ဝုန်း... ဝုန်း...
ပြင်းထန်လှသော တိုက်ပွဲကြီးမှာ ဆက်လက်ဖြစ်ပွါးနေဆဲပင်။
အဆင့် ၅ ဇွန်ဘီရုပ်သေး အမြောက်အမြား၏ ဝိုင်းရံတိုက်ခိုက်မှုအောက်တွင် မိုးကြိုးဟိန်းသံ၏ အခြေအနေမှာ တစ်မိနစ်ထက်တစ်မိနစ် ပိုမိုဆိုးရွားလာခဲ့သည်။ ကျိရုရွှယ်၏ စိတ်စွမ်းအားဖြင့် အဆက်မပြတ် နှောင့်ယှက်ဟန့်တားမှုများကြောင့် မိုးကြိုးဟိန်းသံမှာ ထိရောက်သော တန်ပြန်တိုက်စစ်ကိုပင် မဆင်နွှဲနိုင်တော့ဘဲ မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့၏ မီးလုံးများဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုကိုသာ မတတ်သာဘဲ အလူးအလဲ ခံစားနေရရှာသည်။
တစ်ချိန်တည်းမှာပင် မသေမျိုး ၁ သည်လည်း အခွင့်အရေးရတိုင်း ၎င်း၏ အာခံတွင်းမှ သွေးရောင် အကြေးခွံလျှာကို ပစ်လွှတ်ကာ မိုးကြိုးဟိန်းသံ၏ ခန္ဓာကိုယ်ပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော သွေးထွက်သံယို ဒဏ်ရာပေါက်ကြီးများကို တစ်ခုပြီးတစ်ခု ဖန်တီးနေတော့သည်။
"ဂီးးးးဝူးးးး"
တောက်လောင်နေသော မီးလျှံများအတွင်းမှ မိုးကြိုးဟိန်းသံသည် အစွမ်းကုန် ရုန်းကန်နေပြီး ဒေါသတကြီး မိုးကြိုးဟိန်းသံများမှာလည်း ပတ်ဝန်းကျင်တစ်ခုလုံး ပဲ့တင်ထပ်နေသည်။
ဝုန်း...
ထိုအခိုက်အတန့်တွင် ဧရာမ ခန္ဓာကိုယ်ကြီးတစ်ခုမှာ မိုးကြိုးဟိန်းသံထံသို့ တဟုန်ထိုး ပြေးဝင်လာခဲ့သည်။ မိုးခြိမ်းသံအလား လေထုကို ခွင်းသွားသည့် အသံနှင့်အတူ ဧရာမ သံတုတ်
ကြီး၏ အရိပ်က မိုးကြိုးဟိန်းသံ၏အပေါ်သို့ ဝှေ့ယမ်းကာ ကျဆင်းလာတော့သည်။
ဘုန်း….
မျက်တောင်တစ်ခတ်အတွင်းမှာပင် အာဖန်း၏ အတိုင်းအဆမရှိသော ခွန်အားများ စီးဝင်နေသည့် လေးလံလှသော သံတုတ်ကြီးသည် မိုးကြိုးဟိန်းသံ၏ ပခုံးပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။ ထူးဆန်းပြီး လေးလံလှသော အသံကြီးနှင့်အတူ ညစ်ပတ်ပေရေနေသော အသားစများမှာ ရွှံ့နွံများအလား အရပ်မျက်နှာအနှံ့သို့ လွင့်စင်ထွက်သွားခဲ့သည်။
နောက်တစ်ခဏတွင် စူးရှလွန်းသော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာတော့သည်။
ပြင်းထန်လှသော ထိုးနှက်ချက်အောက်တွင် မိုးကြိုးဟိန်းသံ၏ ခန္ဓာကိုယ်ကြီးမှာ တုန်ရင်သွားခဲ့ပြီး သနားစဖွယ် အော်ဟစ်ညည်းတွားလျက် ၎င်း၏ ဧရာမ ဝက်ဝံခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ ထိန်းမနိုင်သိမ်းမရ ပြိုလဲကျသွားခဲ့ရာ မြေပြင်ကြီးပင်လျှင် အနည်းငယ် တုန်ခါသွားခဲ့ရသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် အာဖန်း၏ ခွန်အားမှာ မည်မျှအထိ ကြီးမားလှသည်ကို သိသာထင်ရှားစေသည်။ အဆင့် ၅ ရှိသော မိုးကြိုးဟိန်းသံကဲ့သို့ သန်မာလှသည့် သားရဲကြီးပင်လျှင် အာဖန်း၏ ရိုက်ချက်တစ်ချက်ကို မနည်းတောင့်ခံနေရရှာသည်။
သို့ရာတွင် တစ်ကိုယ်လုံး သွေးသံရဲရဲဖြင့် အသားစများ စုတ်ပြတ်သတ်ကာ မြေပြင်ပေါ်၌ အားအင်ကုန်ခမ်းစွာ လဲလျောင်းနေရသော်လည်း မိုးကြိုးဟိန်းသံသည် ထွက်ပြေးရန် အလျင်းစိတ်ကူးမရှိချေ။ ၎င်းသည် မရမက ပြန်လည်ထရပ်ရန် ကြိုးပမ်းနေပြီး နီရဲနေသော မျက်လုံးအစုံမှာလည်း အာဖန်းအပေါ် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေတော့သည်။
"ဂီး….."
မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးကြိုးဟိန်းသံသည် သွေးပျက်ဖွယ် အာခံတွင်းကြီးကို ဟဖြဲလျက် အာဖန်းထံသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်တိုက်ခိုက်သည်။
ထိုအခိုက်အတန့်တွင် အာဖန်း၏ လက်ထဲရှိ သံတုတ်ကြီးသည် လေထုကို နောက်တစ်ကြိမ် ခွင်းသွားပြီး မိုးကြိုးဟိန်းသံ၏ ဦးခေါင်းတည့်တည့်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ရာ မိုးကြိုးဟိန်းသံမှာ မြေပြင်ပေါ်သို့ အရှိန်ဖြင့် ပြန်လည် လဲကျသွားရပြန်သည်။
"ဂီးးးးး.."
ခေတ္တမျှ ကြာပြီးနောက် ဦးခေါင်းကို အပြင်းအထန် ရိုက်နှက်ခံလိုက်ရသဖြင့် မူးဝေနေသော မိုးကြိုးဟိန်းသံသည် ဦးခေါင်းကို ခါယမ်းကာ ယိုင်နဲ့နဲ့ဖြင့် မြေပြင်မှ တစ်ဖန် ပြန်လည်ထရပ်လာခဲ့သည်။
ထို့နောက် ၎င်း၏မျက်လုံးများ တဖြည်းဖြည်း ပြန်လည်ကြည်လင်လာသည်နှင့်အမျှ သူခံခဲ့ရသော တိုက်ခိုက်မှုများကို မေ့လျော့သွားသည့်အလား ရှေ့ရှိအာဖန်းကို ပိုမိုပြင်းထန်သော ဒေါသများဖြင့် စိုက်ကြည့်ကာ အာခံတွင်းကြီးကို ဟလျက် အာဖန်းကို ပြန်လည်ကိုက်ခဲရန် ကြိုးစားပြန်သည်။
၎င်းသည် လုံးဝအလျှော့မပေးဘဲ ဇွဲနပဲကြီးစွာဖြင့် တိုက်ခိုက်နေပုံပင်။
ဘုန်း…..
ယခုတစ်ကြိမ်တွင်လည်း ယခင်ကအတိုင်းပင် ထူးခြားမှု မရှိခဲ့ပေ။ အာဖန်း၏ အတိုင်းအဆမရှိသော ခွန်အားအောက်တွင် သံတုတ်ကြီးမှာ လေထုကို ခွင်းလျက် ရောက်ရှိလာပြီး မိုးကြိုးဟိန်းသံမှာ နောက်တစ်ဖန် လဲကျသွားရပြန်သည်။
သို့ရာတွင် မိုးကြိုးဟိန်းသံ၏ ဇွဲနပဲမှာ မှန်းဆ၍မရနိုင်အောင်ပင် ကြီးမားလှသည်။ ၎င်းသည် ယိုင်နဲ့စွာဖြင့် ပြန်လည်ထရပ်ပြီးနောက် အာဖန်းကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်နေပြန်သည်။
"ဒီသားရဲ ဘာဖြစ်နေတာလဲ"
ကောင်းကင်ယံမှနေ၍ ကျိရုရွှယ်သည် မိုးကြိုးဟိန်းသံ၏ ထူးဆန်းသော အခြေအနေကို နောက်ဆုံးတွင် သတိပြုမိသွားခဲ့သည်။
အဘက်ဘက်မှ အရေးနိမ့်နေသည်မှာ သိသာထင်ရှားပါလျက်နှင့် မိုးကြိုးဟိန်းသံသည် ထွက်ပြေးရန် အလျင်းစိတ်ကူးမရှိဘဲ သေခြင်းတရားကိုပင် ဂရုမစိုက်တော့သည့်အလား ပြုမူနေသည်။ ၎င်းသည် ပြင်းထန်သော ဝေဒနာကို ခံစားနေရပုံရပြီး တစ်ကိုယ်လုံးမှာလည်း မကြာခဏ ထိန်းမနိုင်သိမ်းမရ တုန်ရင်နေကာ မိုးကြိုးလျှပ်စီးမျှင်များမှာလည်း ခန္ဓာကိုယ်မှ ထွက်ပေါ်နေသည်။ ၎င်း၏ မျက်လုံးများထဲရှိ ဒေါသရိပ်များမှာလည်း တစ်စုံတစ်ရာသော ညှဉ်းပန်းနှိပ်စက်မှုကို ခံစားနေရသည့်အလား ဖြစ်နေသည်။
ကျိရုရွှယ်သည် သံသယတစ်ခု ဖြစ်ပေါ်လာသဖြင့် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်
အဆီအနှစ်များကို ချက်ချင်းပင် နှိုးဆော်လိုက်သည်။ သူမ၏ မျက်လုံးများမှာ မှန်စီရွှေချကဲ့သို့သော ဝိညာဉ်အလင်းတန်းများ ထွက်ပေါ်လာပြီး ရှေ့ရှိ အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်သည့်အလား မိုးကြိုးဟိန်းသံကို စိုက်ကြည့်လိုက်သည်။
"ဒါကြောင့်ကိုး"
ခေတ္တမျှ ကြာသောအခါ ကျိရုရွှယ်၏ မျက်နှာတွင် နားလည်သဘောပေါက်သွားသည့် အမူအရာ ပေါ်ထွက်လာခဲ့သည်။ မိုးကြိုးဟိန်းသံ အဘယ်ကြောင့် ဤမျှ ထူးဆန်းနေရသည်ကို သူမ သိရှိသွားခဲ့ပြီ ဖြစ်သည်။
ဤသားရဲ၏ ခန္ဓာကိုယ်အတွင်း၌ မိုးကြိုးစွမ်းအင်များမှာ အတိုင်းအဆမရှိ တည်ရှိနေသည်။ ၎င်းသည် တစ်ကြိမ်တည်းနှင့် မိုးကြိုးစွမ်းအင်များကို အလွန်အကျွံ စုပ်ယူထားမိပုံရပြီး ထိုစွမ်းအင်များကို ပြည့်ဝစွာ မစုပ်ယူနိုင်သေးသည့်အတွက် ခန္ဓာကိုယ်က တောင့်မခံနိုင်ဘဲ အလွန်အမင်း ကြမ်းတမ်းခက်ထန်နေခြင်းပင်။
ဤအခြေအနေမှာ လူတစ်ယောက်သည် အစာကို တစ်ကြိမ်တည်းနှင့် အလွန်အကျွံ စားမိသဖြင့် ဗိုက်ထဲတွင် မခံမရပ်နိုင်အောင် လေးလံကာ စိတ်တိုဒေါသထွက်နေရခြင်းနှင့် ဆင်တူသည်။
မိုးကြိုးဟိန်းသံ၏ ခန္ဓာကိုယ်မှာ သတ်မှတ်ထားသော ပမာဏသာ ဆံ့သည့် ရေပုံးတစ်ပုံးနှင့် တူနေသည်။ မူလက ရေတစ်တန်သာ ဆံ့ရမည့်နေရာတွင် ရေနှစ်တန်ကို အတင်းအဓမ္မ ဖိသိပ်
ထည့်ထားခြင်းပင်။ လက်ရှိ အခြေအနေအရဆိုလျှင် မိုးကြိုးဟိန်းသံ၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲမထွက်သွားသည်မှာပင် ကံကောင်းလှသည်ဟု ဆိုရပေမည်။
အောက်ဘက်တွင် တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေဆဲပင်။ အာဖန်း၏ ထိုးနှက်ချက်များအောက်တွင် မိုးကြိုးဟိန်းသံမှာ အကြိမ်ကြိမ် ပြန်လည်ထရပ်နေသော်လည်း သေခြင်းတရားကိုပင် မကြောက်ရွံ့တော့သည့်အလား လုံးဝရူးသွပ်နေသော အခြေအနေသို့ ရောက်ရှိနေသည်။
ထိုအခိုက်အတန့်တွင် ကောင်းကင်ယံရှိ မီးလျှံ ၁ နှင့် မီးလျှံ ၂ တို့က တိုက်စစ်ကို ခေတ္တရပ်နားလိုက်ကြသည်။ တစ်ဖက်တွင်မူ တဖြည်းဖြည်း ချဉ်းကပ်လာသော မသေမျိုး ၁ သည် အာဖန်းက မိုးကြိုးဟိန်းသံကို မြေပြင်ပေါ်သို့ အလဲထိုးထားစဉ် အခွင့်ကောင်းယူ၍ မိုးကြိုးလုံးများဖြင့် ပစ်ခတ်တိုက်ခိုက်လိုက်ရာ မိုးကြိုးဟိန်းသံ၏ ခန္ဓာကိုယ်ပေါ်တွင် ပိုမိုပြင်းထန်သော ဒဏ်ရာများကို ရရှိစေခဲ့သည်။
မိုးကြိုးလုံး တစ်ခုချင်းစီ ပေါက်ကွဲသွားတိုင်း မိုးကြိုးဟိန်းသံ၏ ခန္ဓာကိုယ်မှ သွေးစများ လွင့်စင်ထွက်သွားပြီး နာကျင်စွာ အော်ဟစ်ညည်းတွားသံများ ထွက်ပေါ်လာသည်။ ဒေါသအလွန်အမင်း ထွက်သွားသော မိုးကြိုးဟိန်းသံသည် ၎င်း၏ ဘေးဘက်ရှိ မသေမျိုး ၁ ကို လှည့်ပတ်တိုက်ခိုက်ရန် ကြိုးစားသော်လည်း အာဖန်း၏ ဝှေ့ယမ်းလိုက်သော သံတုတ်ကြီးအောက်တွင် ထိုနေရာ၌ပင် ပြန်လည်နှိမ်နင်းခြင်း ခံလိုက်ရပြန်သည်။
မိုးကြိုးဟိန်းသံ အကြိမ်ကြိမ် အလဲထိုးခံနေရသည်ကို အပေါ်မှနေ၍ စောင့်ကြည့်နေသော ကျိရုရွှယ်၏ မျက်လုံးများမှာ ဝင်းလက်သွားခဲ့သည်။
"လက်ရှိ အခြေအနေအရဆိုရင် မိုးကြိုးဟိန်းသံဟာ အင်အားကုန်ခမ်းလုနီးပါး ဖြစ်နေပြီ။ ငါ... ဒီဧရာမ သားရဲကြီးကို ဖမ်းဆီးဖို့ ကြိုးစားကြည့်လို့ ရနိုင်မလားပဲ"
လက်ရှိတွင် မိုးကြိုးဟိန်းသံမှာ အလွန်သနားစဖွယ် အခြေအနေသို့ ရောက်ရှိနေသော်လည်း ၎င်းသည် အဆင့် ၅ ရှိသော ပုံပြောင်းသားရဲရိုင်းတစ်ကောင်ဖြစ်ရာ အဆင့် ၅ ရှိသော ဇွန်ဘီတစ်ကောင်ထက်ပင် ပိုမိုအစွမ်းထက်လှသည်။ အကယ်၍ မိုးကြိုးဟိန်းသံကိုသာ အောင်မြင်စွာ လက်အောက်ခံဖြစ်အောင် ပြုလုပ်နိုင်ပါက ကျိရုရွှယ်နှင့် သူမ၏ ဖခင်အတွက် အနာဂတ်တွင် များစွာ အထောက်အကူပြုနိုင်မည် ဖြစ်သည်။ အထူးသဖြင့် မိုးကြိုးဟိန်းသံ၏ ထူးခြားသော ပါရမီကြောင့် သူမနှင့်အတူ အဆင့်အတန်း မြင့်မားလာနိုင်မည်မှာ အသေအချာပင်။
သူမသည် စိတ်ပိုင်းဖြတ်လိုက်ပြီးနောက် ပျံသန်းသူ ၁ ကို ပုတ်လျက် ကျယ်လောင်စွာ ပြောလိုက်သည်။
"အဖေ သမီး ဒီကောင်ကြီးကို ယဉ်ပါးအောင် လုပ်ချင်တယ်။ ဒါပေမဲ့ သမီးကို ကူညီပြီး မိုးကြိုးဟိန်းသံကို ထိန်းချုပ်ပေးဖို့တော့ လိုလိမ့်မယ်နော်"
ထိုစကားကို ကြားလိုက်ရသောအခါ ပျံသန်းသူ ၁ ကို ထိန်းကျောင်းနေသော လုချွမ်းမှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ချီချီလေးအနေဖြင့် မိုးကြိုးဟိန်းသံကို ဘယ်လို ယဉ်ပါးအောင် ပြုလုပ်မလဲဆိုသည်ကိုသူ မသိသော်လည်း သူမအား ကူညီရန်အတွက် ခေါင်းညိတ်၍ သဘောတူလိုက်သည်။
ထို့နောက် ကျိရုရွှယ်သည် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို စိတ်စွမ်းအားဖြင့် လွှမ်းခြုံလိုက်ပြီး ပျံသန်းသူ ၁ ပေါ်မှ ခုန်ချကာ မိုးကြိုးဟိန်းသံ၏ ရှေ့ မလှမ်းမကမ်းတွင် ဆင်းသက်လိုက်သည်။
"ဂီးးးးး"
ထိုအချိန်တွင် အာဖန်း၏ နှိမ်နင်းမှုအောက်၌ မရမက ရုန်းကန်နေသော မိုးကြိုးဟိန်းသံသည် သေးငယ်သော ကျိရုရွှယ်၏ ပုံရိပ်လေးကို သတိပြုမိသွားခဲ့သည်။ ၎င်းသည် သွေးရောင်လွှမ်းနေသော အာခံတွင်းကြီးကို ဟလျက် ပြင်းထန်စွာ ဟိန်းဟောက်လိုက်ပြီး မြေပြင်မှ ရုတ်တရက် ထရပ်လိုက်သည်။
လုချွမ်းက စိတ်အာရုံဖြင့် အမိန့်ပေးလိုက်ရာ အာဖန်းသည် သံတုတ်ကြီးကို ဝှေ့ယမ်းလျက် မိုးကြိုးဟိန်းသံကို မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် အလဲထိုးလိုက်ပြန်သည်။ မိုးကြိုးဟိန်းသံထံမှ နာကျင်စွာ အော်ဟစ်သံကြီး ထွက်ပေါ်လာပြီး အာဖန်းသည် အခွင့်ကောင်းယူကာ ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးပေါ်သို့ ခွစီးလျက် လုံးဝငြိမ်သက်သွားအောင် ဖိနှိပ်လိုက်တော့သည်။
ဤမြင်ကွင်းကို ကြည့်ရင်း ကျိရုရွှယ်သည် တည်ကြည်သော မျက်နှာထားဖြင့် လျှောက်လှမ်းလာခဲ့သည်။ သူမသည် သားရဲယဉ်ပါးအောင် ပြုလုပ်သူမဟုတ်သည့်အတွက် သားရဲများကို တိုက်ရိုက်ထိန်းချုပ်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် သူမအနေဖြင့် သွေးကတိသစ္စာ နည်းလမ်းကို အသုံးပြု၍ မိုးကြိုးဟိန်းသံကို ထိန်းချုပ်ရန် ကြိုးစားရပေတော့မည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျိရုရွှယ်သည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်
အဆီအနှစ်များကို လျှင်မြန်စွာ နှိုးဆော်လိုက်ပြီး လက်ထိပ်မှနေ၍ အနှစ်သာရ သွေးတစ်
စက်ကို အတင်းအဓမ္မ ထုတ်ဖော်လိုက်တော့သည်။
***