ဓာတ်ခွဲခန်းသို့ ရောက်ရှိလာချိန်တွင် လီဟန်ကျုံးက သူ၌ အစီအစဉ် နှစ်ခုရှိကြောင်း ချက်ချင်း စတင် ပြောဆိုလာသည်။
သို့သော်လည်း သူက ဓာတ်ခွဲခန်းရှိ စက်ပစ္စည်းများကို အကဲဖြတ်ကြည့်ပြီးနောက် အစီအစဉ် တစ်ခုတည်းသာ အကောင်အထည် ဖော်နိုင်လိမ့်မည်ဟု ခန့်မှန်းရသည်။
လင်းယွမ်က ရေတစ်ခွက် ငှဲ့ကာ လီဟန်ကျုံးအား ကမ်းပေးရင်း ပြောလိုက်သည်။ "အဲ့ဒီ အစီအစဉ် နှစ်ခုအကြောင်း အရင် ပြောပြပါဦး... စက်ပစ္စည်း အပိုင်းကိုတော့ ကျွန်တော် နည်းလမ်း ရှာကြည့်ပါ့မယ်"
"ကျေးဇူးပါ... ကျွန်တော် ဘာသာပဲ ယူပါ့မယ်"
ရေခွက်ကို လှမ်းယူလိုက်ပြီးနောက် လီဟန်ကျုံးက အလျင်စလို ပြောလိုက်သည်။ "မျိုးရိုးဗီဇမီးဖိုရဲ့ အဓိက လုပ်ဆောင်ချက်က မျိုးရိုးဗီဇတွေကို စစ်ထုတ်ရွေးချယ်ဖို့ပဲ"
"ဒီအချက်ကနေ စကြည့်ရရင် ကျွန်တော်တို့က အသုံးဝင်တဲ့ မျိုးရိုးဗီဇတွေကို စစ်ထုတ်ရွေးချယ်ပြီး အသုံးမဝင်တဲ့ မျိုးရိုးဗီဇတွေကို ဖယ်ရှားပစ်ဖို့ပါပဲ"
"ဒီထဲမှာ အခက်ခဲဆုံးက ဘယ်လို စစ်ထုတ်မလဲဆိုတာနဲ့... အသုံးမဝင်တဲ့ မျိုးရိုးဗီဇတွေကို ဘယ်လို ဖယ်ရှားမလဲ ဆိုတာပါပဲ"
"အရင်က ပြောခဲ့ဖူးတဲ့... ဆားရည်စိမ်ပြီး ခွဲထုတ်တဲ့ နည်းလမ်းကနေ ကျွန်တော် အကြံဉာဏ် အချို့ ရခဲ့တယ်"
"ကျွန်တော်တို့အနေနဲ့ သန္ဓေပြောင်းစွမ်းအင်ကို အသုံးပြုပြီး သွေးတွေကို ကြိမ်နှုန်းမြင့် တုန်ခါအောင် လုပ်နိုင်တယ်... အဲဒီကနေတစ်ဆင့် မတူညီတဲ့ လုပ်ဆောင်ချက်တွေရှိတဲ့ မျိုးရိုးဗီဇတွေကို အလွှာခွဲခြားစေပြီး ပုံဆောင်ခဲတွေ ဖြစ်ပေါ်လာအောင် လုပ်ဆောင်နိုင်ပါတယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းယွမ်က အံ့အားသင့်သွားပြီး သံသယဖြင့် မေးလိုက်သည်။ "မျိုးရိုးဗီဇတွေက သူတို့ရဲ့ မတူညီတဲ့ လုပ်ဆောင်ချက်တွေအပေါ် မူတည်ပြီး အလွှာခွဲခြားသွားတတ်လို့လား"
လီဟန်ကျုံးက ပြုံးလိုက်ပြီး ခေါင်းညိတ်ကာ ပြောသည်။ "ခွဲခြားသွားမှာပါ... အစွမ်းပိုင်ရှင်တွေရဲ့ သွေးက သာမန်လူတွေရဲ့ သွေးနဲ့ ယှဉ်ရင် အများကြီး ကွာခြားသွားပြီလေ"
"အစွမ်းပိုင်ရှင်တွေရဲ့ မျိုးရိုးဗီဇက အလွန့်အလွန် အစွမ်းထက်တယ်... မတူညီတဲ့ လုပ်ဆောင်ချက်တွေရှိတဲ့ မျိုးရိုးဗီဇတွေက အချင်းချင်း ပေါင်းစပ်ဖို့ အလွန် ခက်ခဲပါတယ်"
"အစွမ်းပိုင်ရှင်တွေ စဉ်ဆက်မပြတ် ဆင့်ကဲပြောင်းလဲနေတဲ့ ဖြစ်စဉ်က... ကိုယ်တိုင်ကိုက အသုံးမဝင်တဲ့ မျိုးရိုးဗီဇတွေကို တစ်ကြိမ်ပြီးတစ်ကြိမ် ဖယ်ရှားပစ်နေတဲ့ ဖြစ်စဉ်တစ်ခုပါပဲ"
လင်းယွမ်က အတော်လေး စိတ်ဝင်စားသွားပြီး မနေနိုင်ဘဲ မေးလိုက်သည်။ "ဒါဆို ဒီလိုမျိုး တုန်ခါမှုနဲ့ အလွှာခွဲခြားနိုင်ဖို့အတွက် ဘယ်လို နည်းလမ်းမျိုး ရှိနိုင်မလဲ"
လီဟန်ကျုံးက ပြန်ဖြေသည်။ "အပြင်ဘက်က အားကို အသုံးပြုပြီး မျိုးရိုးဗီဇတွေကို အလွှာခွဲခြားချင်တယ်ဆိုရင် အဲဒီ ပြင်ပအားက အလွန် အစွမ်းထက်တဲ့ ကြိမ်နှုန်းမြင့် တုန်ခါမှု ဖြစ်ဖို့ လိုအပ်တယ်... သာမန် စက်ပစ္စည်းတွေနဲ့တော့ လုံးဝ မဖြစ်နိုင်ဘူး"
"ကျွန်တော်တို့က သန္ဓေပြောင်းစွမ်းအင် သုံးရမယ့် စက်ပစ္စည်းတွေ လိုအပ်တယ်... ပြီးတော့ သန္ဓေပြောင်းစွမ်းအင်နဲ့ မောင်းနှင်ဖို့ လိုအပ်တယ်... ဒီအပိုင်းအတွက်ကိုတော့ ရမ်ကျဲက စပြီး ဒီဇိုင်းဆွဲနေပြီ"
"ဒီဇိုင်းပုံကြမ်း ထွက်ပြီလား"
"ထွက်ပြီ... တားမြစ်ခန်းထဲမှာ သင်္ကေတ အရိုးတွေ အများကြီး ရှိတယ်လေ... အဲဒီအထဲမှာ ကြိမ်နှုန်းမြင့် တုန်ခါမှု အမျိုးအစား သင်္ကေတတွေ ပါတယ်"
"ဆရာလင်း ယူလာခဲ့တဲ့ သင်္ကေတ အစီအရင်တွေအရဆိုရင်... ကျွန်တော်တို့က တိုင်ရိုက်စက်နဲ့ ဆင်တူတဲ့ ကြိမ်နှုန်းမြင့် တုန်ခါမှု စက်တစ်လုံးကို ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပါလိမ့်မယ်"
(တိုင်ရိုက်စက်ဆိုတာ ဓာတ်တိုင်စိုက်တဲ့နေရာမှာသုံးတာထင်တယ်။ တုန်ခါမှုနဲ့မြေကြီးကိုအပေါက်ဖောက်ပြီးတိုင်စိုက်တာမျိုးပဲ)
"အဓိကကတော့ သင့်တော်တဲ့ ကွန်တိန်နာ တစ်ခုကို ရှာပြီး အဲဒီအပေါ်မှာ ကြိမ်နှုန်းမြင့် တုန်ခါမှု သင်္ကေတ အစီအရင်တွေကို ထွင်းထုဖို့ လိုအပ်တာပါ"
"ဒီကွန်တိန်နာက ကြိမ်နှုန်းမြင့် တုန်ခါမှုကို ခံနိုင်ရည် ရှိရမယ်... ဒါကြောင့် အရမ်း မာကျောတဲ့ ပစ္စည်းမျိုး ဖြစ်လို့ မရဘူး... အထိုက်အလျောက် ဆွဲဆန့်နိုင်စွမ်းရှိတဲ့ ပစ္စည်းမျိုး ဖြစ်ဖို့ လိုအပ်တယ်"
လင်းယွမ်က ထိုစကားကို ကြားလိုက်ရချိန်တွင် အခြေခံ သဘောတရားကို ချက်ချင်း နားလည်သွားသည်။
ထိုအရာက ချိုးကုံရုံ၏ ကြိမ်နှုန်းမြင့်တူ ကဲ့သို့ပင် ဖြစ်သည်။ ကြိမ်နှုန်းမြင့် တုန်ခါမှုက မာကျောသော အရာဝတ္ထုများကို လွယ်ကူစွာ အမှုန့်ကြိတ်ပစ်နိုင်စွမ်း ရှိသည်။
သို့သော်လည်း ဆွဲဆန့်နိုင်စွမ်းရှိသော အရာဝတ္ထုများကမူ အလွယ်တကူ တုန်ခါကွဲအက်သွားခြင်း မရှိနိုင်ပေ။
လင်းယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "သန္ဓေပြောင်း သားရဲတွေရဲ့ သားရေ ဒါမှမဟုတ် ရော်ဘာ ပစ္စည်းမျိုးတွေကို ထည့်သွင်းစဉ်းစားလို့ ရတာပေါ့"
လီဟန်ကျုံးက ခေါင်းညိတ်လျက် ပြောသည်။ "ဒီအချက်အတွက်ကတော့ ဆရာလင်း ပေးထားတဲ့ သွေးရေခဲတွေကို စမ်းသပ်စစ်ဆေးဖို့ လိုသေးတယ်... အဲဒီအထဲမှာ တိုက်စားတတ်တဲ့ အာနိသင်မျိုး ပါဝင်နေသလား ဆိုတာကိုပေါ့"
"မျိုးရိုးဗီဇတွေ အလွှာကွဲသွားတာနဲ့ တစ်ပြိုင်နက် အဲဒီထဲက တချို့သော မျိုးရိုးဗီဇတွေရဲ့ အစွမ်းအာနိသင်တွေက ထွက်ပေါ်လာလိမ့်မယ်"
"တကယ်လို့များ တိုက်စားတတ်တဲ့ မျိုးရိုးဗီဇ အမျိုးအစားသာ ပါဝင်နေခဲ့ရင် သာမန် ရော်ဘာပစ္စည်းတွေက ပြဿနာ ရှိလာနိုင်တယ်"
လင်းယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဒီအချက်ကိုတော့ ထည့်သွင်းစဉ်းစားဖို့ လိုအပ်တာပေါ့... ဒီလိုလုပ်... ခဏနေ ကျွန်တော် ပြန်သွားရင် ဓာတ်ခွဲခန်းမှာ စမ်းသပ်ဖို့ သွေးရေခဲ အချို့ကို ချန်ထားခဲ့ပေးမယ်... သင့်တော်တဲ့ မီးဖို ကိုယ်ထည်ကို အမြန်ဆုံး ရှာဖွေရွေးချယ်လိုက်ပါ"
လီဟန်ကျုံးက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
"ဒုတိယ နည်းလမ်းကရော ဘယ်လိုမျိုးလဲ"
လီဟန်ကျုံးက ပြန်ဖြေသည်။ "ဒုတိယ နည်းလမ်းကတော့ ကျွန်တော့်ရဲ့ ကိုယ်ပိုင် အကြံဉာဏ်ပါ... တခြားသူတွေနဲ့တော့ မဆွေးနွေးရသေးဘူး"
"ကျွန်တော် စဉ်းစားကြည့်တာကတော့ မျိုးရိုးဗီဇမျိုးစေ့အဆင့် သန္ဓေပြောင်း သတ္တဝါတွေ ဖြစ်နေမှတော့ သူတို့ရဲ့ သွေးထဲမှာ အင်အားအကြီးဆုံး ဖြစ်မယ့်အရာက သူတို့ရဲ့ အဓိက သဘာဝစွမ်းအင်ကို ကိုယ်စားပြုတဲ့ မျိုးရိုးဗီဇပဲ ဖြစ်ရမယ်"
"ဆရာလင်း ဒီတစ်ကြိမ် ယူလာခဲ့တဲ့ ရေခဲဓာတ် မျိုးရိုးဗီဇထဲမှာ... ရေခဲဓာတ် မျိုးရိုးဗီဇက အပြည့်စုံဆုံးနဲ့ အစွမ်းအထက်ဆုံး ဖြစ်ဖို့ ရာခိုင်နှုန်း များတယ်"
"တကယ်လို့ ကျွန်တော်တို့က ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်ထုတ်လွှင့်တဲ့ နည်းလမ်းမျိုးကို အသုံးပြုပြီး... ဓာတ်ရောင်ခြည် ပြင်းအားကို သတ်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခုအတွင်းမှာ ထိန်းချုပ်ထားနိုင်မယ်ဆိုရင်... သွေးထဲမှာရှိတဲ့ အားနည်းပြီး ကျဲပါးနေတဲ့ မျိုးရိုးဗီဇ အုပ်စုတွေကို အတင်းအဓမ္မ ဖျက်ဆီးပစ်နိုင်မှာပဲ... အစွမ်းထက်တဲ့ မျိုးရိုးဗီဇတွေကတော့ ဓာတ်ရောင်ခြည်ရဲ့ ဖျက်ဆီးမှုကို ခံနိုင်ရည် ရှိပါလိမ့်မယ်"
"ဒီလိုသာ လုပ်နိုင်မယ်ဆိုရင် အစွမ်းထက်တဲ့ ရေခဲဓာတ် မျိုးရိုးဗီဇကို ချန်ထားနိုင်ပြီး တခြား ရောနှောနေတဲ့ မျိုးရိုးဗီဇတွေကို ဖယ်ရှားပစ်နိုင်ပြီပေါ့"
လင်းယွမ်က ထိုစကားကို ကြားလိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ လှုပ်ရှားသွားရသည်။ "ဒီနည်းလမ်းက နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းသားပဲ"
သူက ချိုးကုံရုံ ပြောပြခဲ့ဖူးသည့် စကားများကို ပြန်လည် တွေးတောမိသွားသည်။ အစွမ်းပိုင်ရှင်များသည် မိမိကိုယ်ကို မီးဖိုအဖြစ် သတ်မှတ်ကာ လိုအပ်သော မျိုးရိုးဗီဇများကို စုပ်ယူပြီး ရောနှောနေသော မျိုးရိုးဗီဇများကို တွန်းလှန်ဖယ်ရှားပစ်ကြသည်။
အစွမ်းပိုင်ရှင်များ၏ ကိုယ်ပိုင် စိတ်စွမ်းအင်နှင့် ခန္ဓာကိုယ်တွင်းရှိ သန္ဓေပြောင်းစွမ်းအင်တို့က ဓာတ်ရောင်ခြည်ပင် ဖြစ်သည်။ အသုံးဝင်သော မျိုးရိုးဗီဇများကို စုပ်ယူကာ ရောနှောနေသော မျိုးရိုးဗီဇများကို ဖယ်ရှားပစ်ခြင်းဖြင့် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်ကို ပြီးမြောက်စေသည်။
ထိုအရာ နှစ်ခုကြားရှိ အခြေခံ သဘောတရားများက အနည်းငယ် ဆင်တူနေပေသည်။
ထိုစဉ် လီဟန်ကျုံးက သက်ပြင်းချကာ ပြောလာသည်။ "ဒါပေမဲ့ ပြဿနာရဲ့ အခက်ခဲဆုံး အပိုင်းက ဒီလို ဓာတ်ရောင်ခြည် အရင်းအမြစ်မျိုးကို ဘယ်ကနေ သွားရှာရမလဲ... ပြီးတော့ ဓာတ်ရောင်ခြည် ပြင်းအားကို ဘယ်လို ထိန်းချုပ်ရမလဲ ဆိုတာပါပဲ"
"နောက်တစ်ချက်က ဓာတ်ရောင်ခြည်က မျိုးရိုးဗီဇမျိုးစေ့အဆင့် သွေးမျိုးရိုးဗီဇတွေကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိနေမယ်ဆိုရင် မျိုးရိုးဗီဇမျိုးစေ့အဆင့်ကို မရောက်သေးတဲ့ ကျွန်တော်တို့လို လူတွေက ဓာတ်ရောင်ခြည် အရင်းအမြစ်နားကို ကပ်သွားရင် အင်မတန် အန္တရာယ် ကြီးမားနိုင်တယ်"
"ဒါကြောင့် ကျွန်တော် ပြောတာ... ဒီအစီအစဉ်ကို အကောင်အထည်ဖော်ဖို့ဆိုတာ သိပ်ပြီး လက်တွေ့မကျလှပါဘူး"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ ၎င်းက အမှန်တကယ်ပင် ပြဿနာ တစ်ခု ဖြစ်ပေသည်။
"ဒီတော့ ပထမ အစီအစဉ်အတိုင်းပဲ အရင် ရှေ့ဆက် လုပ်ဆောင်ကြတာပေါ့"
"ဒုတိယ အစီအစဉ်ကိုတော့ လောလောဆယ် ခဏ ဘေးဖယ်ထားလိုက်မယ်... တကယ်လို့ ပထမ အစီအစဉ်က အဆင်မပြေဘူး ဆိုရင်တော့ ကျွန်တော်တို့ တခြားနည်းလမ်းကို ပြန်စဉ်းစားကြတာပေါ့"
"ဟုတ်ကဲ့ပါ... ဆရာလင်း"
လင်းယွမ်က လီဟန်ကျုံးနှင့် အတန်ကြာ စကားစမြည် ဆက်ပြောနေပြီးနောက် သားသတ်ရုံသို့ သွားကာ ထိခိုက်မှု လွှဲပြောင်းခြင်း အစွမ်းကို စမ်းသပ်ကြည့်ရန် မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေတော့သည်။
သို့သော်လည်း လီဟန်ကျုံးက လင်းယွမ်ကို ဆွဲထားလိုက်ပြီး သူ၏ မျက်နှာအမူအရာက အနည်းငယ် တွေဝေ တုံ့ဆိုင်းနေကာ အတော်လေး အားနာနေသည့်ပုံ ပေါက်နေသည်။
လင်းယွမ်က သံသယဖြင့် မေးလိုက်သည်။ "ပါမောက္ခလီ... ဘာကိစ္စ ရှိသေးလို့လဲ"
လီဟန်ကျုံးက နောက်ဆုံးတွင် သွားကြိတ်ကာ ပြောလိုက်သည်။ "ဆရာလင်း... ကျွန်တော့်မှာ အကူအညီ တောင်းစရာလေး တစ်ခု ရှိနေလို့ပါ"
လင်းယွမ်က ချက်ချင်း စိတ်ဝင်စားသွားသည်။ လီဟန်ကျုံးက ထိုက်ယန်တောင်သို့ ဝင်ရောက်လာပြီးကတည်းက စည်းကမ်းတကျ နေထိုင်တတ်ပြီး လွန်ကျူးသော တောင်းဆိုမှုမျိုးကို တစ်ခါမျှ မပြုလုပ်ခဲ့ဖူးပေ။
မည်သည့်ကိစ္စကများ သူ့အား မျက်နှာပူပူဖြင့် အကူအညီ တောင်းခံလာစေရသနည်း။
သူက ရယ်မောကာ ပြောလိုက်သည်။ "ပါမောက္ခလီ... ခင်ဗျားမှာ ဘာအခက်အခဲ ရှိနေလို့လဲ... ကျွန်တော့်ကိုပြောပါ အားမနာပါနဲ့"
လီဟန်ကျုံးက လက်ကာပြကာ ပြောသည်။ "မဟုတ်ပါဘူး... ကျွန်တော် မဟုတ်ဘူး... ကျွန်တော့်ရဲ့ မျိုးဆက်သစ် ကလေးတစ်ယောက်အတွက်ပါ"
လင်းယွမ်က ချက်ချင်း အံ့ဩသွားသည်။ "မျိုးဆက်သစ် ဟုတ်လား"
"ဟုတ်ပါတယ်... သူက ဆရာလင်း ဖမ်းဆီးခေါ်ဆောင်လာတဲ့ သုံ့ပန်းတွေထဲက တစ်ယောက်ပါ... အခု မိန်တောင် စစ်အခြေစိုက်စခန်းမှာ အလုပ်အကျွေး ပြုနေရပါတယ်... အော်... ကျွန်တော်က သူ့ရဲ့ အလုပ်အကျွေးပြုရမယ့် ကာလကို ကင်းလွတ်ခွင့်ပေးဖို့ တောင်းဆိုတာ မဟုတ်ပါဘူး... သူ အလုပ်အကျွေးပြုတဲ့ ကာလ ပြီးဆုံးသွားရင် ကျွန်တော့်ဆီ လာပြီး လက်ထောက် အဖြစ် အလုပ်လုပ်ပေးခွင့် ပြုနိုင်မလားလို့ မေးချင်တာပါ"
လင်းယွမ်က အံ့ဩသွားရသည်။ လီဟန်ကျုံးက ဤကိစ္စကို တောင်းဆိုလာမည်ဟု သူ မထင်မှတ်ထားခဲ့ပေ။ သူ၏ အတွေးများက လျင်မြန်စွာ လည်ပတ်သွားပြီး လူတစ်ယောက်ကို ချက်ချင်း သတိရသွားသည်။
"ခင်ဗျား မေးနေတာက ရှန်ယွင်ရှီးကိုလား"
လီဟန်ကျုံးက ချက်ချင်း အံ့ဩဝမ်းသာစွာဖြင့် ခေါင်းမော့လာသည်။ "ဆရာလင်းက ဘယ်လိုလုပ် သိနေတာလဲ"
"တကယ်ကြီး သူပဲလား... ဟားဟား... သူက ခင်ဗျားကို သိတယ်လို့ ကျွန်တော့်ကို ပြောဖူးပါတယ်... ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ဆက်ဆံရေးက ဒီလောက်အထိ ရင်းနီးနေမယ်လို့တော့ မပြောခဲ့ဘူးလေ"
"သူမက ကျွန်တော့် ဇနီးဘက်က အမျိုး တစ်ယောက်ပါ... ကျွန်တော့်ရဲ့ မျိုးဆက်သစ်လို့ ပြောလို့ ရတယ်... အရင်တုန်းက သင်္ဘောတည်ဆောက်ရေး တက္ကသိုလ်မှာလည်း သူမက ကျွန်တော့်ဘေးမှာ အမြဲတမ်း ပရောဂျက်တွေ ကူလုပ်ပေးခဲ့တာ"
"အရည်အချင်း အပိုင်းမှာတော့ သူက ဘာပြဿနာမှ မရှိဘူး... ဒီအချက်ကိုတော့ ကျွန်တော် အာမခံရဲတယ်"
လင်းယွမ်က ပြုံးလိုက်သည်။ ရှန်ယွင်ရှီးက ဤမျှ ရင်းနှီးသော ဆက်ဆံရေးမျိုးကို ဖုံးကွယ်ထားခဲ့မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
သူက မနေနိုင်ဘဲ ပြောလိုက်သည်။ "ပါမောက္ခလီ ကိုယ်တိုင် ပြောနေမှတော့ ကျွန်တော်ကလည်း မျက်နှာသာ ပေးရမှာပေါ့... သူ အလုပ်အကျွေးပြုတဲ့ ကာလ ပြီးဆုံးသွားရင် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဌာနကို လာခဲ့ခိုင်းလိုက်ပါ"
လီဟန်ကျုံးက အလွန်တရာ ဝမ်းသာအားရ ဖြစ်သွားပြီး အကြိမ်ကြိမ် ဦးညွှတ်ကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။ "ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်ဗျာ"
လင်းယွမ်က သူ့အား တွဲထူလိုက်ပြီး ရယ်မောကာ ပြောသည်။ "ဒါက ခင်ဗျားမို့လို့ပါ... တခြားလူသာဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် သုတေသနနဲ့ ဖွံ့ဖြိုးတက်ရေး ဌာနက လူတွေရဲ့ စစ်ဆေးမှုကို ခံယူပြီးမှ ဝင်ခွင့်ပြုလို့ ရမှာ"
"ကျွန်တော် နားလည်ပါတယ်... ယွင်ရှီးဆိုတဲ့ ကလေးက တော်တော်လေး အရည်အချင်းရှိတဲ့ ကလေးပါ... အထူးသဖြင့် သင်္ဘောတည်ဆောက်ရေး အပိုင်းမှာတော့ အခြေခံ ကောင်းကောင်း ရှိပါတယ်" လီဟန်ကျုံးက အလျင်စလို အာမခံလိုက်သည်။
လင်းယွမ်က ပြုံးလိုက်ပြီး ပြောသည်။ "ကဲပါ... ဒါဆိုလည်း ဒီလိုပဲ လုပ်ကြတာပေါ့... ကျွန်တော် တခြား အလုပ်လေးတွေ လုပ်စရာ ရှိသေးလို့ အရင် သွားနှင့်ဦးမယ်"
"အာ... ဟုတ်ကဲ့... ကျွန်တော် လိုက်ပို့ပေးမယ်"
လီဟန်ကျုံးက လင်းယွမ်အား တံခါးဝအထိ အလျင်စလို လိုက်ပို့ပေးလိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်နေသော အရိပ်အယောင်များ အပြည့်အနှက် ဖြစ်ပေါ်နေသည်။
သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ ထွက်လာပြီးနောက် လင်းယွမ်က ပြုံးလိုက်ပြီး ဤကိစ္စကို သိပ်ပြီး ဂရုမစိုက်နေတော့ပေ။
အမှန်တကယ်တွင် လီဟန်ကျုံးက ဖွင့်မပြောလာလျှင်တောင်မှ သူက ရှန်ယွင်ရှီးကို သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနသို့ ပြောင်းရွှေ့ပေးရန် စဉ်းစားထားပြီးသား ဖြစ်သည်။
သင်္ဘောတည်ဆောက်ရေး တက္ကသိုလ်၏ ပါမောက္ခ တစ်ဦး ဖြစ်သည့် ရှန်ယွင်ရှီး၏ ကျွမ်းကျင်မှု အရည်အသွေးက သံသယ ဝင်စရာ မလိုလောက်အောင်ပင် ကောင်းမွန်ပေသည်။
ယခုအချိန်တွင် လင်းယွမ်၏ လက်အောက်၌ သင်္ဘောတည်ဆောက်ရေး ကျွမ်းကျင်ပညာရှင်များ ရှားပါးနေသည်ကို မပြောနှင့်ဦး၊ ထိုကဲ့သို့သော အရည်အချင်းရှိသူများ မရှားပါးလျှင်တောင်မှ ရှန်ယွင်ရှီးကို မဖြစ်မနေ အသုံးပြုရမည်သာ ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သင်္ဘောတည်ဆောက်ရေး ဘာသာရပ်တွင် ပါမောက္ခ တစ်ဦး ဖြစ်သည့် ရှန်ယွင်ရှီး၌ ခိုင်မာသော အခြေခံအုတ်မြစ် ရှိနေမည်မှာ သေချာသောကြောင့်ပင်။
သို့သော်လည်း စကားအရသာ ထိုသို့ ပြောနေသော်လည်း လီဟန်ကျုံးက သူ့အား အကူအညီ တောင်းခံလာခြင်း ဖြစ်ပေသည်။
ထို့ကြောင့် သူက တိုက်ရိုက်ကြီး ချက်ချင်း သဘောတူပေးလိုက်မည် မဟုတ်ပေ။ လူတစ်ယောက်ကို မိမိ၏ ကျေးဇူးတရားကို မှတ်မိနေစေချင်လျှင် ဤကိစ္စက လုပ်ဆောင်ရ မလွယ်ကူကြောင်းကို အရင်ဆုံး ပြောပြထားရမည် ဖြစ်သည်။
ထိုသို့ ပြုလုပ်မှသာလျှင် တစ်ဖက်လူက မိမိသည် ဤကိစ္စအတွက် မည်မျှ ပေးဆပ်ရသည်ကို သိရှိနားလည်နိုင်မည် ဖြစ်သည်။
သေချာသည်မှာ ဤအရာက အခြေခံ လူမှုဆက်ဆံရေး နည်းလမ်းများသာ ဖြစ်ပြီး လင်းယွမ်ကလည်း ထိုကဲ့သို့သော အသေးအဖွဲ ကျေးဇူးတရားများဖြင့် လူများ၏ စိတ်နှလုံးကို သိမ်းသွင်းလိုခြင်း မဟုတ်ပေ။
အဆင်သင့် ဖြစ်နေ၍ အလိုက်သင့်လေး လုပ်ဆောင်လိုက်ခြင်းသာ ဖြစ်သည်။
ကောင်းမွန်သော ဆက်ဆံရေး တစ်ခုဆိုသည်မှာ ဖန်တီးယူရခြင်းသာ ဖြစ်သည်။
သားသတ်ရုံသို့ ရောက်ရှိလာချိန်တွင် လင်းယွမ်က အတွင်းဘက်သို့ ဝင်သွားလိုက်ရာ သန္ဓေပြောင်းငါးများ၏ ညှီနံ့များကို ရရှိနေရသည်။
ဤနေရာ၏ အခြေအနေက အတော်လေး ခက်ခဲကြမ်းတမ်းလှပြီး အဓိကအားဖြင့် အနံ့အသက်က လူများကို နေရခက်စေသည်။
သို့သော်လည်း သားသတ်ရုံတွင် အလုပ်လာလုပ်လိုသူများက အများအပြား ရှိနေဆဲပင်။
အဘယ်ကြောင့်ဆိုသော် လင်းယွမ်က သားသတ်ရုံ၏ လစာကို အတော်လေး မြင့်မားစွာ သတ်မှတ်ပေးထားသောကြောင့် ဖြစ်သည်။ ၎င်းက ဤနေရာတွင် အလုပ်လုပ်ကိုင်သူများအတွက် အပို ထောက်ပံ့ကြေး တစ်ခု ပေးထားခြင်းဟု ဆို၍ ရပေသည်။
ထို့အပြင် နောက်ထပ် အချက်တစ်ချက် ရှိသေးသည်။ သားသတ်ရုံတွင် အလုပ်လုပ်ကိုင်သူများသည် အလုပ်ဆင်းချိန်တွင် ထိုနေ့က ကိုင်တွယ်ဖြေရှင်းထားသည့် အကြွင်းအကျန် ငါးခေါင်းများ၊ ငါးအရိုးများနှင့် သားရဲအရိုးများ ကဲ့သို့သော အရာများကို အိမ်သို့ ပြန်ယူသွားကာ ဟင်းချို ချက်သောက်ခြင်းမျိုး ပြုလုပ်နိုင်ပေသည်။
တစ်ခါတစ်ရံတွင် အလုပ်သမားများသည် အသားများ ပြောင်စင်အောင် မခွာရသေးသော အရိုးအချို့ကို ခိုးယူသွားတတ်ကြသည်။
စီမံခန့်ခွဲသူများကလည်း မသိချင်ယောင် ဆောင်ပေးထားတတ်ကြသည်။ ၎င်းက အလုပ်သမားများအတွက် ပုံသေ သတ်မှတ်ထားသော အကျိုးခံစားခွင့် တစ်ခုဟု ဆို၍ ရပေသည်။
သေချာသည်မှာ ထိုအရိုးများပေါ်တွင် ကပ်နေသော အသားများက အရမ်း မများလွန်းရပေ။ ထိုသို့မဟုတ်ဘဲ အရမ်းလွန်ကျူးသွားပြီး စစ်ဆေးရေးဌာနမှ လူများနှင့် မိသွားပါက ပြောစရာ ပြဿနာများ ရှိလာနိုင်ပေသည်။
လင်းယွမ် ရောက်ရှိလာချိန်တွင် အလုပ်သမားများ အားလုံးက အလျင်စလို မတ်တတ်ရပ်ကာ နှုတ်ဆက်ကြသည်။
လင်းယွမ်က ပြုံးရွှင်စွာဖြင့် ခေါင်းညိတ်ပြလိုက်ပြီး လူအုပ်ကြီးအား နှုတ်ဆက်ကာ အလုပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။
ပုံမှန်အတိုင်းပင် ယနေ့အတွက် ရရှိသော ငါးများကို စုဆောင်းသိမ်းဆည်းလိုက်ရာ အမှတ် တစ်သောင်းကျော် ဝင်လာခဲ့သည်။
ထို့နောက် လင်းယွမ်က ကြီးမားလှသော ငါးကန်ကြီးကို အကဲခတ် ကြည့်ရှုလိုက်ပြီး မေးစေ့ကို ပွတ်သပ်ကာ အရိုးခွာဓား တစ်လက်ကို ရွေးချယ်လိုက်သည်။
ထို့နောက် သူ၏ စိတ်စွမ်းအင်များကို လည်ပတ်စေကာ ထိခိုက်မှု လွှဲပြောင်းခြင်း အစွမ်းကို အသက်သွင်းလိုက်ပြီး အကြောင်းအကျိုး ကြိုးမျှင် တစ်ချောင်းကို အလျင်အမြန် ချိတ်ဆက်ကာ ဤဓားပေါ်တွင် ရစ်ပတ်လိုက်သည်။
အကြောင်းအကျိုး ကြိုးမျှင်၏ အခြားတစ်ဖက် အစွန်းကမူ သူ၏ ကိုယ်ပေါ်တွင် ရစ်ပတ်နေဆဲပင်။
ထိုအရာများကို လုပ်ဆောင်ပြီးစီးသွားပြီးနောက် လင်းယွမ်က အနီးအနားရှိ အလုပ်သမား တစ်ဦးကို လက်ယပ်ခေါ်လိုက်သည်။
ထိုလူက အလျင်စလို ပြေးလာခဲ့ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ "မင်္ဂလာပါ... ဆရာလင်း"
လင်းယွမ်က နူးညံ့စွာ ပြုံးကာ မေးလိုက်သည်။ "နာမည် ဘယ်လို ခေါ်လဲ"
"ကျွန်တော့် နာမည် ချန်ဟောင်ပါ"
"ချန်ဟောင်... မင်း ငါးသတ်တတ်လား"
ချန်ဟောင်က အလျင်စလို ပြန်ဖြေသည်။ "သတ်တတ်တာပေါ့ဗျ... ကျွန်တော်တို့က နေ့တိုင်း ငါးသတ်နေရတာပဲကို"
"သွား... ဒီဓားကို သုံးပြီး ငါးတစ်ကောင် သတ်ပြစမ်း" လင်းယွမ်က ရယ်မောကာ ပြောလိုက်သည်။
ချန်ဟောင်က ချက်ချင်း စိတ်လှုပ်ရှားသွားသည်။ "ဟုတ်ကဲ့ပါ... ဆရာလင်း"
ချန်ဟောင်က အရိုးခွာဓားကို ကောက်ကိုင်လိုက်ပြီး ရေကန်ထဲမှ နှစ်ပေခန့် ရှည်လျားသော သန္ဓေပြောင်းငါး တစ်ကောင်ကို တိုက်ရိုက် ဆယ်ယူလိုက်သည်ကို မြင်လိုက်ရသည်။
သူ၏ လက်ထဲမှ ဓားက လေထဲတွင် ဝေ့ယမ်းသွားပြီး "ဒုန်း... ဒုန်း" ဟူသော အသံ နှစ်ချက်နှင့်အတူ ထိုသန္ဓေပြောင်းငါးကို တိုက်ရိုက် ရိုက်မေ့ပစ်လိုက်သည်။
ထို့နောက် ဓားဖြင့် တစ်ချက်တည်း ခုတ်ချလိုက်ရာ ငါး၏ ခေါင်းပေါ်သို့ တိုက်ရိုက် ကျရောက်သွားသည်။
သန္ဓေပြောင်းငါးများ၏ အကြေးခွံများက ယေဘုယျအားဖြင့် အတော်လေး မာကျောကြသည်။ ထိုကဲ့သို့သော သာမန် လက်နက်မျိုးက ၎င်းတို့၏ အကြေးခွံများကို ခွဲဖြာပစ်ရန် အလွန် ခက်ခဲပေသည်။
ထို့အပြင် သန္ဓေပြောင်းငါးများ၏ သက်စောင့်အင်အားက ခိုင်မာပြီး သူတို့၏ စိတ်နေသဘောထားကလည်း ရက်စက်ကြမ်းကြုတ်လှသည်။
အမှန်တကယ် သတ်ဖြတ်ခြင်း မပြုလုပ်မီ ၎င်းတို့ကို အရင်ဆုံး ရိုက်မေ့ထားမှသာလျှင် ပိုပြီး စိတ်ချရမည် ဖြစ်သည်။
ထိုဓားချက် ကျရောက်သွားချိန်တွင် အရိုးခွာဓားက ငါးအရိုးခေါင်းပေါ်တွင် တစ်ဆို့သွားခဲ့သည်။
သူက ငါး၏ ကိုယ်လုံးကို အလျင်အမြန် ဖိထားလိုက်ပြီး အရိုးခွာဓားကို အားကုန်သုံး၍ ပြန်ဆွဲထုတ်လိုက်ကာ ထပ်မံ၍ ခွန်အားသုံးကာ ခုတ်ချလိုက်ပြန်သည်။
ဆက်တိုက် သုံးကြိမ်တိုင်တိုင် ခုတ်ချလိုက်ပြီးနောက် နောက်ဆုံးတွင် ငါးခေါင်းကို ခွဲဖြာပစ်လိုက်နိုင်တော့သည်။
တစ်ချိန်တည်းမှာပင် လင်းယွမ်၏ နားထဲတွင် စနစ်၏ အသိပေးသံ တစ်ခုက ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
[ဒင်... သင် သန္ဓေပြောင်း သတ္တဝါတစ်ကောင်ကို သတ်ဖြတ်လိုက်ပါသဖြင့် အမှတ် ၈ မှတ် ရရှိပါသည်]
ထိုအခိုက်အတန့်တွင် လင်းယွမ်က ချက်ချင်း ပြုံးရွှင်သွားတော့သည်။
ဆက်ရန်...
***