ဘုန်းးးး
ပြင်းထန်လှသော လေတိုးသံတစ်ခုမှာ သူ၏နားစည်ဘေးတွင် ပဲ့တင်ထပ်သွားသည်။
ဟွာလင်းဟောက် မော့ကြည့်လိုက်ရာ ဧရာမခြေဖဝါးကြီးတစ်ခုမှာ သူ၏မျက်သူငယ်အိမ်ထဲတွင် တဖြည်းဖြည်း ကြီးမားလာပြီး လျင်မြန်စွာ ဖိနင်းချလာသည်ကို မြင်လိုက်ရ၏။
"ဒီလောက် မြန်လှချည်လား"
ဟွာလင်းဟောက်၏ အမူအရာမှာ အနည်းငယ် ပျက်ယွင်းသွားသော်လည်း တုန်လှုပ်နေသည့်ကြားမှ သူသည် တည်ငြိမ်မှုကို ထိန်းထားဆဲပင်။ သူ၏တစ်ကိုယ်လုံးကို ကျုံ့လိုက်ပြီး မဖြစ်နိုင်လောက်သော ထူးဆန်းသည့် ထောင့်ချိုးတစ်ခုမှနေ၍ ထိုတိုက်ခိုက်မှုကို ရှောင်တိမ်းရန် ပြင်လိုက်သည်။
ရယ်စရာပဲ... ငါ ကျင့်ကြံခြင်းလောကထဲမှာ ဒီလောက်နှစ်အကြာကြီး လှည့်လည်ခဲ့တာ။ ဘယ်လို အစွမ်းထက်တဲ့ ရန်သူကမှ ငါ့ကို အလဲမထိုးနိုင်ခဲ့ဘူး။ မင်းလိုကောင်ကများ...
သူသည် စိတ်ထဲမှနေ၍ တိတ်တဆိတ် လှောင်ပြောင်နေမိသည်။
ဒုန်းးး
ဧရာမတူကြီးတစ်လက်နှင့် ထုရိုက်လိုက်သကဲ့သို့ သူ၏ဦးခေါင်းခွံပေါ်သို့ ပြင်းထန်စွာ ကျရောက်လာတော့သည်။
"အားးး"
ဟွာလင်းဟောက်သည် သူ၏ အသိစိတ်ပင်လယ်တစ်ခုလုံး ပေါက်ကွဲတော့မတတ် ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ရုတ်တရက် ခံစားလိုက်ရကာ အော်ဟစ်သံပင် မထိန်းနိုင်ဘဲ ထွက်ပေါ်လာတော့သည်။
နာကျင်မှုကြောင့် သူ၏တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်စိထဲတွင် ကြယ်များ လွင့်စင်ကုန်ကာ သူ၏ကျောပြင်မှာလည်း ချွေးအေးများဖြင့် ချက်ချင်း စိုရွှဲသွားတော့သည်။
ထိုအခဏ၌ပင်...
ဘုန်းးး
ချန်ကျီရှင်း၏ ညာဘက်ခြေထောက်မှာ ဧရာမနှင်တံကြီးတစ်ခုအလား ဟွာလင်းဟောက်၏ ပခုံးပေါ်သို့ ရက်ရက်စက်စက် ကျရောက်သွားပြီး သူ့ကို ဟင်းလင်းပြင်ပေါ်မှနေ၍ အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
ဟွာလင်းဟောက် မြေပြင်ပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားပြီး သူ ပြန်လည် မတုံ့ပြန်နိုင်သေးမီမှာပင်...
ချန်ကျီရှင်းမှာ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏အထက်သို့ ခုန်တက်ကာ ပေါ်လာပြန်သည်။
နောက်တစ်ခဏ၌ ချန်ကျီရှင်းသည် သူ၏ခေါင်းကို ဖမ်းဆွဲလိုက်၏။
"မင်းက အကြောလျှော့ချင်တာ မဟုတ်လား ငါကိုယ်တိုင် မင်းကို ကူညီပေးပါ့မယ်"
ချန်ကျီရှင်းသည် လက်ချောင်းငါးချောင်းဖြင့် ဟွာလင်းဟောက်၏ ဦးခေါင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ဘေးနားရှိ ကျောက်တုံးကြီးတစ်ခုဆီသို့ ဦးတည်လိုက်သည်။
ဒုန်းးး…..
ဟွာလင်းဟောက်၏ မျက်နှာတစ်ခုလုံး ထိုကျောက်တုံးနှင့် ပြင်းထန်စွာ ဆောင့်မိသွားတော့သည်။
"အကြော လျော့သွားပြီလား"
"ဒီလောက်ဆိုရင်ကော လောက်ပြီလား"
ဒုန်း ဒုန်း
"ငါ မင်းကို မေးနေတယ်လေ... အခုရော အကြော လျော့သွားပြီလား"
ဒုန်း ဒုန်း ဒုန်း
စူးရှလှသော အော်ဟစ်သံနှင့်အတူ ချန်ကျီရှင်းက သူ၏ လှုပ်ရှားမှုများကို ရပ်တန့်လိုက်သည်။
ဟွာလင်းဟောက်မှာ ဆောင့်မိထားသော ဒဏ်ကြောင့် ခေါင်းမူးဝေနေပြီး ချန်ကျီရှင်းကို ကြည့်လိုက်ရာ သူ၏မျက်နှာတွင် ကြောက်ရွံ့ရိပ်များ ဖြတ်ပြေးသွားတော့သည်။ ချန်ကျီရှင်းက ခေါင်းပြန်မော့လာသည်ကို မြင်လျှင်...
"လျော့ပြီ လျော့ပြီ တကယ့်ကို အကြောတွေ လျော့သွားပါပြီ"
ဟွာလင်းဟောက်က ပျာပျာသလဲ အော်ဟစ်လိုက်ပြီး သူ၏မျက်နှာမှာ စိုးရိမ်စိတ်ကြောင့် ဖြူဖျော့နေတော့သည်။
ဘုန်းးး…
ချန်ကျီရှင်းသည် ဟွာလင်းဟောက်၏ ဦးခေါင်းကို ဆုပ်ကိုင်ကာ နောက်ထပ်တစ်ကြိမ် ပြင်းထန်စွာ ဆောင့်ချလိုက်ပြန်သည်။
"ဆောရီးပဲ... ခဏလေး လက်လွန်သွားလို့"
ချန်ကျီရှင်းက လက်ကို လွှတ်ပေးလိုက်ပြီး အနည်းငယ် နောင်တရဟန်ဖြင့် ရေရွတ်လိုက်၏။
ဟွာလင်းဟောက်မှာ မြေကြီးထဲ စိုက်ဝင်နေသော သူ၏ဦးခေါင်းကို ပြန်ဆွဲထုတ်ကာ ချန်ကျီရှင်းကို ကြောင်တောင်တောင်လေး ကြည့်နေမိသည်။
ငါ့ခေါင်းက တူလည်း မဟုတ်ဘဲနဲ့... လက်လွန်သွားတယ် ဟုတ်လား။
"နောက်ထပ် အကြောလျှော့ချင်သေးလား"
ဤစကားကို ကြားလိုက်ရချိန်တွင် ဟွာလင်းဟောက်မှာ တစ်ကိုယ်လုံး တုန်တက်သွားပြီး ဘာတစ်ခွန်းမျှ ထပ်မပြောရဲတော့ပေ။
လုံးဝ ယဉ်ပါးသွားပြီဖြစ်သော ဟွာလင်းဟောက်ကို တစ်ချက်ကြည့်ပြီးနောက် ချန်ကျီရှင်းသည် သူ့ကို ဆွဲထူလိုက်ကာ ခြေတစ်လှမ်းဖြင့် ယခင်နေရာသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဟွာလင်းဟောက်သည် ချန်ကျီရှင်း၏ အနောက်တွင် နေပူလှန်းခံထားရသော ခရမ်းသီးညှိုးကလေးအလား ခေါင်းငိုက်စိုက်ကျလျက် ရပ်နေပြီး တူကူးနီကို မကျေမနပ် လှမ်းကြည့်လိုက်မိသည်။
သေနာလေး အကြံပေးတာက မင်း... အရိုက်ခံရတာက ငါ…
တူကူးနီကမူ ဟွာလင်းဟောက်၏ အကြည့်ကို လျစ်လျူရှုထားပြီး ချန်ကျီရှင်းကိုသာ စူးစမ်းလိုစိတ်အပြည့်ဖြင့် ကြည့်နေသည်။
အရှိန်အဟုန်မှာရော အစွမ်းသတ္တိမှာပါ မည်သည့်နေရာမှ ဆင်းသက်လာမှန်းမသိဘဲ ကျင့်ကြံမှုအဆင့်ကိုလည်း ခန့်မှန်းရခက်လှသော ဤလူငယ်လေးမှာ ထိပ်တန်းအဆင့်တွင် ရှိနေသည်မှာ အမှန်ပင်။ ထို့ပြင် သူ၏ တိုက်ခိုက်မှုထဲတွင် စိတ်စွမ်းအင်ဖြင့် တိုက်ခိုက်သည့် နည်းစနစ်တစ်ခုလည်း ပါဝင်နေပုံပင်။ မဟုတ်လျှင် ခွန်အားနှင့် အရှိန်သက်သက်ဖြင့် ဟွာလင်းဟောက်ကို ဤမျှလွယ်လွယ်ကူကူ အလဲထိုးနိုင်ရန်မှာ မဖြစ်နိုင်ပေ။
ကြီးမြတ်တဲ့ စိတ်စွမ်းအင်ရှင်တစ်ယောက်လား။
တူကူးနီ စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။ ယခုမှပင် ချန်တောက်ယန်က ဤလူငယ်လေးအပေါ် အဘယ်ကြောင့် ဤမျှ အလေးထားရသည်ကို သူ နားလည်သွားတော့သည်။ ဤတတိယသခင်လေးအတွက် လမ်းခင်းပေးရန် သူတို့နှစ်ဦးလုံးကို အကျဉ်းထောင်ထဲမှ လွှတ်ပေးခဲ့သည်အထိ ရင်းနှီးခဲ့ခြင်းပင်။
ဤကဲ့သို့ ထူးချွန်ထက်မြက်လွန်းသော မျိုးဆက်သစ်တစ်ယောက် ရှိနေပြီး သူသာ ချန်တောက်ယန်၏ နေရာမှာဆိုလျှင်လည်း ဤလူငယ်အတွက် လမ်းခင်းပေးရန် အစွမ်းကုန် ကြိုးစားပေးမည်မှာ အမှန်ပင်။
သူ တွေးတောနေစဉ်မှာပင်...
"ဓားမိစ္ဆာ... ဟုတ်တယ်မလား။ ပြောရမယ်ဆိုရင် ငါလည်း ဓားတာအိုကို အနည်းငယ် လေ့လာထားတာရှိတယ်။ ငါတို့တစ်ချက်လောက် စမ်းကြည့်ကြမလား"
ချန်ကျီရှင်း၏ မျက်ဝန်းများမှာ တောက်ပသွားပြီး တူကူးနီကို လက်ဟန်ခြေဟန်ဖြင့် စိန်ခေါ်လိုက်သည်။
သူသည် သူကိုယ်တိုင် လက်ခံထားသော အယူအဆများကို လက်တွေ့စမ်းသပ်ရန်နှင့် ဓားတာအို၏ မဟာဆရာကြီးအဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် ပြင်းထန်သော ဓားချင်းယှဉ်ပြိုင်မှုတစ်ခုကို အရေးတကြီး လိုအပ်နေခြင်းပင်။ ရှေ့တွင်ရှိနေသော တူကူးနီမှာ ထိုသို့စမ်းသပ်ရန်အတွက် အကောင်းဆုံးသော ပြိုင်ဘက်ပင်။
"အို... သခင်လေးက ဓားတာအိုမှာလည်း ကျွမ်းကျင်တာလား"
တူကူးနီ အတော်လေး အံ့အားသင့်သွားရသည်။ လူတစ်ယောက်၏ စွမ်းအင်မှာ အကန့်အသတ်ရှိသည်။ မည်မျှပင် ပါရမီထူးပါစေဦးတော့ တာအိုတစ်ခု သို့မဟုတ် နှစ်ခုကို ကျွမ်းကျင်ပိုင်နိုင်ရန်မှာပင် အလွန်ခက်ခဲလှသောအလုပ် ဖြစ်သည်။
ယခု ဤတတိယသခင်လေးမှာမူ ခွန်အားတာအိုတွင် အထွတ်အထိပ်သို့ ရောက်ရှိနေရုံသာမက ဝိညာဉ်တာအို၏ ဆန်းကြယ်နက်ရှိုင်းမှုများကိုလည်း ထူးခြားသော အဆင့်တစ်ခုအထိ ပိုင်ဆိုင်ထားပုံပင်။
အခု သူက ဓားတာအိုကိုပါ ထူးချွန်နေသေးတာလား။
"နည်းနည်းပါးပါး လေ့လာထားရုံပါ"
ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်၏။
"ကောင်းပါပြီ... သခင်လေးက စိတ်ဝင်စားတယ်ဆိုမှတော့ ဒီအဘိုးကြီးက အဆုံးထိ လိုက်ပါယှဉ်ပြိုင်ပေးပါ့မယ်"
တူကူးနီက ခေါင်းညိတ်လိုက်သည်။ သူ၏ သဘောထားမှာ ယခင်ကထက် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ချန်ကျီရှင်းသည် ခြေတစ်လှမ်း လှမ်းလိုက်ကာ ကောင်းကင်ယံသို့ ပထမဆုံး ပျံတက်သွားပြီး သူ၏ပုံရိပ်မှာ တိမ်တိုက်ပင်လယ်အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။ သံချေးများ တက်နေသော ရှေးဟောင်းဓားတစ်လက်မှာ သူ၏လက်ထဲတွင် ပေါ်လာ၏။
"ဟားဟားဟား... စိတ်ဝင်စားဖို့ ကောင်းလိုက်တာ"
တူကူးနီ၏ ရဲစွမ်းသတ္တိများမှာ ဝုန်းခနဲ မြင့်တက်လာပြီး အားရပါးရ ရယ်မောလိုက်သည်။
ဂျောက်...
သူ၏ကျောပေါ်ရှိ ခေါင်းတလားမှာ ရုတ်တရက် အပိုင်းပိုင်းအပြတ်ပြတ် ကွဲအက်သွားတော့သည်။ ဓားရိုးတွင် နီရဲသော မျက်လုံးအိမ်ပါရှိသည့် အနက်ရောင် မိစ္ဆာဓားတစ်လက်မှာ ကောင်းကင်သို့ ဒုံးပျံကဲ့သို့ တက်သွားပြီး သူ၏လက်ချောင်းများကြားတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားခြင်း ခံလိုက်ရသည်။
ဝုန်းးးးး
မြူခိုးများအလား ပြင်းထန်လှသော အနက်ရောင် ဓားချီများမှာ ကမ်းခြေကို ရိုက်ခတ်သည့် ဒီလှိုင်းလုံးကြီးများကဲ့သို့ပင် သူ၏ခန္ဓာကိုယ်ဗဟိုချက်မှနေ၍ ဝုန်းခနဲ ပွင့်ထွက်လာတော့သည်။
"လာစမ်း"
တူကူးနီသည်လည်း ခြေတစ်လှမ်း လှမ်းကာ ကောင်းကင်သို့ ပျံတက်သွားပြီး တိမ်တိုက်ပင်လယ်အတွင်းသို့ ပျောက်ကွယ်သွားပြန်သည်။
သူတို့နှစ်ဦးသည် အဝေးမှနေ၍ အချင်းချင်း ရင်ဆိုင်လိုက်ကြသည်။ တစ်ဖက်နှင့်တစ်ဖက် တိုက်ခိုက်ခြင်း မပြုရသေးမီမှာပင် အဖြူနှင့်အမည်း ဓားချီ ဖိအားနှစ်ခုမှာ သူတို့ဆီမှ ထွက်ပေါ်လာပြီး အဆက်မပြတ် တိုးဝှေ့တိုက်ခိုက်နေကြတော့သည်။
ဟင်းလင်းပြင်ကြီးတစ်ခုလုံး ဖန်သားပြင်အက်ကွဲသွားသကဲ့သို့ တဂျိဂျိအသံများ ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"အိုး..."
တူကူးနီ၏ မျက်ဝန်းများမှာ အရောင်တောက်သွားပြီး ပို၍ပင် အလေးအနက်ထားလာသည်။ ဓားတာအို၏ မဟာဆရာကြီးတစ်ဦးဖြစ်သည့်အတိုင်း ရိုးရှင်းသော ဓားဖိအားချင်း ထိတွေ့ရုံမျှဖြင့် သူ ခံစားသိရှိနိုင်၏။ ဤတတိယသခင်လေးသည် ဓားတာအိုတွင် အခြေခံကျွမ်းကျင်ရုံမျှ မကသည်မှာ အသေအချာပင်။
"သခင်လေး... ကျွန်တော့်ကို ခွင့်လွှတ်ပါ"
တူကူးနီ၏ မျက်ဝန်းများတွင် တိုက်ခိုက်လိုစိတ်များ ဟုန်းဟုန်းတောက်သွားပြီး သူ၏ပုံရိပ်မှာ နဂါးငွေ့တန်းတစ်ခုအလား အနက်ရောင်ဓားအလင်းတန်းအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားကာ ချန်ကျီရှင်းထံသို့ ပြိုင်ဘက်ကင်းသော အရှိန်အဟုန်ဖြင့် ပိုင်းခုတ်လိုက်တော့သည်။
ချန်ကျီရှင်း၏ အနက်ရောင်ဆံနွယ်များမှာ လေထဲတွင် ဝေ့ဝဲနေပြီး သူ၏မျက်ဝန်းများတွင်လည်း တိုက်ပွဲဝင်လိုသည့် စိတ်ဓာတ်များ ထင်ဟပ်နေသည်။ ရှေ့တွင်ရှိနေသော ဓားမိစ္ဆာ တူကူးနီမှာ သူ ကောင်းကင်မြစ်တောင်တန်းတွင် တွေ့ခဲ့ရသည့် ဓားဂိုဏ်း၏ အစောင့်အရှောက် ကျောက်ချိန်ရှန့်ထက် အဆပေါင်းများစွာ ပိုမိုသန်မာသည်ကို သူ အာရုံခံမိနေ၏။
ဓားနှစ်လက်မှာ ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားပြီး နားကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် တူကူးနီသည် ဓားချက်ပေါင်း ရာနှင့်ချီ၍ ပိုင်းခုတ်လိုက်တော့၏။ ဓားချက်တိုင်းမှာ ကြီးကျယ်ခမ်းနားပြီး အစွမ်းသတ္တိမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေသည်။
ချလွင် ချလွင် ချလွင် ချလွင် ချလွင်….
ချန်ကျီရှင်းသည် သူ၏ဓားကို အားပါပါ ဝေ့ယမ်းလိုက်ပြီး မိုးပေါက်များအလား စိပ်လှသော ထိုတိုက်စစ်များကို ချက်ချင်းပင် ပြန်လည်ခုခံလိုက်သည်။ မသိမသာမှာပင် မှောင်မိုက်သော ညကောင်းကင်ယံ၌ ဖြူစင်တောက်ပသော ပန်းပွင့်ဖတ်ကလေးများ ပေါ်ပေါက်လာတော့၏။
"လွင့်ပျံနေတဲ့ ပန်းပွင့်တာအို...."
ချန်ကျီရှင်း၏ မျက်မှောင်များ ကြုတ်သွားကာ အသံခပ်အုပ်အုပ်ဖြင့် ဟစ်အော်လိုက်သည်။
"ကပြစမ်း"
ချက်ချင်းပင် ထိုဖြူစင်သော ပန်းပွင့်ဖတ်လေးများသည် လွှမ်းမိုးချုပ်ကိုင်ထားသည့် လွင့်ပျံပန်းပွင့် ဓားချီသည် ဒီလှိုင်းကြီးများအဖြစ်သို့ ပြောင်းလဲသွားပြီး စူးရှလှသော အရှိန်ဖြင့် တူကူးနီရှိရာ အရပ်မျက်နှာအနှံ့မှ ဝိုင်းရံတိုက်ခိုက်လိုက်တော့သည်။
ဤလွင့်ပျံပန်းပွင့် ဓားချီမှာ ချန်ကျီရှင်း ယခင်က ဓားတာအိုကျင့်စဉ်ပေါင်း ရာနှင့်ချီ၍ လေ့လာဆန်းစစ်မှုမှတစ်ဆင့် ရရှိလာသော အသိဉာဏ်များဖြင့် ပေါင်းစပ်ထားခြင်းဖြစ်ရာ ကောင်းကင်မြစ်တောင်တန်းအချိန်ကထက် အဆပေါင်းများစွာ ပိုမိုထက်မြက်လှသည်။
ရွှပ် ရွှပ် ရွှပ် ရွှပ်…
မျက်တောင်တစ်ခတ်အတွင်းမှာပင် လွင့်ပျံပန်းပွင့် ဓားချီများက ဟင်းလင်းပြင်ကို ထိုးဖောက်သွားပြီး တူကူးနီ၏ ခန္ဓာကိုယ်ပေါ်တွင် ရုတ်တရက် ပေါ်ပေါက်လာသော ဓားချီများကြောင့် မရေမတွက်နိုင်သော ဒဏ်ရာငယ်လေးများ ဖြစ်ပေါ်သွားတော့သည်။ တူကူးနီ၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများမှ သွေးစအချို့ စိမ့်ထွက်လာ၏။
"ဟင် ဒီဓားတာအိုက တော်တော်လေး ဆန်းပြားတာပဲ..."
တူကူးနီ မျက်မှောင်ကြုတ်သွားသည်။ ဒီရေတက်လာသည့် မြစ်ကြီးတစ်စင်းအလား အရှိန်အဟုန်ပြင်းစွာ စီးဆင်းနေသော ဓားအရှိန်အဝါများကို ကြည့်ရင်း သူ၏မျက်လုံးများကို အနည်းငယ် ကျဉ်းလိုက်မိသည်။
နောက်တစ်ခဏတွင်...
"ဓားကျင့်စဉ် ကောင်းကင်နှင့် မြေကမ္ဘာကို ခွင်းခြင်း"
တူကူးနီ၏ လက်ထဲရှိ မျက်လုံးအိမ်ပါ မိစ္ဆာဓားမှာ ကျွမ်းကျင်စွာ ဝေ့ယမ်းသွားပြီး အထွတ်အထိပ်သို့ ရောက်ရှိနေသည့် ထိတ်လန့်ဖွယ်ရာ အနက်ရောင် ဓားသက်တံ့ကြီးတစ်ခုမှာ တစ်ဟုန်ထိုး ဘေးတိုက် ပိုင်းခုတ်ချလိုက်တော့သည်။
***