"ဟာ... ဒါ... ဒါက ဘာကြီးလဲ"
"ဒါက ပဲပုပ်တွေလား"
"ဘုရားရေ... ဒီမြေကွက်ထဲမှာ အကုန်လုံး ဒါတွေချည်းပဲလား"
"ဒါက သောက်ကျိုးနည်း ဧကဆယ်ချီလောက် ရှိမနေဘူးလား"
...
မိန်တောင်၏ တောင်ခါးပန်းရှိ လှေကားထစ် စိုက်ခင်းများထဲတွင် လူတစ်ရပ်စာကျော် မြင့်မားသော သန္ဓေပြောင်း ပဲပုပ်ပင်များက အားရစရာကောင်းလောက်အောင် ရှင်သန်ကြီးထွားနေကြသည်။
ပဲပုပ်ပင်တိုင်းတွင် ပဲတောင့်များ ပြည့်နှက်နေပြီး ပဲတောင့်များမှာလည်း ဖောင်းကားကာ အပြည့်အသိပ် တွဲလောင်းကျနေ၏။
ပဲပုပ်စေ့တိုင်းက လက်မအရွယ်အစားခန့် ရှိကြပြီး သာမန်ပဲပုပ်စေ့များထက် နှစ်ဆခန့် ပိုမိုကြီးမားနေသည်။
ကျိုးဝမ်ရှီးနှင့် အခြားသူများက ထိုသန္ဓေပြောင်း ပဲပုပ်ပင်များကို ကြည့်ရင်း တစ်ယောက်ပြီးတစ်ယောက် အံ့သြမှင်တက်သွားကြသည်။
လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် အချင်းချင်း အပြန်အလှန် မေးမြန်းနေကြတော့သည်။
ဤပဲပုပ်ပင်များက ဘာကိုဆိုလိုသလဲဆိုတာကို မည်သူမဆို သိကြပေသည်။
ဒါက စားနပ်ရိက္ခာကို ဆိုလိုခြင်းပင်။
ရေလွှမ်းမိုးမှုကြီး ခေတ်ကာလတွင် စားနပ်ရိက္ခာဆိုသည်မှာ အသက်အိုးအိမ်စည်းစိမ်ပင် ဖြစ်သည်။
ဝမ်ရှောင်က လူအုပ်ကြီးဘက်သို့ လှည့်ကြည့်ကာ ပြုံးရင်း ပြောလိုက်သည်။ "အားလုံးပဲ... ဒါက ကျွန်တော်တို့ ထိုက်ယန်တောင်က ရှန်ယွင်ပဲတွေပါ... ပဲပုပ်ရဲ့ သန္ဓေပြောင်း မျိုးစိတ်တစ်ခုပေါ့... ဒီနေ့ ကျွန်တော်တို့ရဲ့ တာဝန်က ဒီပဲပုပ်တွေကို ရိတ်သိမ်းပြီး ပဲထွက်ပစ္စည်း စက်ရုံဆီ ပို့ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်"
"ဒီ... ဒီပဲပုပ်တွေ အကုန်လုံးက စားလို့ရတာလား" ကျိုးဝမ်ရှီးက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ မေးလိုက်သည်။
ဝမ်ရှောင်က ပြုံးရင်း ပြန်ဖြေသည်။ "ဒါပေါ့... စားလို့မရရင် ဒါတွေကို ဘာလုပ်ဖို့ စိုက်ထားမှာလဲ"
ကျိုးဝမ်ရှီး၏ မျက်လုံးများက ချက်ချင်း နီရဲသွားပြီး အလွန်အမင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "စားလို့ရတယ်... တကယ်ကြီး စားလို့ရတာပဲ... အရင်တုန်းက ငါတို့ သင်္ဘောပေါ်မှာသာ ဒီပဲပုပ်တွေ ရှိခဲ့ရင် ဘယ်လိုလုပ် လူဒီလောက်အများကြီး သေပါ့မလဲ"
လီချုံမင်၏ မျက်လုံးများထဲတွင်လည်း မျက်ရည်များ ဝဲတက်လာပြီး တီးတိုးရေရွတ်လိုက်သည်။ "ဆရာလင်းက ဒီနေရာမှာ ကိုယ့်ထမင်းကိုယ်စားနိုင်တဲ့ အခြေအနေကို ရောက်နေပြီလို့ ပြောခဲ့တာ မဆန်းတော့ပါဘူး... ဒီလောက်များပြားတဲ့ ပဲပုပ်တွေနဲ့ ဒီလိုအထွက်နှုန်းမျိုးဆိုရင် လူတွေရဲ့ လိုအပ်ချက်ကို လုံလုံလောက်လောက် ဖြည့်ဆည်းပေးနိုင်မှာ အသေအချာပဲ"
ရှောင်မင်ထင်းကလည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ဒီနေရာကမှ တကယ့် ခိုလှုံရေးစခန်း အစစ်ပဲ... မြူခိုးမြို့တော်က ဘယ်လောက်ပဲ ကောင်းကောင်း စားစရာ ဒီလောက် အများကြီးမှ မရှိတာ"
မုန့်ချင်ကမူ ဝမ်ရှောင်ဘက်သို့ လှည့်ကြည့်ကာ မနေနိုင်ဘဲ မေးလိုက်သည်။ "ကြီးကြပ်ရေးမှူး... ကျွန်တော်တို့ဆီမှာ စက်ရုံပါ ရှိနေတာလား"
ဝမ်ရှောင်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။ "ရှိတာပေါ့... ခဏနေ ပဲတွေ ရိတ်သိမ်းပြီးရင် ခင်ဗျားတို့ စက်ရုံဘက်ကို သွားပြီး ကူညီပေးရလိမ့်မယ်... ရောက်သွားရင် သိလိမ့်မယ်"
လူအုပ်ကြီးက အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီး အားလုံး၏ သွေးများ ဆူပွက်လာသလို ခံစားလိုက်ရကာ ယခုချက်ချင်းပင် ပဲထွက်ပစ္စည်း စက်ရုံသို့ သွားရောက် လေ့လာချင်စိတ်များ ပေါက်လာကြသည်။
ထို့နောက်တွင်တော့ အလုပ်များရမည့် အချိန်ပင် ဖြစ်သည်။
ရှန်ယွင်ပဲ ရိတ်သိမ်းရသည့် အလုပ်က ရေလွှမ်းမိုးမှုကြီး မတိုင်မီက သာမန်လူများအတွက်ဆိုလျှင် ခွန်အား အတော်လေး ကုန်ခမ်းစေသည့် ကိစ္စတစ်ခုဟု ဆိုနိုင်သည်။
သို့သော်လည်း ယခု လက်ရှိ အစွမ်းပိုင်ရှင်များအတွက်မူ တကယ်ကို ခွန်အား သိပ်စိုက်ထုတ်စရာ မလိုပေ။
အဖွဲ့ငယ်တစ်ဖွဲ့လျှင် လူနှစ်ဆယ် ပါဝင်ပြီး အလျင်အစွမ်းပိုင်ရှင်များက လျင်မြန်စွာ ရိတ်သိမ်းရန် တာဝန်ယူကာ ခွန်အားအစွမ်းပိုင်ရှင်များက သယ်ယူပို့ဆောင်ရန် တာဝန်ယူကြသည်။
သဘာဝစွမ်းအင် အမျိုးအစား အစွမ်းပိုင်ရှင်များအတွက်မူ ပို၍ပင် လွယ်ကူသေးသည်။ သဘာဝစွမ်းအင် စွမ်းရည်များကို တိုက်ရိုက် အသုံးပြုကာ ပဲပုပ်များကို ရစ်ပတ်ထားလိုက်သဖြင့် ပဲတစ်စေ့လေးမျှပင် ပြုတ်ကျခြင်း မရှိတော့ပေ။
ထို့အပြင် ပဲပုပ်များ ရိတ်သိမ်းပြီးနောက်တွင် မီးဓာတ် အစွမ်းပိုင်ရှင်များက ရိုးတံများကို လာရောက် မီးရှို့ရန် တာဝန်ယူကြပြီး မြေဓာတ် အစွမ်းပိုင်ရှင်များက မြေလှန်ပေးကြသည်။
နောက်ဆုံးတွင်တော့ မွေးမြူရေးခြံနှင့် သားသတ်ရုံဘက်မှ အကူအညီပေးသူများက လာရောက်ကာ မြေသြဇာ ကျွေးကြသည်။
လုပ်ငန်းစဉ် တစ်ခုလုံးက တကယ်ကို ချောမွေ့လွန်းလှပေသည်။
မွန်းလွဲပိုင်းသို့ ရောက်သောအခါ ဝမ်ရှောင်၏ အဖွဲ့က သူတို့ တာဝန်ကျရာ မြေကွက်အတွက် လုပ်ငန်းများကို ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
သူတို့ အဖွဲ့ထဲတွင် လီချုံမင်၊ ကျိုးဝမ်ရှီး၊ ရှောင်မင်ထင်းစသည့် လူများက အဓိက အရည်အသွေး ၄၅ မှတ်နှင့် အထက်သို့ နီးပါး ရောက်ရှိနေသူများ ဖြစ်ကြသည်။
ဤကဲ့သို့သော အစွမ်းပိုင်ရှင်များအနေဖြင့် ဤလယ်ယာလုပ်ငန်းခွင်များကို လုပ်ကိုင်ရသည်မှာ သဘာဝကျကျပင် အလွန် လွယ်ကူသွက်လက်လှသည်။
အလုပ်ပြီးသွားချိန်တွင်ပင် သူတို့၏ တစ်ကိုယ်လုံး၌ ခွန်အားများ ပြည့်ဝနေဆဲ ဖြစ်ပြီး အစွမ်းများကလည်း တစ်ဝက်ကျော်လောက်သာ ကုန်ခမ်းသွားခဲ့သည်။
ဝမ်ရှောင်က လက်ခုပ်တီးလိုက်ပြီး ပြောလိုက်သည်။ "ကဲ... နောက်လုပ်ရမယ့် အပိုင်းတွေကို မြေလှန်ပြီး မြေသြဇာကျွေးမယ့် အဖွဲ့ဆီ လွှဲပေးလိုက်တော့မယ်... အားလုံးပဲ ကျွန်တော့်နောက်ကနေ ပဲထွက်ပစ္စည်း စက်ရုံဘက်ကို လိုက်ခဲ့ကြပါ"
ထိုစကားကို ကြားလိုက်ရချိန်တွင် လူအုပ်ကြီးက ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားကြပြီး ဝမ်ရှောင်၏ နောက်မှနေ၍ ပဲထွက်ပစ္စည်း စက်ရုံဆီသို့ အသီးသီး လိုက်ပါသွားကြတော့သည်။
ဤစက်ရုံက စိုက်ခင်းများနှင့် သိပ်မဝေးလှဘဲ ကျဲ့ဆစ် စာသင်ကျောင်း အနီးတွင် တည်ရှိသည်။
စက်ရုံမှာ သိပ်မကြီးမားလှဘဲ ဧရာမ ဂိုဒေါင်ကြီး တစ်လုံးနှင့် တူညီလှသည်။
သို့သော် ယခုအချိန်တွင်မူ စက်ရုံထဲ၌ လူများ အလုပ်ရှုပ်နေကြပြီး ဒုန်း... ဒုန်း... ဒုန်း ဟူသော အသံများက မပြတ်တမ်း ထွက်ပေါ်နေသည်။
ကျိုးဝမ်ရှီးတို့အဖွဲ့က အတွင်းဘက်သို့ လှမ်းကြည့်လိုက်ရာ ပဲပုပ်မြောက်မြားစွာကို သန့်စင်အောင် ဆေးကြောပြီးနောက် မလှမ်းမကမ်းရှိ ဧရာမ ကြိတ်ဆုံကြီး နှစ်ခုထဲသို့ အလျင်အမြန် လောင်းထည့်နေသည်ကို မြင်လိုက်ရသည်။
ထိုဧရာမ ကြိတ်ဆုံကြီးများ၏ အလယ်တွင် စက်ဝိုင်းပုံ အပေါက်ကြီးများစွာ ရှိပြီး ပဲများကို ထိုအပေါက်ကြီးများထဲသို့ လောင်းထည့်ခြင်း ဖြစ်သည်။
ကြိတ်ဆုံ၏ ဘေးဘက်တွင် ဧရာမ သစ်သားတိုင်ကြီး လေးတိုင်ကို စိုက်ထူထားပြီး ကြီးမားလှသော ကားဘီးကြီး တစ်ဘီးနှင့် ဆင်တူလှသည်။
ယခုအချိန်တွင် ခွန်အားအစွမ်းပိုင်ရှင်များက ထိုသစ်သားတိုင်ကြီးများကို တွန်းလှည့်နေကြပြီး ကြိတ်ဆုံကြီးက စတင် လည်ပတ်နေတော့သည်။
ရေဓာတ် အစွမ်းပိုင်ရှင်များကလည်း ဘေးဘက်မှနေ၍ ရေစီးကြောင်းများကို အခါအားလျော်စွာ ဖန်တီးကာ ထိုအပေါက်ကြီးများထဲသို့ ထည့်သွင်းပေးနေကြသည်။
မကြာမီမှာပင် ထိုကြိတ်ဆုံ နှစ်ခုကြားမှနေ၍ ပဲနို့ရည် အမြောက်အမြား စတင် စီးကျလာတော့သည်။
အောက်ဘက်ရှိ ကြိတ်ဆုံကို ကတော့ပုံစံ ပြုလုပ်ထားသဖြင့် ပဲနို့ရည်များက ထိုကတော့ပုံစံအတိုင်း အောက်သို့ စီးဆင်းသွားပြီး မကြာမီမှာပင် အောက်ဘက်ရှိ ဧရာမ သစ်သားစည်ပိုင်းကြီးထဲတွင် စုပုံသွားတော့သည်။
သစ်သားစည်ပိုင်း ပြည့်သွားသည်နှင့် တစ်ပြိုင်နက် လူတစ်ယောက်က ချက်ချင်း လာရောက် လဲလှယ်သွားပြီးနောက် သစ်သားစည်ပိုင်း အသစ်တစ်ခုကို ထပ်မံ သယ်ဆောင်လာပြန်သည်။
ပဲနို့ရည်များ ပြည့်နေသော သစ်သားစည်ပိုင်း အချို့ကိုမူ တိုက်ရိုက် အဖုံးပိတ်လိုက်ပြီးနောက် အလျင်အမြန် သယ်ယူသွားကြသည်။
အချို့ကိုမူ ဘေးဘက်ရှိ စက်ရုံခန်းထဲသို့ သယ်ဆောင်သွားကြသည်။
ထိုနေရာတွင် ပဲပြား၊ ပဲပြားချဉ်၊ ပဲပြားခြောက်၊ ပဲလိပ်၊ ပဲပြားအမာ စသည့် အစားအစာများအဖြစ် စတင် ထုတ်လုပ်နေကြသည်။
လုပ်ငန်းစဉ် တစ်ခုလုံးက အတော်လေး အသားကျနေပြီ ဖြစ်ပြီး စက်ရုံထုတ် လုပ်ငန်းစဉ်တစ်ခုကဲ့သို့ ဖြစ်ပေါ်နေပေသည်။
ကျိုးဝမ်ရှီး၊ လီချုံမင်နှင့် အခြားသူများမှာ ကြည့်ရှုရင်း အလွန်တရာ ဝမ်းသာအံ့သြနေကြတော့သည်။
"ဒီနေရာက စက်ရုံလား"
"ထိုက်ယန်တောင်က တကယ်ကြီး ကိုယ်တိုင် ပဲပြားတွေတောင် စလုပ်နေပြီလား"
"တကယ်ကြီး ပဲပြားတွေ ရှိနေတာပဲ... တကယ်ကို မွှေးလွန်းတယ်... ငါ ပဲပြားမစားရတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာတောင် မမှတ်မိတော့ဘူး"
(လမ်းကြုံလို့ဗဟုသုသအနေနဲ့ ပြောပြရဦးမယ်။ မင်မင်တို့အားလုံး သိထားတဲ့ Tofu ဆိုတာ တစ်ကယ်တော့ ပဲပြား ကိုပြောတာပါ။ မင်မင်တို့မြန်မာတွေစားတဲ့ တို့ဟူးဆိုတာကမှ တစ်ကယ့် တို့ဟူးပါ။ အခု ဈေးထဲမှာရောင်းနေတဲ့ ဆီတို့ဟူး(ဖူး) ဆိုတာက တစ်ကယ်တော့ ပဲပြားနဲ့လုပ်ထားတာပါ၊ ဘာလို့တို့ဟူးနဲ့ တို့ဖူး (ပဲပြား) ကွာနေလဲဆိုတော့ တို့ဖူးက တရုတ်ကလာတဲ့ တရုတ်အစားအစာဖြစ်ပြီး တို့ဟူးက ရှမ်းပြည်ကလာတဲ့ မြန်မာအစားအစာဖြစ်လို့ပါပဲ။ နာမည်က ဆင်နေလို့မသိရင် တို့ဟူးကို တရုတ်တို့ဖူး (ပဲပြား) ကနေ လာတယ်လို့ထင်ကြလိမ့်မယ်။ တစ်ကယ်တော့ မဟုတ်ပါဘူး။ တို့ဖူး (ပဲပြား) လုပ်ပုံလုပ်နည်း ပါဝင်တဲ့အမယ်တွေ အားလုံးက တို့ဟူး လုပ်ပုံလုပ်နည်း ပါဝင်တဲ့အမယ်တွေနဲ့ တစ်ခုလေးမှ မတူပါဘူး။ အရသာကလဲ ပဲပြားရော တို့ဟူး ရော စားဖူးတဲ့သူတိုင်း တစ်ခြားစီဆိုတာ သိကြမှာပါ။ အခုဒီမှာ ပဲပြားဆိုတာ မြန်မာလိုဆီလျော်အောင် ပြန်ထားတာပါ။ တကယ်က တို့ဖူးကို ပြောနေတာဖြစ်ပါတယ်။)
သူတို့အဖွဲ့က သင်္ဘောကပ္ပတိန်တွေ ဖြစ်ပြီး မြူခိုးမြို့တော်တွင် ရှိနေစဉ်က သြဇာတိက္ကမ ကြီးမားသူများ ဖြစ်ခဲ့ကြလျှင်တောင်မှ...
သို့သော် သူတို့သည် ဤအငွေ့တစ်ထောင်းထောင်း ထနေသော ပဲပြားနှင့် ပဲနို့ရည်များကို တကယ်ပင် မစားဖူးခဲ့ကြပေ။
အနည်းဆုံးတော့ ရေလွှမ်းမိုးမှုကြီး ဖြစ်ပွားပြီးနောက်ပိုင်း သူတို့ မစားရသည်မှာ အတော်လေး ကြာမြင့်နေခဲ့ပြီ ဖြစ်သည်။
ယခုအချိန်တွင် သူတို့ တစ်ယောက်ချင်းစီ၏ မျက်လုံးများထဲ၌ အစိမ်းရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး ယခုချက်ချင်း ပြေးသွားကာ ပဲနို့ရည် တစ်စည်လောက် သောက်ချလိုက်ချင်စိတ်များ ပေါက်နေကြသည်။
ဝမ်ရှောင်က ထိုမြင်ကွင်းကို မြင်သောအခါ လေးနက်စွာ သတိပေးလိုက်သည်။ "အလုပ်လုပ်နေတုန်း ခိုးမစားရဘူးနော်... ဒီနေ့ အလုပ်ပြီးသွားရင် ခင်ဗျားတို့ရဲ့ အမှတ်တွေ ရောက်လာလိမ့်မယ်... အဲဒီအခါကျရင် လာဝယ်စားလို့ ရပြီ"
"အမှတ်ကတ် ရှိရမယ်ဆို" ရှောင်မင်ထင်းက အလျင်စလို မေးလိုက်သည်။
"အမှတ်ကတ်က လုပ်ဖို့ အချိန်လိုသေးတယ်... ခင်ဗျားတို့ရဲ့ အချက်အလက်တွေကိုလည်း စာရင်းသွင်းရဦးမယ်"
ဝမ်ရှောင်က ပြောလိုက်ပြီးနောက် စကားကို လွှဲကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ ခင်ဗျားတို့ အရင် အကြွေးမှတ်ထားလို့ ရတယ်... နောက်မှ ကတ်ထုတ်ပေးတဲ့အခါ ကျွန်တော်တို့ဘက်က စာရင်းကိုင်တွေက အလိုအလျောက် စာရင်းရှင်းပေးလိမ့်မယ်"
"တကယ်လို့ ခင်ဗျားတို့က အမှတ်တွေကို နှမြောတယ်ဆိုရင် ညဘက် တပ်ဖွဲ့စခန်းဘက်က အိုးကြီးချက်ထမင်းမှာလည်း ပဲပြားစားရမှာပါ... ဒါပေမဲ့ ဒီနေရာကလောက်တော့ လတ်လတ်ဆတ်ဆတ် မရှိဘူးပေါ့"
လူအချို့က တံတွေးမြိုချလိုက်ကြပြီး တစ်ခဏချင်းမှာပင် ထိုက်ယန်တောင်၏ နေ့ရက်များအပေါ် တကယ်ကို မျှော်လင့်ချက်များ ပြည့်နှက်သွားကြသည်။
ကျိုးဝမ်ရှီးတို့လို သင်္ဘောကပ္ပတိန်တွေတောင် ဒီလိုပုံစံ ဖြစ်နေမှတော့ အောက်ခြေက သာမန် သင်္ဘောသားတွေအကြောင်း ဆိုလျှင်တော့ ပြောစရာပင် မလိုတော့ပေ။
သူတို့ အားလုံးက နောင်တစ်ချိန်တွင် ထိုက်ယန်တောင်၏ အဖွဲ့ဝင်တစ်ဦး ဖြစ်လာမည့် နေ့ရက်များကို ရင်ထဲမှနေ၍ စတင် မျှော်လင့်လာကြတော့သည်။
မွန်းလွဲပိုင်း တစ်ခုလုံး ပဲပြား၏ မွှေးပျံ့သော ရနံ့ကြောင့် နှိပ်စက်ခံလိုက်ရသဖြင့် ကျိုးဝမ်ရှီးနှင့် အခြားသူများ အလုပ်ဆင်းချိန်တွင် ဗိုက်များ အတော်လေး ဆာလောင်နေကြပြီ ဖြစ်သည်။
ဝမ်ရှောင်၏ ဦးဆောင်မှုအောက်တွင် သူတို့အဖွဲ့ စက်ရုံထဲမှ ထွက်လာချိန်၌ ပတ်ဝန်းကျင် တစ်နေရာလုံးတွင် ယခင်က သင်္ဘောသားဟောင်းများ၏ ဆွေးနွေးသံများ ပြည့်နှက်နေသည်။
"သောက်ကျိုးနည်း... ငါ ဒီနေ့ သွားရည်ကျလွန်းလို့ သွားရည်တွေတောင် ခန်းခြောက်တော့မယ်"
"အမလေး... ငါက ပဲပြားစားရတာ တကယ်ကို အရမ်းကြိုက်တာ... ငါ ပဲပြားမစားရတာ ဘယ်လောက်တောင် ကြာပြီလဲဆိုတာတောင် မေ့တော့မယ်"
"ငါလည်း အတူတူပဲ... အထူးသဖြင့် ရေခဲရိုက်ပဲပြားပဲ... ငါးနဲ့သာ ရောချက်လိုက်ရင်လေ... ငါ ထမင်း သုံးပန်းကန်လောက် အေးဆေး စားပစ်နိုင်တယ်"
"မင်းလို ခွန်အားအစွမ်းပိုင်ရှင်က ထမင်း သုံးပန်းကန်တည်း စားမှာလား"
"ချီးတဲ့မှ... ငါပြောတာက အရင်တုန်းကကွ... ရေလွှမ်းမိုးမှုကြီး မတိုင်ခင်က ပြောတာ"
"မင်းတို့ ပြောစမ်းပါဦး... ငါတို့ ထိုက်ယန်တောင်က ဒေသခံတွေ ဖြစ်လာရင်ရော ဒီစားစရာတွေကို ဝယ်စားလို့ ရနိုင်မလား"
"သေချာပေါက် ရမှာပေါ့... မင်း ကြီးကြပ်ရေးမှူး ပြောတာ မကြားလိုက်ဘူးလား... ငါတို့ အလုပ်လုပ်ရင်လည်း အမှတ်တွေ ရမှာပဲ... တကယ်လို့ မစောင့်နိုင်ဘူးဆိုရင် ဒီည အမှတ်တွေ ကျလာတဲ့အထိ စောင့်ပြီး နည်းနည်းလောက် ဝယ်မြည်းကြည့်လို့ ရတာပဲ"
"လခွမ်း... လုပ်ရမှာပေါ့... မဖြစ်မနေ လုပ်ရမယ်... ငါ မစောင့်နိုင်တော့ဘူး"
"ငါလည်း အတူတူပဲ"
အလားတူ ဆူညံသံများကြောင့် ကျိုးဝမ်ရှီးနှင့် အခြားသူများလည်း မနေနိုင်တော့ချေ။
မုန့်ချင်က အရင်ဆုံး စကားစလိုက်သည်။ "ဒါမှမဟုတ် ငါတို့ အမှတ်နည်းနည်း သုံးပြီး ပဲပြား နည်းနည်းလောက် ဝယ်မြည်းကြည့်ကြမလား"
ရှောင်မင်ထင်းကလည်း ချက်ချင်း ထောက်ခံလိုက်သည်။ "ရတယ်လေ... ဘယ်လိုပဲဖြစ်ဖြစ် ဒီအမှတ်တွေက ရလာရင် သုံးဖို့ပဲဟာ"
ကျိုးဝမ်ရှီးက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပြောလိုက်သည်။ "ဒီအမှတ်တွေက တော်တော် အရေးကြီးမယ် ထင်တယ်... နောက်ပိုင်းကျရင် သုံးရမယ့်နေရာတွေ အများကြီး ရှိလာနိုင်တယ်"
ရှောင်မင်ထင်းက ချက်ချင်း ပြောလိုက်သည်။ "ပဲပြား နည်းနည်း စားရုံနဲ့ အမှတ်ဘယ်လောက်များ ကုန်သွားမှာမို့လို့လဲ... ငါတို့ ညီအစ်ကိုတွေရဲ့ စွမ်းဆောင်ရည်နဲ့ဆို နောက်ပိုင်း အမှတ်ရှာဖို့ ခက်ခဲနေဦးမှာလား"
ကျိုးဝမ်ရှီးက နှုတ်ခမ်းကို သပ်လိုက်ပြီး အတော်လေး တိတ်ဆိတ်နေသော လီချုံမင်ဘက်သို့ လှည့်ကာ မေးလိုက်သည်။ "အစ်ကိုလီ... ခင်ဗျား ဘယ်လိုသဘောရလဲ"
လီချုံမင်ကလည်း အနည်းငယ် စိတ်ပါသွားပြီး အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။ "တစ်တုံးကို အမှတ် ဘယ်လောက်ပေးရလဲ အရင်မေးကြည့်ရအောင်"
မုန့်ချင်က ချက်ချင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ကျွန်တော် စုံစမ်းပြီးပြီ... ဈေးမကြီးပါဘူး... တစ်ပေါင်ကို အမှတ် ငါးမှတ်ပဲတဲ့... ကျွန်တော်တို့ လေးယောက်က တစ်ယောက်ကို တစ်မှတ်စီ ထည့်ပြီး လေးမှတ်ဖိုးလောက် ဝယ်မြည်းကြည့်ကြမလား... ဘယ်လိုလဲ"
"ကောင်းသားပဲ"
"သွားကြစို့"
သူတို့အဖွဲ့က ချက်ချင်း တိုင်ပင်ဆွေးနွေးပြီးနောက် စိတ်အားထက်သန်စွာဖြင့် ဝမ်ရှောင်ထံသို့ သွားကာ စာရင်းမှတ်ခိုင်းပြီး အမှတ် လေးမှတ် အကုန်ခံကာ ပဲပြား တစ်ပေါင်နီးပါးကို ဝယ်ယူလိုက်ကြသည်။
လေးတုံး ခွဲလိုက်ပြီးနောက် လူလေးယောက်၏ လက်ထဲသို့ ရောက်သွားတော့သည်။
မုန့်ချင်က ပူလောင်နေသော ပဲပြားကို ကိုင်တွယ်ထားရာ ထိုပဲထွက်ပစ္စည်း၏ မွှေးပျံ့သော ရနံ့က သူ၏ နှာခေါင်းထဲသို့ အတင်း တိုးဝင်လာတော့သည်။
ဘုရားရေ... သူတို့လို လူတွေက တစ်နှစ်ပတ်လုံး သန္ဓေပြောင်း ငါးတွေကိုပဲ စားနေရပြီး နေ့တိုင်းရက်ဆက် လချီအောင်စားနေရသဖြင့် လူတွေတောင် ငါးညှီနံ့ နံနေလောက်ပြီ။
ဒါက ရေလွှမ်းမိုးမှုကြီး ဖြစ်ပြီးကတည်းက ယနေ့တိုင် ပထမဆုံးအကြိမ် ပဲပြား စားရခြင်းပင်။
အခြားသူများ ပြောရန်ပင် မလိုဘဲ သူတို့ လေးယောက်လုံး တိုက်ရိုက်ပင် တစ်ကိုက် ကိုက်စားလိုက်ကြသည်။
တစ်ခဏချင်းမှာပင် ပြင်းထန်သော ပဲရနံ့က သူတို့၏ အရသာခံဖုများကို ရိုက်ခတ်သွားပြီး သူတို့၏ ပါးစပ်ထဲတွင် ပေါက်ကွဲထွက်သွားတော့သည်။
ထိုသို့ ပူနွေးပြီး မွှေးပျံ့နေသော ပဲပြားမှာ အနည်းငယ် ချိုမြိန်သော အရသာလေးပင် ပါဝင်နေသေးသည်။
လူလေးယောက်လုံး၏ မျက်နှာပေါ်တွင် မိန်းမောသာယာနေသည့် အရိပ်အယောင်များ ထွက်ပေါ်လာတော့သည်။
သူတို့ လေးယောက် သတိပြန်ဝင်လာချိန်တွင်တော့ လက်ထဲရှိ ပဲပြားက စားလို့ကုန်သွားခဲ့ပြီ ဖြစ်သည်။
ကျိုးဝမ်ရှီးက ရုတ်တရက် သတိပြန်ဝင်လာပြီး အော်ဟစ်လိုက်သည်။ "လခွီးပဲ... ဘယ်လိုလုပ် ကုန်သွားတာလဲ"
ရှောင်မင်ထင်းကလည်း မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒါက သောက်ရမ်းကို အရသာရှိလွန်းတာပဲ"
လီချုံမင်လည်း ဆွံ့အသွားတော့သည်။ "နည်းလွန်းတယ်... ဘယ်လိုမှ စားလို့မဝဘူး"
သူတို့အဖွဲ့က ညဘက် အိမ်ပြန်ရောက်မှ စားမယ်လို့တောင် ပြောထားသေးတာလေ။
ဒါကို စက်ရုံပေါက်ဝကနေတောင် မထွက်ရသေးဘူး စားလို့ ကုန်သွားပြီ။
"ထပ်ဝယ်ကြမလား" မုန့်ချင်က မကောင်းဆိုးဝါးဆန်သော အကြံပြုချက် တစ်ခုကို ထုတ်ပြောလာသည်။
လီချုံမင်က မုန့်ချင်ဘက်သို့ ကြည့်ကာ မနေနိုင်ဘဲ ပြောလိုက်သည်။ "ဒါနဲ့ မုန့်ချင်... မင်းက ဘယ်လိုပဲဖြစ်ဖြစ် ဝိညာဉ်စွမ်းအင်ဂိုဏ်းက လူပဲလေ... မင်းတို့ ဝိညာဉ်စွမ်းအင်ဂိုဏ်းမှာ ပဲပြား မရှိဘူးလား"
မုန့်ချင်က ဆွံ့အသွားပြီး ပြန်ပြောလိုက်သည်။ "သန္ဓေပြောင်း ပဲပုပ်တွေက နေရာတိုင်းမှာ ပေါက်နေတယ်လို့ မင်း ထင်နေတာလား"
"တောရိုင်းထဲမှာ ရှိနေရင်တောင် သီးသန့် စိုက်ပျိုးမယ့်လူမှ မရှိတာ... ဘယ်ကနေ သွားပြီး ပဲပြား လုပ်စားလို့ရမှာလဲ"
"ဘာသာရေးဂိုဏ်းကြီးသုံးခုရဲ့ မြေယာအရင်းအမြစ် အကုန်လုံးကို ဂိုဏ်းကပဲ ပိုင်တာ... ကိုယ်ပိုင် စိုက်ပျိုးခွင့်မှ မရှိတာ"
"အခု ထိုက်ယန်တောင်ကလည်း အဲဒီလိုပဲ ထင်တယ်... မြေယာအရင်းအမြစ် အကုန်လုံးကို ထိုက်ယန်တောင်ကပဲ တစ်စုတစ်စည်းတည်း စီမံခန့်ခွဲတာ" ကျိုးဝမ်ရှီးက ပြောလိုက်သည်။
လီချုံမင်က ခေါင်းအနည်းငယ် ညိတ်လိုက်သည်။ "ဒါကတော့ သေချာတာပေါ့... အခု ရေလွှမ်းမိုးမှုကြီးက ပြန့်နှံ့နေတော့ မြေယာအရင်းအမြစ်တွေက ရှားပါးနေပြီလေ... ဗဟိုချုပ်ကိုင်မှုစနစ်နဲ့ စီမံခန့်ခွဲရမှာကတော့ သေချာပေါက်ပဲ"
"ရေလွှမ်းမိုးမှုကြီးက လူသားတွေရဲ့ ရှင်သန်နေထိုင်ရာ နေရာတွေကို ကျဉ်းကျပ်လာစေတယ်... မြေယာအရင်းအမြစ်တွေက သေချာပေါက် အရမ်း အရေးကြီးလာပြီ... တစ်စုတစ်စည်းတည်း စီမံခန့်ခွဲတာကမှ မှန်ကန်တာပေါ့" ရှောင်မင်ထင်းကလည်း ပြောလိုက်သည်။
မုန့်ချင်က သက်ပြင်းချလိုက်သည်။ "အကြောင်းပြချက်ကိုတော့ ဘယ်သူမဆို သိပါတယ်... ဒါပေမဲ့ သောက်ကျိုးနည်း ဘာသာရေးဂိုဏ်းကြီးသုံးခုရဲ့ မြေယာတွေကို တစ်စုတစ်စည်းတည်း စီမံခန့်ခွဲပြီးတဲ့နောက်မှာလည်း ဟင်းသီးဟင်းရွက်တွေနဲ့ စားနပ်ရိက္ခာတွေ စိုက်ပျိုးတာကို မတွေ့ရပါဘူး... အောက်ခြေက လူတွေကတော့ ဝဝလင်လင် မစားရ၊ နွေးနွေးထွေးထွေး မဝတ်ရတဲ့ အဖြစ်ပါပဲ"
"ဘာသာရေးဂိုဏ်းကြီးသုံးခုက ဒီလိုမျိုး လုပ်နေတာ... အစောကြီးမဟုတ်ရင်တောင် တစ်ချိန်ချိန်ကျ ပြိုလဲသွားမှာပဲ" ကျိုးဝမ်ရှီးက ခေါင်းခါရင်း လှောင်ပြုံး ပြုံးလိုက်သည်။
လီချုံမင်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ပြောလိုက်သည်။ "အဲဒီလိုတော့ မဖြစ်လောက်ဘူး"
"ဖြစ်နိုင်တာပေါ့... ဆရာလင်းတို့လို ခိုလှုံရေးစခန်းမျိုးကမှ တကယ်ကောင်းတဲ့ ခိုလှုံရေးစခန်း အစစ်လေ"
ကျိုးဝမ်ရှီးက ပြန်လည် ချေပလိုက်သည်။ "ဘာသာရေးဂိုဏ်းကြီးသုံးခုက ဒီလိုလုပ်နေတာ... သူတို့ လက်အောက်က ဂိုဏ်းဝင်တွေ တစ်နေ့နေ့ကျရင် သဘောပေါက်သွားမှာပဲ"
လီချုံမင်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။ "ဘယ်လိုလုပ် သဘောပေါက်နိုင်မှာလဲ... အပြင်ဘက်မှာ ရေဘေးကြီးက ရပ်မှမရပ်တာ... အဲ့ဒီ သာမန် ဂိုဏ်းဝင်တွေက ကျွန်းပေါ်ကနေ ထွက်ဖို့တောင် လွယ်တာမဟုတ်ဘူး... တစ်သက်လုံး ဘာသာရေးဂိုဏ်းကြီးသုံးခုရဲ့ နယ်မြေထဲမှာပဲ အသက်ဆက်နေရဖို့ များတယ်"
"အရည်အချင်း နည်းနည်းပါးပါး ရှိပြီး ဘာသာရေးဂိုဏ်းကြီးသုံးခုရဲ့ အထက်တန်းလွှာ ဖြစ်နေတဲ့လူတွေကရော... သူတို့ ရထားတဲ့ အကျိုးအမြတ်တွေကို စွန့်လွှတ်ပြီး ကိုယ့်ဒုက္ခ ကိုယ်ရှာကြပါ့မလား"
"နောက်တစ်ခုက ထိုက်ယန်တောင်လို ကောင်းမွန်တဲ့ ခိုလှုံရေးစခန်းမျိုးဆိုတာ... စွမ်းအင်တွေ အများကြီး စိုက်ထုတ်ရမယ့်အပြင် အစပိုင်းမှာဆိုရင် ပစ္စည်းတွေ အများကြီး အကုန်အကျခံပြီးမှ တည်ဆောက်နိုင်မှာ"
"ဘာသာရေးဂိုဏ်းကြီးသုံးခုက အတုခိုးလို့ မရဘူးဆိုရင် ထိုက်ယန်တောင်ကို ဖျက်ဆီးပစ်ဖို့ သေချာပေါက် နည်းလမ်းရှာကြလိမ့်မယ်"
ရှောင်မင်ထင်းက ချက်ချင်း အသံနှိမ့်ကာ ပြောလိုက်သည်။ "မယှဉ်နိုင်ရင် ဖျက်ဆီးပစ်မယ်ပေါ့"
"သေစမ်း... သူတို့က တကယ်ကြီး အဲဒီလို လုပ်နိုင်ချေ ရှိတယ်" မုန့်ချင်က မနေနိုင်ဘဲ ပြောလိုက်သည်။
လူအချို့က စကားပြောရင်း ပဲပြားကြောင့် ဆွဲဆောင်ခံထားရသည့် သူတို့၏ အာရုံစိုက်မှုကို လွှဲပြောင်းကာ လူအုပ်ကြီးနောက်သို့ လိုက်၍ ယွင်ချွမ်ဘုရားကျောင်းဆီသို့ အလျင်အမြန် လျှောက်သွားကြတော့သည်။
ဆက်ရန်...
***