ဝုန်း... ဝုန်း...
ယာဉ်တန်းသည် လျင်မြန်စွာပင် နောက်ပြန်လှည့်လိုက်ပြီး ကျောက်လင်းနှင့် အခြားသူများကို တင်ဆောင်လျက် လီမြစ် အခြေစိုက်စခန်းနှင့် ဆန့်ကျင်ဘက်အရပ်သို့ ဦးတည်ကာ တောရိုင်းမြေပြင်ကြီးအတွင်း ပျောက်ကွယ်သွားတော့သည်။
ယာဉ်တန်းအတွင်း၌မူ ယွမ်ရိနှင့် အခြားဆင့်ကဲပြောင်းလဲသူများ၏ စိတ်ဓာတ်ကျနေသော အမူအရာများနှင့် မတူဘဲ ကျောက်လင်းမှာမူ ဝမ်းနည်းဟန်ဆောင်နေသော်လည်း စိတ်ထဲတွင် အလွန်အမင်း ဝမ်းသာပီတိ ဖြစ်နေရှာသည်။
ယခုတာဝန်တွင် သူမ၏ စွမ်းဆောင်မှုမှာ သိသာထင်ရှားလှသည်။ သူမသာ မပါဝင်ခဲ့ပါက မိုးကြိုးဟိန်းသံကို လီမြစ် အခြေစိုက်စခန်းဆီသို့ မည်သို့မျှ မျှားခေါ်လာနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ယခုအခါတွင် သူမသည် အခြေစိုက်စခန်းသို့ ပြန်ရောက်သည့်အခါ မည်ကဲ့သို့သော ဆုလာဘ်များက သူမကို စောင့်ကြိုနေမလဲဟုပင် စိတ်ကူးယဉ်နေတော့သည်။
တိုက်ပွဲအပြီးတွင် မိုးကြိုးဟိန်းသံကို ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့သော ကျိရုရွှယ်၏ ခံစားချက်မှာလည်း ယခုအချိန်၌ ကျောက်လင်းနှင့် ထပ်တူပင်။ မိုးကြိုးဟိန်းသံကို ထိန်းချုပ်နိုင်သွားပြီဖြစ်ရာ သူမသည် တောရိုင်းထဲတွင် ဆက်လက်မနေတော့ဘဲ မိုးကြိုးဟိန်းသံနှင့်အတူ ဇွန်ဘီရုပ်သေးအုပ်စုကို ခေါ်ဆောင်လျက် လီမြစ် အခြေစိုက်စခန်းဆီသို့ ပြန်လည်ဦးတည်လိုက်သည်။
မကြာမီမှာပင် မြို့ဂိတ်တံခါးရှေ့တွင် ရပ်စောင့်နေသော လုချွမ်းသည် ချီချီလေးနီးကပ်လာသည်ကို မြင်လိုက်ရသဖြင့် ပြုံးပြလိုက်သည်။
"ဖေဖေ... စောစောက သမီး ဘယ်လိုနေလဲ။ ဒီကောင်ကြီးကို သမီး ယဉ်ပါးအောင် လုပ်လိုက်ပြီနော်"
လုချွမ်းကို မြင်လိုက်ရသောအခါ ကျိရုရွှယ်သည် စိတ်လှုပ်ရှားစွာဖြင့် အပြေးအလွှား ရောက်ရှိလာပြီး သူမနောက်မှ လိုက်ပါလာသော မိုးကြိုးဟိန်းသံကို လက်ညှိုးထိုးပြလျက် ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုတော့သည်။
"ငါတို့ရဲ့ ချီချီလေးကတော့ အတော်ဆုံးပဲကွာ"
ထိုစကားအတွက် လုချွမ်းသည် ချီချီလေး၏ ခေါင်းကို ချစ်စနိုးဖြင့် ပုတ်ပေးလိုက်ပြီး စက္ကူတစ်ရွက်ပေါ်တွင် လျင်မြန်စွာ စာရေးသားလိုက်သည်။
တစ်ချိန်တည်းမှာပင် လုချွမ်း၏ အကြည့်များသည် ချီချီလေးနောက်ရှိ မိုးကြိုးဟိန်းသံထံသို့ ရောက်ရှိသွားပြီး အပေါ်အောက် အသေအချာ အကဲခတ်ကြည့်လိုက်သည်။
အရိုက်အနှက် ခံထားရသဖြင့် တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေသော်လည်း ၎င်း၏ ထင်ရှားလှသော အဆင့် ၅ အရှိန်အဝါမှာမူ ငြင်းပယ်၍မရနိုင်အောင်ပင် အစွမ်းထက်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။
ဤ မိုးကြိုးဟိန်းသံ၏ ခွန်အားမှာ တကယ်ပင် ကြီးမားလှသည်။ လုချွမ်း၏ အမြင်အရဆိုလျှင် အင်အားသာလွန်စွာဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်း မဟုတ်ပါက အာဖန်းတစ်ယောက်တည်းနှင့်ဆိုလျှင် ဤကောင်ကြီးကို ယှဉ်နိုင်ရန်မှာ လွယ်ကူလိမ့်မည်မဟုတ်ပေ။
သို့ရာတွင် အနာဂတ်၌ မိုးကြိုးဟိန်းသံ၏ အကူအညီပါ ရရှိတော့မည်ဖြစ်ရာ သူ၏အင်အားမှာ ပိုမိုတောင့်တင်းလာမည်ဖြစ်ပြီး လူသားများ ပြဿနာရှာလာမည်ကိုလည်း စိုးရိမ်နေစရာ မလိုတော့ချေ။
အကယ်၍ လူသားများကသာ ရန်စရဲမည်ဆိုပါက လုချွမ်းဖြစ်စေ ချီချီလေးဖြစ်စေ ကိုယ်တိုင်ထွက်လာရန်ပင် မလိုတော့ဘဲ မိုးကြိုးဟိန်းသံ တစ်ကောင်တည်းကို လွှတ်လိုက်ရုံဖြင့် သူတို့အား ကိုင်တွယ်ရန် လုံလောက်ပေလိမ့်မည်။
"ချီချီလေး... ဒီကောင်ကြီးရဲ့ ဒဏ်ရာတွေက..."
ထို့နောက်တွင် လုချွမ်းသည် မိုးကြိုးဟိန်းသံ၏ ဒဏ်ရာများကို သတိပြုမိသွားပြီး မျက်မှောင်ကြုတ်လျက် စက္ကူပေါ်တွင် စာရေးလိုက်ပြန်သည်။
ယခုအချိန်၌ မိုးကြိုးဟိန်းသံမှာ ဝက်ဝံအနက်ကြီးတစ်ကောင်နှင့် တူနေပြီး တစ်ကိုယ်လုံးမှာ ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေကာ အသက်ကိုလည်း အလုအယက် ရှူနေရရှာသည်။ ကြည့်ရသည်မှာ အချိန်မရွေး အသက်ထွက်သွားနိုင်သည့်အလား ထင်မှတ်ရသည်။
၎င်းသည် အလွန်အစွမ်းထက်သော အဆင့် ၅ အင်အားစုတစ်ခု ဖြစ်ရာ ကံကောင်းထောက်မစွာဖြင့် သူ့လက်အောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သဖြင့် ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးသွားမည်ကို လုချွမ်း အဖြစ်မခံနိုင်ချေ။
"ဖေဖေ မစိုးရိမ်ပါနဲ့ ဒီကောင်ကြီးက အရေထူပြီး အသားမာပါတယ်။ အမြုတေတွေနဲ့ သားရဲအသားတွေကိုသာ များများစားရမယ်ဆိုရင် ပြန်ကောင်းလာမှာပါ"
ထိုစကားကို ကြားသောအခါ ကျိရုရွှယ်က အရေးမကြီးသည့်အလား လက်ကာပြလိုက်သည်။
"ကောင်းပြီလေ ဒါဆိုရင် ငါ့လက်အောက်မှာရှိတဲ့ ဆင့်ကဲပြောင်းလဲထားတဲ့ ဇွန်ဘီတွေကို လိုအပ်တဲ့ အမြုတေတွေနဲ့ သားရဲအသားတွေကို မိုးကြိုးဟိန်းသံဆီ ပို့ပေးဖို့ ခိုင်းလိုက်မယ်"
လုချွမ်းက ခေါင်းညိတ်လိုက်ပြီး စက္ကူပေါ်တွင် ဖြည်းဖြည်းချင်း ရေးသားလိုက်သည်။
လက်ရှိအချိန်တွင် သူ့ထံ၌ အပေါများဆုံးအရာမှာ သားရဲအသားများနှင့် အမြုတေများပင်။
ဤအတောအတွင်း သူသည် မတွေးဝံ့စရာကောင်းလောက်အောင် များပြားလှသော ပုံပြောင်းသားရဲငါးများကို အမဲလိုက်ခဲ့သဖြင့် သိုလှောင်ထားသော ငါးအရေအတွက်မှာ အံ့မခန်းပင်။
လုချွမ်း ယခုပိုင်ဆိုင်ထားသော အဆင့် ၁ နှင့် အဆင့် ၂ အမြုတေများမှာ သစ်သားသေတ္တာ အနည်းငယ်ဖြင့်ပင် ထည့်၍မဆံ့နိုင်တော့ချေ။
ဘာပဲဖြစ်ဖြစ် ဤအဆင့် ၁ နှင့် အဆင့် ၂ အမြုတေများသည် သူ့အတွက် အသုံးဝင်မှု အလွန်နည်းပါးလှသည်။ အရေအတွက် များပြားလွန်းလှသဖြင့် မိုးကြိုးဟိန်းသံကို ပေးလိုက်ရန် သူ ဝန်မလေးပေ။
"ကျေးဇူးတင်ပါတယ် ဖေဖေ"
ကျိရုရွှယ်က ဝမ်းသာအားရ ပြောလိုက်သည်။
"ကဲ သွားကြစို့ ငါတို့ရဲ့ ချီချီလေးက ဒီတစ်ခါတော့ အကြီးအကျယ် စွမ်းဆောင်နိုင်ခဲ့တာပဲ။ ဖေဖေ အိမ်ရောက်ရင် သမီးအတွက် အရသာရှိတာတစ်ခုခု ချက်ကျွေးမယ်"
ထိုသို့ပြောပြီးနောက် လုချွမ်းသည် ကျိရုရွှယ်ကို ဦးဆောင်ကာ အခြေစိုက်စခန်းဆီသို့ ပြန်လာခဲ့သည်။ သူတို့နောက်တွင် ဆင့်ကဲပြောင်းလဲထားသော ဇွန်ဘီရုပ်သေးအုပ်စုနှင့်အတူ မိုးကြိုးဟိန်းသံမှာလည်း လိမ္မာယဉ်ပါးစွာဖြင့် လိုက်ပါလာခဲ့သည်။
လမ်းခရီးတွင် မိုးကြိုးဟိန်းသံ၏ ဒဏ်ရာများမှာ သွေးတိတ်သွားပြီဖြစ်သော်လည်း ဖုန်မှုန့်များနှင့် ရောနှောနေသော သွေးခဲများမှာ ခန္ဓာကိုယ်ပေါ်တွင် ကပ်ငြိနေသဖြင့် ကြည့်ရသည်မှာ အလွန်ပင် ဖရိုဖရဲဖြစ်နေတော့သည်။
ဗီလာသို့ ပြန်ရောက်သောအခါ ဇွန်ဘီရုပ်သေး တစ်ကောင်ချင်းစီမှာ သူတို့၏ သတ်မှတ်ထားသော နေရာအသီးသီးသို့ ပြန်သွားကြပြီး လုချွမ်းမှာမူ စတင်အလုပ်ရှုပ်တော့သည်။
ယခုတစ်ကြိမ်တွင် လူသားများနှင့် သူတို့ကြားရှိ ကွာဟချက်ကို အပြတ်အသတ် ပြသနိုင်ခဲ့ပြီးသူတို့အား နောက်ဆုတ်သွားအောင် ပြုလုပ်နိုင်ခဲ့သဖြင့် လုချွမ်းမှာ အလွန်ပင် ကျေနပ်အားရနေမိသည်။ စိတ်ပျော်ရွှင်နေသဖြင့် သူချက်ပြုတ်လိုက်သော ဟင်းလျာများ၏ ရနံ့မှာပင် ပုံမှန်ထက် နှစ်ဆခန့် ပိုမိုမွှေးကြိုင်နေသကဲ့သို့ ခံစားရသည်။
မကြာမီမှာပင် မီးဖိုချောင်ရှိ ဂတ်စ်မီးဖိုကို ပိတ်လိုက်ပြီး လုချွမ်းသည် ဟင်းနှစ်ပွဲကို ကိုင်ဆောင်လျက် ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။
အမဲသားနှပ်တစ်ပွဲနှင့် ဝက်နံရိုးပေါင်းတစ်ပွဲပင်။
"ဝါး... ဖေဖေက ဒီနေ့ ဝက်နံရိုးပေါင်း ချက်ကျွေးတာပဲ"
ထမင်းစားပွဲတွင် အသင့်စောင့်ဆိုင်းနေသော ကျိရုရွှယ်၏ မျက်လုံးများမှာ ဝင်းလက်သွားပြီး မျက်နှာထက်တွင်လည်း အပြုံးများဖြင့် ပြည့်နှက်သွားခဲ့သည်။
ထို့နောက်တွင်မူ ကျိရုရွှယ်သည် အားပါးတရ စတင်စားသောက်တော့သည်။
ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်သည့်အတွက် ကျိရုရွှယ်မှာ အသက်အရွယ်အရ ငယ်ရွယ်သေးသော်လည်း အစားအသောက်အား တော်တော်လေးစားနိုင်သည်။ ခေတ္တခဏအတွင်းမှာပင် စားပွဲပေါ်ရှိ ဝက်နံရိုးပေါင်း ပန်းကန်လုံးကြီးမှာ သူမ၏ လက်ချက်ဖြင့် ပြောင်သလင်းခါသွားပြီး အရိုးစုပုံကြီးသာ ကြွင်းကျန်ရစ်တော့သည်။
မကြာမီမှာပင် ကျိရုရွှယ်မှာ အဝစားလိုက်ရသဖြင့် ကျေနပ်အားရသွားပြီး သူမ၏ လုံးဝန်းနေသော ဝမ်းဗိုက်ကလေးကို ပုတ်ကာ ထိုင်ခုံပေါ်မှ ခုန်ဆင်းလိုက်သည်။
သူမသည် ဖခင်ဖြစ်သူကို နှုတ်ဆက်ပြီး အခန်းထဲသို့ ပြန်ကာ ကျင့်ကြံခြင်းပြုလုပ်ရန် ပြင်ဆင်လိုက်သော်လည်း ဆိုဖာပေါ်တွင် ထိုင်နေသော ဖခင်ဖြစ်သူကို မြင်လိုက်ရသောအခါ တွေဝေသွားခဲ့သည်။
စောစောက မိုးကြိုးဟိန်းသံကို သူမ ယဉ်ပါးအောင် ပြုလုပ်ခဲ့သည့် နည်းလမ်းကို ဖခင်ဖြစ်သူ မြင်တွေ့ခဲ့မှန်း သူမ သိရှိထားသည်။ ဤကဲ့သို့သော ကတိသစ္စာပြုခြင်း စွမ်းရည်မှာ သူမ၏ ပါရမီစွမ်းရည်နှင့် လုံးဝပတ်သက်မှု မရှိသည့်အတွက် ဖခင်ဖြစ်သူမှာ အလွန်ပင် သိချင်စိတ် ပြင်းပြနေလိမ့်မည်ဟု သူမ တွေးမိသည်။
သို့သော်လည်း ကျိရုရွှယ်သည် သွေးကတိသစ္စာ နည်းလမ်းကို လူသိရှင်ကြား ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည့်အတွက် ဖခင်ဖြစ်သူအပေါ် လျှို့ဝှက်ထားရန် စိတ်ကူးမရှိခဲ့ပေ။ သူမ၏ ကျင့်ကြံမှု အဆင့်အတန်း မြင့်မားလာသည်နှင့်အမျှ အစွမ်းထက်သော ပုဂ္ဂိုလ်များစွာနှင့် ရင်ဆိုင်ရသည့်အခါ ထူးခြားသော နည်းလမ်းပေါင်းစုံကို ထပ်မံ ထုတ်ဖော်ပြသရဦးမည် ဖြစ်သည်။
ထိုအချိန်ကျမှ ဖခင်ဖြစ်သူက ဇဝေဇဝါဖြစ်ကာ တစ်ချိန်လုံး ခန့်မှန်းနေရမည့်အစား အမှန်တရားကို ယခုကတည်းကပင် ဖွင့်ပြောလိုက်ခြင်းက ပို၍ကောင်းမွန်မည်ဟု သူမ ခံစားလိုက်ရသည်။
"ဖေဖေ... သမီးမှာ ဖေဖေ့ကို ပြောစရာ လျှို့ဝှက်ချက်တစ်ခု ရှိတယ်။ ဒီကို ခဏလောက် လာပေးလို့ ရမလားဟင်"
ခေတ္တမျှ တွေဝေနေပြီးနောက် ကျိရုရွှယ်သည် ဆိုဖာပေါ်တွင် ထိုင်နေသော လုချွမ်းကို ကြည်လင်ပြတ်သားသော အသံဖြင့် ခေါ်လိုက်သည်။
ထိုအသံကို ကြားလိုက်ရသောအခါ ဇွန်ဘီရုပ်သေးများ၏ အမြင်အာရုံမှတစ်ဆင့် အခြေစိုက်
စခန်းပတ်ဝန်းကျင်ကို စူးစမ်းနေသော လုချွမ်းသည် လက်တွေ့ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ချီချီလေးက သူမတွင် ပြောစရာ လျှို့ဝှက်ချက် ရှိသည်ဟု ပြောလိုက်သည့်အတွက် ၎င်းသည် မိုးကြိုးဟိန်းသံကို ယဉ်ပါးအောင် ပြုလုပ်ခဲ့မှုနှင့် ပတ်သက်လိမ့်မည်ဟု လုချွမ်း ခန့်မှန်းမိလိုက်သည်။
ထို့နောက် လုချွမ်းသည် ထိုင်နေရာမှ ထရပ်ကာ ကျိရုရွှယ်ထံသို့ နူးညံ့သော အကြည့်များဖြင့် လျှောက်လှမ်းလာခဲ့သည်။
"ချီချီလေး... သမီး မပြောချင်ရင် တကယ် မပြောလည်း ရပါတယ်။ ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် မလုပ်ပါနဲ့။ သမီးမှာ လျှို့ဝှက်ချက်လေးတွေ ရှိနေတာကို ဖေဖေက တကယ်ကို အလေးမထားပါဘူး"
လုချွမ်းသည် ချီချီလေးကို စိတ်အနှောင့်အယှက် မဖြစ်စေလိုသဖြင့် စက္ကူပေါ်တွင် ဤသို့ အမြန်ရေးသားလိုက်သည်။
စက္ကူပေါ်ရှိ စာသားများကို မြင်လိုက်ရသောအခါ ကျိရုရွှယ်သည် စိတ်လှုပ်ရှားသွားပြီး သူမ၏ ဖခင်မှာ လိမ်ညာနေခြင်းမဟုတ်ဘဲ သူမတွင် လျှို့ဝှက်ချက် ရှိနေသည်ကို အမှန်တကယ်ပင် အရေးမစိုက်ကြောင်း သိရှိလိုက်ရသည်။ သို့သော် ဖခင်ဖြစ်သူက သူမအပေါ် ပိုမိုယုံကြည်
လက်ခံလေလေ ကျိရုရွှယ်မှာ အမှန်တရားကို ပိုမိုဖွင့်ဟလိုလေလေ ဖြစ်လာခဲ့သည်။
သူမ၏ ဖခင်က သူမကို အကြွင်းမဲ့ ယုံကြည်ပြီး တစ်ခဲနက် လက်ခံပေးထားသည့်အတွက် သူ့အပေါ် ထပ်မံ မလိမ်ညာလိုတော့ပေ။
နောက်တစ်ခဏတွင် ကျိရုရွှယ်သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး လုချွမ်းကို တည်ကြည်သော မျက်နှာထားဖြင့် စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"ဖေဖေ... အမှန်တော့... သမီးက နောက်ဘဝကနေ ပြန်လည်မွေးဖွားလာသူတစ်ယောက်ပါ"
***