"အောင်မြင်ပြီ"
လင်းယွမ်၏ မျက်နှာပေါ်တွင် အပြုံးများ အပြည့်ဖုံးလွှမ်းသွားပြီး အတိုင်းမသိ ဝမ်းသာသွားသည်။
ထိခိုက်မှု လွှဲပြောင်းခြင်း အစွမ်းမှတစ်ဆင့် သူ ကိုယ်တိုင် ငါးသတ်ရန် လိုအပ်သည့် ပြဿနာကို နောက်ဆုံးတွင် ဖြေရှင်းနိုင်ခဲ့လေပြီ။
သူက ဓားပေါ်ရှိ အကြောင်းအကျိုးဆက်နွှယ်မှုကို သူ၏ ကိုယ်ပိုင် အကြောင်းအကျိုးဆက်နွှယ်မှုနှင့် ချိတ်ဆက်လိုက်သည်။
ဓားဖြင့် ခုတ်ပိုင်းလိုက်သော ထိခိုက်မှုများကို သူ ကိုယ်တိုင် တိုက်ခိုက်လိုက်သော ထိခိုက်မှုများအဖြစ် မှတ်ယူနိုင်သွားပြီ ဖြစ်သည်။
ထို့ကြောင့် စနစ်က ဤငါးကို သူ ကိုယ်တိုင် သတ်ဖြတ်ခဲ့သည်ဟု သတ်မှတ်ပေးမည်ဖြစ်ရာ အမှတ်များကလည်း သဘာဝကျစွာပင် သူ၏ ပိုင်ဆိုင်မှု ဖြစ်လာပေမည်။
"ဆရာလင်း... ကျွန်တော် သတ်လို့ ပြီးသွားပါပြီ"
ချန်ဟောက်က သန္ဓေပြောင်း ငါးကို သွက်လက်စွာ ကိုင်တွယ်ဖြေရှင်းပြီးနောက် လင်းယွမ်ကို အလျင်စလို လှမ်းကြည့်လိုက်သည်။
လင်းယွမ်က သတိပြန်ဝင်လာပြီး ထိုသန္ဓေပြောင်း ငါးကို တစ်ချက် ကြည့်လိုက်ရာ အလွန် သန့်ရှင်းစွာ ကိုင်တွယ်ထားပြီး ငါးအကြေးခွံများ အားလုံးကို ဖယ်ရှားထားကာ ငါး၏ ကလီစာများကိုလည်း ထုတ်ယူထားသည်ကို တွေ့လိုက်ရသည်။
ငါးလေအိပ်နှင့် ငါးအဆီများကိုလည်း သေချာစွာ ခွဲခြားထားသည်။
လုပ်ငန်းစဉ် တစ်ခုလုံးက အလွန် သွက်လက်လှသဖြင့် ချန်ဟောက်က တကယ့် ငါးသတ်ကျွမ်းကျင်သူ တစ်ဦး ဖြစ်ပုံရသည်။
လင်းယွမ်က ရယ်မောလိုက်သည်။ "မဆိုးဘူး... တကယ်ကို ကျွမ်းကျင်တာပဲ... မင်းတို့ ဒီလိုမျိုး တစ်နေ့ကို ဘယ်နှစ်ကောင်လောက် သတ်နိုင်လဲ"
ထိုစကားကို ကြားသောအခါ ချန်ဟောက်က ပြန်ပြောလိုက်သည်။ "တခြားလူတွေကိုတော့ ကျွန်တော် မသိဘူး... ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ တစ်နေ့ကို အနည်းဆုံး အကောင် နှစ်ရာလောက်တော့ သေချာပေါက် သတ်နိုင်တယ်"
လင်းယွမ်က လက်မထောင်ကာ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားသည်။ "တော်လှချည်လား"
ချန်ဟောက်က ဟဲဟဲ ဟု ရယ်မောလိုက်သည်။ "ကျွန်တော်က ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား သန္ဓေပြောင်းစွမ်းအင်ရှင်လေ... ခံနိုင်ရည်လည်း ကောင်းတယ်... နာလန်ထမြန်တော့ တခြားသူတွေထက် ပိုပြီး အချိန်ကြာကြာ လုပ်နိုင်တယ်... ဒါကြောင့်လည်း ကျွန်တော် အလုပ်ခေါ်ခံရတာ"
"ဌာနမှူးချိုင်က ကျွန်တော့်ကို အတော်လေး မျက်စိကျနေတာ... နှစ်သစ်ကူးပြီးရင် ကျွန်တော့်ကို ရာထူးတိုးပေးမယ်လို့ ပြောထားတယ်"
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းယွမ်က ချက်ချင်း ရယ်မောလိုက်သည်။ "သတင်းကောင်းပဲ... ထိုက်ယန်တောင်က အရည်အချင်းရှိတဲ့ ဘယ်သူ့ကိုမှ မျက်နှာမငယ်စေရဘူး"
"မင်းတို့ ငါးသတ်ရင် အားလုံးက ဒီကိရိယာတွေကိုပဲ သုံးကြတာလား"
လင်းယွမ်က အရိုးထုတ်ဓားကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
ချန်ဟောက်က ခေါင်းညိတ်ပြလိုက်သည်။ "အခြေခံအားဖြင့်တော့ ဟုတ်တယ်... ဒါပေမဲ့ လူတိုင်းက သာမန်ဓားတွေနဲ့ အလုပ်လုပ်ရတာ အဆင်မပြေဘူးလို့ ခံစားရတယ်... လူအတော်များများက ဓားတွေ ဝယ်ပြီးရင် လက်နက်စက်ရုံဘက်ကို သွားပြီး ဒေါက်တာရန်ဆီမှာ အစွမ်းသွင်းခိုင်းကြတယ်... ဒါမှ ပိုပြီး ထက်မြက်လာမှာလေ"
"အစွမ်းသွင်းတယ်" လင်းယွမ်က အံ့ဩသွားသည်။
ချန်ဟောက်က ခေါင်းကုတ်ကာ ရယ်မောလိုက်သည်။ "ဒေါက်တာရန်ရဲ့ အစွမ်းက လက်နက်တွေမှာ ထက်မြက်ခြင်း ဆိုတဲ့ အရည်အသွေးကို ထည့်ပေးနိုင်တယ်လေ... အားလုံးကတော့ ဒါကို အစွမ်းသွင်းတာလို့ ခေါ်ကြတယ်"
လင်းယွမ်က ချက်ချင်း သဘောပေါက်သွားသည်။ ယခုအခါ ရန်ဆန်းမင်သည် ဆေးရုံတွင် ဆေးဝါးများ သုတေသနပြုရုံသာမက အားလပ်ချိန် ရသည်နှင့် လက်နက်စက်ရုံသို့ သွားကာ "အစွမ်းသွင်း" သည့် အလုပ်ကိုပါ အချိန်ပိုင်း လုပ်ကိုင်နေခြင်း ဖြစ်သည်။
ချန်ဟောက်က ထပ်ပြောလိုက်သည်။ "ဒါပေမဲ့ အခု လက်ထဲမှာ အမှတ်တွေ ရှိနေတဲ့သူတွေက ဒီလိုကိရိယာမျိုးတွေကို မသုံးကြတော့ဘူး... ပိုကောင်းတဲ့ သန္ဓေပြောင်းစွမ်းအင်ဓားတွေကိုပဲ ဝယ်သုံးနေကြပြီ"
"အထူးသဖြင့် သတ္တုစွမ်းအင်ပါတဲ့ ဓားတွေပေါ့... ပိုပြီး ထက်မြက်ရုံတင်မကဘူး ခံနိုင်ရည်လည်း ပိုကောင်းတယ်"
ချန်ဟောက်က ဂိမ်းရူးတစ်ယောက် ဖြစ်ပုံရသည်။ သူ၏ ပါးစပ်မှ ထွက်လာသော စကားလုံးများက အစွမ်းသွင်းခြင်း မဟုတ်လျှင် ခံနိုင်ရည် ဟူသော ဝေါဟာရများသာ ဖြစ်နေသည်။
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ "ဒီပစ္စည်းတွေကို သားသတ်ရုံက မင်းတို့ကို ထုတ်မပေးဘူးလား... ကိုယ့်ဖာသာကိုယ် အမှတ်တွေ အကုန်ခံပြီး ဝယ်နေရသေးတာလား"
ချန်ဟောက်က အနည်းငယ် တုံ့ဆိုင်းသွားပြီး လင်းယွမ်ကို မည်သို့ ပြန်ဖြေရမည်ကို မသိတော့ပေ။
ထိုအချိန်မှာပင် သတင်းရရှိသွားသော ချိုင်ကြည်က အလျင်အမြန် ရောက်ရှိလာသည်။
အဝေးမှနေ၍ သူက အော်ဟစ်လိုက်သည်။ "လင်းယွမ်... မင်း ရောက်လာတာကို ဘာလို့ ငါ့ဆီ မလာရတာလဲ"
လင်းယွမ်က ချိုင်ကြည်ဘက်သို့ လှည့်ကြည့်လိုက်ရာ သူ၏ မျက်နှာပေါ်တွင် အပြုံးမရှိတော့ဘဲ ပြောလိုက်သည်။ "ဌာနမှူးချိုင်... ကျွန်တော် လမ်းကြုံလို့ ဝင်ကြည့်တာပါ"
ချိုင်ကြည်က "ဌာနမှူးချိုင်" ဟူသော စကားလုံးကို ကြားလိုက်ရချိန်တွင် သူ၏ ရင်ထဲ၌ ချက်ချင်း ထိတ်လန့်သွား၏။
သူ၏ မျက်နှာပေါ်တွင် စိုးရိမ်တကြီး ဖြစ်နေသော အရိပ်အယောင်များ အလျင်အမြန် ပေါ်ထွက်လာပြီး ပြောလိုက်သည်။ "ဆရာလင်း... လာရောက် စစ်ဆေးတာကို ကြိုဆိုပါတယ်"
လင်းယွမ်က သူ၏ အမူအရာ အပြောင်းအလဲကို ဂရုမစိုက်ဘဲ မေးလိုက်သည်။ "ဌာနမှူးချိုင်... ကျွန်တော် ကြည့်ရသလောက် ကျွန်တော်တို့ သားသတ်ရုံမှာ သန္ဓေပြောင်း သတ္တဝါတွေကို သတ်ဖို့အတွက်တောင် သူတို့ကိုယ်တိုင် အမှတ်တွေ အကုန်ခံပြီး ဓားတွေ ဝယ်ရတယ်ဆို... ဒါက ဘယ်လိုဖြစ်တာလဲ... ဒီဓားတွေက သားသတ်ရုံက သီးသန့် ထုတ်ပေးထားရမယ့်ဟာတွေ မဟုတ်ဘူးလား"
ထိုစကားကို ကြားသောအခါ ချိုင်ကြည်က အလျင်အမြန် ရှင်းပြလေသည်။ "ဆရာလင်း... ခင်ဗျား နားလည်မှုလွဲနေပြီ... အရင်တုန်းက ကျွန်တော်တို့ သံဓားတွေကို တကယ် ထုတ်ပေးခဲ့ပါတယ်"
"သံဓားတွေရဲ့ ထက်မြက်မှုက အရမ်း ညံ့ဖျင်းတာကို ဒီသန္ဓေပြောင်း ငါးတွေရဲ့ အကြေးခွံတွေကို ဖောက်ထွင်းနိုင်မှာတဲ့လား" လင်းယွမ်က မေးလိုက်သည်။
ချိုင်ကြည်က အလျင်အမြန် ပြောလိုက်သည်။ "နည်းနည်းတော့ ခက်တယ်... နောက်ပိုင်း ကျွန်တော်တို့ ဌာနတွင်းမှာလည်း အစည်းအဝေး လုပ်ခဲ့သေးတယ်... သံဓားတွေကို ဖယ်ရှားပြီး သန္ဓေပြောင်းစွမ်းအင် လက်နက်တွေနဲ့ အစားထိုးဖို့ ပြင်ဆင်နေတာပါ"
"ဒါပေမဲ့ နောက်ပိုင်း ဒီကိစ္စနဲ့ပတ်သက်ပြီး လက်နက်စက်ရုံဘက်နဲ့ တိုင်ပင်ကြည့်တော့ သူတို့က နည်းလမ်းအသစ်တစ်ခု ပေးလာတယ်... သူတို့က ကျွန်တော်တို့ သားသတ်ရုံအတွက် အလိုအလျောက် ငါးသတ်ပြီး အကြေးခွံခွာပေးတဲ့ စက်တွေကို ထောက်ပံ့ပေးနိုင်တယ်လို့ ပြောတယ်... ဒါက ကျွန်တော်တို့ရဲ့ လုပ်အားကို အများကြီး သက်သာစေနိုင်တယ်လေ"
"ဒီအစီအစဉ်က ဆွေးနွေးနေတုန်းမို့လို့ ကျွန်တော်လည်း ဓားအသစ်တွေ အော်ဒါမှာဖို့ သိပ်မလောသေးတာပါ"
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းယွမ်က ချက်ချင်း အံ့ဩသွားသည်။ "ဒီလိုစက်မျိုး ရှိတယ်ပေါ့"
"လက်နက်စက်ရုံက ထုတ်လုပ်နိုင်တယ်လို့ ပြောပါတယ်... နောက်ရက်အနည်းငယ်လောက်ဆိုရင် ပို့ပေးနိုင်လိမ့်မယ်" ချိုင်ကြည်က အမြန် ပြောလိုက်သည်။
လင်းယွမ်၏ ရင်ထဲတွင် အနည်းငယ် လှုပ်ရှားသွားသည်။ အကယ်၍ ထိုသို့သော စက်မျိုးသာ ရှိမည်ဆိုလျှင်။
သူက အကြောင်းအကျိုးဆက်နွှယ်မှု ကြိုးမျှင်ကို ဤစက်နှင့်သာ ချိတ်ဆက်လိုက်ပါက နောင်တွင် စက်ဖြင့် သတ်ဖြတ်သမျှ သန္ဓေပြောင်း ငါးများအားလုံးသည် သူ ကိုယ်တိုင် သတ်ဖြတ်ခြင်းနှင့် တူညီသွားမည် မဟုတ်ပါလော။
သူ့အနေဖြင့် အကြောင်းအကျိုးဆက်နွှယ်မှု ကြိုးမျှင် တစ်ချောင်းကို ချိတ်ဆက်ထားရန်သာ လိုအပ်ပေသည်။
"ဒါဆို မွေးမြူရေးခြံကနေ ပို့ပေးလာတဲ့ သန္ဓေပြောင်း သတ္တဝါတွေကို သတ်ဖို့ကရော... ခင်ဗျားတို့ ဘယ်လို စီစဉ်ထားလဲ"
"လက်နက်စက်ရုံနဲ့လည်း စကားပြောပြီးပါပြီ... ကူညီပြီး သတ်ပေးမယ့် သီးသန့်စက် ရှိတယ်... အမွှေးတွေပါ နုတ်ပေးနိုင်သေးတယ်"
"ဒါပေမဲ့ အရင်တုန်းက ခင်ဗျားပဲ ကျွန်တော်တို့ကို သတိပေးထားခဲ့တာလေ... ဒါတွေအားလုံးကို ခင်ဗျား ကိုယ်တိုင် လုပ်ဖို့ ချန်ထားပေးရမယ်ဆိုတော့ ကျွန်တော်က သူတို့ကို သတ်ဖြတ်တာနဲ့ ကိုင်တွယ်ဖြေရှင်းတဲ့ လုပ်ငန်းစဉ် နှစ်ခုကို သီးသန့် ခွဲထားခိုင်းလိုက်တာပါ"
လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။ "သွားမယ်... လက်နက်စက်ရုံကို သွားပြီး ဒီစက်ကို သွားကြည့်ရအောင်"
"သိပြီ... ကျွန်တော် အခုပဲ သွားပါ့မယ်" ချိုင်ကြည်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
သူတို့နှစ်ယောက်က လက်နက်စက်ရုံဘက်သို့ အလျင်အမြန် လျှောက်သွားကြသည်။
လမ်းခရီးတွင် အခြားသူများ မရှိတော့သဖြင့် လင်းယွမ်၏ တင်းမာနေသော မျက်နှာက ထိုအခါမှ လျော့ကျသွားပြီး ပြုံးကာ ပြောလိုက်သည်။ "အစ်ကိုချိုင်... အားနာပါတယ်ဗျာ... စောစောက လူရှေ့မှာမို့လို့ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ဆက်ဆံရေးကို သိပ်ပြောလို့ မကောင်းဘူးလေ... ကျွန်တော်က လက်အောက်ငယ်သားတွေ မြင်အောင် သေချာ လုပ်ပြရမှာမို့လို့ပါ"
ထိုစကားကို ကြားသောအခါ ချိုင်ကြည်လည်း သက်ပြင်းတစ်ချက် ချလိုက်ပြီး အလျင်အမြန် ပြုံးကာ ပြောလိုက်သည်။ "ကျွန်တော် မကောင်းတာ... နေရာဒေသကို မခွဲခြားတတ်လို့ပါ"
လင်းယွမ်က ချိုင်ယောင်နှင့် ပတ်သက်သည့် မေးခွန်းအချို့ကို ထပ်မေးလိုက်ကာ သူတို့နှစ်ဦးကြားရှိ ဆက်ဆံရေးကို ပိုမို ရင်းနှီးလာစေပြီး စောစောက သူတို့ကြားရှိ အတားအဆီးများကို ဖယ်ရှားပစ်လိုက်သည်။
သို့သော် ဤသို့ တစ်ချက်ရိုက် တစ်ချက်ပွတ် လုပ်လိုက်ခြင်းကြောင့် ချိုင်ကြည်က ပိုမို သတိထားလာပြီး ယခင်ကလို ပေါ့ပေါ့ဆဆ မနေရဲတော့ပေ။
သူတို့နှစ်ယောက် လက်နက်စက်ရုံသို့ ရောက်လာပြီး များမကြာမီမှာပင် လက်နက်စက်ရုံဘက်မှ အဓိက တာဝန်ခံတစ်ဦး ဖြစ်သော ချီတယ်လုံက အလျင်အမြန် ရောက်ရှိလာသည်။
ဤလက်နက်စက်ရုံကို အဓိကအားဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနမှ ရမ်ကျဲထံသို့ လွှဲပြောင်းပေးထားခြင်း ဖြစ်သည်။
ရမ်ကျဲသည် ယန်ကွမ်းမြို့သစ်မှ အသက်ရှင်ကျန်ရစ်သူ တစ်ဦးဖြစ်ပြီး မူလကပင် အဆင့်မြင့် စက်ပစ္စည်း ကျွမ်းကျင်သူ တစ်ဦး ဖြစ်ကာ လက်နက်များ ထုလုပ်ရာတွင် အတွေးအခေါ်နှင့် တီထွင်ဖန်တီးမှု များစွာ ရှိသူ ဖြစ်သည်။
သူ့ကို လင်းယွမ်က လက်နက်စက်ရုံ တည်ထောင်ရန် တာဝန်ပေးအပ်ခဲ့ပြီး စက်ရုံမှူးအဖြစ် တာဝန်ယူပြီးနောက်တွင် ယန်ကွမ်းမြို့သစ်မှ လူအချို့ကို သဘာဝကျစွာပင် နေရာပေး အသုံးပြုခဲ့သည်။
ချီတယ်လုံ၊ ယန်ချုံကျွင်း၊ ယွီဖုန်း၊ လီရှောင်ကျွင်း အစရှိသူများ အားလုံးသည် ယန်ကွမ်းမြို့သစ်မှ လာသူများ ဖြစ်ကြသည်။
ဤလူများအားလုံးက ယခုအခါ အခြေခံအားဖြင့် လက်နက်စက်ရုံတွင် တာဝန်ထမ်းဆောင်နေကြသည်။
ချီတယ်လုံနှင့် အခြားသူများကလည်း စစ်မှုထမ်းဟောင်းများ ဖြစ်ကြသဖြင့် လင်းယွမ်အနေဖြင့် ဤလူများကို အတော်လေး ယုံကြည်သောကြောင့် ထိုသို့သော ခန့်အပ်မှုမျိုးကို သဘောတူခဲ့ခြင်း ဖြစ်သည်။
လင်းယွမ်ကို မြင်လိုက်ရချိန်တွင် ချီတယ်လုံက အလျင်အမြန် ပြောလိုက်သည်။ "ဆရာလင်း... ကြိုဆိုပါတယ်... ကြိုဆိုပါတယ်... မြန်မြန် ဝင်ခဲ့ပါဦး"
လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။ "သားသတ်ရုံက မင်းတို့ဆီမှာ အလိုအလျောက် ငါးသတ်စက် လာမှာထားတယ်လို့ ကြားလို့ သီးသန့် လာကြည့်တာ"
ချိုင်ကြည်ကလည်း အလျင်အမြန် ပြောလိုက်သည်။ "လောင်ချီ... အရင်အခေါက်က မင်းပြောတော့ အဲဒီစက်က ပြီးခါနီးပြီဆို... ဘယ်တော့လောက် ရမလဲ"
ချီတယ်လုံက အလျင်အမြန် ပြောလိုက်သည်။ "အခြေခံအားဖြင့်တော့ တပ်ဆင်လို့ ပြီးသွားပါပြီ... ဒီတစ်ခါ စက်မှာ ကျွန်တော်တို့ သန္ဓေပြောင်းစွမ်းအင် အစိတ်အပိုင်း အတော်များများကို အသုံးပြုထားတယ်... အကြေးခွံပါတာတွေ၊ အမွှေးအတောင်ပါတာတွေကို သတ်ဖြတ်တဲ့နေရာမှာ အတော်လေး အသုံးဝင်တယ်"
"ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ"
သူက ဦးဆောင်၍ လမ်းပြကာ လင်းယွမ်တို့ကို ခေါ်ဆောင်၍ လက်နက်စက်ရုံထဲသို့ လျှောက်သွားလေသည်။
များမကြာမီမှာပင် ချီတယ်လုံက လင်းယွမ်နှင့် ချိုင်ကြည်တို့ကို ကြီးမားသော စက်ကြီးတစ်ခုရှေ့သို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုစက်ကြီးက အမြင့် ခြောက်ပေခွဲခန့် ရှိပြီး သံမဏိဖြင့် ပြုလုပ်ထားကာ ၎င်း၏ ပုံပန်းသဏ္ဍာန်က ကြီးမားသော ရေလွှမ်းမိုးမှုကြီး မဖြစ်ပွားမီက အလိုအလျောက် ငါးသတ်စက်နှင့် အနည်းငယ် ဆင်တူနေသည်။
ချီတယ်လုံက မိတ်ဆက်ပေးလိုက်သည်။ "ဒီ အလိုအလျောက် သားသတ်စက်က ကျွန်တော်တို့ လက်နက်စက်ရုံရဲ့ ဒီဇိုင်းဌာနက နည်းပညာရှင် တစ်ယောက် စဉ်းစားမိသွားတာပါ... သူက အရင်တုန်းက အွန်လိုင်းဈေးဝယ်ပလက်ဖောင်းတွေပေါ်မှာ ဒီလိုပစ္စည်းတွေကို သီးသန့် ရောင်းချခဲ့တာမို့လို့ လုပ်ဆောင်ပုံ သဘောတရားကို အတော်လေး ရင်းနှီးနေတာလေ"
"ကျွန်တော် ခင်ဗျားတို့ကို လက်တွေ့ လုပ်ပြပါ့မယ်"
ချီတယ်လုံက နောက်သို့လှည့်ကာ အော်ပြောလိုက်သည်။ "ငါးတစ်ကောင်လောက် ယူခဲ့ပေးပါဦး"
လင်းယွမ်က ပြောလိုက်သည်။ "ငါ့ဆီမှာ ရှိတယ်... သွားမနေနဲ့တော့"
သူက ပစ္စည်းသိုလှောင်ခန်းထဲမှ သတ်ထားပြီးသား ငါးတစ်ကောင်ကို တိုက်ရိုက် ထုတ်ယူလိုက်သည်။
ငါးက သေနေပြီ ဖြစ်သော်လည်း အကြေးခွံများနှင့် ငါးဗိုက်ကိုတော့ ရှင်းလင်းထားခြင်း မရှိသေးပေ။
ချီတယ်လုံက ပြုံးကာ ပြောလိုက်သည်။ "ဒါဆို ကျွန်တော် လက်တွေ့ လုပ်ပြပါ့မယ်"
ထိုသို့ပြောရင်း သူက ထိုငါးကို ကြီးမားသော စက်ဝိုင်းပုံ အပေါက်ဝတစ်ခုထဲသို့ ထည့်လိုက်သည်။
ထို့နောက် စက်ကို နှိုးလိုက်ရာ ချက်ချင်းပင် ဟိန်းထွက်သွားသော အသံကြီးနှင့်အတူ စတင် အလုပ်လုပ်သွားသည်။
၎င်းတို့အနက်မှ စက်ရုပ်လက်တံ နှစ်ခုက ဆန့်ထွက်လာပြီး ငါး၏ ခေါင်းနှင့် အမြီးကို ဖိထားကာ စက်၏ အတွင်းပိုင်းသို့ ပို့ဆောင်ပေးလိုက်သည်။
ဟိန်းထွက်နေသော အသံကြီးများကြားတွင် ငါးအကြေးခွံ အမြောက်အမြားနှင့် ရေပက်ကျဲမှုများက စက်၏ အောက်ဘက်မှ ပန်းထွက်လာသည်။
စက္ကန့်အနည်းငယ်ပင် မကြာလိုက်ဘဲ ငါးအကြေးခွံများ အားလုံးကို စွန့်ထုတ်ပစ်လိုက်ပြီးနောက် ငါး၏ ကလီစာအချို့ကိုလည်း ထပ်မံ စွန့်ထုတ်ပစ်လိုက်သည်။
များမကြာမီမှာပင် ပြီးပြည့်စုံသော ငါးတစ်ကောင်က အနောက်ဘက်ရှိ ပို့ဆောင်ရေး ခါးပတ်ကြိုးပေါ်မှ ထွက်ပေါ်လာသည်။
ချီတယ်လုံက ထိုငါးကို ချက်ချင်း ဖမ်းယူလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။ "ဆရာလင်း... ကြည့်လိုက်ပါဦး"
လင်းယွမ်က ထိုငါးကို လှမ်းယူလိုက်ရာ ငါးအကြေးခွံများကို အလွန် သန့်ရှင်းစွာ ရှင်းလင်းထားပြီး ငါး၏ ဗိုက်နှင့် ကျောကုန်းတို့ကိုလည်း ခွဲထားကာ အတွင်းရှိ ငါးကလီစာများကိုလည်း အကုန် ရှင်းလင်းထားသည်။
ထို့အပြင် အလွန် သန့်ရှင်းနေအောင် ဆေးကြောထားသည်။
လင်းယွမ်က အတိုင်းမသိ အံ့ဩသွားပြီး မေးလိုက်သည်။ "ဒီငါးဗိုက်ထဲက အမည်းရောင် အမြှေးပါးကိုတောင် ဆေးကြောပစ်လိုက်တာလား"
ငါးသတ်ရာတွင် အကြေးခွံခွာရခြင်းက စိတ်အနှောင့်အယှက် ဖြစ်ရုံသာမက ငါးဗိုက်ထဲရှိ ကလီစာများနှင့် အမည်းရောင် အမြှေးပါးများကဲ့သို့သော အရာများကို ရှင်းလင်းရန်လည်း အလွန် လက်ဝင်ကြောင်း လင်းယွမ် သိထားသည်။
ချီတယ်လုံက ပြုံးကာ ပြောလိုက်သည်။ "ကျွန်တော်တို့ စက်ထဲမှာ ဖိအားပြင်း ရေပိုက်ခေါင်း တပ်ဆင်ထားတယ်လေ... ဘယ်လို အမည်းရောင် အမြှေးပါး အချွဲအကျိတွေပဲ ဖြစ်ဖြစ် ဖိအားပြင်း ရေပိုက်ခေါင်းနဲ့ ထိုးဆေးလိုက်ရင် ဘယ်ခံနိုင်ပါ့မလဲ"
လင်းယွမ်က ချက်ချင်း သဘောပေါက်သွားပြီးနောက် ချီတယ်လုံက ကြက်သတ် အမွှေးနုတ်စက်၏ လုပ်ဆောင်ချက်ကို ထပ်မံ၍ လက်တွေ့ လုပ်ပြလေသည်။
ဤသည်က အခြားသော လုပ်ဆောင်ချက်တစ်ခု ဖြစ်ပြီး သိုင်းဘုရင်ဂေဟာမှ မွေးမြူထားသော ကြက်နီတစ်ကောင်ကို ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် ဦးစွာ စဉ်းတီတုံးပေါ်တွင် မြဲမြံစွာ ဖမ်းချုပ်ထားလိုက်ပြီး ထို့နောက် ကြက်၏ လည်ပင်းကို ဖြတ်တောက်လိုက်ကာ စက်ရုပ်လက်တံက ဇောက်ထိုး ဆွဲတင်လိုက်ပြီး သွေးစတင် ဖောက်ချလိုက်သည်။
စက္ကန့် သုံးဆယ်ခန့် ကြာပြီးနောက် စက်၏ အတွင်းပိုင်းသို့ ပို့ဆောင်လိုက်ပြီး ထို့နောက် လင်းယွမ်က စက်၏ ဟိန်းထွက်နေသော အသံကြီးကို ကြားလိုက်ရကာ အပူငွေ့များ ထွက်ပေါ်နေသော ရေနွေးပူ အမြောက်အမြား ဝင်ရောက်လာသည်။
ခဏအကြာတွင် ထိုကြက်က ပြန်ထွက်လာသောအခါ အမွှေးအမျှင် တစ်ပင်မျှ မရှိတော့သည့် ပြောင်သလင်းခါနေသော ကြက်တစ်ကောင် ဖြစ်နေလေပြီ။
အတွင်းရှိ ကလီစာများကိုပင် ဖယ်ရှားထုတ်ယူလိုက်ပြီး စက်အောက်ဘက်ရှိ လင်ပန်းထဲသို့ ကျလာသည်။
ချီတယ်လုံက ပြောလိုက်သည်။ "ဆရာလင်း... လောလောဆယ် ကလီစာပိုင်းကိုတော့ ကိုင်တွယ်ဖို့ သိပ်မလွယ်သေးဘူး... လူအင်အားနဲ့ ရွေးချယ်ဖို့ လိုသေးတယ်"
လင်းယွမ်၏ မျက်လုံးများထဲတွင် အံ့ဩဝမ်းသာသွားသော အရိပ်အယောင်များ ထွက်ပေါ်လာပြီး ပြောလိုက်သည်။ "မဆိုးဘူး... တော်တော်လေး ကောင်းတယ်... ဒီတီထွင်မှုက တော်တော် စိတ်ဝင်စားဖို့ ကောင်းတယ်"
ချိုင်ကြည်လည်း အလွန်အမင်း ဝမ်းသာသွားပြီး ပြောလိုက်သည်။ "ဒါက ကျွန်တော်တို့ သားသတ်ရုံရဲ့ ပြဿနာကြီး တစ်ခုကို ဖြေရှင်းနိုင်သွားတာပဲ"
"လူအင်အား အများကြီးကို သက်သာစေပြီး တခြားအလုပ်တွေ အများကြီး လုပ်နိုင်သွားပြီပေါ့"
လင်းယွမ်က ချက်ချင်း ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။ "အစ်ကိုချိုင်... သားသတ်ရုံအတွက် ဒီစက်တွေကိုပဲ ဝယ်လိုက်ရအောင်... ကျွန်တော်တို့ သားသတ်ရုံက နေ့တိုင်း ကြက်တွေ၊ ငါးတွေ သတ်နေရတဲ့ ပမာဏနဲ့ဆိုရင် ခင်ဗျား အထင် စက်ဘယ်နှလုံးလောက် လိုမယ်ထင်လဲ"
"နှစ်လုံးကနေ သုံးလုံးလောက်ဆို လုံလောက်ပါပြီ... ကျွန်တော်တို့ ထိုက်ယန်တောင်က လူဦးရေက သိပ်မများသေးတော့ နေ့စဉ် ငါးနဲ့ ကြက် စားသုံးမှု ပမာဏက အကန့်အသတ် ရှိသေးတယ်လေ"
"အဓိကကတော့ သန္ဓေပြောင်း ငါးတွေပဲ... ဖမ်းမိတာနဲ့ ချက်ချင်း ရှင်းလင်းပစ်ရတယ်... မဟုတ်ရင် အလွယ်တကူ သေသွားတတ်တယ်"
"ဒါပေမဲ့ ရှင်းလင်းပြီးသွားရင်လည်း ဆားနယ်တာပဲဖြစ်ဖြစ်... အခြောက်လှန်းတာပဲဖြစ်ဖြစ် စားလို့ သိပ်မကောင်းတော့ဘူး"
လင်းယွမ်က ပြုံးကာ ပြောလိုက်သည်။ "ဒီကိစ္စအတွက် ခင်ဗျား စဉ်းစားနေစရာ မလိုပါဘူး... ဘယ်လောက် သတ်နိုင်နိုင် အကုန်သာသတ်... စားလို့ မကောင်းလည်း ကိစ္စမရှိဘူး... ကျွန်တော်တို့ မစားရင်တောင် ဆိပ်ကမ်းကို အရောင်းအဝယ် လာလုပ်တဲ့ သင်္ဘောတွေကို ရောင်းစားလို့ ရတာပဲလေ"
ချိုင်ကြည်၏ မျက်လုံးများက ချက်ချင်း တောက်ပသွားပြီး အလျင်အမြန် ပြောလိုက်သည်။ "ဟုတ်တာပေါ့... ကျွန်တော် ဘာလို့ မတွေးမိပါလိမ့်... အပြင်ကလူတွေက ဗိုက်ဝဖို့တောင် ပြဿနာ တက်နေတာဆိုတော့ ဆားနယ်ထားတဲ့ အစားအစာတွေက ပိုပြီး သိမ်းဆည်းရ လွယ်ကူတဲ့အတွက် အတော်လေး ရောင်းကောင်းမှာ သေချာတယ်"
လင်းယွမ်က ပြုံးလိုက်ပြီးနောက် သူတို့အနည်းငယ် ထပ်မံ ဆွေးနွေးတိုင်ပင်လိုက်ကြကာ အလိုအလျောက် သားသတ်စက် သုံးလုံး ဝယ်ယူရန် စီစဉ်လိုက်ကြသည်။
လက်နက်စက်ရုံဘက်တွင် ထုတ်လုပ်ရန် အချိန်လိုအပ်သဖြင့် အချိန်တိုအတွင်း တစ်လုံးသာ ပေးအပ်နိုင်မည် ဖြစ်သည်။
လင်းယွမ်ကမူ ရင်ထဲတွင် အလွန် ဝမ်းသာနေသည်။ သူ နောက်ထပ် လုပ်ရမည့်အရာမှာ အကြောင်းအကျိုးဆက်နွှယ်မှု ကြိုးမျှင်ကို ဤစက်နှင့် ချိတ်ဆက်လိုက်ရန်ပင် ဖြစ်သည်။
ဤသို့ဆိုလျှင် ဤစက်ကြောင့် ဖြစ်ပေါ်လာသော မည်သည့် ထိခိုက်မှုကိုမဆို သူ၏ ထိခိုက်မှုအဖြစ် မှတ်ယူနိုင်သွားပြီ ဖြစ်သည်။
နောင်တွင် သားသတ်ရုံဘက်မှ ငါးသတ်ရာတွင် သူ ကိုယ်တိုင် ဝင်ရောက်လုပ်စရာ မလိုတော့ပေ။
သူက နေ့စဉ်နေ့တိုင်း မပြတ်တမ်း ဝင်ရောက်လာမည့် အမှတ်များကို ရရှိနိုင်တော့မည် ဖြစ်သည်။
"ဒီ အကြောင်းအကျိုးဆက်နွှယ်မှု ကြိုးမျှင်က အကွာအဝေး ကန့်သတ်ချက် ရှိမရှိဆိုတာကိုလည်း စမ်းသပ်ကြည့်ရဦးမယ်... တကယ်လို့ ငါက ထိုက်ယန်တောင်မှာ မရှိဘဲ ထိုက်ယန်တောင်နဲ့ အရမ်းဝေးနေရင် ဒီ အကြောင်းအကျိုးဆက်နွှယ်မှု ကြိုးမျှင်က အလုပ်လုပ်ပါ့ဦးမလား"
ဆက်ရန်...
***