စိတ်ဝင်စားစရာ ကောင်းသည်မှာ ကျောက်လင်းနှင့် ဟွမ်ရွှမ်းတို့သည် ယခုအကြိမ်နှင့်ဆိုလျှင် သုံးကြိမ်တိုင်တိုင် ဆုံတွေ့ခဲ့ဖူးသော်လည်း တစ်ဦးကိုတစ်ဦး မှတ်မိခြင်း မရှိကြချေ။
ဟွမ်ရွှမ်းသည် သူ၏တစ်ကိုယ်လုံးကို အနက်ရောင်ဝတ်ရုံ၊ မျက်နှာဖုံးတို့ဖြင့် လုံခြုံစွာ ထုပ်ပိုးထားသဖြင့် ရှေ့တွင်ရှိနေသော ထိုလူမှာ သူတို့အား အစောပိုင်းက တိုက်ခိုက်ခဲ့သည့် သားရဲဘုရင်ဂိုဏ်း၏ ဂိုဏ်းချုပ်မှန်း ကျောက်လင်း မသိရှိခဲ့ပေ။
ကျောက်လင်းကိုလည်း ဟွမ်ရွှမ်းက မှတ်မိခြင်း မရှိရသည့် အကြောင်းရင်းမှာ သူမသည် မိုးကြိုးဟိန်းသံ၏ လိုက်လံတိုက်ခိုက်မှုကို ရက်ပေါင်းများစွာ ခံခဲ့ရသဖြင့် ဖရိုဖရဲဖြစ်ကာ အလွန်ပင် ပင်ပန်းနွမ်းနယ်နေသောကြောင့် ဖြစ်သည်။ ထို့အပြင် မိုးကြိုးဟိန်းသံနှင့် ဇွန်ဘီဘုရင်တို့၏ တိုက်ပွဲကို စောင့်ကြည့်နေရသဖြင့် သူမကိုယ်သူမ ပြန်လည်ပြင်ဆင်ရန် အချိန်မရခဲ့ပေ။
ထို့ကြောင့် ကျောက်လင်း၏ လက်ရှိရုပ်သွင်မှာ ယခင်က နုနယ်ချောမောသော ပုံရိပ်နှင့် သိသိသာသာ ကွဲပြားခြားနားနေတော့သည်။ ၎င်းအပြင် ဟွမ်ရွှမ်း၏ စိတ်ထဲတွင်လည်း မိုးကြိုးဟိန်းသံမှာ ဇွန်ဘီဘုရင်၏ လက်အောက်သို့ ရောက်ရှိသွားတော့မည်ကို စိုးရိမ်ပူပန်နေရသဖြင့် ကျောက်လင်းကို သေချာစွာ အကဲခတ်ရန် အာရုံမရှိခဲ့ပေ။
ဟွမ်ရွှမ်း၏ စကားများကို ကြားလိုက်ရပြီးနောက် ထိုနေရာတွင် ရှိနေကြသော လူအားလုံး၏ မျက်နှာအမူအရာများမှာ ပျက်ယွင်းသွားကြတော့သည်။ ဇွန်ဘီဘုရင်၏ ထူးဆန်းသော လုပ်ရပ်များမှာ မိုးကြိုးဟိန်းသံကို ၎င်း၏ လက်အောက်ခံဖြစ်အောင် ပြုလုပ်နေခြင်းဖြစ်သည်ဟု မည်သူမျှ ထင်မှတ်မထားခဲ့ကြပေ။
ဤသည်မှာ ယွမ်ရိနှင့် အခြားသူများအတွက် လုံးဝ လက်ခံနိုင်စရာမရှိသော ကိစ္စရပ် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် မိုးကြိုးဟိန်းသံနှင့် ဇွန်ဘီဘုရင်တို့ အပြန်အလှန် တိုက်ခိုက်ချေမှုန်းကြစေရန် ရဲဘော်ရဲဘက်များစွာ၏ အသက်ကို စတေး၍ ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသောကြောင့်ပင်။ ဇွန်ဘီဘုရင်၏ အင်အားကို ပိုမိုတောင့်တင်းလာစေရန် သူတို့ လုံးဝ အကူအညီပေး၍ မဖြစ်နိုင်ချေ။
ဇွန်ဘီဘုရင်သည် မူလကပင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် သန်မာပြီးသားဖြစ်ရာ ယခု မိုးကြိုးဟိန်းသံနှင့်ပါ ပူးပေါင်းသွားမည်ဆိုပါက ကျင်းပြည်နယ်တစ်ခုလုံးမှာ အန္တရာယ်နှင့် ရင်ဆိုင်ရပေတော့မည်။ သို့သော် ဇွန်ဘီဘုရင်က မိုးကြိုးဟိန်းသံကို အလူးအလဲ နှိမ်နင်းထားသည်ကို တွေးမိသောအခါ လူတိုင်း၏ နှလုံးသားမှာ အေးစိမ့်သွားရပြီး တိုက်ခိုက်လိုစိတ်များ ပျောက်ကွယ်ကုန်ကြသည်။
အကယ်၍ ကြားဖြတ်နှောင့်ယှက်ခြင်းက အောင်မြင်နိုင်ခြေ ရှိမည်ဆိုပါက သူတို့ စွန့်စားကြပေလိမ့်မည်။ သို့သော် ယခုကဲ့သို့ သေဘေးနှင့် ရင်ဆိုင်ရမည်မှာ အသေအချာဖြစ်နေသည့် အခြေအနေမျိုးတွင်မူ ဤလူများသည် သူတို့၏ အသက်ကို အလဟဿ အဆုံးရှုံးမခံလိုကြသည်မှာ သဘာဝပင်။
မူလက ဟွမ်ရွှမ်းသည် သူ၏စကားများကို ကြားပြီးနောက် ဤလူများသည် အသက်ကိုပဓာနမထားဘဲ ဇွန်ဘီဘုရင်ကို သွားရောက်တားဆီးကြလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် သူ၏ထင်မှတ်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာပင် ဤလူစုမှာ ဇွန်ဘီဘုရင်၏ အရှိန်အဝါကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြပြီး တစ်လှမ်းမျှပင် မရွေ့ရဲဘဲ ရပ်တန့်နေကြသည်ကို အံ့ဩတကြီး တွေ့ရှိလိုက်ရသည်။
"သတ္တိကြောင်တဲ့ လူတွေ တကယ်လို့ ဇွန်ဘီဘုရင်က မိုးကြိုးဟိန်းသံကိုသာ အောင်မြင်စွာ ထိန်းချုပ်သွားနိုင်ရင် ငါတို့ရဲ့ မျိုးချစ်ရဲဘော် ဘယ်နှယောက်လောက် မိုးကြိုးဟိန်းသံရဲ့ လက်ချက်နဲ့ သေရဦးမလဲဆိုတာ မင်းတို့ သိလား။ ဒါတွေအားလုံးက မင်းတို့အပြစ်တွေပဲ"
ဟွမ်ရွှမ်းသည် ထိန်းမနိုင်သိမ်းမရ ဒေါသချောင်းချောင်းထွက်သွားပြီး ယွမ်ရိနှင့် အခြားသူများကို လက်ညှိုးငေါ့ကာ တရစပ် ဆဲဆိုကာ ကျိန်ဆဲတော့သည်။ ဤလူများသည် တကယ့်ကို အသုံးမကျသူများပင်။ သူတို့အပေါ် အားကိုးမိသည်မှာ သူ့အမှားသာ။
"ကျွန်တော်တို့က ဝင်ရောက်မစွက်ဖက်ချင်တာ မဟုတ်ပါဘူး။ ဇွန်ဘီဘုရင်ရဲ့ စွမ်းအားက အရမ်းကြီးမားလွန်းလို့ပါ။ အခုလို အတင်းဝင်တိုးတာက မီးပုံထဲ ခုန်ဆင်းတဲ့ ပိုးဖလံတွေလို ကိုယ့်သေတွင်းကိုယ် တူးတာနဲ့ အတူတူပါပဲ"
ယွမ်ရိက တည်ငြိမ်သော လေသံဖြင့် ပြန်လည်ရှင်းပြလိုက်သော်လည်း ဤထူးဆန်းသော လူစိမ်းအပေါ်တွင်မူ အထူးသတိထား၍ စောင့်ကြည့်နေသည်။
ဤအနက်ရောင်ဝတ်ရုံခြုံထားသူ၏ နောက်ခံမှာ အလွန်ပင် သံသယဖြစ်ဖွယ် ကောင်းလှသည်။ ၎င်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါအရ အဆင့် ၄ ခန့် ရှိနိုင်သဖြင့် အတော်အတန် သန်မာသောသူတစ်ဦး ဖြစ်ပေလိမ့်မည်။
"ဟွန့်... နောက်ဆုံးတော့လည်း မင်းတို့အားလုံးက ဆင်ခြေတွေပေးပြီး ကြောက်နေကြတာပဲ မဟုတ်လား။ အန္တရာယ်ရှိတယ် မင်းတို့က မစမ်းသပ်ကြည့်ဘဲနဲ့ အန္တရာယ်ရှိမှန်း ဘယ်လိုသိမှာလဲ"
ဟွမ်ရွှမ်းက နှာခေါင်းရှုံ့လျက် အထင်အမြင်သေးသော လေသံဖြင့် တုံ့ပြန်လိုက်သည်။ သူ သေသေချာချာ ချမှတ်ထားသော အစီအစဉ်များမှာ လုံးဝပျက်စီးသွားခဲ့ပြီ ဖြစ်ရာ ဤအသုံးမကျသော ဆင့်ကဲပြောင်းလဲသူများတွင် တာဝန်တစ်ဝက်ကျော် ရှိနေသည်ဟု သူ ယူဆထားသည်။
"ပြောရတာတော့ လွယ်တာပေါ့ဗျာ။ ဇွန်ဘီဘုရင်ရဲ့ လက်အောက်မှာ အဆင့် ၅ ဇွန်ဘီရုပ်သေးတွေ အများကြီး ရှိနေတာ။ မိုးကြိုးဟိန်းသံတောင် မယှဉ်နိုင်တဲ့ဟာကို... ခင်ဗျားက ဘာရည်ရွယ်ချက်နဲ့ ကျွန်တော်တို့ကို မြှောက်ပင့်ပြီး သေတွင်းထဲ လွှတ်နေတာလဲ။
ကျွန်တော်တို့က အသေကြောက်တယ် ဟုတ်လား ခင်ဗျားက ဒီလောက်တောင် သတ္တိကောင်းနေရင် ကိုယ်တိုင်ဘာလို့ မသွားတာလဲ"
ဟွမ်ရွှမ်း၏ ရုန့်ရင်းသော စကားများကြောင့် ယွမ်ရိနှင့် အခြားသူများ၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး လူငယ်ဆင့်ကဲပြောင်းလဲသူတစ်ဦးကမူ ဒေါသတကြီးဖြင့် ပြန်လည်ချေပလိုက်လေတော့သည်။
"မင်း... ကောင်းပြီ ကောင်းပြီလေ။ ဒီနေ့တော့ မင်းတို့လို အသုံးမကျတဲ့ လူတစ်စုကို ငါကိုယ်တိုင် ဘယ်လို လှုပ်ရှားပြမလဲဆိုတာ ပြပေးရသေးတာပေါ့"
ထိုစကားများကြောင့် ဟွမ်ရွှမ်းသည် ဒေါသအလွန်အမင်း ထွက်သွားပြီး သူ၏ အရှိန်အဝါများကို ထုတ်ဖော်လျက် ကျောက်လင်းနှင့် အခြားသူများကို ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။
စကားများက ဤအဆင့်သို့ ရောက်ရှိလာပြီးနောက်တွင်မူ နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ ဟွမ်ရွှမ်းအနေဖြင့် မတတ်သာသော်လည်း ယခုတစ်ကြိမ်တွင်မူ အစွမ်းကုန် စွန့်စားရတော့မည်ဖြစ်သည်။
ဤသို့ တွေးတောရင်း ဟွမ်ရွှမ်း၏ မျက်လုံးများအတွင်း၌ အေးစက်သော အလင်းတန်းတစ်ခု ဝင်းလက်သွားခဲ့သည်။
မိုးကြိုးဟိန်းသံသည် သူ့အတွက် အလွန်အမင်း အရေးပါလှပေရာ မည်သည့်အခြေအနေမျိုးတွင်မဆို အခြားသူတစ်ဦး၏ လက်ထဲသို့ ကျရောက်ခွင့် မပြုနိုင်ချေ။
နောက်တစ်ခဏတွင် ဟွမ်ရွှမ်းသည် ထိုအသုံးမကျသော လူစုကို ဂရုမစိုက်တော့ဘဲ လှည့်
ထွက်သွားပြီးနောက် အနီးနားရှိ တောင်ကုန်းတောအုပ်အတွင်းမှ အနက်ရောင် ပိုးသားကဲ့သို့ အမွှေးအမျှင်များရှိသော အဆင့် ၄ တောကျားတစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။
ကျားပေါ်သို့ ခုန်တက်လိုက်ပြီးနောက် သူသည် အနက်ရောင် လျှပ်စီးတန်းတစ်ခုအလား ကျိရုရွှယ်ရှိရာ အရပ်မျက်နှာသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
ဟွမ်ရွှမ်း ထွက်ခွာသွားသည်ကို ကြည့်ရင်း ယွမ်ရိနှင့် အခြားသူများမှာ မျက်မှောင်ကြုတ်မိကြသည်။ ဤမျှ မောက်မာလှသော ထိုလူက တကယ်ကို သတ္တိရှိသည်။
တိုက်ပွဲမြေပြင်တွင်မူ ကျိရုရွှယ်သည် အရေးကြီးဆုံး အခိုက်အတန့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မှိန်ဖျော့သော သွေးရောင်အလင်းများ ထွက်ပေါ်နေသည့် သွေးရောင်အဆောင်မှာ မိုးကြိုးဟိန်းသံ၏ နဖူးအတွင်းသို့ ထက်ဝက်ခန့် နစ်မြုပ်ဝင်ရောက်သွားပြီ ဖြစ်သည်။
သွေးရောင်အဆောင်၏ ဖိနှိပ်မှုကို ခံနေရသကဲ့သို့ မိုးကြိုးဟိန်းသံ၏ နာကျင်စွာ အော်ဟစ်သံများမှာလည်း ပိုမိုကျယ်လောင်လာခဲ့သည်။
၎င်းသည် ဤအကျပ်အတည်းမှ လွတ်မြောက်ရန် အစွမ်းကုန် ရုန်းကန်နေသော်လည်း ဝမ်းနည်းစရာကောင်းသည်မှာ ဇွန်ဘီရုပ်သေးများ၏ အပြင်းအထန် နှိမ်နင်းထားမှုကြောင့် လုံးဝလှုပ်ရှား၍ မရနိုင်ဘဲ ဖြစ်နေရှာသည်။
"သားရဲ... ချက်ချင်းရပ်စမ်း"
ထိုစဉ်မှာပင် အဆင့် ၄ အနက်ရောင်ကျားကို စီးနင်းလျက် ဟွမ်ရွှမ်း ရောက်ရှိလာခဲ့သည်။ ကျိရုရွှယ် အောင်မြင်တော့မည်ကို မြင်လိုက်ရသောအခါ သူသည် ဒေါသအဟုန်ဖြင့် အော်ဟစ်လိုက်သည်။
ထိုအခိုက်အတန့်တွင် ကျိရုရွှယ်သည် မိုးကြိုးဟိန်းသံကို ထိန်းချုပ်ရန် အာရုံစိုက်နေချိန်ဖြစ်ရာ ဟွမ်ရွှမ်း၏ ရုတ်တရက် အော်ဟစ်သံကြောင့် သူမ ထိတ်လန့်သွားခဲ့ပြီး မိုးကြိုးဟိန်းသံ၏ နဖူးထဲသို့ လုံးဝဝင်ရောက်တော့မည့် သွေးရောင်အဆောင်မှာ တုန်ခါသွားခဲ့ရသည်။
ကံကောင်းထောက်မစွာဖြင့် ကျိရုရွှယ်သည် အချိန်မီ သတိဝင်လာပြီး တုန်ခါနေသော သွေးရောင်အဆောင်ကို တည်ငြိမ်သွားအောင် ရှိသမျှအားအင်ဖြင့် ပြန်လည်ထိန်းချုပ်လိုက်နိုင်သည်။
"သတ်စမ်း"
စိုးရိမ်ပူပန်နေသော ဟွမ်ရွှမ်းသည် ကျိရုရွှယ်၏ အခြေအနေကို မြင်လိုက်ရသောအခါ အခွင့်ကောင်းရပြီဟု တွေးကာ ဝမ်းသာသွားခဲ့သည်။ သူသည် သူ၏လက်အောက်ခံ အဆင့် ၄ အနက်ရောင်ကျားကို မလှုပ်မယှက်ဖြစ်နေသော ကျိရုရွှယ်အား တိုက်ခိုက်ရန် ချက်ချင်း အမိန့်ပေးလိုက်သည်။
ချီချီလေးကို အမြဲမပြတ် စောင့်ကြည့်နေသော လုချွမ်းမှာမူ ဤမြင်ကွင်းကို ကြည့်ပြီး နှာခေါင်းရှုံ့လျက် အေးစက်စွာ ရယ်မောလိုက်မိသည်။
ချီချီလေးကို တိုက်ခိုက်ရန် ကြိုးစားခြင်းမှာ စိတ်ကူးယဉ်အိပ်မက်တစ်ခုသာ ဖြစ်ပေလိမ့်မည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် အသင့်စောင့်ဆိုင်းနေသော ကိုယ်ပျောက်သူ ၁ သည် ၎င်း၏ အရိပ်စွမ်းအားကို အသုံးပြု၍ မမြင်နိုင်သော အခြေအနေဖြင့် အရိပ်ခုန်ကူးခြင်းပြုလုပ်ကာ ပျောက်ကွယ်သွားခဲ့သည်။
နောက်တစ်စက္ကန့်တွင် ကိုယ်ပျောက်သူ ၁ သည် အနက်ရောင်ကျား၏ ဘေးတွင် ရုတ်တရက် ပေါ်လာပြီး ၎င်း၏လက်ရှိ သံမဏိလက်သည်းများဖြင့် ပြေးဝင်လာသော အနက်ရောင်ကျားကို ဆွဲဖြဲပစ်လိုက်သည်။
"ဝေါင်း…."
နာကျင်စွာ အော်ဟစ်သံနှင့်အတူ အစွမ်းမရှိတော့သော အဆင့် ၄ အနက်ရောင်ကျားသည် သွေးအိုင်ထဲသို့ လဲကျသွားခဲ့ပြီး ချောကျိနေသော အူလမ်းကြောင်းများမှာလည်း နေရာအနှံ့သို့ ပြန့်ကျဲထွက်လာတော့သည်။
"ဘာကြီးလဲ"
ကိုယ်ပျောက်သူ ၁ ၏ တိုက်စစ်မှာ မြန်ဆန်လွန်းလှသဖြင့် သားရဲယဉ်ပါးအောင် ပြုလုပ်သူဖြစ်သော ဟွမ်ရွှမ်းအနေဖြင့် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။
"တောက်... မကောင်းတော့ဘူး..."
ချက်ချင်း သတိဝင်လာသော ဟွမ်ရွှမ်းသည် ထွက်ပြေးရန် အလျင်အမြန် လှည့်လိုက်သည်။ သို့သော် ထိုအချိန်တွင် ကောင်းကင်ယံမှ အုပ်မိုးမှုတစ်ခု ကျရောက်လာသကဲ့သို့ ခံစားလိုက်ရသည်။
"အရိပ်များ၏ အရှင်သခင်"
မျက်တောင်တစ်ခတ်အတွင်းမှာပင် အရိပ်နယ်မြေတစ်ခုသည် ဟွမ်ရွှမ်း၏ ဦးခေါင်းကို လွှမ်းခြုံသွားခဲ့ပြီး သူ၏ အမြင်အာရုံများကို ပျောက်ကွယ်သွားစေကာ ပတ်ဝန်းကျင်ရှိ မည်သည့်အရာကိုမျှ မမြင်နိုင်တော့ဘဲ ဖြစ်သွားရသည်။
အရိပ်နယ်မြေအတွင်း ပိတ်မိနေသော ဟွမ်ရွှမ်းမှာ ခုခံရန်ပင် အချိန်မရမီမှာပင် သူ၏နောက်
ဘက်ရှိ အရိပ်စွမ်းအားများက ကောင်းကင်ယံအထိ ရှည်လျားသော အရိပ်ဓားရှည်ကြီးတစ်
လက်အဖြစ် ပြောင်းလဲသွားပြီး ဟွမ်ရွှမ်း၏ လည်ပင်းကို တစ်ချက်တည်းဖြင့် ပိုင်းဖြတ်
လိုက်တော့သည်။
ဟွမ်ရွှမ်းမှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ လည်ပင်းတွင် အေးစိမ့်သွားသည်ကိုသာ ခံစားလိုက်ရပြီး ထို့နောက်တွင်မူ သူ၏ဦးခေါင်းမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။
"ဒါ ငါ့ရဲ့... ခန္ဓာကိုယ်လား မဖြစ်နိုင်ဘူး…."
သူ၏ဦးခေါင်း ပြုတ်ကျသွားစဉ် ငြိမ်းချမ်းစွာ မျက်စိမပိတ်နိုင်ရှာသော ဟွမ်ရွှမ်း၏ မျက်လုံးများသည် သူနှင့် ရင်းနှီးနေသော ခန္ဓာကိုယ်ကြီးကို စိုက်ကြည့်ရင်း အတိုင်းအဆမရှိသော နောင်တများနှင့်အတူ ချက်ချင်းပင် အသက်ပျောက်သွားခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ကျိရုရွှယ်နှင့် မိုးကြိုးဟိန်းသံတို့၏ ကတိသစ္စာမှာလည်း တဖြည်းဖြည်းနှင့် ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။
***