ဘုန်းးးးး
ကောင်းကင်ယံရှိ မြစ်ကြီးတစ်စင်း တလိမ့်လိမ့် စီးဆင်းလာသကဲ့သို့ အနက်ရောင် ဓားသက်တံ့ကြီးသည် တစ်ဟုန်ထိုး ဖြတ်သန်းသွားပြီး အဆုံးမဲ့လှသော လွင့်ပျံပန်းပွင့် ဓားချီများကို ချက်ချင်းပင် ရိုက်ခွဲကာ ခြေမှုန်းပစ်လိုက်တော့သည်။
လေးလံလှသော ရထားဘီးကြီးများက မြေပြင်ပေါ်ရှိ ပန်းပွင့်ဖတ်ကလေးများကို အမှုန့်ကြိတ်ခြေသွားသကဲ့သို့ပင်။ လွင့်ပျံပန်းပွင့် ဓားချီများမှာ မျက်ဝါးထင်ထင်ပင် လျင်မြန်စွာ အက်ကွဲပျက်စီးသွားတော့၏။
ခဏအတွင်းမှာပင် ထိုအနက်ရောင် ဓားသက်တံ့ကြီးက ချန်ကျီရှင်းရှိရာသို့ ဘေးတိုက် ပိုင်းခုတ်လာခဲ့သည်။
"လွင့်ပျံပန်းပွင့်..."
ချန်ကျီရှင်းသည် မည်သည့်ခံစားချက်မျှမရှိသော မျက်နှာထားဖြင့် သူ၏လက်ထဲမှ စိမ်းပြာရောင် ရေဓားကို လွှတ်လိုက်သည်။
ရွှပ်...
မျက်တောင်တစ်ခတ်အတွင်းမှာပင် စိမ်းပြာရောင် ရေဓားသည် ချန်ကျီရှင်း၏ ရှေ့မှောက်၌ လေထဲတွင် တန့်သွားပြီး ဓားဦးဖျားမှစ၍ အပိုင်းပိုင်းကွဲအက်ကာ ပန်းပွင့်ဖတ်ကလေးများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ထိုပန်းပွင့်ဖတ်ကလေးများမှာ တစ်ခုမှနှစ်ခု၊ နှစ်ခုမှလေးခုအဖြစ် အဆမတန် များပြားလာသည်။ နောက်ဆုံးတွင် ချန်ကျီရှင်း၏ ရှေ့၌ တောက်ပခမ်းနားလှသော ပန်းပွင့်ဒိုင်းလွှားတစ်ခုအဖြစ် ပုံပေါ်လာတော့၏။
ဒုန်းးး
ကောင်းကင်မြစ်ကြီးအလား အနက်ရောင် ဓားသက်တံ့မှာ ပန်းပွင့်ဒိုင်းလွှားနှင့် ပြင်းထန်စွာ ထိပ်တိုက်တွေ့ဆုံသွားသည်။ တာကျိုးသွားသော ရေကြီးမှုက ဧရာမကျောက်ဆောင်ကြီးကို ရိုက်ခတ်လိုက်သကဲ့သို့ပင် အုန်းအုန်းမြည်သံကြီး ထွက်ပေါ်လာတော့၏။ ထို့နောက်ချက်ချင်းပင် ပန်းပွင့်ဒိုင်းလွှားကို ရိုက်ခတ်မိသော ဓားသက်တံ့မှာ နှစ်ခြမ်းကွဲသွားပြီး ဘေးတစ်ဖက်တစ်ချက်စီသို့ စီးဆင်းသွားတော့သည်။
ရွှပ် ရွှပ် ရွှပ်...
အနက်ရောင် ဓားသက်တံ့ကြီး လုံးဝ စီးဆင်းသွားသော ထိုအခိုက်အတန့်မှာပင်...
မြေကျုံ့ခြေလှမ်း…
ချန်ကျီရှင်းသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်ရုံဖြင့် တူကူးနီ၏ ရှေ့မှောက်သို့ ရုတ်တရက် ရောက်ရှိသွားပြီး သူ၏ညာလက်ကို မြှောက်ကာ အောက်သို့ ပြင်းထန်စွာ ပိုင်းချလိုက်တော့သည်။
သူ၏လက်ထဲတွင် မရေမတွက်နိုင်သော ပန်းပွင့်ဖတ်များမှာ ပြန်လည် စုစည်းမိသွားပြီး စိမ်းပြာရောင် ရေဓားအဖြစ်သို့ တစ်ဖန် ပြန်လည် ပြောင်းလဲသွား၏။ တူကူးနီ၏ မျက်ဝန်းများတွင် စူးရှသော အလင်းတန်းတစ်ခု လက်သွားပြီး သူ၏ဓားကို အမြန်မြှောက်ကာ ခုခံလိုက်သည်။
ချလွင်…
လက်နက်ချင်း ထိတွေ့မိသံမှာ ကြည်လင်ပြတ်သားစွာ ထွက်ပေါ်လာသည်။ တူကူးနီသည် သူ့ကိုယ်ပေါ်သို့ တောင်တန်းပေါင်း ရာနှင့်ချီ၍ ဖိချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သူ၏လက်မှာ ဝုန်းခနဲ နိမ့်ဆင်းသွားကာ ဒူးနှစ်ဖက်မှာလည်း ချက်ချင်းပင် ညွှတ်ခွေသွားတော့၏။
"တကယ့်ကို ထိတ်လန့်စရာကောင်းတဲ့ ခွန်အားပဲ"
တူကူးနီ၏ အမူအရာမှာ ပို၍ပင် လေးနက်တည်ကြည်လာသည်။ သူ တိုက်ကွက်ပြောင်းရန် ပြင်ဆင်ချိန်ကိုပင် မစောင့်တော့ဘဲ...
စိမ်းပြာရောင် ရေဓားသည် သူ၏ဓားပေါ်သို့ ပြင်းထန်စွာ ဖိချထားရင်းမှ ဓားသွားမှာ နောက်တစ်ကြိမ် ထပ်မံ အက်ကွဲသွားပြန်ပြီး မရေမတွက်နိုင်သော ပန်းပွင့်ဖတ်များအဖြစ် ပြောင်းလဲကာ ဘေးတစ်ဖက်တစ်ချက်စီမှ သူ့ကို ဝိုင်းရံတိုက်ခိုက်လိုက်တော့သည်။
တူကူးနီ၏ အကြည့်များမှာ စူးရှသွားပြီး နောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်၏။ တစ်ချိန်
တည်းမှာပင် သူ၏မိစ္ဆာဓားဖြင့် ကြက်ခြေခတ် ဓားချက်အချို့ကို လျင်မြန်စွာ ဆွဲလိုက်ရာ လွင့်ပျံပန်းပွင့် ဓားချီများမှာ လုံးဝ လွင့်စင်ပျက်စီးသွားတော့သည်။
သို့သော် သူ အသက်တစ်ချက်ဝအောင် ရှူရန်ပင် အချိန်မရလိုက်ပေ။
မရေမတွက်နိုင်သော ပန်းပွင့်ဖတ်များမှာ ရေစီးကြောင်းတစ်ခုအလား ချက်ချင်းပင် ပြန်လည် စုရုံးလာပြီး ချန်ကျီရှင်း၏ လက်ထဲတွင် အလိုအလျောက် ပေါင်းစပ်ကာ စိမ်းပြာရောင် ရေဓားအဖြစ်သို့ တစ်ဖန် ပြန်လည် ပုံပေါ်လာပြန်သည်။
ချန်ကျီရှင်းသည် မြေကျုံ့ခြေလှမ်းကို အသုံးပြု၍ ရှေ့သို့ တစ်လှမ်း တိုးလိုက်ရာ အဆုံးမဲ့သော အကွာအဝေးမှာ လက်မအနည်းငယ်မျှသာ ရှိတော့သကဲ့သို့ ကျုံ့ဝင်သွားသည်။ ခြေတစ်လှမ်းတည်းဖြင့် ချန်ကျီရှင်းမှာ တူကူးနီ၏ ရှေ့သို့ ရောက်ရှိသွားပြီး သူ၏ဓားဖြင့် စောင်း၍ ထပ်မံ ပိုင်းခုတ်လိုက်ပြန်၏။
ချလွင် ချလွင် ချလွင် ချလွင် ချလွင် ချလွင် ချလွင်
သူတို့နှစ်ဦးသည် နောက်ထပ် ဓားချက်ပေါင်း ရာနှင့်ချီ၍ ပြင်းပြင်းထန်ထန် ဆက်လက် ယှဉ်ပြိုင်ကြပြန်သည်။ ဟင်းလင်းပြင်ကြီးအတွင်း၌ တောက်ပလှသော ဓားအလင်းတန်းများမှာ အဆက်မပြတ် ထိတွေ့ပွတ်တိုက်နေပြီး ပေါက်ကွဲသံများ ပဲ့တင်ထပ်နေတော့၏။
မှောင်မည်းနေသော ညကောင်းကင်ယံကြီးမှာ ဓားအလင်းတန်းများဖြင့် ပြည့်နှက်နေပြီး ဆူပွက်နေသော ဓားချီပင်လယ်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ချန်ကျီရှင်းနှင့် တူကူးနီတို့၏ ပုံရိပ်ကို ရှင်းလင်းစွာ မမြင်ရတော့ဘဲ အဆုံးမဲ့လှသော ဓားအလင်းတန်းများကြားတွင် လျင်မြန်စွာ လှုပ်ရှားရုန်းကန်ကာ ထိပ်တိုက်တွေ့ဆုံနေကြသည့် ဝေဝါးသော ပုံရိပ်နှစ်ခုကိုသာ မြင်တွေ့နိုင်တော့သည်။
"ဟားဟားဟား... တကယ့်ကို ကောင်းမွန်တဲ့ တိုက်ပွဲပဲ"
ဟွာလင်းဟောက်က ထိုမြင်ကွင်းကို ကြည့်ရင်း သူ၏ခေါင်းမှ နာကျင်မှုများကိုပင် မေ့လျော့သွားကာ မသကာသော ရယ်မောသံဖြင့် အားရပါးရ ရယ်မောနေတော့သည်။ သူ ခံစားခဲ့ရသော စိတ်ပျက်အားငယ်မှုများမှာ ယခုအခါတွင် မျှတသွားသကဲ့သို့ ခံစားလိုက်ရပြီး သက်ပြင်းတစ်ချက်ကို အားပါပါ ချလိုက်၏။
"သခင်လေး... လုပ်လိုက်စမ်းပါ အဲဒီ အဘိုးကြီးကို အသေသတ်ပစ်လိုက်စမ်းပါ"
"ဟဲ... ထွီ အဲဒီ အဘိုးကြီးက ငါ့ကို မတရားလုပ်ခဲ့တာ။ ငါ့မှာ အလကားနေရင်း အရိုက်ခံလိုက်ရတယ်"
"ဟုတ်တယ်... အဲဒီအတိုင်းပဲ သူ့ကို ဓားနဲ့ အားရပါးရ ထိုးပစ်လိုက်စမ်းပါ"
ကိုးထပ်သော ကောင်းကင်ယံထက်မှ ရုတ်တရက် အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။
"ပါးစပ်ပိတ်ထားစမ်း"
အနက်ရောင် ဓားသက်တံ့ကြီးတစ်ခုမှာ ကောင်းကင်ယံထက်မှ တစ်ဟုန်ထိုး ဝုန်းခနဲ ကျဆင်းလာရာ ဟွာလင်းဟောက်မှာ လန့်ဖျပ်သွားပြီး အသည်းအသန် နောက်သို့ ဆုတ်ခွာလိုက်ရသည်။ ထိုဓားချက်မှာ သူ့ကို ထိလုနီးပါးပင်။
ကိုးထပ်သော ကောင်းကင်ယံအတွင်း၌...
မရေမတွက်နိုင်သော လွင့်ပျံပန်းပွင့် ဓားစိတ်ဆန္ဒများမှာ လေဆင်နှာမောင်း တွန့်လိမ်မှုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တူကူးနီကို နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားစေရန် ဖိအားပေးလိုက်တော့သည်။
တူကူးနီ၏ အမူအရာမှာ မည်သည့်အချိန်ကတည်းက ဤမျှအထိ လေးနက်တည်ကြည်သွားသည်ကို မသိနိုင်တော့ပေ။
မြန်လိုက်တာ။
တကယ့်ကို မြန်လွန်းတယ်။
ရှေ့တွင်ရှိနေသော ချန်ကျီရှင်းက အရှိန်အဟုန်ပြင်းစွာ တိုးတက်လာနေခြင်းပင်။
အစပိုင်းတွင် သူက ချန်ကျီရှင်းကို အပြတ်အသတ် ဖိနှိပ်ထားနိုင်ခဲ့သော်လည်း နာရီဝက်ခန့် ဓားချင်းယှဉ်ပြိုင်ပြီးနောက်တွင်မူ အခြေအနေများမှာ လုံးဝ ပြောင်းပြန်ဖြစ်သွားခဲ့ပြီး သူကိုယ်တိုင်ပင် အသက်ရှူရန် ခက်ခဲလာတော့သည်။
အထူးသဖြင့် ဆန်းပြားလှသော လွင့်ပျံပန်းပွင့် ဓားတာအိုမှာ ခန့်မှန်းရခက်လွန်းလှ၏။ တစ်ခါတစ်ရံတွင် လွင့်ပျံပန်းပွင့် ဓားချီအဖြစ် ပြောင်းလဲသွားလိုက် နောက်တစ်ခါတွင် ဓားချီ လေဆင်နှာမောင်း သို့မဟုတ် ဓားချီ မြစ်ကြီးတစ်စင်းအဖြစ် ပြန်လည် ပေါင်းစပ်သွားလိုက်နှင့် သူ၏ခုခံမှုများကို အဆက်မပြတ် ထိုးဖောက်နေတော့သည်။
ဝေဝါးစွာပင် သူ ထိတ်လန့်တကြား သတိပြုမိသည်မှာ ချန်ကျီရှင်း၏ ဓားတာအိုအတွင်း၌ သမိုင်းတစ်လျှောက်ရှိခဲ့သော ဓားတာအို မဟာဆရာကြီးများစွာ၏ အရိပ်အယောင်များ ကိန်းအောင်းနေခြင်းပင်။
ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်တော့ဘူး။ မဟုတ်ရင် ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က အများကြီး ကျဆင်းနေတဲ့အတွက် ဒီတိုက်ပွဲမှာ ငါ သေချာပေါက် ရှုံးနိမ့်သွားလိမ့်မယ်။
တူကူးနီသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူ၏မျက်ဝန်းများတွင် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခု လက်သွားတော့သည်။
နောက်တစ်ခဏတွင်...
သူသည် သူ၏ စစ်မှန်သော အဆီအနှစ်အားလုံးကို အစွမ်းကုန် လှုံ့ဆော်လိုက်ပြီး အထွတ်အထိပ်သို့ ရောက်အောင် တွန်းပို့လိုက်တော့သည်။
တစ်ချိန်တည်းမှာပင် သူ၏ အနက်ရောင် မိစ္ဆာဓား၏ ဓားရိုးပေါ်ရှိ ကြောက်မက်ဖွယ်
ကောင်းသော မျက်လုံးအိမ်မှာ ဝုန်းခနဲ ပွင့်လာတော့၏။
တူကူးနီသည် သူ၏ အနက်ရောင် မိစ္ဆာဓားကို ဘေးတိုက် အရှိန်ပြင်းစွာ မြှောက်လိုက်ပြီး ဓားဦးဖျားကို ချန်ကျီရှင်းထံသို့ တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်သည်။
"ဖျက်ဆီးခြင်းမျက်လုံး"
တူကူးနီက အသံခပ်အုပ်အုပ်ဖြင့် အော်လိုက်သည်။
ဘုန်းးး
ချက်ချင်းပင် ဓားရိုးပေါ်ရှိ မျက်လုံးအိမ်မှတစ်ဆင့် သွေးကြောသဏ္ဍာန် အင်းကွက်များမှာ ပင့်ကူအိမ်တစ်ခုအလား ဓားသွားတစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။ မိစ္ဆာဓားတစ်ခုလုံးမှာ အသက်ဝင်လာသကဲ့သို့ ရှိနေပြီး နတ်ဘုရားအင်းကွက်များမှာ သူ၏သွေးကြောများဖြစ်ကာ မျက်လုံးအိမ်မှာမူ သူ၏နှလုံးသားပင်။
ဒုတ်... ဒုတ်... ဒုတ်
ရုတ်တရက် အနက်ရောင် မိစ္ဆာဓားအတွင်းမှ ပြင်းထန်လှသော နှလုံးခုန်သံကြီး ပဲ့တင်ထပ်လာသည်။ ထို့နောက် ချက်ချင်းပင် နီရဲသော သွေးကြောသဏ္ဍာန် အင်းကွက်များမှာ ဓားကို ကိုင်ထားသော တူကူးနီ၏ လက်မှတစ်ဆင့် သူ၏ခန္ဓာကိုယ် ထက်ဝက်ခန့်အထိ မျက်တောငတစ်ခတ်အတွင်း ဖုံးလွှမ်းသွားတော့၏။
ရွှပ် ရွှပ် ရွှပ်
တူကူးနီ၏ အရှိန်အဝါမှာ ဤအခိုက်အတန့်တွင် အရူးအမူး မြင့်တက်လာတော့သည်။ သူ၏မျက်ဝန်းများအတွင်းမှ နီရဲသော မိစ္ဆာမြူခိုးများ ထွက်ပေါ်လာ၏။
"ဆယ်စက္ကန့်..."
တူကူးနီ၏ အသံမှာ လုံးဝ ပြောင်းလဲသွားပြီး မိစ္ဆာနတ်ဘုရားတစ်ပါး ကျိန်စာတိုက်နေသကဲ့သို့ နက်ရှိုင်းကာ ရှေးဆန်လှသော အသံကြီး ဖြစ်သွားတော့သည်။
"မင်းကို အလဲထိုးပစ်မယ်"
နောက်တစ်ခဏ၌ သူသည် ရှေ့သို့ တစ်လှမ်းတိုးကာ ခါးကိုကိုင်းလျက် အရှိန်ပြင်းပြင်း ပြေးဝင်မည့် အနေအထားသို့ ပြင်လိုက်သည်။ သူ၏ညာလက်မှာ ဓားရိုးကို လက်ချောင်းငါးချောင်းဖြင့် ဖြည်းညှင်းစွာ ဆုပ်ကိုင်ထား၏။
"ဓားထုတ်ကျင့်စဉ်၏ စစ်မှန်သော အဓိပ္ပာယ် ကောင်းကင်ဘုံသတ်ဖြတ်ခြင်း အရှိန်အဟုန်"
ချက်ချင်းပင် တူကူးနီသည် လောကကြီးကို ဖြတ်သန်းသွားသော နီရဲသည့် မျဉ်းကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချန်ကျီရှင်းကို တိုက်ခိုက်ရန်အတွက် တစ်ဟုန်ထိုး ပြေးဝင်သွားတော့သည်။
***