"ဆိပ်ကမ်းဘက်မှာ ဘာတွေဖြစ်နေတာလဲ... လူတွေအများကြီး အဲ့ဒီဘက်ကို သွားနေကြတာ တွေ့လိုက်တယ်"
"မင်း မသိသေးဘူးလား... ဆရာလင်း ပြန်လာပြီလေ... ပြီးတော့ သင်္ဘောကြီးတွေ အများကြီး ယူလာတယ်... အဲ့ဒီထဲမှာ စူပါအပျော်စီးသင်္ဘောကြီး တစ်စီးတောင် ပါတယ်တဲ့"
"ဟာ... ဆရာလင်း ပြန်လာပြီလား... ဆရာလင်း ဘယ်တုန်းက ထွက်သွားတာလဲ"
"ဝိုး... ဆရာလင်းက ပစ္စည်းကောင်းတွေ အများကြီး ထပ်ယူလာပြန်ပြီပေါ့"
"ဆရာလင်းဆိုတဲ့ နာမည်နဲ့ တကယ် လိုက်ဖက်တာပဲ... ဆရာလင်း တစ်ယောက်တည်းပဲ အပြင်ထွက်သွားတိုင်း ဒီလို အပြည့်အဝ ပြန်သယ်လာနိုင်တာနေမှာ"
"သွားမယ် သွားမယ်... ငါတို့ ဆိပ်ကမ်းဘက်သွားပြီး အဲ့ဒီ အပျော်စီးသင်္ဘောကြီးကို သွားကြည့်ရအောင်"
...
ထိုက်ယန်တောင်၊ မိန်တောင်နှင့် အနည်းငယ် ဝေးကွာသော လင်းယွင်တောင်စောင်း ဘက်တွင်ပင် ဆိပ်ကမ်းဘက်မှ သတင်းများကို လူအများက ပြောဆိုနေကြသည်။
မွန်းလွဲပိုင်း အချိန်လေးအတွင်းမှာပင် လင်းယွမ်က အစွမ်းပိုင်ရှင် ထောင်ပေါင်းများစွာနှင့် သင်္ဘောကြီး အများအပြားကို ခေါ်ဆောင်လာခဲ့သည်ဟူသော သတင်းက အတောင်ပံပေါက်လာသည့်အလား ထိုက်ယန်တောင် ခိုလှုံရေးစခန်း တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။
လူအားလုံးက ဆိပ်ကမ်းဘက်သို့ ပြေးသွားကြပြီး စူပါအပျော်စီးသင်္ဘောကြီး ဆိုသည်ကို သွားရောက် ငေးမောကြည့်ရှုကြသည်။
ထိုအချိန်အတွင်း ဆိပ်ကမ်းရှိ လမ်းဘေးဈေးသည်များမှာ ဝင်ငွေများစွာ ရရှိခဲ့ကြပြီး လူတိုင်းက ဆရာလင်း၏ ကြီးမြတ်မှုကို ချီးကျူးနေကြသည်။
လင်းယွမ်ကမူ ယခုအချိန်တွင် သားသတ်ရုံသို့ ချက်ချင်း အပြေးအလွှား သွားရောက်ခဲ့ပြီ ဖြစ်သည်။
သားသတ်ရုံတွင် သူ သတ်ဖြတ်ရန် စောင့်ဆိုင်းနေသော သန္ဓေပြောင်း သတ္တဝါ သောင်းနှင့်ချီ၍ စုပုံနေသည်။
ကံကောင်းသည်မှာ ယခုအခါ သူ၏ စိတ်စွမ်းအင်က အလွန်တရာ အစွမ်းထက်နေပြီ ဖြစ်ရာ သန္ဓေပြောင်း သားရဲများကို သတ်ဖြတ်ရသည်မှာ အလွန် လွယ်ကူနေခြင်း ဖြစ်သည်။
သို့သော်လည်း လင်းယွမ်က အလွန် ခေါင်းခဲစရာကောင်းသော ပြဿနာတစ်ခုကို တွေ့ရှိလိုက်ရသည်။ သူ ထွက်သွားသည့် ရက်များစွာအတွင်း သူ ပြန်လာမှ သန္ဓေပြောင်း သားရဲများကို သတ်ရန် အထပ်ထပ် အခါခါ မှာကြားခဲ့သော်လည်း...
သန္ဓေပြောင်း ငါးနှင့် ပုစွန် အများအပြားမှာ သူ ပြန်လာသည်အထိ မစောင့်နိုင်ဘဲ ပတ်ဝန်းကျင် အခြေအနေကြောင့် သေဆုံးသွားခဲ့ကြသည်။
သားသတ်ရုံတွင် အပူချိန်နိမ့် အအေးခန်းနှင့် အောက်ဆီဂျင်စက်များကို အထူး တည်ဆောက်ထားသော်လည်း တစ်ဝက်ကျော်ခန့် သေဆုံးသွားခဲ့သေးသည်။
ဤအရာက လင်းယွမ်ကို အလွန် နှမြောတသ ဖြစ်စေခဲ့သည်။
"ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းရှာမှ ရမယ်... မဟုတ်ရင် ငါ ထိုက်ယန်တောင်မှာပဲ တစ်သက်လုံး ပိတ်မိနေတော့မှာ"
လင်းယွမ်က မျက်မှောင်ကြုတ်လျက် ဤငါးများကို ရှင်းလင်းလိုက်ရာ ငါးကောင်ရေ သုံးသောင်းကျော်ခန့်က သူ့အား အမှတ် သုံးသိန်းနီးပါး ရရှိစေခဲ့သည်။
သို့သော် ဤအရာက လင်းယွမ်ကို ဝမ်းသာစေခြင်း မရှိဘဲ ပို၍ပင် နှမြောတသ ဖြစ်စေခဲ့သည်။
အကယ်၍ ထိုသေဆုံးသွားသော ငါးများကိုသာ သူ ကိုယ်တိုင် သတ်ဖြတ်ခဲ့ပါက သူ ရရှိမည့် အမှတ်များက အနည်းဆုံး နှစ်ဆခန့် ပိုများလာမည် ဖြစ်သည်။
အမှတ် ခြောက်သိန်း... အကယ်၍ ၎င်းတို့အားလုံးကို မျိုးရိုးဗီဇ အရည်အသွေးမှတ်များ မြှင့်တင်ရန် အသုံးပြုပါက အနည်းဆုံး အမှတ် ခြောက်ဆယ်ခန့် ရရှိနိုင်ပေသည်။
အရည်အသွေး အသီးသီးတွင် မျှတစွာ ခွဲဝေပေးလျှင်တောင်မှ အရည်အသွေး တစ်ခုစီအတွက် ဆယ့်ငါးမှတ်အထိ ရရှိနိုင်ပေသည်။
"တခြားသူတွေ ငါးသတ်တာကိုပါ ငါ့အကောင့်ထဲ ထည့်တွက်ပေးလို့ရရင်... ငါ ထိုက်ယန်တောင်ကနေ လွတ်လွတ်လပ်လပ် ထွက်သွားလို့ ရပြီ"
"စနစ်ထဲမှာရော ဒီလိုနည်းလမ်းမျိုး ရှိမလား မသိဘူး"
လင်းယွမ်၏ စိတ်ထဲတွင် လှုပ်ရှားသွားပြီး ထိုအကြံအစည်ကို မှတ်သားထားလိုက်ကာ အိမ်သို့ အမြန် ပြန်လာခဲ့သည်။
အိမ်ထဲတွင် မည်သူမျှ မရှိပေ။ ရန်မေနှင့် တင်းယန်တို့ အပြင်ဘက်တွင် အလုပ်များနေကြပုံရသည်။
ဆုန့်ဝမ်လည်း အပြင်ရောက်နေမည်ဟု ခန့်မှန်းရပြီး တုံယန်ပင်လျှင် အိမ်တွင် မရှိပေ။
လင်းယွမ်က ခေတ္တမျှ အံ့သြသွားပြီး လူတိုင်း ဤမျှလောက် အလုပ်များနေကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူက အိမ်ရှိ ရေခဲသေတ္တာကို ဖွင့်ကာ စားစရာအချို့ကို ရှာဖွေပြီး ရိုးရိုးရှင်းရှင်း စားသောက်လိုက်သည်။
ထို့နောက် ရေချိုးခန်းထဲတွင် ရေချိုးရန် ပြင်ဆင်နေစဉ် တံခါးပွင့်လာကာ အလောတကြီး ဝင်လာသော ခြေသံများကို ကြားလိုက်ရသည်။
"အစ်ကိုလင်း... အစ်ကိုလင်း... ပြန်ရောက်ပြီလား"
ဝင်လာသူက ကပျာကယာဖြင့် ရေချိုးခန်း တံခါးကို ဆွဲဖွင့်လိုက်သည်။
သို့သော် နုပျိုသွက်လက်သော တုံယန်က ဝမ်းသာအားရ ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။
သို့သော် သူမ ဝင်လာသည်နှင့် တစ်ပြိုင်နက် မမြင်သင့်သော မြင်ကွင်းကို ချက်ချင်း မြင်လိုက်ရသည်။
လင်းယွမ်က သူ၏ တောင့်တင်းသော ကြွက်သားများနှင့်အတူ ရေပန်းအောက်တွင် ရေချိုးနေခြင်း ဖြစ်သည်။
ဤကောင်မလေးက ဤမျှ ရမ်းကားလိမ့်မည်ဟု သူ မထင်ထားခဲ့သဖြင့် အလိုအလျောက်ပင် မြစ်တစ်ရာ ပင်လယ်ပေါင်းဆုံ အစွမ်း ကို အသုံးပြုလိုက်သည်။
ချက်ချင်းပင် ရေစီးကြောင်းများက သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် လျင်မြန်စွာ စုရုံးလာပြီး ရှက်ရွံ့ဖွယ် မြင်ကွင်းကို ဖုံးကွယ်ပေးလိုက်သည်။
"အို... ညီမ... ညီမ ဘာမှ မမြင်လိုက်ရဘူး... ဘာမှ မမြင်ဘူးနော်"
ထိုအခါမှ တုံယန်က သတိပြန်ဝင်လာပြီး ခေါင်းကို အမြန်လွှဲကာ ရေချိုးခန်းထဲမှ ပြန်ထွက်သွားရာ သူမ၏ မျက်နှာလေးမှာ ချက်ချင်း နီရဲသွားတော့သည်။
ဆယ်ကျော်သက် အရွယ်သာ ရှိသေးသော သူမအနေဖြင့် ဤသို့သော အခြေအနေမျိုးကို မည်သည့်နေရာတွင် မြင်ဖူးခဲ့မည်နည်း။ သူမ တကယ်ပင် မျက်နှာပူပြီး ရှက်သွေးဖြာသွားခဲ့သည်။
ရေချိုးခန်းထဲမှ ထွက်လာပြီးနောက် သူမက ရုတ်တရက် အနည်းငယ် နောင်တရသွားသည်။
"အာ... ခုနက ငါ သတ္တိနည်းနည်းလေး ပိုကောင်းလိုက်ရင်... ကိုယ့်ကိုယ်ကိုယ် ပေးအပ်ပြီးသား ဖြစ်သွားမှာများလား"
တုံယန်၏ ခေါင်းထဲတွင် အတွေးတစ်ချက် ဝင်လာပြီး ထူးဆန်းသော အတွေးများ ပေါ်ထွက်လာခဲ့သည်။
ထိုအချိန်တွင် အိမ်တံခါးဝမှ လူရိပ်တစ်ခု ထပ်မံ ပြေးဝင်လာပြန်သည်။
ဆုန့်ဝမ်က ဖုန်တလူးလူးဖြင့် ပြေးဝင်လာသည်ကို တွေ့လိုက်ရပြီး တုံယန်ကို မြင်သောအခါ အမြန် မေးလိုက်သည်။ "ယန်ယန်... အစ်ကိုလင်း ပြန်ရောက်ပြီလား... သူ ဘယ်မှာလဲ"
တုံယန်က ရေချိုးခန်းကို အမြန် လက်ညှိုးထိုးပြလိုက်သည်။ "အစ်ကိုလင်း ရေချိုးနေတယ်"
ဆုန့်ဝမ်က ဝမ်းသာအားရဖြင့် ပြောလိုက်သည်။ "သူ တကယ် ပြန်ရောက်လာတာပဲ... ငါက အပြင်က လူတွေ လျှောက်ပြောနေတယ် ထင်နေတာ"
တုံယန်က အမြန် ပြောလိုက်သည်။ "တကယ် ပြန်ရောက်လာတာပါ"
ဆုန့်ဝမ်က အလိုအလျောက် ဝင်သွားရန် ပြင်လိုက်သဖြင့် တုံယန်က အမြန် တားလိုက်သည်။
"အမဝမ်... အစ်ကိုလင်း ရေချိုးနေတယ်လေ"
ဆုန့်ဝမ်က ထိုစကားကို ကြားသောအခါ ခြေလှမ်း ရပ်တန့်သွားပြီး မျက်တောင်တဖျပ်ဖျပ် ခတ်ကာ တုံယန်အား ရုတ်တရက် ပြောလိုက်သည်။
"ယန်ယန်... အမလည်း လယ်ထဲကနေ အခုလေးတင် ပြန်လာတာဆိုတော့ ကိုယ်တွေ ညစ်ပတ်နေပြီ... အမလည်း ဝင်ပြီး ရေချိုးလိုက်ဦးမယ်"
ထိုသို့ပြောရင်း တုံယန် မည်သို့ တွေးမည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ အခန်းထဲသို့ ဝင်ကာ အဝတ်အစား တစ်စုံကို ယူ၍ ရေချိုးခန်းထဲသို့ ပြေးဝင်သွားတော့သည်။
တုံယန်က ဤမြင်ကွင်းကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားပြီး သူမ၏ နုနယ်သော နှလုံးသားလေးမှာ ကြီးမားသော တုန်လှုပ်မှုကို ခံစားလိုက်ရသည်။
"အမဝမ်... အမ... အမတို့တွေ... ဟွန့်... ဟွန့်"
သူမက အလောတကြီးဖြင့် ခြေဆောင့်လိုက်သည်။ အရင်တုန်းက အမဝမ်က ရှက်တတ်သေးပြီး လူကိုတောင် နည်းနည်း ရှောင်တတ်သေးသည်။
အခုတော့... သူမကိုတောင် မရှောင်တော့ဘူးပဲ။
တုံယန်မှာ ငိုချင်သော်လည်း မျက်ရည်မထွက်နိုင် ဖြစ်နေသည်။ သူမက အရင် အိမ်ပြန်ရောက်တာလေ။
အချိန်သိပ်မကြာမီ ရေချိုးခန်းထဲမှ ရေကျသံများ ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
တုံယန်က ကြားရသည်နှင့် မျက်နှာများ နီရဲလာပြီး မိမိအခန်းထဲသို့ အမြန် ပြေးဝင်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။ ခြေလှမ်း အနည်းငယ်မျှသာ လျှောက်လိုက်ရသော်လည်း သူမ၏ နှလုံးမှာ တဒုတ်ဒုတ် ခုန်နေပြီး အသက်ရှူနှုန်းများလည်း များစွာ မြန်ဆန်နေခဲ့သည်။
သူမ၏ ခေါင်းထဲတွင် ရေကျသံများက ဖယ်ရှားပစ်၍ မရနိုင်အောင် တွယ်ကပ်နေသည်။
"ဟာ... အမဝမ်က အရမ်း ရဲတင်းတာပဲ"
သူမက ကုတင်ပေါ်သို့ မှောက်ချလိုက်ပြီး သွယ်လျသော ခြေတံရှည်နှစ်ချောင်းဖြင့် ကန်ကြောက်ကာ ခေါင်းကို စောင်ထဲတွင် ဖွက်ထားလိုက်သည်။ ဤသို့လုပ်ခြင်းဖြင့် ထိုထူးထူးဆန်းဆန်း မြင်ကွင်းများက သူမ၏ ခေါင်းထဲသို့ ဝင်ရောက်လာမည် မဟုတ်သည့်အလားပင်။
နာရီဝက်ခန့် အကြာတွင် လင်းယွမ်က ရေချိုးခန်းထဲမှ ထွက်လာခဲ့ပြီး ဆုန့်ဝမ် တစ်ယောက်တည်း ရေချိုးကန်ထဲတွင် တသိမ့်သိမ့် တုန်ရီကျန်ရစ်ခဲ့သည်။
ဤမျှ တိုတောင်းသော အချိန်လေးအတွင်း လင်းယွမ်က တိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့မည် မဟုတ်သည်မှာ သေချာလှသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ ကြာရှည်စွာ ခွဲခွာနေရပြီးနောက် ပြန်လည် ဆုံတွေ့ချိန်တွင် ဆုန့်ဝမ်၏ တိုက်ခိုက်ရေးအစွမ်းက များစွာ ကျဆင်းသွားခဲ့သည်။
နာရီဝက်လေးနဲ့တင် သူမ မခံနိုင်တော့ပေ။
လင်းယွမ်မှာ တပ်ဆုတ်ရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့သဖြင့် အဝတ်အစားများ ဝတ်ဆင်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။
သူ မီးဖိုချောင်ထဲတွင် စားစရာ အနည်းငယ် လုပ်နေစဉ် ရန်မေလည်း အိမ်ပြန်ရောက်လာသည်။
"မောင်လေး... မောင်လေး"
ရန်မေ ပြန်ရောက်လာသည်နှင့် လင်းယွမ်ကို နေရာအနှံ့ အမြန် လိုက်ရှာတော့သည်။
လင်းယွမ်က မီးဖိုချောင်ထဲမှ ထွက်လာပြီး ပြုံးကာ ခေါ်လိုက်သည်။ "အမမေ"
သူတို့နှစ်ယောက် အချင်းချင်း ကြည့်လိုက်မိပြီး အလိုလို ပြုံးလိုက်မိကြသည်။
အမမေက တောအုပ်ထဲသို့ ပျံသန်းဝင်ရောက်သွားသော ပျံလွှားငှက်ငယ်လေးပမာ လင်းယွမ်၏ ရင်ခွင်ထဲသို့ ပြေးဝင်သွားတော့သည်။
လင်းယွမ်က သူမ၏ ခေါင်းပေါ်မှ ခေါင်းလျှော်ရည် ရနံ့ကို ရှူရှိုက်ရင်း သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေးကို ခံစားကာ ဝမ်းသာအားရဖြင့် မေးလိုက်သည်။ "အမမေ... ဒီရက်ပိုင်း အဆင်ပြေရဲ့လား"
ရန်မေက ခေါင်းမော့ကာ သူ့ကို ချစ်မြတ်နိုးစွာ ကြည့်ရင်း ဖြေလိုက်သည်။ "အမ အရမ်း အဆင်ပြေပါတယ်... မောင်လေးကို လွမ်းနေတာကလွဲရင် ကျန်တာ အကုန် အဆင်ပြေတယ်... မောင်လေးရော"
လင်းယွမ်က ပြုံးရင်း ဖြေလိုက်သည်။ "ကျွန်တော်လည်း အတူတူပါပဲ"
ရန်မေက မီးဖိုချောင်ထဲတွင် မီးမွှေးထားသည်ကို မြင်သောအခါ အမြန် ပြောလိုက်သည်။ "မောင်လေး ဘာမှ မစားရသေးဘူးလား... အမ ထမင်း နည်းနည်း လုပ်ပေးမယ်လေ"
လင်းယွမ်က ပြောလိုက်သည်။ "စောစောက နည်းနည်း စားထားတယ်... ဒါပေမဲ့ ပြန်ဆာလာလို့... ကျွန်တော့်ဘာသာ လုပ်စားလိုက်ပါ့မယ်"
ရန်မေက သူ့ကို တားလိုက်သည်။ "အိမ်ပြန်ရောက်နေတာကို ဘယ်လိုလုပ် မောင်လေးကို ထမင်းဟင်း ချက်ခိုင်းလို့ ဖြစ်မလဲ... မောင်လေး သွားနားနေလိုက်... အမ လုပ်လိုက်မယ်"
လင်းယွမ်က ပြုံးလိုက်ပြီး သူမနှင့် ဘာမှ မလုတော့ပေ။ သို့သော်လည်း သူမ ထမင်းချက်သည်ကို သွားထိုင်စောင့်မနေဘဲ မီးဖိုချောင် တံခါးဝတွင် မှီကာ သူမနှင့် စကားစမြည် ပြောနေလိုက်သည်။
"အဲ့ဒီ အပျော်စီးသင်္ဘောကြီးကို မောင်လေး ဘယ်ကနေ ယူလာတာလဲ... တကယ်ကို အကြီးကြီးပဲနော်"
"အဲ့ဒါက သမ္မတ ၇ သင်္ဘောလေ... ရေကြီးမှုကြီး မဖြစ်ခင်တုန်းကဆိုရင် ကျွန်တော်တို့ နိုင်ငံမှာ နာမည်ကြီးတဲ့ ထိပ်တန်း အပျော်စီးသင်္ဘောကြီးပဲ"
"ထိပ်တန်း အပျော်စီးသင်္ဘောကြီး"
"ဟုတ်တယ်... ကျွန်တော် ကြားဖူးတာကတော့ တစ်ညကို သောင်းဂဏန်းလောက် ပေးရတယ်တဲ့... အဲ့ဒါတောင် သာမန်အခန်းပဲ ရှိသေးတာ... တကယ့် ပိုက်ဆံရှိတဲ့ လူတွေမှ သွားပြီး ဇိမ်ခံနိုင်တဲ့ နေရာမျိုးလေ"
ရန်မေက လျှာလေးသပ်ကာ ပြောလိုက်သည်။ "တစ်ညကို တစ်သောင်းတဲ့လား... အမလေး... အမတို့အိမ်က နောက်ထပ် အိမ်နှစ်လုံးလောက် ဖျက်ခံရပြီး လျော်ကြေးရရင်တောင် သွားမနေနိုင်ဘူး"
(မြန်မာငွေနဲ့ဆို သိန်း၃၀ကျော်)
လင်းယွမ်က အလိုလို ရယ်မောလိုက်မိသည်။ "အမတို့လို အိမ်ဖျက်ခံရလို့ လျော်ကြေးရတဲ့သူတွေက ချမ်းသာတဲ့အထဲ ပါနေပြီလေ... ကျွန်တော်တို့လို အိမ်ဝယ်ဖို့ ချေးငွေယူရတဲ့ သူတွေကမှ တကယ့် အောက်ခြေလူတန်းစားတွေပါ"
"ရေကြီးမှုကြီးသာ မဖြစ်ခဲ့ဘူးဆိုရင်... ကျွန်တော့် တစ်သက်မှာ အဲ့ဒီ အပျော်စီးသင်္ဘောကြီးပေါ် တက်ခွင့်ရမှာ မဟုတ်ဘူး"
"မဟုတ်သေးဘူး... အဲ့ဒီအချိန်က ကျွန်တော့် အသိုင်းအဝိုင်းနဲ့ဆိုရင် အဲ့ဒီသင်္ဘောကြီးရဲ့ သတင်းကိုတောင် ကြားရမှာ မဟုတ်ဘူး"
ရန်မေက နူးညံ့စွာ ပြောလိုက်သည်။ "မောင်လေးက အရည်အချင်းရှိတဲ့သူပါ... အမ မောင်လေးကို ယုံတယ်... ရေကြီးမှုကြီး မဖြစ်ခဲ့ဘူးဆိုရင်တောင် မောင်လေးက တစ်နေ့ကျရင် အောင်မြင်လာမယ့် သူပါ"
လင်းယွမ်မှာ အလိုလို ပြုံးလိုက်မိသည်။ ၎င်းက နှစ်သိမ့်စကားမှန်း သူ သိသော်လည်း သူ့ကို တကယ် ဝမ်းသာစေခဲ့သည်မှာ အမှန်ပင်။
သူတို့နှစ်ယောက် စကားတပြောပြောဖြင့် ရှိနေစဉ် အချိန်အနည်းငယ် ကြာသောအခါ ရေချိုးခန်းထဲတွင် ဆုန့်ဝမ်လည်း အဝတ်အစားများ ဝတ်ဆင်ကာ မျက်နှာတွင် နီရဲသော အရောင်အဆင်းများဖြင့် ပြေးထွက်လာပြီး စကားဝိုင်းထဲသို့ ဝင်ရောက်လာသည်။
တုံယန်လည်း အပြင်မှ အသံများကို ကြားသောအခါ နောက်ဆုံးတွင် အခန်းထဲမှ ထွက်လာခဲ့သည်။
ခဏချင်းအတွင်း အိမ်ထဲတွင် စကားသံများဖြင့် ဆူညံသွားကာ အလွန် စည်ကားသွားတော့သည်။
အချိန်အနည်းငယ် ထပ်ကြာသွားပြီး မွန်းတည့်ချိန်သို့ ရောက်ခါနီးတွင် တင်းယန်လည်း အလောတကြီး ပြန်ရောက်လာခဲ့သည်။
လင်းယွမ်နှင့် ရန်မေတို့ ရှိနေသည်ကို မြင်သောအခါ သူမ၏ စိုးရိမ်တကြီး ခြေလှမ်းများ ချက်ချင်း ရပ်တန့်သွားပြီး မျက်နှာပေါ်တွင် အလိုလို အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"ပြန်ရောက်ပြီလား"
လင်းယွမ်က ပြုံးရင်း ဖြေလိုက်သည်။ "အင်း... ပြန်ရောက်ပြီ"
ရန်မေက လှမ်းခေါ်လိုက်သည်။ "တင်းယန်... မြန်မြန် လက်ဆေးပြီး လာစားလှည့်... နင် အကြိုက်ဆုံး ကြက်သားနဲ့ ပဲတောင့်ရှည် ချက်ထားတယ်"
တင်းယန်က ရယ်မောလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ငါ့ကို စောင့်ဦး"
သူမ အိမ်ထဲသို့ ဝင်ကာ လက်ဆေးလိုက်ပြီး သားရေချပ်ဝတ်ကို ချွတ်လိုက်ရာ ပြည့်စုံလှပပြီး ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ် ကောက်ကြောင်းက ပေါ်ထွက်လာသည်။
အမြန် မျက်နှာသစ် လက်ဆေးပြီးနောက် သူမ ထမင်းစားပွဲသို့ ပြန်လာခဲ့သည်။
လင်းယွမ်က ဆုန့်ဝမ်ကို ပဲတောင့်ရှည်အကြောင်း မေးမြန်းနေသည်။
"စိုက်ခင်းက ပဲတောင့်ရှည်တွေတောင် စိုက်ပျိုးနိုင်နေပြီလား" လင်းယွမ်က အံ့သြစွာ မေးလိုက်သည်။
ပြီးခဲ့သည့်အကြိမ် သူ ထွက်သွားစဉ်က ဤပဲတောင့်ရှည်မျိုးကို မတွေ့ခဲ့ရသေးပေ။
ဆုန့်ဝမ်က ဖြေလိုက်သည်။ "အင်း... ပဲတောင့်ရှည်တင် မကဘူး... ပဲနီလေး၊ ပဲစင်းငုံ၊ ပဲလွန်း အကုန်ရှိတယ်"
"ကျွန်မတို့ မိန်တောင်ဘက်က လယ်ကွင်းတွေထဲမှာ အများကြီး ရှာတွေ့ခဲ့တာလေ... သန္ဓေပြောင်း စိုက်ပျိုးရေး မျိုးစေ့ တော်တော်များများကို ကျွန်မတို့ ပျိုးထောင်နိုင်ခဲ့တယ်... နောက်ဆိုရင် ကျွန်မတို့ ထိုက်ယန်တောင်က ဟင်းသီးဟင်းရွက်တွေကို အားရပါးရ စားနိုင်ပြီ"
လင်းယွမ်က အလိုလို ရယ်မောလိုက်မိသည်။ "အဲ့ဒါဆိုရင် နင့်ကို အကြီးကြီး ဂုဏ်ပြုရမှာပေါ့"
ဆုန့်ဝမ်က ဟားဟားဟဲဟဲ ရယ်မောလိုက်ပြီး အလွန် ပျော်ရွှင်နေပုံရသည်။
နေ့လယ်စာက အလွန် စုံလင်လှသဖြင့် လင်းယွမ်က ပန်းကန်များစွာ စားလိုက်သည်။
ထို့နောက် မိန်းကလေးများကို သူ၏ ယခုအကြိမ် အပြင်ထွက်ခဲ့သည့် အခြေအနေများကို စတင် ပြောပြတော့သည်။
"ဘာ... ရှင် ပြောချင်တာက အဲ့ဒီ ရေပေါ်ကျွန်းဆိုတာက သက်ရှိတစ်ကောင်ကောင်ရဲ့ အလောင်းကြီးပေါ့" တင်းယန်က ထိတ်လန့်တကြား မေးလိုက်သည်။
ရန်မေကလည်း မနေနိုင်ဘဲ မေးလိုက်သည်။ "အဲ့ဒီကျွန်းကြီးက ဘယ်လောက်တောင် ကြီးလို့လဲ... အရင်တုန်းက အမတို့ တွေ့ခဲ့တဲ့ လိပ်ကျွန်းကြီးနဲ့ သိပ်မကွာဘူးလား"
လင်းယွမ်က ခေါင်းအနည်းငယ် ခါလိုက်သည်။ "အဲ့ဒီ လိပ်ကျွန်းကြီးထက် အများကြီး ပိုကြီးတယ်... ခန့်မှန်းရမယ်ဆိုရင် မြို့လယ်ခေါင်လောက်ကို ကြီးတယ်"
"အပေါ်မှာ သစ်တောတွေ ရှိရုံတင်မကဘူး... ရေခဲပြင်တွေတောင် ရှိသေးတယ်"
"အို... အဲ့ဒီလောက် ကြီးတဲ့ ဧရိယာကြီးလား... ဘယ်လိုလုပ် ဒီလောက်ကြီးတဲ့ သန္ဓေပြောင်း သားရဲကြီး ရှိနိုင်မှာလဲ"
"ဟုတ်ပါ့... ရေဘေးကြီး ဖြစ်တာ ဘယ်လောက်မှ မကြာသေးဘူး... ဒီလောက် ကြောက်စရာကောင်းတဲ့ သတ္တဝါကြီး ရှိနေပြီလား"
မိန်းကလေးများက အဆက်မပြတ် အံ့သြတကြီး ရေရွတ်နေကြသည်။
လင်းယွမ်က ခေါင်းအနည်းငယ် ခါလိုက်သည်။ "ဒီသတ္တဝါကြီးက ရေဘေးကြီး ပြီးမှ ဆင့်ကဲပြောင်းလဲလာတာ မဟုတ်လောက်ဘူး... ကျွန်တော် သံသယရှိတာက အဲ့ဒါက သမိုင်းမတင်မီခေတ်က သတ္တဝါ ဒါမှမဟုတ် အပြင်ဘက်ကနေ လာတာများလားလို့"
"အပြင်ကနေ လာတာ"
"သမိုင်းမတင်မီခေတ်က သတ္တဝါ"
မိန်းကလေးများ အားလုံး ကြက်သေ သေသွားကြပြီး ခဏချင်းအတွင်း အလွန် အံ့အားသင့်သွားကြသည်။
ထို့နောက် လင်းယွမ်က ရေပေါ်ကျွန်း၏ ခန္ဓာကိုယ်ထဲသို့ မည်သို့ ဝင်ရောက်ခဲ့ကာ နှလုံးအမြူတေနှင့် ဦးနှောက်အမြူတေတို့ကို မည်သို့ သွားရောက် ရှာဖွေခဲ့ပုံ အတွေ့အကြုံများကို ပြောပြလေသည်။
ကြီးမားလှသော အလောင်းကြီး၏ အတွင်းပိုင်းမှ အကြောင်းအရာများကို ဖော်ပြချက်က မိန်းကလေးများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေပြီး အဆက်မပြတ် အံ့သြတကြီး ရေရွတ်စေခဲ့သည်။
မျိုးရိုးဗီဇမျိုးစေ့ အကြောင်းကို ရောက်လာသောအခါ တင်းယန်၊ ဆုန့်ဝမ်နှင့် ရန်မေတို့ သုံးယောက်စလုံး၏ မျက်နှာများ ချက်ချင်း လေးနက်သွားကြသည်။
"ဒါဆိုရင် ကျွန်မတို့ သန္ဓေပြောင်း သားရဲတွေရဲ့ အသွေးအသားကို လျှော့ပြီးစားတာက... ကောင်းတဲ့ကိစ္စ ဖြစ်သွားတာပေါ့" တင်းယန်က အံ့သြဝမ်းသာစွာဖြင့် မေးလိုက်သည်။
လင်းယွမ်က ခေါင်းအနည်းငယ် ခါလိုက်သည်။ "ကောင်းတယ် ဆိုးတယ်လို့တော့ ပြောလို့မရပါဘူး... ရွေးချယ်မှု မတူတာလောက်ပါပဲ"
"သန္ဓေပြောင်း သားရဲတွေရဲ့ သွေးသားကို မစားရင် အစွမ်း တိုးတက်တာ အရမ်း နှေးလိမ့်မယ်... သန္ဓေပြောင်း သားရဲတွေရဲ့ သွေးသားကို စားရင် အစွမ်း တိုးတက်တာ မြန်တယ်"
"ဒါပေမဲ့ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းတဲ့အခါမှာ... မသက်ဆိုင်တဲ့ မျိုးရိုးဗီဇတွေရဲ့ လွှမ်းမိုးမှုကို ခံရတာလည်း ပိုများလာလိမ့်မယ်"
"ဒါပေမဲ့ ငါ ရထားတဲ့ သတင်းတွေအရဆိုရင်တော့ အဓိက အရည်အသွေးက အမှတ် ၅၀ ပြည့်သွားရင်... မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းတဲ့နေရာမှာ အခြေခံအားဖြင့် အောင်မြင်နိုင်ခြေက ကိုးဆယ် ရာခိုင်နှုန်း အထက်မှာ ရှိတယ်"
"ဒါနဲ့... ထမင်းစားပြီးရင် နင်တို့ရဲ့ လက်ရှိ အဓိက အရည်အသွေး အမှတ်တွေကို စမ်းသပ်ကြည့်ရအောင်"
တင်းယန်က ထိုစကားကို ကြားသောအခါ ထမင်းပင် ဆက်မစားနိုင်တော့ဘဲ ထမင်းပန်းကန်နှင့် တူကို ချက်ချင်း ချကာ ပြောလိုက်သည်။ "ဘယ်လို စမ်းရမှာလဲ... ကျွန်မကို အရင် စမ်းပေး"
သူမက ဇွဲလုံ့လကြီးမားသော မိန်းမတစ်ယောက် ဖြစ်ပြီး လေ့ကျင့်ရာတွင် တစ်ခါမှ ပေါ့လျော့ခြင်း မရှိခဲ့ပေ။
မိန်းကလေးများထဲတွင် သူမ တစ်ယောက်တည်းသာ နေ့စဉ် ထိုက်ယန် မျိုးရိုးဗီဇကျင့်စဉ် ကို ကြိုးကြိုးစားစား လေ့ကျင့်နေပြီး သူမ တစ်ယောက်တည်းသာ ကင်းလှည့်အဖွဲ့ထဲတွင် နေကာ မိမိ၏ အစွမ်းကို သွေးနေခြင်း ဖြစ်သည်။
လင်းယွမ်က ထိုစကားကို ကြားသောအခါ သူမ၏ စွမ်းအားအပေါ် တောင့်တမှုကိုလည်း နားလည်သွားသည်။
ချက်ချင်းပင် ပစ္စည်းသိုလှောင်ခန်း ထဲမှ စွမ်းအင်တိုင်းမျက်မှန် ကို ထုတ်ယူကာ ပြောလိုက်သည်။ "ဒါက စွမ်းအင်တိုင်းမျက်မှန်ပဲ... ခန္ဓာကိုယ်ထဲက အဓိက အရည်အသွေး အမှတ်တွေကို တိုင်းတာပေးနိုင်တယ်"
တင်းယန်က မျက်မှန်ကို အမြန် လှမ်းယူလိုက်ပြီး မျက်နှာပေါ်တွင် တပ်ဆင်လိုက်သည်။
သူမက ပထမဆုံး အနေဖြင့် မိမိ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။
ကြီးမားသော ရင်ဘက်ပေါ်တွင် ဂဏန်းတစ်တန်း ချက်ချင်း ပေါ်လာသည်။
"၄၈"
တင်းယန်၏ မျက်လုံးများက ချက်ချင်း တောက်ပသွားပြီး အံ့သြဝမ်းသာသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။
သူမ၏ အဓိက အရည်အသွေးက ၄၈ မှတ်တောင် ရောက်နေပြီပဲ။
ထို့နောက် သူမက တစ်ခုခုကို သတိရသွားပုံရပြီး လင်းယွမ်ကို အမြန် ခေါင်းမော့ ကြည့်လိုက်သည်။
အမြဲတမ်းလိုလို သူမက လင်းယွမ်ကို လိုက်မီရန် ကြိုးစားနေခဲ့ပြီး လင်းယွမ်၏ ဝန်ထုပ်ဝန်ပိုး ဖြစ်သွားမည်ကို စိုးရိမ်နေခဲ့သည်။
ထို့ကြောင့် လင်းယွမ်၏ အဓိက အရည်အသွေးက ယခု ဘယ်လောက်အထိ ရောက်နေပြီလဲ ဆိုသည်ကို သူမ အလွန် သိချင်မိသည်။
ဆက်ရန်...
***