"ငါ သူ့ဆီမှာ အနှစ်နှစ်ဆယ် အမှုထမ်းမယ်။ အဲဒီနောက်မှာတော့ မင်းတို့ ဇီဝေချန်မိသားစုနဲ့ ငါနဲ့ ဘာမှမပတ်သက်တော့ဘူး"
"သဘောတူတယ်"
ခဏအကြာတွင်...
ချန်ကျီရှင်း၏ နောက်ကျောဘက်၌ ခေါင်းတလားကို ပိုးထားပြီး ခမောက်ဆောင်းထားသော၊ ဝတ်ရုံနက်ဝတ် အရပ်ရှည်ရှည် ပုံရိပ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ဤသို့ဖြင့် ချန်ကျီရှင်း၏ အမှောင်ဌာနခွဲအတွက် ဒုတိယမြောက် အဖွဲ့ဝင်ကို စုဆောင်းမိသွားပြီဖြစ်သည်။
ချန်တောက်ယန်သည် ချန်ကျီရှင်းကို ရှေ့သို့ ဆက်လက်ဦးဆောင်ခေါ်သွားသည်။ မှောင်မည်းနေသော သံလှောင်အိမ်များအတွင်းမှ နီရဲသော မျက်လုံးအစုံတို့မှာ တစ်ခုပြီးတစ်ခု ပွင့်လာကြပြီး ချန်တောက်ယန်တို့ လူစုရှိရာသို့ စိုက်ကြည့်နေကြ၏။ နောက်ဆုံးတွင် ချန်တောက်ယန်သည် ပဉ္စမမြောက် သံလှောင်အိမ်ရှေ့၌ ချန်ကျီရှင်းနှင့်အတူ ရပ်တန့်လိုက်သည်။
လှောင်အိမ်ထဲရှိ အနက်ရောင်မြူခိုးများ တဖြည်းဖြည်း လွင့်စင်သွားချိန်တွင် မျောက်တစ်ကောင်ကဲ့သို့ သွယ်လျချွန်ထက်သော မျက်နှာထားရှိသည့် အဘိုးအိုတစ်ဦးမှာ ရုတ်တရက် မျက်လုံးများ ပွင့်လာသည်။ သူ၏ လှုပ်ရှားမှုမှာ လျှပ်စီးလက်သကဲ့သို့ မြန်ဆန်လှသဖြင့် ဟင်းလင်းပြင်ထဲ၌ ပုံရိပ်ယောင်များပင် ကျန်ရစ်ခဲ့၏။
ဂုန်းးးးးး
ရိုက်ခတ်မှုကြောင့် လှောင်အိမ်၏ သံတိုင်များမှာ ပြင်းထန်စွာ တုန်ခါသွားပြီး နီရဲသော နတ်
ဘုရားအင်းကွက်များ လင်းလက်လာသည်။ အသက်အရွယ်ကြောင့် ပေါ်ပေါက်လာသော အစက်အပြောက်များဖြင့် ပြည့်နေသည့် မျက်နှာတစ်ခုမှာ သံတိုင်များကို တင်းကျပ်စွာ မှီကပ်လျက် ချန်ကျီရှင်းနှင့် ချန်တောက်ယန်တို့ကို စိုက်ကြည့်နေသည်။
"မျက်နှာတစ်ထောင် သူခိုးနတ်ဘုရား... ဟွာလင်းဟောက်"
ချန်တောက်ယန်က ပြုံးလျက် ရေရွတ်လိုက်သည်။
"သူခိုးနတ်ဘုရား သာမန် သူခိုးအသေးအဖွဲလေးကများ ကိုယ့်ကိုကိုယ် နတ်ဘုရားလို့ ခေါ်ရဲသေးတယ်။ တကယ်ကို ရယ်စရာကောင်းတာပဲ"
ချန်ကျီရှင်း တစ်ခွန်းမျှ မဟရသေးမီမှာပင် သူ၏အနောက်ရှိ ဓားမိစ္ဆာ တူကူးနီထံမှ အေးစက်သော ရယ်မောသံ ထွက်ပေါ်လာသည်။
"အမဲလိုက်ခံရလို့ ထိတ်လန့်တကြား ထွက်ပြေးခဲ့ရပြီး အသက်ဘေးက လွတ်ဖို့ သေချာဟန်ဆောင်ခဲ့ရတဲ့သူကများ ငါ့ကို ပြောထွက်သေးတယ်လား"
ဟွာလင်းဟောက်သည် ချန်ကျီရှင်းအနောက်ရှိ ဝတ်ရုံနက်နှင့် ပုံရိပ်ကိုကြည့်ကာ လှောင်ပြောင်လိုက်သည်။
သိသာထင်ရှားသည်မှာ ဤနှစ်ဦးသည် ယခင်ကတည်းက ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်နေခြင်းပင်။
"ငါ အမဲလိုက်ခံရတော့ရော ဘာဖြစ်လဲ အနည်းဆုံးတော့ ငါက မင်းလို သူခိုးဂျပိုး မဟုတ်ဘဲ သိက္ခာရှိရှိ နေခဲ့တာပဲ"
တူကူးနီက ခေါင်းမော့လိုက်ရာ ခမောက်အောက်ရှိ သူ၏မျက်နှာတွင် မထီမဲ့မြင်ပြုသော အမူအရာမှာ အထင်အရှားပင်။
"သူခိုးဂျပိုး ဟုတ်လား အေးလေ... ကောင်းပြီ ကောင်းပြီ။ ငါ အပြင်ရောက်တာနဲ့ မင်းရဲ့ဓားကို အရင်ဆုံး ခိုးပြမယ်။ အဲဒီကျမှ လာမငိုနဲ့နော်"
ဟွာလင်းဟောက်က အေးစက်စွာ ခေါင်းယမ်းရင်း တုံ့ပြန်လိုက်သည်။
"တော်ကြတော့... မင်းတို့နှစ်ယောက်လုံး ဘာမှထပ်မပြောနဲ့တော့"
ချန်တောက်ယန်က လက်ကာပြလိုက်ပြီး "ဟွာလင်းဟောက်ရဲ့ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်
အဆင့် အစွမ်းက သိပ်မကြီးမားပေမဲ့ သူ့ရဲ့ အရှိန်ကတော့ လျှပ်စီးလို မြန်ဆန်တယ်။ ပြီးတော့ သူက ရုပ်ဖျက်အတတ်မှာလည်း ကျွမ်းကျင်လွန်းတယ်။ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့် ၉ ရှိတဲ့သူတောင် သူ့ကို အလွယ်တကူ ဖမ်းမိဖို့ မလွယ်ဘူး"
"ဘယ်လိုလဲ သူ့ကို မင်းရဲ့ တတိယမြောက် အဖွဲ့ဝင်အဖြစ် ထည့်သွင်းစဉ်းစားချင်လား"
ဤစကားကို ကြားလိုက်ရချိန်တွင် ချန်ကျီရှင်း၏ ရင်ထဲ၌ လှုပ်ရှားသွားတော့သည်။ နောင်တစ်ချိန်တွင် ကျင့်စဉ်များကို စုဆောင်းရန် လိုအပ်လာပါက အရှိန်အဟုန် ကောင်းမွန်သောသူ တစ်ဦး ရှိထားရန် လိုအပ်သည်။ ဤလူမှာ သူ၏လိုအပ်ချက်နှင့် ကွက်တိပင်။
"ကောင်းပါပြီ"
ချန်ကျီရှင်းက ခေါင်းညိတ်လိုက်သည်။
...
ချန်ကျီရှင်းနှင့် ချန်တောက်ယန်တို့သည် ခြံစည်းရိုးခတ်ထားသော အိမ်ဝိုင်းလေးအတွင်းမှ လမ်းလျှောက် ထွက်လာခဲ့ကြသည်။ ချန်ကျီရှင်း၏ အနောက်တွင် ယခုအခါ ဝတ်ရုံနက်ဝတ် ပုံရိပ်နှစ်ခု ပါရှိနေပြီဖြစ်သည်။
တစ်ဦးမှာ အရပ်ရှည်ရှည် ဗလကောင်းကောင်းနှင့် အနက်ရောင် ခေါင်းတလားကြီးကို ပိုးထားသူ ဖြစ်သည်။ အခြားတစ်ဦးမှာမူ အရပ်သုံးပေခန့်သာရှိပြီး အလွန်ပုလှသည်။ အဝေးမှကြည့်လျှင် လူဝတ်စုံ ဝတ်ဆင်ထားသော မျောက်တစ်ကောင်နှင့်ပင် တူနေတော့သည်။
ထိုသူနှစ်ဦးမှာ ချန်ကျီရှင်းက ခေါ်ထုတ်လာခဲ့သော ဓားမိစ္ဆာတူကူးနီနှင့် မျက်နှာတစ်ထောင် သူခိုးနတ်ဘုရားဟွာလင်းဟောက်တို့ပင်။ ဤသို့ဖြင့် ချန်ကျီရှင်း၏ ကိုယ်ပိုင် အမှောင်ဌာနခွဲမှာ ပုံပေါ်လာခဲ့ပြီ ဖြစ်သည်။
တိုက်ခိုက်ရေး တာဝန်ယူရမည့် ဓားမိစ္ဆာ တူကူးနီသည် နှစ်ပေါင်း ရှစ်ဆယ်တိုင်တိုင် အကျဉ်းချခံထားရသဖြင့် သူ၏ကျင့်ကြံမှုမှာ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့် ၃ သို့ ပြန်လည်ကျဆင်းသွားခဲ့သော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းမှာမူ အလွန်မြင့်မားဆဲ ဖြစ်သည်။ ချန်တောက်ယန်၏ ခန့်မှန်းချက်အရ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့် ၅ အောက်ရှိသူများထဲတွင် တူကူးနီကို ယှဉ်နိုင်သူ ရှိလိမ့်မည်မဟုတ်ပေ။
အရှိန်နှင့် သတင်းထောက်လှမ်းရေး တာဝန်ယူရမည့် မျက်နှာတစ်ထောင် သူခိုးနတ်ဘုရား ဟွာလင်းဟောက်၏ကျင့်ကြံမှုမှာလည်း စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့် ၃ သို့ ရောက်ရှိနေသော်လည်း သူ၏ စွမ်းရည်အမှတ်အများစုမှာ ကိုယ်ဖော့အတတ်နှင့် ရုပ်ဖျက်ခြင်းတွင်သာ ရှိနေသဖြင့် တိုက်ခိုက်ရေးစွမ်းအားမှာ သိပ်မပြင်းထန်လှပေ။ သို့သော် သူ၏ ရုပ်ဖျက်အတတ်နှင့် အရှိန်အဟုန်မှာမူ စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အတွင်း၌ ပြိုင်ဘက်ကင်းလှသည်။
ဒီလူက တစ်ခါက စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အဆင့် ၉ ရှိတဲ့ ကျင့်ကြံသူရဲ့ လိုက်လံဖမ်းဆီးမှုကို ခံခဲ့ရပေမဲ့ အသက်ရှင်လျက် လွတ်မြောက်ခဲ့ဖူးသူပဲ။
သူ၏ ထွက်ပြေးတိမ်းရှောင် တတ်သည့် အစွမ်းမှာ အလွန်ပင် ထင်ရှားသည်။
ထို့ပြင် တောက်လောင်နေသော အနက်ရောင်ကံကြမ္မာပိုင်ရှင် ထူးဆန်းသော ကောင်လေးကိုပါ ထည့်ပေါင်းလိုက်လျှင် ချန်ကျီရှင်း၏ အမှောင်ဌာနခွဲသုံးဦးအဖွဲ့မှာ အမှန်တကယ်ပင် ပုံပေါ်လာခဲ့ပြီဖြစ်သည်။
သို့သော် ထိုကောင်လေး၏ ရိုးသားဖြူစင်သော သဘာဝနှင့် နှိုင်းယှဉ်ပါက ဤဝါရင့် ကျင့်ကြံသူနှစ်ဦးကိုမူ အခွင့်အရေးရလျှင် အနည်းငယ် နှိပ်ကွပ်ထားရန် လိုအပ်သည်ဟု ချန်ကျီရှင်း ယုံကြည်နေသည်။
"ကျီရှင်း... သူတို့နှစ်ယောက်လုံးရဲ့ ကိုယ်ပေါ်မှာ ကျိန်စာတံဆိပ်တွေ ရှိတယ်။ သူတို့သာ မကောင်းတဲ့စိတ် ထားခဲ့မယ်ဆိုရင် မင်းက အဲဒီကျိန်စာတွေကို သုံးပြီး သူတို့ကို အချိန်မရွေး ပြန်လည် ထိန်းချုပ်နိုင်တယ်"
ချန်တောက်ယန်က ဘာကိုမှ ဖုံးကွယ်မထားဘဲ ပြုံး၍ ပြောလိုက်သည်။ ထို့နောက် ကျိန်စာတံဆိပ်ကို ထိန်းချုပ်သည့် နည်းစနစ်တစ်ခုကို ချန်ကျီရှင်း၏ အသိစိတ်ပင်လယ်အတွင်းသို့ တိုက်ရိုက် ပို့လွှတ်ပေးလိုက်၏။
"ဟုတ်ကဲ့ပါ ကျွန်တော် နားလည်ပါပြီ"
ချန်ကျီရှင်းက ပြုံးလိုက်သည်။ ချန်တောက်ယန်သည် ချန်ကျီရှင်း၏ အရှိန်အဝါကို မြှင့်တင်ပေးရန်အတွက် ဤစကားကို သူတို့နှစ်ဦးရှေ့တွင် ရည်ရွယ်ချက်ရှိရှိ ပြောဆိုသွားခြင်းဖြစ်ကြောင်း သူ ကောင်းကောင်း နားလည်သည်။
"ကဲ... မင်းတို့ပဲ အချင်းချင်း အသားကျအောင် နေကြတော့။ ငါ သွားတော့မယ်"
ချန်တောက်ယန်သည် ချန်ကျီရှင်း၏ ပခုံးကို အဓိပ္ပာယ်ပါပါ ပုတ်လိုက်ပြီးနောက် ဟင်းလင်းပြင်ထဲသို့ ခြေလှမ်းလှမ်းကာ အဆုံးမဲ့သော ညကောင်းကင်ယံအတွင်းသို့ ပျောက်ကွယ်သွားတော့သည်။ ချန်တောက်ယန်၏ အရှိန်အဝါ လုံးဝ ပျောက်ကွယ်သွားသည်ကို အာရုံခံမိပြီးနောက် တူကူးနီနှင့် ဟွာလင်းဟောက်တို့သည် ချန်ကျီရှင်း၏ ကျောပြင်ကို ကြည့်လိုက်ကြပြီး စူးစမ်းလိုစိတ်များဖြင့် အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"သူ့ရဲ့ အရည်အချင်းကို စမ်းသပ်ကြည့်ရအောင်"
တူကူးနီက အသံမထွက်ဘဲ နှုတ်ခမ်းလှုပ်ရုံမျှဖြင့် ပြောလိုက်သည်။
ဟွာလင်းဟောက်က ခေါင်းညိတ်ပြလိုက်ပြီးနောက် ပြုံးစိစိဖြင့် "ဟေ့... လူငယ်လေး ချန်
တောက်ယန်က မင်းကို တော်တော် အထင်ကြီးပုံပဲ။ ငါနဲ့ ဒီအဘိုးကြီး တူကူးကိုတောင် မင်းလက်အောက်မှာ အလုပ်ခိုင်းဖို့ လွှတ်လိုက်တယ်ဆိုတော့..."
ချန်ကျီရှင်းက ဘာမှပြန်မပြောဘဲ ရှေ့သို့သာ ဆက်လက် လျှောက်လှမ်းနေခဲ့၏။
"ဟင် ငါက မင်းကို စကားပြောနေတာလေ မကြားဘူးလား"
ဟွာလင်းဟောက်သည် ခြေတစ်လှမ်းလှမ်းကာ ချန်ကျီရှင်း၏ လမ်းကို ပိတ်ဆို့လိုက်သည်။ သူသည် ချန်ကျီရှင်းကို မော့ကြည့်ရင်း ဖြီးပြကာ "မျိုးဆက်သစ် လူငယ်တစ်ယောက်အနေနဲ့ ယဉ်ကျေးရမယ်လေ။ လူကြီးသူမတွေကို ကိုယ့်ဘာသာကိုယ် မိတ်ဆက်တတ်အောင် သင်ယူရမယ် နားလည်လား"
ချန်ကျီရှင်းသည် သူ၏ခါးလောက်သာရှိသော ဟွာလင်းဟောက်ကို ငုံ့ကြည့်လိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။
"အစေအပါးဆိုတာ ကိုယ့်အတိုင်းအတာကိုယ် သိရတယ်။ မင်းရဲ့ အဆင့်အတန်းက ဘာလဲ။ ငါ့ရဲ့ ရာထူးက ဘာလဲ... ငါ ဘာလုပ်သင့်တယ်ဆိုတာကို သင်ပေးဖို့ မင်းမှာ အရည်အချင်း ရှိလို့လား"
ထိုစကားအဆုံးတွင် ဟွာလင်းဟောက်၏ မျက်နှာပေါ်ရှိ အပြုံးများမှာ ချက်ချင်းပင် တောင့်ခဲသွားတော့သည်။ သူ၏ မျက်ဝန်းများထဲတွင် ဒေါသရိပ်များ ယှက်သန်းလာပြီး ချန်ကျီရှင်း၏ အနောက်မှ တူကူးနီကို လှမ်းကြည့်လိုက်သည်။
"ဆက်ပြောစမ်းပါဦး"
တူကူးနီက မေးထိုးပြလိုက်သည်။
ဟွာလင်းဟောက်က အံကြိတ်လျက် အတင်းအကျပ် ပြုံးပြရင်း ဆက်ပြောသည်။
"မျိုးဆက်သစ် လူငယ်တစ်ယောက်ဖြစ်ပြီး စကားပြောတာ တော်တော်လေး အချိုးမပြေတာပဲ"
ခေတ္တရပ်နားပြီးနောက် ဟွာလင်းဟောက်က စကားလမ်းကြောင်းလွှဲလိုက်သည်။
"ကောင်လေး... ငါ ချန်တောက်ယန်ရဲ့ အကျဉ်းချတာကို ခံထားရတာ နှစ်ပေါင်း သုံးဆယ်ရှိပြီ။ အခုတော့ ငါ့ကိုယ်ငါ နည်းနည်းလောက် အကြောလျှော့ပါရစေဦး။ မနက်ဖြန်ကျမှ ဇီဝေတောင်ထိပ်ကို လာခဲ့မယ်။ ဟုတ်ပြီလား မင်း နားလည်ပေးနိုင်မယ်လို့ ငါယုံကြည်ပါတယ်"
စကားအဆုံးတွင် ချန်ကျီရှင်း၏ သဘောတူညီချက်ကိုပင် မစောင့်တော့ဘဲ ဟွာလင်းဟောက်သည် မြေပြင်မှ ဝုန်းခနဲ ပျံတက်သွားပြီး လင်အန်းမြို့ရှိရာသို့ ရွှေရောင်အလင်းတန်းတစ်ခုအလား တစ်ဟုန်ထိုး ပြေးထွက်သွားတော့သည်။
တူကူးနီက ထိုသည်ကို မြင်သောအခါ ထူးခြားသော အကြည့်မျိုးဖြင့် ချန်ကျီရှင်းကို ကြည့်လိုက်သည်။
ပုန်ကန်တာလား...
သုတို့အနေဖြင့် ပုန်ကန်ရန် လုံးဝရည်ရွယ်ခြင်း မရှိသကဲ့သို့ မလုပ်ရဲကြသည်မှာလည်း အသေအချာပင်။ တောင်ကြီးတစ်လုံးကဲ့သို့ အရှိန်အဝါကြီးမားလှသော ချန်တောက်ယန်ကို ထားလိုက်ပါက သူတို့သာ ပုန်ကန်ရန် ကြိုးပမ်းလျှင် ချန်တောက်ယန်အနေဖြင့် လက်ဝါးတစ်ချက်ရိုက်ရုံမျှဖြင့် ဖိခြေပစ်နိုင်စွမ်းရှိသည်။ ထို့ပြင် ချန်ကျီရှင်း၏လက်ထဲတွင်ရှိသော ကျိန်စာတံဆိပ်ကို အနည်းငယ် လှုပ်နှိုးလိုက်ရုံမျှဖြင့် သူတို့ကို နာကျင်စွာ နှိပ်စက်ရန် လုံလောက်နေပြီ ဖြစ်သည်။
သို့သော် သူတို့ ဤကဲ့သို့ စွန့်စားကာ လုပ်ဆောင်ရခြင်း၏ အကြောင်းရင်းမှာ စမ်းသပ်လိုသောကြောင့်ပင်။ ချန်ကျီရှင်း၏ စိတ်နေစိတ်ထားနှင့် အရည်အချင်း မည်မျှရှိသည်ကို သိရှိလိုခြင်းပင်။ မည်သည့် ပတ်သက်ဆက်နွှယ်မှုမျိုးတွင်မဆို အသာစီးနှင့် အောက်စီးဟူ၍ အမြဲရှိနေတတ်သည်သာ ဖြစ်ရာ တစ်ဖက်က သန်မာပါက အခြားတစ်ဖက်က အလျှော့ပေးရမည်သာ ဖြစ်သည်။ အကယ်၍ ချန်ကျီရှင်းသည် ပျော့ညံ့၍ အနိုင်ကျင့်ရလွယ်သော လူအေးတစ်ဦးသာ ဖြစ်ပါက သူတို့မှာ အတင့်ရဲ၍ နယ်ကျွံလာကြမည် ဖြစ်သော်လည်း ချန်ကျီရှင်းမှာ ပြတ်သားသူတစ်ဦး ဖြစ်ပါကမူ သူတို့သည် အလိုလိုပင် သူတို့၏ အဆင့်အတန်းကို လျှော့ချ၍ အလေးအနက် ထောက်ခံအားပေးကြမည် ဖြစ်သည်။
“မင်းက တိတ်တိတ်လေး သည်းခံမှာလား... ဒါမှမဟုတ် ကျိန်စာတံဆိပ်ကို သုံးမှာလား”
တူကူးနီသည် စူးစမ်းလိုစိတ်များဖြင့် စိတ်ထဲမှ ပြုံးနေမိသည်။
"မင်းမွေးထားတဲ့ ခွေးက မင်းစကားကို နားမထောင်ရင် မင်းဘာလုပ်မလဲ"
ချန်ကျီရှင်းက တူကူးနီကို ရုတ်တရက် ကြည့်လိုက်ပြီး ပြုံးလျက် မေးလိုက်သည်။ တူကူးနီ၏ အမူအရာမှာ ချက်ချင်းပင် တောင့်ခဲသွားတော့၏။
"တစ်ခါတလေကျရင် လူတွေကို ဆက်ဆံတာက ခွေးတွေကို ဆက်ဆံတာနဲ့ တူတယ်လေ။ သူတို့အပေါ် ကောင်းပြလိုက်ရင် သူတို့က မင်းကို ပြန်ပြီး သွားဖြဲပြတတ်ကြတယ်။ အဲဒီလို အခြေအနေမျိုးမှာ ငါ့အမြင်ကတော့..."
ချန်ကျီရှင်းက ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။
"ပြင်းပြင်းထန်ထန် ဆုံးမလိုက်တာက သူတို့ကို ယဉ်ပါးသွားစေဖို့ အကောင်းဆုံးပဲ"
ဝုန်းးးးးးး
ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကျယ်ပြောလှသော မြေပြင်မှာ ချန်ကျီရှင်း၏ ခြေဖဝါးအောက်တွင် လက်မအနည်းငယ်မျှသာ ရှိတော့သကဲ့သို့ ကျုံ့ဝင်သွားသည်။ ခုနစ်လှမ်းမျှ လှမ်းလိုက်ရုံဖြင့် ချန်ကျီရှင်းသည် ဟွာလင်းဟောက်၏ အထက်တွင် ရုတ်တရက် ပေါ်လာတော့သည်။
ဘုန်းးးးးးး
ချန်ကျီရှင်းသည် သူ၏ညာဘက်ခြေထောက်ကို ကောင်းကင်ယံကို ခွင်းမည့် ဧရာမ ပုဆိန်ကြီးတစ်လက်အလား မြှောက်လိုက်ပြီး ပြင်းထန်လှသော အရှိန်ဖြင့် အောက်သို့ ဖိနင်းချလိုက်
တော့သည်။
***