မာကောချိုင်၏ ဆောက်လုပ်ရေး အင်ဂျင်နီယာ ဌာနက အချိန်တိုအတွင်း ထူးချွန်ပြောင်မြောက်သော ရလဒ်များကို ဖော်ဆောင်နိုင်ခဲ့ပြီး အလွန် ကြီးမားသော ကျေးဇူးတင်ထိုက်သည့် လုပ်ဆောင်ချက်များ ဖြစ်ပေသည်။
ဦးလေးမာ၏ တင်ပြချက်ကို နားထောင်ပြီးနောက် လင်းယွမ်က ဦးဆောင်ကာ လက်ခုပ်တီးလိုက်သည်။
"ဦးလေးမာ... ခင်ဗျားတို့ ဆောက်လုပ်ရေးဌာနက လူတွေ တော်တော် ပင်ပန်းသွားကြပြီ... ထိုက်ယန်တောင်ရဲ့ အပြောင်းအလဲတွေကို ကျွန်တော် ပြန်ရောက်ကတည်းက မြင်တွေ့ခဲ့ရတယ်... တကယ်ကို ကောင်းမွန်လွန်းပါတယ်"
"အနာဂတ်မှာ ကျွန်တော်တို့ ထိုက်ယန်တောင်က ပိုပိုပြီး လျင်လျင်မြန်မြန် တိုးတက်လာမှာ ဖြစ်သလို လူဦးရေကလည်း ပိုပိုပြီး များပြားလာမှာ သေချာတယ်... မြေယာ အရင်းအမြစ်တွေကလည်း တကယ်ကို ပိုပြီး ကျပ်တည်းလာတော့မှာပဲ"
"အထပ်နိမ့် အဆောက်အအုံတွေ နေရာမှာ အထပ်မြင့် အဆောက်အအုံတွေနဲ့ အစားထိုးပြီး နေထိုင်စရာ နေရာတွေကို ချဲ့ထွင်တာ မြေနေရာ ကုန်ကျစရိတ်ကို သက်သာစေတာတွေက အရမ်းကို လိုအပ်တဲ့ ကိစ္စတွေပါ... ခင်ဗျားတို့ အရမ်း ကောင်းကောင်း လုပ်နိုင်ခဲ့ကြတယ်"
ဦးလေးမာက ရယ်မောရင်း ပြောလိုက်သည်။ "တကယ်တော့ ငါတို့ဆီမှာ အထပ်မြင့် အဆောက်အအုံတွေ ဆောက်လုပ်ဖို့ နည်းပညာစွမ်းရည် မရှိလို့သာ မဟုတ်ရင် အထပ်သုံးဆယ်လောက် မြင့်တဲ့ အဆောက်အအုံကြီးတွေကိုတောင် ဆောက်လုပ်ချင်နေတာ"
"အခု ငါတို့ ဆယ်ထပ်ကျော် မြင့်တဲ့ အဆောက်အအုံတွေကို ဆောက်နိုင်တာကကို မလွယ်ကူလှဘူး... အပေါ်ထပ်က အလေးချိန်ကို ခံနိုင်ရည်ရှိဖို့အတွက် အောက်ခြေ အဆောက်အအုံတွေရဲ့ အုတ်မြစ်တွေကို ကျောက်တုံးတွေနဲ့ စီပြီး တည်ဆောက်ခဲ့ရတာ"
"ကံကောင်းချင်တော့ ငါတို့ဆီမှာ သင်္ကေတ နည်းပညာ အမျိုးမျိုး ရှိနေတယ်... ပြီးတော့ တောင်ပေါ်က သစ်သားတွေ သန္ဓေပြောင်းသွားပြီးတဲ့နောက် ခိုင်ခံ့မှုကလည်း အများကြီး တိုးလာတယ်... အသံလုံ သင်္ကေတတွေ ရှိလာတဲ့အတွက် အသံဆူညံမှု အမျိုးမျိုးကိုလည်း တားဆီးပေးနိုင်လို့ အပေါ်ထပ်နဲ့ အောက်ထပ် ဆူညံမှာကိုလည်း စိတ်ပူစရာ မလိုတော့ဘူး"
"အခု သန္ဓေပြောင်း နေကြာပန်းတွေပါ ထွက်ပေါ်လာတဲ့အတွက် ငါတို့ အိမ်ဆောက်တဲ့အခါ အလင်းရောင် ရဖို့ ကိစ္စတွေကိုလည်း ထည့်သွင်းစဉ်းစားစရာ မလိုတော့ဘူး... အဆောက်အအုံ တစ်ခုနဲ့ တစ်ခုကြား အကွာအဝေး ကျဉ်းနေရင်တောင် ဘာပြဿနာမှ မရှိတော့ဘူး"
ဦးလေးမာက ဆောက်လုပ်ရေး ကိစ္စများနှင့် ပတ်သက်၍ ပြောဆိုလာသောအခါ သူ၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေပြီး ရေပက်မဝင်အောင် စကားပြောဆိုနေလေသည်။
လင်းယွမ်က သူ့အား မြေဓာတ် အစွမ်းကို နိုးထစေရန် ကူညီပေးပြီးကတည်းက သူ၏ တစ်ကိုယ်လုံး နုပျိုလန်းဆန်းလာရုံသာမက ဆယ်နှစ်ခန့်မျှပင် ပိုမို နုပျိုသွားသကဲ့သို့ ထင်မှတ်ရသည်။
ယခုအခါ အလုပ်လုပ်ရာတွင် လူငယ်များထက်ပင် ပို၍ တက်ကြွနေသေးသည်။
လင်းယွမ်က သူ၏ တက်ကြွနေသော အသွင်ကို ကြည့်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ "အရမ်းကောင်းတယ်... ဦးလေးမာ... ခင်ဗျားတို့ရဲ့ လုပ်ရည်ကိုင်ရည်က အရမ်း မြင့်တာပဲ... ဒါပေမယ့် အနားယူဖို့လည်း ဂရုစိုက်ဦး... ကျန်းမာရေးကိုလည်း ဂရုစိုက်ရမယ်... ကြားလား"
မာကောချိုင်က ချက်ချင်းပင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ "ငါတို့ ဆောက်လုပ်ရေး ဌာနဘက်မှာ အစွမ်းပိုင်ရှင် တော်တော်များများကို ခေါ်ယူထားပါတယ်... အားလုံးက ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင် လူငယ်လေးတွေချည်းပဲ... ဒီကောင်လေးတွေ တစ်ယောက်ချင်းစီတိုင်းက ခွန်အားတွေ အပြည့်ရှိနေပြီး အလုပ်လုပ်ချင်နေကြသလို အမှတ်တွေလည်း ရှာချင်နေကြတာလေ"
"ဒီတစ်ခါ လုပ်မယ့် အိမ်ထောင်ဘက်တွေ့ဆုံပွဲမှာ ငါတို့ ဆောက်လုပ်ရေးဌာနက လူပျိုလေးတွေ အကုန်လုံး ရောက်လာကြလိမ့်မယ်လို့ ငါ ထင်တယ်"
ထိုစကားကို ကြားလိုက်ရသောအခါ လင်းယွမ်မှာ ဟက်ဟက်ပက်ပက် ရယ်မောသွားခဲ့ပြီး အနီးနားရှိ လူများအားလုံးကလည်း ရယ်မောလိုက်ကြသည်။
ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်များမှာ အခြားသော အစွမ်းပိုင်ရှင်များနှင့် ယှဉ်လျှင် အတော်လေး အားနည်းသည်ဟု ဆိုနိုင်သည်။
သူတို့က အနီးကပ် တိုက်ခိုက်ရာတွင် ကျွမ်းကျင်သော်လည်း အကယ်၍ အလျင် အမျိုးအစား အစွမ်းပိုင်ရှင်များနှင့် တွေ့ဆုံပါက တစ်ဖက်လူက သူတို့နှင့် မျက်နှာချင်းဆိုင် မတိုက်ခိုက်လျှင် မည်သို့မျှ မတတ်နိုင်ပေ။
မိမိကိုယ်ကို သံတုံးကြီးတစ်တုံးကဲ့သို့ အမာခံကာ ရန်သူများ အလွယ်တကူ တိုက်ခိုက်၍ မရအောင် ကာကွယ်သည့် ဗျူဟာမှလွဲ၍ အခြားသော နည်းလမ်းများ မရှိတော့ပေ။
ထိုနည်းလမ်းက အလျင် အမျိုးအစား အစွမ်းပိုင်ရှင်များကို ရင်ဆိုင်ရာတွင်သာ အသုံးပြုနိုင်သည်။
အကယ်၍ သဘာဝစွမ်းအင် အမျိုးအစား၊ စိတ်စွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်များနှင့် တွေ့ဆုံပါက ပို၍ပင် အားနည်းသွားမည် ဖြစ်သည်။
ထို့ကြောင့် အစွမ်းပိုင်ရှင် အမျိုးအစားများစွာထဲတွင် ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်များကို လူရာမသွင်းကြပေ။
သို့ရာတွင် ခိုလှုံရေးစခန်းအတွက်မူ ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်များက မရှိမဖြစ် လိုအပ်သော လုပ်သားအင်အားများ ဖြစ်ကြသည်။
မြောက်မြားစွာသော ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်များ ရှိနေသောကြောင့်သာ ခေတ်မီ စက်ယန္တရားများ၏ အကူအညီ မရှိသော အခက်အခဲကို ဖြေရှင်းနိုင်ခဲ့ပြီး ထိုက်ယန်တောင် ခိုလှုံရေးစခန်း၏ တည်ဆောက်ရေး လုပ်ငန်းများက ဤမျှ လျင်မြန်စွာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
သေချာပေါက်ပင် လင်းယွမ် ယူဆောင်လာသော အစွမ်းသုံး လက်နက်ကိရိယာ အမျိုးမျိုးနှင့် သင်္ကေတ နည်းပညာများ တိုးတက်လာသည်နှင့်အမျှ အနာဂတ်တွင် ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင်များကို အခြားသော အစွမ်းပိုင်ရှင်များက အထင်သေးနိုင်တော့မည် မဟုတ်ပေ။
ထိုစကားအတိုင်းပင် အသုံးမဝင်သော အစွမ်းဟူ၍ မရှိဘဲ အသုံးမကျသော အစွမ်းပိုင်ရှင်သာ ရှိပေသည်။
အစွမ်းပိုင်ရှင်များကို ကောင်းစွာ အသုံးချတတ်ခြင်းကသာ အစွမ်းထက်ဆုံး ဖြစ်သည်။
ဦးလေးမာ၏ တင်ပြချက် ပြီးဆုံးသွားပြီးနောက် အဒေါ်ကြီးလီနှင့် ဆုန့်ဝမ်တို့ စီမံအုပ်ချုပ်သော စိုက်ပျိုးရေးဌာန၏ အလှည့်သို့ ရောက်လာခဲ့သည်။
စိုက်ပျိုးရေးဌာန၏ ဤရက်ပိုင်းအတွင်း တိုးတက်မှုများကလည်း ထိုနည်းတူပင် တစ်နေ့တခြား တိုးတက်ပြောင်းလဲနေပြီး အောင်မြင်မှု ရလဒ်များကလည်း အလွန် သိသာထင်ရှားလှသည်။
ဆုန့်ဝမ်၏ ပြောစကားကို ကြားလိုက်ရသည်။ "ဒီရက်ပိုင်းတွေအတွင်းမှာ ကျွန်မတို့က စားသုံးလို့ရတဲ့ မျိုးဆက်သစ် သန္ဓေပြောင်း ဟင်းသီးဟင်းရွက် ဆယ့်တစ်မျိုးကို ထပ်ပြီး ရှာဖွေတွေ့ရှိခဲ့တယ်... လတ်တလောမှာ စားသုံးလို့ရတဲ့ သန္ဓေပြောင်း ဟင်းသီးဟင်းရွက် စုစုပေါင်း ခုနစ်ဆယ့်တစ်မျိုးကို ရှာဖွေတွေ့ရှိထားပါတယ်"
"အကြီးအကျယ် စိုက်ပျိုးဖို့ သင့်တော်တာတွေကတော့ ကြက်ခေါင်းဆန်၊ ရှန်ယွင်ပဲ၊ ပဲတောင့်ရှည်၊ ရွှေဂျုံ နဲ့ တခြား အရာတွေ ပါဝင်ပါတယ်"
"အဲဒီအထဲမှာ ရှန်ယွင်ပဲကို မိန်တောင်ရွာက ဒေသခံ ရွာသူ လီရှန်ယွင်က လယ်ကွင်းထဲမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်လို့ သူ့နာမည်ကို အစွဲပြုပြီး မှည့်ခေါ်ထားတာပါ... ဒီရှန်ယွင်ပဲက ပဲပိစပ်ကနေ သန္ဓေပြောင်းသွားတဲ့ မျိုးစိတ်တစ်ခု ဖြစ်ပြီး စိုက်ပျိုးကြည့်တဲ့အခါမှာတော့ ဒီပဲမျိုးစိတ်ရဲ့ ကြီးထွားနှုန်းက အလွန် လျင်မြန်တာကို တွေ့ရှိခဲ့ရပါတယ်"
"အခြေခံအားဖြင့် သန္ဓေပြောင်း နေကြာပန်းရဲ့ အလင်းရောင်အောက်မှာဆိုရင် နှစ်လဝန်းကျင်လောက်နဲ့တင် ရင့်မှည့်တဲ့ အဆင့်ကို ရောက်ရှိနိုင်ပါတယ်... ပြီးတော့ သူ့ရဲ့ အထွက်နှုန်းကလည်း အရမ်း မြင့်မားတယ်... ပဲတောင့်တစ်တောင့်မှာ အနည်းဆုံး ပဲစေ့ ရှစ်စေ့ကနေ ဆယ်စေ့အထိ ပါဝင်နိုင်ပြီး တစ်ဧကကို အထွက်နှုန်း ပေါင် ၄၀၀၀ ခန့်အထိ ရှိနိုင်ပါတယ်"
"ဒီပဲစေ့တွေရဲ့ ဆီထွက်နှုန်းက ၃၀ ရာခိုင်နှုန်း ဝန်းကျင်လောက်အထိ ရှိပါတယ်... သန္ဓေပြောင်း နေကြာစေ့တွေလောက် ဆီထွက်နှုန်း မကောင်းပေမယ့် ရေကြီးရေလျှံမှုတွေ မဖြစ်ခင်က ပဲပိစပ်တွေရဲ့ ဆီထွက်နှုန်းထက် အများကြီး ပိုများပါတယ်"
"အဓိက အကျဆုံး အချက်ကတော့ ပဲပိစပ်တွေကို အစားအစာ အမျိုးမျိုးအဖြစ် ပြုပြင်ထုတ်လုပ်နိုင်တာပါပဲ... လတ်တလောမှာ စိုက်ပျိုးရေးဌာနက ပဲပိစပ် ပြုပြင်ထုတ်လုပ်ရေး စက်ရုံကို တည်ဆောက်ထားပြီး အဓိက ထုတ်လုပ်တဲ့ ပစ္စည်းတွေကတော့ ပဲဆီ၊ ပဲပြား၊ ပဲငပိ၊ ပဲလိပ်၊ ပဲပြားခြောက်၊ ပဲလိပ်ခြောက်၊ ပဲငံပြာရည်နဲ့ တခြား အရာတွေ ပါဝင်ပါတယ်"
"သာမန် မိသားစုတွေအနေနဲ့ ပဲပိစပ်တွေကို စိုက်ပျိုးမယ်ဆိုရင် ပဲပင်ပေါက်တွေ စားသုံးနိုင်ပြီး ကိုယ်တိုင် ပဲထွက်ကုန်တွေကို ပြုလုပ်နိုင်မှာပါ"
"အခုအချိန်မှာတော့ ရှန်ယွင်ပဲက ကျွန်မတို့ စိုက်ပျိုးရေးဌာနရဲ့ အဓိက စိုက်ပျိုးမယ့် အရာတစ်ခု ဖြစ်လာခဲ့ပြီ... မိန်တောင်မှာရှိတဲ့ လယ်ယာမြေ တစ်ဝက်နီးပါးလောက်က ရှန်ယွင်ပဲတွေကို စိုက်ပျိုးနေကြတာပါ"
......
ဆုန့်ဝမ် စကားပြောဆိုပြီးသွားသောအခါ အဒေါ်ကြီးလီကလည်း အကြောင်းအရာ အချို့ကို ကူညီဖြည့်စွက် ပြောဆိုပေးခဲ့သည်။
ယေဘုယျအားဖြင့် ထိုက်ယန်တောင် စိုက်ပျိုးရေးဌာန၏ အောင်မြင်မှုများက အလွန် များပြားလှပေသည်။ ရှန်ယွင်ပဲ၊ အခွံနီကန်စွန်းဥ စသည့် အရေးကြီးသော စီးပွားရေး သီးနှံများကို ရှာဖွေတွေ့ရှိခဲ့ရုံသာမက တွင်းထွက်သယံဇာတ ပေါများသော ဒေသများတွင်လည်း သန္ဓေပြောင်း အသီးအနှံ ဆေးဝါးဥယျာဉ်ကို သီးသန့် ဖော်ထုတ်ခဲ့ကြသည်။
ဤဆေးဝါးဥယျာဉ် အယူအဆကို ရန်ဆန်းမင်၊ ထန်ယင်းနှင့် တိုင်းရင်းဆေးပညာကို တတ်ကျွမ်းသော သက်ကြီးရွယ်အို ပညာရှင် အချို့က ပူးပေါင်း အဆိုပြုခဲ့ခြင်း ဖြစ်ပြီး အရေးပါသော သန္ဓေပြောင်း အသီးအနှံ အပင်များကို လူကိုယ်တိုင် စိုက်ပျိုးကာ ဆေးဝါး သုတေသနနှင့် ထုတ်လုပ်ရေးအတွက် အသုံးပြုရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
လင်းယွမ်က ထိုအရာများကို နားထောင်ပြီးနောက် မနေနိုင်ဘဲ နောက်တစ်ကြိမ် ထပ်၍ ကျေနပ်အားရစွာ သက်ပြင်းချမိပြန်သည်။
ထိုက်ယန်တောင်ရှိ အရာအားလုံးက လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ ကိုယ်တိုင် မရှိလျှင်တောင်မှ တိုးတက်သင့်သည်များက လျင်မြန်စွာ တိုးတက်နေဆဲပင် ဖြစ်သည်။
ယခုအခါ သူက အချိန်တိုင်း စောင့်ကြည့်နေရန် မလိုအပ်တော့ဘဲ ထိုက်ယန်တောင်သည် ကောင်းမွန်သော တိုးတက်မှု ပုံစံတစ်ခုထဲသို့ ဝင်ရောက်သွားပြီ ဖြစ်သည်။
"ထိုက်ယန်တောင်က ဒီလောက်အထိ တိုးတက်လာတာဆိုတော့... အပြင်က အဖွဲ့အစည်းတွေရဲ့ ချောင်းမြောင်းတာကို သေချာပေါက် ခံရတော့မှာပဲ"
"အထူးသဖြင့် ထိုက်ယန်တောင်မှာ စွမ်းအင်ကျောက်တုံး သတ္တုတွင်း အမြောက်အမြား ရှိနေတာမို့ ဒီနေရာရဲ့ သန္ဓေပြောင်းစွမ်းအင် အဆင့်က လုံးဝ နိမ့်ကျမှာ မဟုတ်ဘူး"
"ဝိညာဉ်စွမ်းအင်ဂိုဏ်းမှာတောင် ရေပေါ်ကျွန်းဆီကို ရှာဖွေနိုင်တဲ့ ထောက်လှမ်းရေး အိမ်မြှောင်တွေ ရှိနေတာပဲ... တခြား ဂိုဏ်းကြီး သုံးခုကလည်း ထိုက်ယန်တောင်ကို မရှာတွေ့နိုင်စရာ အကြောင်း မရှိဘူး"
"ထိုက်ယန်တောင်ရဲ့ စုစုပေါင်း တိုက်ခိုက်ရေးစွမ်းရည်ကို အမြန်ဆုံး မြှင့်တင်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်တဲ့ အစွမ်းအစ ရှိအောင် လုပ်ဖို့ လိုအပ်တယ်"
သူက စိတ်ထဲမှ သက်ပြင်းချလိုက်ပြီး ဤကိစ္စကသာ ယခုလောလောဆယ်တွင် အရေးအကြီးဆုံး ကိစ္စဖြစ်ကြောင်းကို သိလိုက်သည်။
ထို့အပြင် နောက်ထပ် အချက်တစ်ချက်မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကလည်း မရပ်တန့်သေးပေ။ အပူချိန် ကျဆင်းနေသော်လည်း မည်သည့်အချိန်တွင် ဆောင်းရာသီသို့ လုံးဝ ရောက်ရှိသွားမည်ကို မသိနိုင်သေးပေ။
ရေမျက်နှာပြင်ကလည်း ဆက်တိုက် မြင့်တက်လာနေပြီး ထိုက်ယန်တောင်၏ မြေယာဧရိယာကလည်း တဖြည်းဖြည်း လျော့နည်းလာနေသည်။
ရေပေါ်ကျွန်း တစ်ကျွန်းကို ရှာဖွေမည့် အစီအစဉ်ကိုလည်း မဖြစ်မနေ စောစီးစွာ ပြုလုပ်ရမည် ဖြစ်ပြီး မည်သည့် ပေါ့ဆမှုမျိုးမှ ရှိ၍ မရပေ။
အမျိုးမျိုးသော အတွေးများက လင်းယွမ်၏ စိတ်အာရုံထဲတွင် လျှပ်တစ်ပြက် ဖြတ်သန်းသွားခဲ့သည်။
အောက်ဘက်ရှိ တင်ပြချက်များကလည်း ဆက်လက် ဖြစ်ပေါ်နေပြီး စစ်ဆေးရေး ဌာန၊ မွေးမြူရေး ဌာနနှင့် သားသတ်ရုံ တို့ကလည်း တစ်ခုပြီးတစ်ခု စတင် တင်ပြလာကြသည်။
တင်ပြချက် မရှိသည့် တစ်ခုတည်းသော ဌာနများမှာ အစွမ်း သုတေသန ဌာနနှင့် ထိုက်ယန်တောင် ဆေးဘက်ဆိုင်ရာ ဗဟိုဌာန ဟူသော ဌာန နှစ်ခုသာ ဖြစ်သည်။
ဤဌာန နှစ်ခုမှ သုတေသန ပြုလုပ်ထားသော အရာများက အတော်လေး အရေးကြီးသောကြောင့် လူအများရှေ့တွင် တင်ပြရန် မသင့်တော်ပေ။
ထို့ကြောင့် လင်းယွမ်က လီဟန်ကျုံးနှင့် ရန်ဆန်းမင်တို့ကို အထူး တကူးတက မှာကြားထားခဲ့ပြီး တင်ပြသည့် လုပ်ငန်းစဉ်တွင် ပါဝင်ခွင့် မပြုခဲ့ခြင်း ဖြစ်သည်။
သို့တိုင်အောင် ကြီးငယ်မဟူသော ဌာန အသီးသီးက အလှည့်ကျ စကားပြောဆိုနေကြသဖြင့် ဤအစည်းအဝေးက ညဘက်အထိပင် အချိန်ယူခဲ့ရသည်။
ကံကောင်းသည်မှာ နေရောင်ခြည်ရရှိသော နေရာအတွင်း၌ သန္ဓေပြောင်း နေကြာပန်းများက နေရောင်ခြည်ကို ထုတ်လွှတ်ပေးနေသဖြင့် နေ့ခင်းဘက်နှင့်တူနေပြီး လူအများက ပင်ပန်းနွမ်းနယ်သည်ဟု မခံစားကြရပေ။
ထို့အပြင် ဌာန အသီးသီး၏ တင်ပြချက်များကို နားထောင်ရင်း လူတိုင်း၏ မျက်နှာပေါ်တွင် တက်ကြွနေသော အမူအရာများနှင့် ဝမ်းသာရွှင်လန်းနေသော အသွင်များ ရှိနေကြသည်။
သူတို့က ထိုက်ယန်တောင်၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေသောကြောင့် ထိုက်ယန်တောင်က တဖြည်းဖြည်း ပို၍ ကောင်းမွန်လာပြီး အစွမ်းထက်လာသည်ကို ကြားသိရသောအခါ သဘာဝကျကျပင် ဂုဏ်ယူနေကြသည်။
လူအားလုံး ပြောဆိုပြီးသွားသောအခါမှသာ လင်းယွမ်က စကားစလိုက်သည်။ "အင်း... ကျွန်တော် မရှိတဲ့ ဒီရက်ပိုင်းလေးအတွင်းမှာ အားလုံးရဲ့ အလုပ်တွေက ဒီလောက်အထိ ထူးချွန်ပြောင်မြောက်စွာ ပြီးမြောက်သွားလိမ့်မယ်လို့ မထင်ထားမိဘူး"
"ဒီနေရာမှာ ကျွန်တော်က ထိုက်ယန်တောင် ခိုလှုံရေးစခန်းမှာရှိတဲ့ နေထိုင်သူတွေကို ကိုယ်စားပြုပြီး အားလုံးရဲ့ ကြိုးစားအားထုတ်မှုတွေနဲ့ ပေးဆပ်မှုတွေအတွက် ကျေးဇူးတင်ပါရစေ"
အဒေါ်ကြီးလီက ပထမဆုံးအနေဖြင့် ပြုံးရွှင်စွာ ပြောလိုက်သည်။ "ရှောင်ယွမ်... နင် ဘာတွေ ပြောနေတာလဲ... နင်ကပဲ လူတိုင်းကို ခေါ်ဆောင်လာပြီး ဒီတောင်ပေါ်မှာ နေထိုင်ဖို့ ခက်ခက်ခဲခဲနဲ့ အိမ်ရာတွေ တည်ဆောက်ပေးခဲ့သလို ငါတို့လို လူတွေကိုလည်း လုံခြုံတဲ့ နေရာတစ်ခု ဖန်တီးပေးခဲ့တာလေ"
"ဒီနေရာက ငါတို့ အားလုံးရဲ့ အိမ်ပဲလေ... ကိုယ့်အိမ်အတွက် ကိုယ်တိုင် အုတ်မြစ်ချ တည်ဆောက်တာက မလုပ်သင့်တဲ့ ကိစ္စမှ မဟုတ်တာ"
ဦးလေးမာကလည်း အလျင်အမြန် ပြောလိုက်သည်။ "ဟုတ်ပါတယ်... ရှောင်ယွမ်... အားလုံးက ထိုက်ယန်တောင်အတွက် လုပ်ပေးနေကြတာပါ... ကိစ္စတိုင်းကို မင်း တစ်ယောက်တည်းကပဲ တာဝန်ယူနေလို့ ဘယ်ဖြစ်မှာလဲ"
အခြားသူများကလည်း အသီးသီး ဝင်ပြောလာကြသည်။
"ဆရာလင်း... ခင်ဗျားက အရမ်းကို အားနာတတ်လွန်းပါတယ်... ဒါတွေက ကျွန်တော်တို့ လုပ်သင့်လုပ်ထိုက်တာတွေပါ"
"ဟုတ်ပါတယ်... ဆရာလင်း... ပြီးတော့ ကျွန်တော်တို့က အလကား လုပ်ပေးနေတာမှ မဟုတ်တာ... ခင်ဗျားက ကျွန်တော်တို့ကို လစာတွေတောင် ပေးထားသေးတယ်လေ"
"ဟုတ်တယ်လေ... ဆရာလင်း... ထိုက်ယန်တောင်က ကျွန်တော်တို့ရဲ့ အိမ်ပဲဟာ"
လူအများ၏ စကားကို ကြားလိုက်ရသောအခါ လင်းယွမ်က ရင်ထဲမှလှိုက်၍ ရယ်မောလိုက်သည်။
ကမ္ဘာပျက်ကပ် ကာလအောက်တွင် ဤကဲ့သို့သော နွေးထွေးသည့် မေတ္တာတရားမျိုးက အလွန် တန်ဖိုးရှိပြီး အထူးသဖြင့် လူကို ပို၍ တန်ဖိုးထားတတ်လာစေသည်။
အပြင်လောကတွင် လူတိုင်းက အချင်းချင်း ပရိယာယ်များ သုံးကာ ယှဉ်ပြိုင်နေကြပြီး ထမင်းတစ်လုပ်အတွက် သားမယားကိုပင် ရောင်းစားကာ ညီအစ်ကို အချင်းချင်း သတ်ဖြတ်နေကြသည်။
သို့ရာတွင် ဤထိုက်ယန်တောင်၌မူ လူသားဆန်မှု၏ တောက်ပသော အခြမ်းကို သူက နောက်တစ်ကြိမ် မြင်တွေ့လိုက်ရသည်။
သူက စိတ်ထဲမှ ကြည်နူးသွားပြီးနောက် ပြောလိုက်သည်။ "အားလုံးပဲ... ထိုက်ယန်တောင်က ကျွန်တော့်ရဲ့ အိမ်လည်း ဖြစ်ပါတယ်... ကျွန်တော် အပိုတွေ ဆက်မပြောတော့ဘူး... ဒီတစ်ခေါက် ကျွန်တော် အပြင်ထွက်သွားတဲ့အချိန် ရလာတဲ့ သတင်းအချက်အလတ်တွေ အားလုံးကို ပြောပြပါမယ်"
လင်းယွမ်က အဓိက ကိစ္စကို ပြောလာသောအခါ သူ၏ မျက်နှာအမူအရာက လေးနက်သွားခဲ့သည်။
သူ၏ မျက်နှာက တည်တင်းသွားသောကြောင့် အခြားသူများကလည်း လင်းယွမ် ပြောမည့် စကားများက အလွန် အရေးကြီးလောက်ကြောင်း အလိုအလျောက် သတိပြုမိသွားကြသည်။
ထို့ကြောင့် အားလုံးက နေရာတွင် ထိုင်လိုက်ကြပြီး လေးနက်သော အမူအရာများကို ဖော်ပြလိုက်ကြသည်။
လင်းယွမ်က အသံကို နှိမ့်ကာ ပြောလိုက်သည်။ "ကျွန်တော် ဒီတစ်ခေါက် အပြင်ထွက်သွားတုန်းက မြူခိုးမြို့တော်လို့ ခေါ်တဲ့ နေရာတစ်ခုကို ရောက်ခဲ့တယ်"
"ဒီကျွန်းက ရေမျက်နှာပြင်ပေါ်မှာ ပေါလောပေါ်နေနိုင်တဲ့ ကျွန်းတစ်ကျွန်းပဲ... ရေကြီးရေလျှံမှုတွေ ဘယ်လောက်ပဲ မြင့်တက်လာပါစေ... သူက ရေနဲ့အတူ လိုက်ပြီး မြင့်တက်လာနိုင်တယ်... ရေမြုပ်သွားမှာကို ထာဝရ စိတ်ပူစရာ မလိုတော့ဘူး"
လင်းယွမ်၏ စကား ထွက်ပေါ်လာသည်နှင့် အခန်းထဲရှိ လူအားလုံး ချက်ချင်း အံ့အားသင့်သွားကြသည်။
"ဘာ"
"ရေမျက်နှာပြင်ပေါ်မှာ ပေါလောပေါ်နေနိုင်တဲ့ ကျွန်း ဟုတ်လား... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"ဒီလိုကျွန်းမျိုးက ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ"
လူအများမှာ နားမလည်နိုင်ကြဘဲ အံ့သြမယုံကြည်နိုင်သော အမူအရာများကို အသီးသီး ဖော်ပြလိုက်ကြသည်။
ရုတ်တရက် မိန်တုဥယျာဉ်မှစ၍ လင်းယွမ်နှင့်အတူ အမြဲ လိုက်ပါလာခဲ့သော သက်ကြီးပိုင်း တစ်ယောက်က တစ်စုံတစ်ရာကို သတိရသွားပြီး ရုတ်တရက် အော်ဟစ်လိုက်သည်။ "ဒါက ဟိုတစ်ခေါက်က လိပ်ကျွန်းလိုမျိုး အရာများလား"
လိပ်ကျွန်း ကိစ္စမှာလည်း လူအများကြားတွင် လျှို့ဝှက်ချက် တစ်ခု မဟုတ်ပေ။
လင်းယွမ်က ထိုက်ယန်တောင်ကို သိမ်းပိုက်ပြီးနောက် ထိုက်ယန်တောင်၏ ထိုက်တန်သော ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်နှင့်အမျှ သူ၏ အတိတ်က အတွေ့အကြုံများကို သက်ကြီးပိုင်းများက မကြာခဏ ထုတ်ဖော် ပြောဆိုတတ်ကြသည်။
လိပ်ကျွန်း ဖြစ်ရပ်မှာ လင်းယွမ်က ထိုက်ယန်တောင်သို့ မလာရောက်မီက အလွန် ဟိုးလေးတကျော် ဖြစ်ခဲ့သော ဖြစ်ရပ်တစ်ခုဟု ဆိုနိုင်သည်။
ထိုအကြိမ်က လင်းယွမ်နှင့်အတူ လိုက်ပါသွားခဲ့သော လူအတော်များများ မတော်တဆမှုများ ဖြစ်ခဲ့ကြသည်။
လင်းယွမ်က ထိုက်ယန်တောင်၏ အရှင်သခင် ဖြစ်လာပြီးနောက် ဤဖြစ်ရပ်ကို လူများက အမြဲတစေ စိတ်ဝင်တစား ပြောဆိုနေခဲ့ကြသည်။
ထို့ကြောင့် နေရာတွင် ရှိနေသော လူအများစုက လိပ်ကျွန်း ကိစ္စကို အခြေခံအားဖြင့် သိရှိထားကြသည်။
လင်းယွမ်က ခေါင်းကို အနည်းငယ် ခါယမ်းကာ အသံကို နှိမ့်၍ ပြောလိုက်သည်။ "အဲဒီ မြူခိုးမြို့တော်က လိပ်ကျွန်းနဲ့နှိုင်းယှဉ်လို့မရအောင် ကြီးတယ်... သူ့ရဲ့ အရွယ်အစားက လင်ကျန်းမြို့ရဲ့ မြို့လယ်ခေါင် တစ်ခုလုံး စာလောက် အရွယ်အစားနဲ့ ညီပြီး ဧရိယာက အနည်းဆုံး စတုရန်းမိုင် ၃၀ လောက် ရှိတယ်"
"အဲဒီ လိပ်ကျွန်းထက်ကို အဆပေါင်းများစွာ ပိုကြီးတယ်"
လူအများက အံ့အားသင့် ထိတ်လန့်သွားသော အမူအရာများကို အသီးသီး ဖော်ပြလိုက်ကြပြီး လူတိုင်းက မယုံကြည်နိုင် ဖြစ်သွားကြသည်။
စတုရန်းမိုင် ၃၀... လင်ကျန်းမြို့လယ်ခေါင်နဲ့ ညီမျှတယ် ဟုတ်လား...
ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
"ဘယ်လိုလုပ်ပြီး ဒီလောက်ကြီးတဲ့ ရေပေါ်ကျွန်းကြီး ရှိနေနိုင်မှာလဲ"
"ဆရာလင်း... အဲဒီကျွန်းပေါ်မှာ ဘာတွေ ရှိလဲ"
"အဲဒါက တကယ်ပဲ ကျွန်းတစ်ကျွန်း ဟုတ်ရဲ့လား"
"ရှောင်ယွမ်... ဒီလောက် ကြီးမားတဲ့ ကျွန်းကြီးက လင်ကျန်းမြို့မှာသာ ရှိတယ်ဆိုရင် ရေကြီးရေလျှံမှုတွေ မဖြစ်ခင်ကတည်းက ငါတို့ မသိစရာ အကြောင်း မရှိဘူးလေ"
လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "နောက်ပိုင်း ကျွန်တော် စုံစမ်းကြည့်တော့ အဲ့ဒါက တကယ့် ကျွန်းတစ်ကျွန်း မဟုတ်ဘဲ ဧရာမ သတ္တဝါကြီး တစ်ကောင်ရဲ့ အလောင်းကြီး ဖြစ်နေတာကို တွေ့လိုက်ရတယ်"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
"စတုရန်းမိုင် ၃၀ ကျယ်ဝန်းတဲ့ ဧရာမ အလောင်းကောင် ကျွန်းကြီး ဟုတ်လား... ဒါက... ဒဏ္ဍာရီတွေထဲက အတိုင်းပဲ မဟုတ်ဘူးလား"
"ဆရာလင်း... ဒါက တကယ်ကြီးလား"
အောက်ဘက်ရှိ လူအုပ်ကြီးမှာ တစ်ခဏချင်းအတွင်း ပြင်းထန်စွာ ဆွေးနွေးလာကြပြီး လူတိုင်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်သော အမူအရာများ ရှိနေကြသည်။
တကယ်ကို ဤသတင်းက အရမ်းကို ထိတ်လန့်စရာ ကောင်းလွန်းလှပေသည်။
ဆက်ရန်...
***