမှုန်တာ ပျောက်စေတဲ့ ဆေးတစ်မျိုးကို ဖန်တီးနိုင်မှာလား မသိဘူးနော်"
မျက်စိမှုန်တာ ပျောက်စေတဲ့ဆေး တဲ့လား...။
ရွှီရှင်း အနည်းငယ် ရယ်ချင်သွားမိသည်။
တစ်ခုခု စားလိုက်ရုံနဲ့ မျက်စိမှုန်တာ ပျောက်သွားနိုင်ပါ့မလား။
သို့သော် ဤကမ္ဘာ၏ ထူးဆန်းသော စွမ်းအားများကို ထည့်တွက်မည်ဆိုပါက ဖြစ်နိုင်ချေတော့ ရှိ၏။
ချီရွှယ်ဖေးလည်း ထိုဖြစ်နိုင်ချေက သိပ်မများဘူးဟု ထင်ပုံရသော်လည်း ပြုံးလျက် "နောင်ကျရင် ရှိလာနိုင်တာပေါ့"
သူမကိုယ်တိုင် မျက်စိမှုန်ပျောက်ဆေး ဖန်တီးနိုင်ခြေထက် အမှတ်ဆိုင် မှာ မျက်စိမှုန်တာကို ကုသပေးနိုင်တဲ့ ပစ္စည်းမျိုး ရောင်းလာနိုင်ခြေက ပိုများ၏။
ဘာပဲဖြစ်ဖြစ် ဆိုင်မှာက ထူးထူးဆန်းဆန်း လုပ်ဆောင်ချက်တွေပါတဲ့ ပစ္စည်းတွေကို ရောင်းနေတာကိုး။
"အစ်မရွှယ်ဖေး၊ ကျိချောင်းယန်ကို ဆက်သွယ်လိုက်တာ ပိုကောင်းမယ်။ သူက အရှေ့ဘက်က ရှင်ကျန်သူကို ခေါ်လာနေပြီဆိုတော့၊ အခုလောက်ဆို အစမရဲ့ သစ်ပင်အိမ်နား ရောက်နေလောက်ပြီ"
ရွှီရှင်းက မျက်စိမှုန်ခြင်းကိစ္စကို ဂရုမထားဘဲ ချီရွှယ်ဖေးကို သတိပေးလိုက်၏။
"ကျိချောင်းယန်က အရှေ့ဘက်ကို ဖြေရှင်းပြီးပြီလား။ အခုပဲ ငါ ဆက်သွယ်လိုက်မယ်"
ချီရွှယ်ဖေးသည် သူမ၏ နာရီကို ပွတ်လိုက်ပြီး စူးစမ်းရှာဖွေသူများ အဖွဲ့ထဲတွင် သူမ၏ လက်ရှိအခြေအနေကို စတင်ရှင်းပြတော့သည်။
မကြာမီမှာပင် ကျိချောင်းယန်က ပြန်လည်ဖြေကြားလာသည်။
"ငါ အဲဒီလူကို ခေါ်ပြီး နင့် အိမ်နားကို ရောက်နေပြီ။ အဲဒီဘက်မှာ အကူအညီ လိုဦးမလား"
ရွှီရှင်းက ပြန်ဖြေလိုက်၏။
"မလိုတော့ဘူး၊ ဒီမှာ အားလုံးနီးပါး ပြီးသွားပါပြီ။ အကျဉ်းသားတစ်ယောက်ကို ခေါ်လာရတာ အဆင်မပြေနိုင်လို့၊ ငါတို့ မကြာခင် လာခဲ့ပါ့မယ်"
ကျိချောင်းယန်က - "ကောင်းပါပြီ၊ ချီရွှယ်ဖေးရဲ့ သစ်ပင်အိမ်မှာပဲ ငါ စောင့်နေပါ့မယ်" ဟု ဆိုသည်။
"ဟင်း... အင်း..."
မြေပြင်ပေါ်က လူက ရုတ်တရက် ညည်းတွားသံ ထွက်လာသည်။
"ဟာ ဒီလူ နိုးလာပြီ"
မြေပြင်ပေါ်က လူကို မြင်လိုက်ရသည့်အခါ၊ သူ၏ စောစောက စကားလုံးများနှင့် လုပ်ရပ်များကို ပြန်တွေးမိပြီး လီဝမ်ရှီး ဒေါသထွက်သွားကာ မြေပြင်ပေါ်က လူကို ခြေထောက်ဖြင့် ကန်လိုက်ရာ ထိုလူမှာ ပက်လက်လန်သွားတော့၏။
ချီရွှယ်ဖေးက ထိုလူကို ရွံရှာသော အကြည့်ဖြင့် ကြည့်ပြီး ရှေ့သို့ တစ်လှမ်းတိုးလိုက်ရာ သူမကိုယ်တိုင်လည်း ကန်ချင်ပုံရသော်လည်း နောက်ဆုံးတွင်တော့ စိတ်ကို ထိန်းလိုက်၏။
"ဒီလူကို ဘယ်လို ကိုင်တွယ်ချင်လဲ"
ချီရွှယ်ဖေးက ရွှီရှင်းကို မေးလိုက်သည်။
ကယ်တင်ခြင်း ခံရသူအနေဖြင့် သူမတွင် ထိုလူကို မည်သို့ ကိုင်တွယ်ရမည်ဟု တောင်းဆိုရန် အခွင့်အာဏာ မရှိသဖြင့် ရွှီရှင်းကို မေးမြန်းရခြင်း ဖြစ်သည်။
"ဪ... သူ့ကို မေးစရာ မေးခွန်းအချို့ ရှိသေးတယ်"
ရွှီရှင်းသည် မြေပြင်ပေါ်တွင် ငြိမ်သက်နေသော ထိုလူကို တစ်ချက် ကြည့်လိုက်သည်။
"ကျွန်တော် မေးတာတွေ ပြီးသွားရင်တော့၊ အစ်မရွှယ်ဖေး စိတ်ကြိုက် လုပ်နိုင်ပါတယ်"
ပက်လက်လန်သွားအောင် အကန်ခံလိုက်ရပြီးနောက် ထိုလူမှာ ညည်းတွားသံ ရပ်သွားသော်လည်း သူ၏ မျက်တောင်များမှာ တုန်ခါနေ၏။
"ကဲ... မင်း နိုးနေတာ ငါ သိပါတယ်။"
ရွှီရှင်းသည် သတိလစ်ချင်ယောင်ဆောင်နေသော ထိုလူကို ခြေထောက်ဖြင့် အသာအယာ ကန်လိုက်၏။
အားအများကြီး မပါသော်လည်း ဟန်ဆောင်မနေရန် သတိပေးလိုက်ခြင်းသာ ဖြစ်သည်။
ထိုလူ၏ မျက်လုံးများ တုန်ယင်သွားကာ ပွင့်လာခဲ့သည်။
သူ့အပေါ်တွင် မတ်တတ်ရပ်နေသော လူသုံးယောက်ကို သူ မြင်လိုက်ရ၏။
သူတို့ထဲမှ တစ်ယောက်မှာ သူ စောစောက ကြာမြင့်စွာ ဆော့ကစားခဲ့သည့် အမျိုးသမီး ဖြစ်ပြီး၊ သူမနှင့် အခြား လှပသော မိန်းကလေးမှာ သူ့ကို အလွန်အမင်း ရွံရှာသော အကြည့်ဖြင့် ကြည့်နေကြသည်။
ရွှီရှင်းက သူ့ကို အေးစက်သော လေသံဖြင့် မေးလိုက်၏။
"မင်းကို မေးစရာ မေးခွန်းအချို့ ရှိတယ်။ မင်း သေသေချာချာ ဖြေမယ်ဆိုရင်တော့ အသက်ရှင်နိုင်ဦးမှာပါ။ ဒါပေမဲ့ ငါ မကျေနပ်ဘူးဆိုရင်တော့..."
ရွှီရှင်းသည် သူ၏ လက်ထဲက လှံဖြင့် ထိုလူ၏ ခြေထောက်ကို တစ်ချက် ခြစ်လိုက်ရာ၊ အစိမ်းရောင်အဆင့် သားရေချပ်ဝတ်တန်ဆာကို ချက်ချင်း ပေါက်ထွက်သွားပြီး ဒဏ်ရာတစ်ခု ရသွားစေကာ ထိုလူမှာ အော်ဟစ်သွားရတော့သည်။
လှံ၏ အသက်စွမ်းအား စုပ်ယူနိုင်သော စွမ်းရည်ကြောင့် သူ၏ မျက်နှာမှာ ဖြူဖျော့သွားရ၏။
သူသည် သူ၏ ခြေထောက်ဒဏ်ရာကို ဆုပ်ကိုင်ကာ မြေပြင်ပေါ်တွင် လူးလှိမ့်ရင်း နာကျင်စွာ အော်ဟစ်နေတော့သည်။
ရွှီရှင်းက သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်နေမိသည်။
ဒါက အနည်းငယ် ခြစ်မိရုံတင်ပါဟ။ ဒီလောက်အထိ ဖြစ်ရသလား။
အစ်မရွှယ်ဖေးရဲ့ ဒဏ်ရာတွေက ဒီထက် အများကြီး ပြင်းထန်တာတောင် အသံတစ်ချက်တောင် မထွက်ခဲ့ဘူး။
ဒီကောင်က... သေချာပေါက် သန်မာတဲ့သူ မဟုတ်ဘူး။
ဒီလိုလူမျိုးသာ အဆင့်မြင့်မြင့် ရနေတယ်ဆိုရင်တော့၊ နယ်မြေ ၁၈၇ က တကယ့်ကို သနားစရာ ကောင်းလှချေပြီ။
"အားးးးး နာတယ် နာတယ်ကွ"
ပိန်ပိန်ပါးပါး မျောက်လိုလူမှာ မြေပြင်ပေါ် လူးလှိမ့်နေရာမှ နောက်ဆုံးတွင် ရပ်တန့်သွားပြီး သနားစရာကောင်းသော အသံများ ထွက်ပေါ်လာသည်။
သူ၏ မျက်လုံးများတွင် မျက်ရည်များ ပြည့်နေလျက် ရွှီရှင်းတို့ သုံးယောက်ကို စိုက်ကြည့်နေ၏။
သူ၏ မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် နာကျည်းမှုများ ပြည့်နှက်နေသည်။
"မင်း... မင်း တို့ ငါ့ကို ဒီလို လုပ်လို့ မရဘူး။မဟုတ်ရင် ငါ့ အစ်ကိုကြီးက မင်းတို့ကို ကျိန်းသေပေါက် သတ်လိမ့်မယ်"
ဟက်... ရင်းနှီးနေကျ ဗီလိန်တွေရဲ့ စကားတွေပါလား။
ဒါပေမဲ့... သူ့ရဲ့ အစ်ကိုကြီး ဆိုပါလား။
အခုတော့ ကိစ္စက စိတ်ဝင်စားဖို့ ကောင်းလာပြီပဲ။
---
အခန်း ၂၅၂ ပြီး
***