ကျိဖုန်းက မူလက ထိုက်ယန်တောင်၏ အစောပိုင်း အင်အားစုကြီး လေးခုထဲမှ တစ်ခုဖြစ်သော ဖုန်းဟွမ်ဘုရားကျောင်းမှ လူတစ်ယောက် ဖြစ်သည်။
သူ၊ ဟန်ပန်းနှင့် ဝမ်ရှောင်တို့ သုံးယောက်က ဖုန်းဟွမ်ဘုရားကျောင်း၏ ကျွမ်းကျင် ခြေမြန်တော် သတင်းပို့သူများအဖြစ် လုပ်ကိုင်ခဲ့ကြဖူးသည်။
ဤသုံးယောက်လုံးက အလျင် အမျိုးအစား အစွမ်းပိုင်ရှင်များ ဖြစ်ကြပြီး အစောဆုံး အချိန်က မီးဝါးတောသို့ လာကာ လင်းယွမ်နှင့် ပေါက်ကွဲမြှားများကိုပင် အရောင်းအဝယ် လုပ်ခဲ့ကြဖူးသည်။
ထို့ပြင် သူက ဥက္ကဌဟုန် အမိန့်ပေး၍ လင်းယွမ်ထံသို့ သတင်းအချက်အလက်များ ပို့ဆောင်ပေးခဲ့ရသော ဆက်သွယ်ရေးမှူးလည်း ဖြစ်သည်။
လင်းယွမ်က ထိုက်ယန်တောင်ကို တစ်ပြေးညီ သိမ်းပိုက်ပြီးနောက်တွင် ဖုန်းဟွမ်ဘုရားကျောင်းမှ လူအများအပြားက လင်းယွမ်၏ လက်အောက်သို့ ဝင်ရောက်လာခဲ့ကြသည်။
ကျိဖုန်းတို့လူစုမှာ အလုပ်ကြမ်းများ လုပ်ကိုင်ပြီးနောက်တွင် သူတို့အပေါ်ရှိ ဖုန်းဟွမ်ဘုရားကျောင်းဟူသော အမှတ်အသားက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ယခုအခါ ထိုက်ယန်တောင် ကွပ်ကဲရေးဌာန၏ ခြေမြန်တော်တပ်ရင်းမှ ခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။
ခြေမြန်တော်တပ်ရင်းဆိုသည်မှာ အလျင် အမျိုးအစား အစွမ်းပိုင်ရှင်များဖြင့် ဖွဲ့စည်းထားသော တပ်ဖွဲ့တစ်ခု ဖြစ်ပြီး ကင်းထောက်ခြင်း၊ ဆက်သွယ်ခြင်းနှင့် သတင်းအချက်အလက် ပေးပို့ခြင်း စသည့် အလုပ်များကို အဓိက တာဝန်ယူရသည်။
ယခုအချိန်တွင် ကျိဖုန်းက ထိုမျှလောက် စိုးရိမ်တကြီးဖြင့် ရောက်လာပြီး စကားစပြောသည်နှင့် "ဆိုးရွားတဲ့ ကိစ္စကြီး ဖြစ်နေပြီ" ဟု ဆိုလာသည်။
ထိုစကားကြောင့် လင်းယွမ်၏ ရင်ထဲတွင် အမှန်တကယ်ပင် ထိတ်လန့်သွားရပြီး ချက်ချင်း မေးလိုက်သည်။ "ဘာဖြစ်တာလဲ"
ကျိဖုန်း၏ မျက်နှာအမူအရာက စိုးရိမ်တကြီး ဖြစ်နေပြီး လျင်မြန်စွာ ပြောလိုက်သည်။ "ဆရာလင်း... ခိုလှုံရေးစခန်းမှာ ကူးစက်ရောဂါ ဖြစ်နေတယ်... လောလောဆယ် လူဆယ်ဂဏန်းလောက် ရောဂါလက္ခဏာတွေ ပြနေတာကို တွေ့ထားရတယ်... ဒေါက်တာရန်က ခင်ဗျားကို အမြန်လာအကြောင်းကြားခိုင်းလိုက်တာ"
လင်းယွမ်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ဘေးနားရှိ တင်းယန်ကလည်း အလွန်အမင်း အံ့အားသင့်သွားကာ မနေနိုင်ဘဲ ပြောလိုက်သည်။ "ဘာ... ကူးစက်ရောဂါ..."
"ဘယ်လို ကူးစက်ရောဂါမျိုးလဲ" လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။
ကျိဖုန်းက အလျင်အမြန် ပြောလိုက်သည်။ "ရောဂါဇာစ်မြစ်ကိုတော့ မသိရသေးဘူး... ဒါပေမဲ့ ကူးစက်ခံရတဲ့သူတွေ အများစုက တစ်ကိုယ်လုံး အဖျားတက်ပြီး မကျတော့ဘူး... လန့်ဖြန့်ပြီး သတိလစ်တာတွေ ဆက်တိုက် ချောင်းဆိုးတာတွေ ဖြစ်နေတယ်... တချို့ အခြေအနေ ဆိုးတဲ့သူတွေဆိုရင် သတိလစ်သွားကြပြီ"
လင်းယွမ်က လျင်မြန်စွာ ပြောလိုက်သည်။ "ငါ့ကို ဆေးကုသရေးဌာနဆီ ခေါ်သွား... ဒေါက်တာရန်ဘက်က ဘယ်လိုပြောလဲ"
"ကျွန်မလည်း လိုက်မယ်" တင်းယန်က ချက်ချင်း လိုက်လာခဲ့သည်။
ကျိဖုန်းက လမ်းပြပေးနေရင်းကပင် လျင်မြန်စွာ ပြောလိုက်သည်။ "ဒေါက်တာရန်ကတော့ ဒါက ကူးစက်ရောဂါ အမျိုးအစားသစ်တဲ့... ကမ္ဘာပျက်ကပ်မတိုင်ခင်က ဘယ်ရောဂါမျိုးနဲ့မှ မတူဘူးလို့ ပြောတယ်"
"သန္ဓေပြောင်း သတ္တဝါတွေနဲ့ ဆက်စပ်နေလောက်တယ်"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ သန္ဓေပြောင်း သတ္တဝါတွေနဲ့ ဆက်စပ်နေတယ်ပေါ့...
သူက ကိစ္စတွေ ရှုပ်ထွေးသွားပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ မည်သည့် ရောဂါမဆို သန္ဓေပြောင်း သတ္တဝါများနှင့် ဆက်စပ်သွားပြီဆိုလျှင် ၎င်းက သာမန်ရောဂါတစ်ရပ် လုံးဝ ဖြစ်နိုင်တော့မည် မဟုတ်ပေ။
"လင်းယွမ်... တချို့ဗိုင်းရပ်စ်ပိုးတွေ ဆင့်ကဲပြောင်းလဲသွားတာများ ဖြစ်နေမလား" တင်းယန်က ခွဲခြမ်းစိတ်ဖြာ၍ ပြောလိုက်သည်။
လင်းယွမ်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ "မသိဘူး... ဆေးဘက်ဆိုင်ရာ ကိစ္စတွေကို ငါ နားမလည်ဘူး"
"ဒါပေမဲ့ နင် ခွဲခြမ်းစိတ်ဖြာတာကလည်း ယုတ္တိမရှိတာတော့ မဟုတ်ဘူး... တိရစ္ဆာန်တွေနဲ့ အပင်တွေတောင် ဆင့်ကဲပြောင်းလဲနိုင်သေးတာပဲ... ဗိုင်းရပ်စ်ပိုးတွေ ဆင့်ကဲမပြောင်းလဲနိုင်စရာ အကြောင်းမှ မရှိတာ"
သူတို့သုံးယောက်လုံး တစ်လမ်းလုံး ရူးသွပ်စွာ ပြေးလွှားလာခဲ့ကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေးကုသရေးဌာနသို့ ရောက်ရှိလာခဲ့ကြသည်။
တင်းယန်က အထဲသို့ ဝင်ရန် ပြင်လိုက်စဉ် လင်းယွမ်က ရုတ်တရက် ခြေလှမ်းတန့်သွားပြီး သူမကို ဆွဲထားလိုက်သည်။
"ခဏနေဦး"
တင်းယန်က သံသယဖြင့် လှည့်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ"
"အကာအကွယ် လုပ်ထား"
လင်းယွမ်က အသံနက်ကြီးဖြင့် တစ်ခွန်း ပြောလိုက်ပြီးနောက် ချက်ချင်းပင် စိတ်စွမ်းအင်ကို လှုံ့ဆော်လိုက်ရာ သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် လိပ်ခွံစွမ်းအင်အကာအကွယ်က လျင်မြန်စွာ ဖြစ်ပေါ်လာသည်။
ဤသို့ဖြင့် အကယ်၍ တကယ်တမ်း ဗိုင်းရပ်စ်ပိုးတစ်ခုခု ရှိနေပြီး သူ့ကို ကူးစက်ချင်သည်ဆိုလျှင်ပင် သူ၏ လိပ်ခွံစွမ်းအင်အကာအကွယ်ကို ဖျက်ဆီးပစ်နိုင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
ယခုလက်ရှိ သူ၏ စိတ်စွမ်းအင် အတိုင်းအတာဖြင့်ဆိုလျှင် သာမန် ဗိုင်းရပ်စ်ပိုးများက သူ၏ လိပ်ခွံစွမ်းအင်အကာအကွယ်ကို လုံးဝ ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
တင်းယန်က ထိုအခြေအနေကို မြင်လိုက်ရသောအခါ အစွမ်းသွင်းခြင်းကို အလျင်အမြန် လှုံ့ဆော်လိုက်ရာ သူမ၏ တစ်ကိုယ်လုံးတွင် ပိုးတောင်ကောင်၏ အတောင်ပံကဲ့သို့ ပါးလွှာသော စွမ်းအင်အကာအကွယ် တစ်လွှာ ဖုံးလွှမ်းသွားပြီး အပြင်လောကနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်သည်။
ကျိဖုန်းကမူ တံခါးအပြင်ဘက်တွင်သာ ရပ်နေပြီး အထဲသို့ မဝင်ခဲ့ပေ။
ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားမှသာ လင်းယွမ်နှင့် တင်းယန်တို့ နှစ်ယောက်လုံး ဆေးကုသရေးဌာနအတွင်းသို့ ဝင်ရောက်သွားကြသည်။
ယခုအချိန်တွင် ဆေးကုသရေးဌာန၌ လူအများအပြား စုဝေးနေကြပြီး ရန်မေပင် ရောက်ရှိနေသည်။
လင်းယွမ်က ထိုအခြေအနေကို မြင်လိုက်ရသောအခါ ချက်ချင်း မျက်မှောင်ကြုတ်သွားတော့သည်။
"မောင်လေး... နင်ရောက်လာပြီလား"
ရန်မေက အလျင်အမြန် လျှောက်လာခဲ့သည်။
လင်းယွမ်က အသံနက်ကြီးဖြင့် မေးလိုက်သည်။ "အမမေက ဘာလို့ ဒီကို ရောက်နေတာလဲ"
ရန်မေက စိုးရိမ်တကြီး ပြောလိုက်သည်။ "ဟယ်ဇီ ကူးစက်ခံလိုက်ရတယ်... အမ နည်းနည်း စိုးရိမ်လို့"
ဟယ်ဇီက သူမ၏ ရုံးခန်းရှိ အတွင်းရေးမှူးမလေး နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး အချိန်အတော်ကြာကတည်းက သူမ၏ အားကိုးရဆုံး သူတစ်ယောက် ဖြစ်သည်။
"အဓိပ္ပါယ်မရှိလိုက်တာ... ဒါက ကူးစက်ရောဂါလေ... ခင်ဗျားတို့ အားလုံး ဒီမှာ လာစုနေကြတော့ ကူးစက်ခံရဖို့ အန္တရာယ် ပိုများမသွားဘူးလား"
"မသက်ဆိုင်တဲ့လူတွေ အားလုံး အခုချက်ချင်း ပြန်ကြ"
လင်းယွမ်က လျင်မြန်စွာ အော်ဟစ်ဆူပူလိုက်သည်။
ထိုအချိန်တွင် လီရှန်ယန်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ဆရာလင်း... ဒေါက်တာရန်က ကျွန်တော်တို့ လူနာတွေနဲ့ ထိတွေ့ထားလို့ ကူးစက်ခံရဖို့ အခွင့်အရေး ရှိနေတယ်တဲ့... ကျွန်တော်တို့ကို ဖြစ်သလို ထွက်သွားခွင့် မပေးဘူး"
လင်းယွမ်က ချက်ချင်း တုန်လှုပ်သွားသည်။ ရန်ဆန်းမင်က ဤသို့ ပြောလိုက်ခြင်းသည် ဤရောဂါ၏ ကူးစက်နိုင်စွမ်း အလွန် ပြင်းထန်ကြောင်းကို ညွှန်ပြနေခြင်း မဟုတ်ပါလော။
ဤနေရာတွင် ရှိနေသူများ အားလုံးက စွမ်းရည် နိမ့်ကျသူများ မဟုတ်ကြပေ။ သူတို့တောင် ကူးစက်ခံရဖို့ ဖြစ်နိုင်ခြေ ရှိနေတယ်ပေါ့...
လင်းယွမ်က ချက်ချင်း တင်းယန်ဘက်သို့ ကြည့်ကာ လျင်မြန်စွာ ပြောလိုက်သည်။ "တင်းယန်... နင် အခုချက်ချင်း သွားပြီး ဦးလေးမာရဲ့ ဆောက်လုပ်ရေးဌာနကို အကြောင်းကြားလိုက်... အရေးပေါ် သီးသန့် လူနာခန်းတွေ အမြန် ထပ်ဆောက်ဖို့ ပြောလိုက်"
တင်းယန်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ "ရှင် သတိထားနော်"
လင်းယွမ်က အင်း ဟု တစ်ချက် ညည်းလိုက်ပြီး လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတ အများအပြားကို ထုတ်ယူလိုက်ကာ အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "အားလုံး ကိုယ့်ဘာသာကိုယ် အကာအကွယ်တွေ လုပ်ထားကြ... အချင်းချင်း မထိတွေ့ကြနဲ့"
ထိုသို့ပြောရင်း သူက သင်္ကေတများကို ဝေငှပေးလိုက်ရာ လူတိုင်းက မိမိကိုယ်ကို ကာကွယ်ရန်နှင့် သီးသန့်ခွဲနေရန် သတိရသွားကြတော့သည်။
ရန်မေကလည်း လိပ်ခွံစွမ်းအင်အကာအကွယ်ကို အသက်သွင်းလိုက်ပြီး မျက်နှာအမူအရာက အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေကာ ပြောလိုက်သည်။ "မောင်လေး... တကယ်ပဲ ဒီလောက်တောင် ဆိုးရွားနေတာလား"
လင်းယွမ်က တည်ကြည်သောအသံဖြင့် ပြောလိုက်သည်။ "ကျွန်တော် အထဲဝင်ကြည့်လိုက်ရင် သိရမှာပေါ့... အားလုံး အပြင်ဘက်ကနေပဲ စောင့်နေကြ"
ထိုသို့ပြောရင်း သူက ဆေးကုသရေးဌာန၏ အတွင်းဘက်ရှိ လူနာခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားခဲ့သည်။
ယခုအချိန်တွင် လူနာခန်းအတွင်း၌ လူများ ပြည့်နှက်နေသည်ကို မြင်လိုက်ရပြီး လူအများအပြားက ကုတင်များပင် မရရှိကြဘဲ ကုလားထိုင်များပေါ်တွင် ထိုင်နေကြရသည်။
ရန်ဆန်းမင်နှင့် ထန်ယင်းတို့က အလုပ်ရှုပ်နေကြပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အမျိုးသမီး အများအပြားကလည်း ဆေးများ သယ်ယူပို့ဆောင်ရာတွင် ကူညီပေးနေကြသည်။
လင်းယွမ်က ရန်ဆန်းမင်ကို ရှာတွေ့သွားခဲ့သည်။ သူက မျက်မှောင်ကြုတ်လျက် လူနာတစ်ယောက်ကို သွေးခုန်နှုန်း စမ်းသပ်ပေးနေသည်။
လင်းယွမ်က လျင်မြန်စွာ နှုတ်ဟ၍ မေးလိုက်သည်။ "ဒေါက်တာရန်... ဘယ်လိုဖြစ်တာလဲ"
ရန်ဆန်းမင်က ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်လိုက်သည်။ သူကလည်း အကာအကွယ် ဝတ်စုံကို စောစောစီးစီးကတည်းက ဝတ်ဆင်ထားပြီး လက်အိတ်များကို စွပ်ထားကာ သူ၏ ခေါင်းပေါ်တွင်လည်း အလင်းပေါက်နေသော စက်လုံးပုံစံ စွမ်းအင်အကာအကွယ် တစ်ခုကို ဆောင်းထားသည်။
၎င်းမှာ တစ်စုံတစ်ရာသော စိတ်စွမ်းအင် အကာအကွယ်မျိုး ဖြစ်ပြီး အဖြူရောင်အဆင့် သင်္ကေတများမှ တီထွင်ထုတ်လုပ်ထားသော အစွမ်းတစ်ခု ဖြစ်သည်။
လောလောဆယ်တွင် ဤနေရာ၌ ကူညီပေးနေသူများ အားလုံးက ထိုသို့သော သင်္ကေတ စွမ်းအင်အကာအကွယ်များကို တပ်ဆင်ထားကြသည်။
"ဆရာလင်း... အခြေအနေက မကောင်းဘူး... ဒီလို ဗိုင်းရပ်စ်ပိုးမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့ဘူး"
"ကူးစက်ခံထားရတဲ့ လူနာတွေ အားလုံးက ရောဂါဖြစ်ပွားမှု အရမ်း မြန်တယ်... ရောဂါပျိုးချိန် သိပ်မရှိဘူး... သုံးရက်အတွင်းမှာ အဖျားတက်ပြီး ချောင်းဆိုးတဲ့ အခြေအနေကို ရောက်သွားမယ်... ငါးရက်အတွင်းမှာ သတိလစ်မေ့မြောတဲ့ လက္ခဏာတွေ ပြလာမယ်... ပြီးတော့ ဒီလို အခြေအနေမျိုးကို ရောက်သွားပြီဆိုတာနဲ့ ကုသဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး"
"သူတို့ကိုယ်တိုင်က အစွမ်းပိုင်ရှင်တွေ မဟုတ်ဘူးဆိုရင် သာမန်လူတွေက အခြေခံအားဖြင့် ငါးရက်အကြာမှာ သေဆုံးသွားလိမ့်မယ်"
လင်းယွမ်၏ မျက်နှာအမူအရာက လေးနက်သွားပြီး လျင်မြန်စွာ မေးလိုက်သည်။ "ကူးစက်တဲ့ ဇာစ်မြစ်ကို ရှာတွေ့နိုင်လား"
"ကျွန်တော် ထန်ယင်းကို လူနာတွေ အားလုံးကို မေးမြန်းခိုင်းထားတယ်"
ရန်ဆန်းမင်က အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "ဒီလူနာတွေ အများစုက ဆိပ်ကမ်းဘက်က လာကြတာ... အနည်းအကျဉ်းကတော့ သတ္တုတွင်းဒေသက လာကြတာ... မိန်တောင်ဘက်က လာတဲ့သူတွေလည်း ရှိတယ်... အဲဒီအစား ကျွန်တော်တို့ မီးဝါးတောဘက်က အရမ်းနည်းတယ်"
"လူနာတွေရဲ့ နေရပ် ဖြန့်ကျက်မှု အခြေအနေကို ကြည့်ရမယ်ဆိုရင် ဒါက ရေပြင်ကြီးထဲက လာတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးလို့ ကျွန်တော် အကြီးအကျယ် သံသယဖြစ်မိတယ်"
"ဆိပ်ကမ်းက လူတွေက ရေပြင်ကြီးနဲ့ အချိန်အကြာကြီး ထိတွေ့နေရတော့ ကူးစက်ခံရဖို့ ဖြစ်နိုင်ခြေ ပိုများတယ်လေ"
"စုံစမ်းစစ်ဆေးမှုတွေအရ သူတို့ ကူးစက်မခံရခင်မှာ အများစုက သန္ဓေပြောင်း ငါးတွေကို စားသုံးခဲ့ကြဖူးတယ်"
"ဒါပေမဲ့ လူတိုင်း စားသုံးခဲ့တဲ့ သန္ဓေပြောင်း ငါးအမျိုးအစားတွေက မနည်းတော့... တိတိကျကျ ဘယ်လို သန္ဓေပြောင်း ငါးမျိုးက ဒီလို ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်လာလဲဆိုတာ... ကျွန်တော် မဆုံးဖြတ်နိုင်သေးဘူး"
လင်းယွမ်၏ မျက်နှာက အုံ့မှိုင်းသွားပြီး ပြောလိုက်သည်။ "သူတို့ စားခဲ့တဲ့ ငါးတွေက ထိုက်ယန်တောင် အနီးတစ်ဝိုက်မှာ အတွေ့ရများတဲ့ သန္ဓေပြောင်း ငါးတွေချည်းပဲလေ... အရင်တုန်းကလည်း မစားခဲ့ဖူးတာမှ မဟုတ်တာ... ဘာဖြစ်လို့ အခုမှ ဗိုင်းရပ်စ်ပိုး ကူးစက်တာမျိုးတွေ ဖြစ်လာရတာလဲ"
ရန်ဆန်းမင်က ကြက်သေ သေသွားသည်။ "ဒါ... ကျွန်တော် အဲ့ဒီအထိ မတွေးမိသေးဘူး... ခင်ဗျား ဆိုလိုတာက လူတွေ ဖန်တီးထားတာ ဖြစ်နိုင်တယ်ပေါ့"
လင်းယွမ်က ခေါင်းခါယမ်းလိုက်သည်။ "ကျွန်တော်က သံသယရှိရုံသက်သက်ပါ... သက်သေအထောက်အထားမှ မရှိတာ... စုံစမ်းစစ်ဆေးဖို့ လိုသေးတယ်"
ရန်ဆန်းမင်က လျင်မြန်စွာ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "သေချာ စုံစမ်းဖို့တော့ လိုတယ်"
"ဒါပေမဲ့ လောလောဆယ် အရေးကြီးဆုံး ကိစ္စကတော့... ကူးစက်မှုတွေ ပိုမဆိုးလာစေဖို့ လူတွေကို ရောဂါပိုးရှိတဲ့ အရာတွေနဲ့ ထပ်မထိတွေ့စေဖို့နဲ့ သန္ဓေပြောင်း ငါးတွေကို ယာယီ မစားသုံးကြဖို့ အမြန် လုပ်ရမယ်"
"နောက်တစ်ချက်က ကျွန်တော်တို့ ကုသရေး ဆေးဝါးတွေကို သုတေသနလုပ်ဖို့ အချိန်လုရမယ်"
ရန်ဆန်းမင်က လျင်မြန်စွာ ပြောလိုက်သည်။
လင်းယွမ်က ချက်ချင်း မေးလိုက်သည်။ "သင့်သော်တဲ့ နည်းလမ်းများ ရှိလား"
ရန်ဆန်းမင်က ခေါင်းညိတ်လိုက်သည်။ "လောလောဆယ်တော့ ကုသရေး နည်းလမ်းတစ်ခုကို ကျွန်တော် စဉ်းစားမိထားတယ်... အကျိုးသက်ရောက်မှု ရှိနိုင်ပေမယ့် စမ်းသပ်ကြည့်ဖို့တော့ လိုသေးတယ်"
"ကောင်းပြီ... ခင်ဗျား ဘာပဲလိုအပ်လိုအပ် ကျွန်တော့်ကို ချက်ချင်း ပြောပါ... ဒီလူတွေကို မဖြစ်မနေ ကယ်တင်ရမယ်" လင်းယွမ်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
လင်းယွမ်က ကုသရေး နည်းလမ်း၏ အကြောင်းအရာကို မမေးမြန်းခဲ့ပေ။ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များကို ကျွမ်းကျင်သူများထံ အပ်နှံထားခြင်းက အကောင်းဆုံး ဖြစ်သည်။
"ကောင်းပါပြီ... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"
"ဒါဆို ဒီဘက်ကို ခင်ဗျားကိုပဲ အပ်ခဲ့ပြီ... ကျွန်တော် အခုချက်ချင်း လူခေါ်ပြီး ဆိပ်ကမ်းဘက်ကို ကူးစက်မှု ဇာစ်မြစ် သွားစုံစမ်းလိုက်ဦးမယ်"
သူတို့နှစ်ယောက် တိုင်ပင်ဆွေးနွေးပြီးနောက်တွင် လင်းယွမ်က ချက်ချင်းပင် ဤနေရာမှ ထွက်ခွာလာခဲ့ပြီး တစ်ချိန်တည်းမှာပင် အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော ရန်မေနှင့် အခြားသူများကို အထူး ဂရုစိုက် ကာကွယ်ရန်နှင့် လောလောဆယ် အပြင်မထွက်ကြရန် သတိပေး မှာကြားခဲ့သည်။
အခြားတစ်ဖက်တွင်မူ လင်းယွမ်က ကျောက်ခိုင်၊ ဆုန့်ဝမ်နှင့် အခြား ဌာနအသီးသီးမှ ခေါင်းဆောင်များ အားလုံးကို တိုက်ရိုက် ခေါ်ယူကာ အရေးပေါ် အစည်းအဝေးတစ်ခုကို ကျင်းပခဲ့သည်။
အဓိကအားဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ဌာနအသီးသီးမှတစ်ဆင့် အသိပညာပေးမှုများ လုပ်ဆောင်ရန်နှင့် အချင်းချင်း ကူးစက်မှုများကို ရှောင်ရှားနိုင်ရန် လူတိုင်းကို သန္ဓေပြောင်း ငါးများ စားသုံးခြင်းမှ ယာယီ ရပ်နားထားရန်နှင့် မိမိတို့၏ အိမ်များတွင်သာ သီးသန့် ခွဲခြားနေထိုင်ကြရန် မဖြစ်မနေ လုပ်ဆောင်စေခြင်း ဖြစ်သည်။
လင်းယွမ်၏ အမိန့်အရ ထိုက်ယန်တောင် တစ်ခုလုံး၏ လှုပ်ရှားဆောင်ရွက်မှု အရှိန်က အလွန် လျင်မြန်လှသည်။
နေ့လယ်ခင်း အချိန်လေးအတွင်းမှာပင် လူအားလုံး သူတို့၏ အိမ်များတွင်သာ အသင့်အနေအထားဖြင့် နေထိုင်ကြရသည့် အခြေအနေကို ဖန်တီးနိုင်ခဲ့သည်။
သေချာပေါက်ပင် ဤအခြေအနေများက လူအများအပြားကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်က သဘာဝပင် ဖြစ်သည်။
သို့သော် ကင်းလှည့်တပ်ဖွဲ့၏ အင်အားသုံး ဖိနှိပ်မှုများကြောင့် လူတိုင်းက အထက်လူကြီးများ၏ အမိန့်ကို လိုက်နာကာ အိမ်ထဲတွင်သာ အသီးသီး နေထိုင်ခဲ့ကြသည်။
ယခုအချိန်တွင်မူ လင်းယွမ်က ကျောက်ခိုင်၊ ဟန်ရှန်းမန်၊ ထူလုံနှင့် အခြားသူများကို ခေါ်ဆောင်ကာ ဆိပ်ကမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဆိပ်ကမ်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် လင်းယွမ်က ဟွမ်ဟန်နှင့် ဆုံတွေ့လိုက်ရသည်။
ဟွမ်ဟန်၏ မျက်လုံးများက အနည်းငယ် နီရဲနေသည်ကို တွေ့လိုက်ရပြီး ယခုလေးတင် ငိုထားခဲ့သည့်အလား ပုံပေါက်နေသည်။
လင်းယွမ်ကို မြင်လိုက်ရချိန်တွင် သူမက ချက်ချင်း ငိုကြွေးကာ ပြောလိုက်သည်။ "ဆရာလင်း... ဒေါက်တာရန်ဘက်က သတင်းထူးပြီလားဟင်... ကျွန်မရဲ့ စပါးအုံးမြွေလေးလည်း ကူးစက်ခံလိုက်ရပြီ"
လင်းယွမ်က ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာက အနည်းငယ် လေးနက်သွားပြီး ပြောလိုက်သည်။ "စပါးအုံးမြွေလည်း ကူးစက်ခံရတယ်ပေါ့"
"ဟုတ်တယ်... လွန်ခဲ့တဲ့ နှစ်ရက်လောက်က အကောင်းကြီး ရှိသေးတာ... မနေ့ကစပြီး သူက လန်းလန်းဆန်းဆန်း မရှိတော့ဘဲ ကျွန်မ အစာကျွေးတာကိုလည်း မစားတော့ဘူး"
"သူ အရမ်း နေရခက်နေတယ်ဆိုတာကို ကျွန်မ ခံစားလို့ရတယ်... ဒါပေမဲ့ ကျွန်မမှာ ဘာမှ မတတ်နိုင်ဘဲ ထိုင်ကြည့်နေရတယ်... အီးဟီး... ဆရာလင်း... တောင်းပန်ပါတယ်... ကျွန်မရဲ့ စပါးအုံးမြွေလေးကို မဖြစ်မနေ ကယ်ပေးပါနော်"
သူမက ပြောရင်းဆိုရင်းဖြင့် အသံထွက်ကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်တော့သည်။
ကမ္ဘာပျက်ကပ်ကြီး အပြီးတွင် မိသားစုဝင်များကို ဆုံးရှုံးခဲ့ရပြီးနောက် ဟွမ်ဟန်အတွက် သူမ၏ အနီးနားတွင် အဖော်ပြုပေးမည့်သူဟူ၍ ဤစပါးအုံးမြွေလေး အိမ်မွေးတိရစ္ဆာန် တစ်ကောင်သာ ကျန်ရှိတော့သည်။
အခြားသူများ၏ ခွေးများနှင့် ကြောင်များက သန္ဓေပြောင်းသွားပြီးနောက်တွင် သူတို့၏ သခင်များကို ပြန်လည် ကိုက်ခဲတတ်ကြပြီး ကိုယ့်သခင်ကိုပင် ပြန်စားသွားတတ်ကြသည်။
သို့သော် သူမ၏ အားဟွမ်လေး တစ်ကောင်တည်းကသာ သန္ဓေပြောင်းသွားပြီးနောက် ဆိုးသွမ်းမသွားခဲ့သည့်အပြင် ရေထဲသို့ဆင်းကာ သူမအတွက် ငါးများပင် အမြဲ ဖမ်းပေးလေ့ရှိသည်။
ဟွမ်ဟန်နှင့် ဤစပါးအုံးမြွေလေး၏ ဆက်ဆံရေးက ရိုးရှင်းသော သခင်နှင့် အိမ်မွေးတိရစ္ဆာန် ဆက်ဆံရေးမျိုး မဟုတ်တော့ဘဲ မိသားစုဝင်များသဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လင်းယွမ်က နှစ်သိမ့်ပေးလိုက်သည်။ "စိတ်ချပါ... ဒေါက်တာရန်ဆီမှာ ကုသဖို့ နည်းလမ်း ရှိနေပါပြီ... မကြာခင် နင့်ရဲ့ အားဟွမ်ကို ကယ်တင်ပေးနိုင်တော့မှာပါ"
"ခုတလော သူ ဘာတွေ စားခဲ့လဲဆိုတာကိုရော မင်း သတိထားမိလိုက်လား"
ဟွမ်ဟန်က နီရဲနေသော မျက်လုံးများဖြင့် ငိုကြွေးကာ ပြောလိုက်သည်။ "အားဟွမ်က အစားကြီးတယ်... သူ ပုံမှန် အစာရှာထွက်ရင် ပင်လယ်ထဲကို ကိုယ့်ဘာသာကိုယ် ဆင်းပြီး အစာသွားရှာစားလေ့ရှိတယ်... ကျွန်မက တစ်ခါတလေမှ ကြက်နီတွေ မီးဝါးကြွက်တွေလိုမျိုး အကောင်တွေကို သူ့ကို ကျွေးဖြစ်တာ"
"ဒါပေမဲ့ အများစုကတော့ သူ ပင်လယ်ထဲက ငါးတွေကိုပဲ စားတာများတယ်"
ဘေးနားရှိ ဟန်ရှန်းမန်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ပင်လယ်ထဲမှာ သန္ဓေပြောင်း ငါးတွေ အများကြီး ရှိတာ... ဘယ်လို ငါးမျိုးက ရောဂါပိုး သယ်ဆောင်လာတယ်ဆိုတာကို ခွဲခြားသိနိုင်ဖို့ ခက်လိမ့်မယ်"
ကျောက်ခိုင်ကလည်း မနေနိုင်ဘဲ ပြောလိုက်သည်။ "အတွေ့ရများတဲ့ သန္ဓေပြောင်း ငါးတွေကို အကုန် ဖမ်းလာပြီး တစ်ကောင်ချင်းစီ စစ်ဆေးကြတာပေါ့"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းက အနည်းငယ် တုံးအသော နည်းလမ်း ဖြစ်သော်လည်း လောလောဆယ်တွင် အခြား နည်းလမ်းလည်း မရှိတော့ပေ။
ထိုအချိန်တွင် ဟွမ်ဟန်က ရုတ်တရက် ပြောလိုက်သည်။ "အားဟွမ်က တွေ့သမျှ ငါးတိုင်းကို စားတာ မဟုတ်ဘူး... သူ အကြိုက်ဆုံးက မျက်လုံးနီ ငွေရောင်ငါးတွေရယ်... သန္ဓေပြောင်း ဆာဒင်းငါးတွေလိုမျိုး အရွယ်အစား သေးငယ်တဲ့ သန္ဓေပြောင်း ငါးတွေကိုပဲ"
"ဒီငါးတွေက အရွယ်အစား သေးတော့ ဝါးစားစရာ မလိုဘူးလေ... သူ မျိုချလိုက်ရင်လည်း အစာကြေလွယ်တယ်"
လင်းယွမ်က ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် မျက်လုံးများ တောက်ပသွားပြီး လျင်မြန်စွာ မေးလိုက်သည်။ "အရွယ်အစား သေးငယ်တဲ့ ငါးတွေပေါ့... နင် သေချာလား"
"သေချာပါတယ်... အားဟွမ်ရဲ့ စားသောက်တဲ့ အလေ့အကျင့်ကို ကျွန်မ အသိဆုံးပါ" ဟွမ်ဟန်က အလျင်အမြန် ပြောလိုက်သည်။
လူတိုင်းက တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် ဟန်ရှန်းမန်က လျင်မြန်စွာ ပြောလိုက်သည်။ "ကျွန်မ ရေဓာတ် အစွမ်းပိုင်ရှင်တွေ အားလုံးကို အခုချက်ချင်း စုစည်းလိုက်မယ်... အရွယ်အစား သေးငယ်တဲ့ သန္ဓေပြောင်း ငါးတွေရဲ့ နမူနာကို ရေထဲဆင်းပြီး သွားဖမ်းခိုင်းလိုက်မယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "လူတိုင်းကို အကာအကွယ်တွေ သေချာ လုပ်သွားခိုင်းလိုက်"
"နားလည်ပါပြီ"
ဟန်ရှန်းမန်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီးနောက် ရေဓာတ် အစွမ်းပိုင်ရှင် အများအပြားကို အလျင်အမြန် သွားရောက် ရှာဖွေခေါ်ဆောင်လာခဲ့သည်။
လူတိုင်းက ရေထဲသို့ လျင်မြန်စွာ ဆင်းသွားကြပြီး သန္ဓေပြောင်း ငါးများကို စတင် ဖမ်းဆီးကြတော့သည်။
လင်းယွမ်က အတက်အကျ ဖြစ်ပေါ်နေသော ရေပြင်ကို ကြည့်လိုက်သည်။ ရေလွှမ်းမိုးမှု အောက်တွင် ရေပြင်ထက်၌ လှိုင်းတံပိုးများက လိမ့်တက်နေသည်။
သူ၏ ရင်ထဲတွင် မကောင်းသော ကြိုတင် ခံစားမှု တစ်ခုက ဖြစ်ပေါ်နေခဲ့သည်။
ဤကူးစက်ရောဂါ ဖြစ်ပွားလာမှုက သိပ်တော့ ပုံမှန် မဟုတ်ပေ။
ဆက်ရန်...
***