“အနန္တလောက နတ်ဘုရားဆွဲငင်အား”
ဤသည်မှာ ကျင့်ကြံခြင်းလောကရှိ ဆွဲငင်အားကို အထူးပြုကျင့်ကြံသည့် နည်းစနစ်တစ်ခုပင်။
ချန်ကျီရှင်း၏ မျက်ဝန်းအစုံမှာ ချက်ချင်းပင် အရောင်တောက်ပသွားတော့သည်။ သူသည် ခွန်အားတာအို၏ အထွတ်အထိပ်သို့ ရောက်ရှိရန် ရည်မှန်းထားသူဖြစ်ရာ သူ အဓိက လိုအပ်
နေသည်မှာ ခွန်အားတာအိုနှင့် သက်ဆိုင်သော ထိပ်တန်းကျင့်စဉ်များပင်။
ယခု ဤအနန္တလောက နတ်ဘုရားဆွဲငင်အားကျင့်စဉ်သည် သူ၏ အရေးတကြီး လိုအပ်ချက်ကို အချိန်ကိုက် ဖြည့်ဆည်းပေးလိုက်ခြင်းပင်။
“မောင်လေးကျီရှင်း... အချိန်တော်တော်လင့်နေပြီ။ ဒါကို ယူသွားပြီး အေးအေးဆေးဆေးပဲ ဖတ်ကြည့်ပါဦး”
ကျားချင်းယွဲ့က ပြုံး၍ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ”
ချန်ကျီရှင်းသည် သူမကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး လေးနက်သောလေသံဖြင့် “မမချင်းယွဲ့... ဒီတစ်ခေါက်အတွက် တကယ်ကျေးဇူးတင်ပါတယ်။ နောင်တစ်ချိန်မှာ ကျွန်တော် ကူညီပေးရမယ့်ကိစ္စရှိရင် အားမနာတမ်း ပြောပါ” ဟု ပြောလိုက်သည်။
ကျားချင်းယွဲ့မှာ ခဏမျှ မှင်တက်သွားပြီးမှ ဘာမှမထူးခြားသလို ပြုံးလိုက်ကာ “အင်းပါ... တကယ်တော့ ငါ မင်းကို အကူအညီတောင်းချင်တဲ့ ကိစ္စတစ်ခု ရှိတယ်” ဟု ပြောသည်။
“ဘာကိစ္စလဲဟင်”
ချန်ကျီရှင်းက မေးမြန်းလိုက်သည်။
ကျားချင်းယွဲ့က ပြုံးလျက် ခေါင်းခါပြကာ “အလောတကြီး မဟုတ်ပါဘူး။ နောက်မှပဲ အေးအေးဆေးဆေး ပြောပြမယ်။ အခုတော့ မင်း ဒီ ကျင့်စဉ် ၁၃ ပါးကိုပဲ အရင်လေ့လာလိုက်ပါဦး” ဟု ပြောလိုက်သည်။
ချန်ကျီရှင်းမှာလည်း ခေါင်းညိတ်လက်ခံလိုက်ပြီး အားနာနာနှင့် ငြင်းဆန်မနေတော့ပေ။
နာရီဝက်ခန့် ကြာပြီးနောက် တတိယတောင်ထိပ်၏ လျှို့ဝှက်ခန်းမဆောင်အတွင်း၌...
ချန်ကျီရှင်းသည် ဆီးနှင်းပမာ ဖြူစင်သော ဝတ်ရုံကို ဆင်မြန်းကာ ရေတံခွန်ကဲ့သို့ နက်မှောင်သော ဆံနွယ်များကို ချထားလျက် ဖျာပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။
“သတ္တမမြောက် နည်းစနစ် အနန္တလောက နတ်ဘုရားဆွဲငင်အား...”
ချန်ကျီရှင်းသည် လေးလံလှသော ရှေးဟောင်းစာအုပ်ကို ချထားလိုက်ပြီး တွေးတောနေသည့် အမူအရာ ပေါ်ပေါက်လာသည်။ ကောင်းကင်ဘုံကို ဆန့်ကျင်သော နားလည်သဘောပေါက်
မှုအစွမ်းကြောင့် သူသည် ဤကျင့်စဉ်၏ ကျင့်ကြံပုံ နည်းစနစ်များကို လျင်မြန်စွာပင် နားလည်သဘောပေါက်သွားတော့သည်။
ဤကျင့်စဉ်၏ ကျင့်ကြံပုံမှာ ရိုးရှင်းလှပြီး နတ်ဘုရားဆွဲငင်အားကျောက်တုံးဟု ခေါ်ဆိုသည့် ကမ္ဘာမြေပြင်ပမှ ပစ္စည်းတစ်ခုကို အထောက်အကူပြုပစ္စည်းအဖြစ် အသုံးပြုရခြင်း ဖြစ်သည်။
ကျင့်ကြံခြင်းလောက တစ်ခုလုံးတွင် ထိုနတ်ဘုရားဆွဲငင်အားကျောက်တုံးများမှာ မည်သည့်နေရာမှ အတိအကျ ဆင်းသက်လာသည်ကို မည်သူမျှ မသိရှိကြပေ။ သို့သော် ထိုအရာဝတ္ထုတွင် ထူးခြားသော ဝိသေသတစ်ခု ရှိနေသည်။ ၎င်းမှာ ထိုကျောက်တုံးသည် ကောင်းကင်နှင့် မြေကမ္ဘာ၏ ဆွဲငင်အားသက်ရောက်မှုကို မခံယူဘဲ ဟင်းလင်းပြင်အတွင်း၌ သဘာဝအလျောက် ပေါလောမျောနေနိုင်ခြင်းပင်။
အနန္တလောက နတ်ဘုရားဆွဲငင်အားကျင့်စဉ်ဟူသည်မှာ ထိုကျောက်တုံးအတွင်း ကိန်းအောင်းနေသော ထူးခြားသည့် စွမ်းအားများကို ထုတ်ယူ၍ ကိုယ့်၏ ကိုယ်ပိုင်စွမ်းအားအဖြစ်သို့ ပြောင်းလဲခြင်းပင်။
“တစ်နည်းအားဖြင့် ပြောရရင် နတ်ဘုရားဆွဲငင်အားကျောက်တုံးထဲမှာရှိတဲ့ ဆွဲငင်အားကို ကိုယ့်ရဲ့ ကိုယ်ပိုင်ခွန်အားအဖြစ် ပြောင်းလဲပစ်ရမှာပေါ့”
“တကယ်လို့ အဲဒီအတိုင်းသာဆိုရင် ကျင့်ကြံရတာ ရိုးရှင်းမှာပဲ”
ချန်ကျီရှင်း၏ မျက်ဝန်းများအတွင်းမှ အလင်းတန်းများမှာ မရေမရာ လှုပ်ခတ်သွားတော့သည်။
“ထားလိုက်ပါတော့... နတ်ဘုရားဆွဲငင်အားကျောက်တုံးတွေ ရှိမရှိ သိရအောင် မနက်ဖြန်ကျရင် ရတနာခန်းမဆောင်ကို သွားကြည့်ရမယ်”
နောက်တစ်နေ့ မိုးသောက်ယံ အချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ချန်ကျီရှင်းသည် အိပ်ရာမှထကာ ရတနာခန်းမဆောင်ရှိရာသို့ ဦးတည်ထွက်ခွာခဲ့သည်။
ရတနာခန်းမဆောင်မှာ ပဉ္စမတောင်ထိပ်ပေါ်တွင် တည်ရှိပြီး လွန်ခဲ့သော နှစ်ပေါင်းများစွာက ချန်မိသားစု၏ ကျောက်စိမ်းတွင်းများကို ကာကွယ်ရင်း ရန်သူများ၏ ပြင်းထန်သော ဒဏ်ရာပေးမှုကို ခံခဲ့ရသည့် အကြီးအကဲတစ်ဦးက စောင့်ကြပ်နေခြင်းပင်။ ထိုဒဏ်ရာကြောင့်ပင် သူသည် ကျင့်ကြံခြင်းတာအိုကို ဆက်လက် လျှောက်လှမ်းနိုင်စွမ်း မရှိတော့ပေ။
သူ၏ ဒဏ်ရာများမှာ ချန်မိသားစုအတွက် ပေးဆပ်ခဲ့ခြင်းဖြစ်သောကြောင့် ဇီဝေချန်မိသားစုကလည်း သူ့အပေါ် အလွန်ကြင်နာကြသည်။ ရှေ့တန်းတိုက်ပွဲများမှ အနားယူပြီးနောက်တွင်မူ သူသည် ရတနာခန်းမဆောင်ကို စောင့်ကြပ်ရန် တာဝန်ပေးခြင်း ခံခဲ့ရသည်။ ဤတာဝန်မှာ အေးအေးဆေးဆေး ရှိလှသည်။
အဝေးမှ ကြည့်လိုက်လျှင် ဝါးနှင့်သစ်သားဖြင့် ပြုလုပ်ထားသော မှီထိုင်ကုလားထိုင်တစ်ခုပေါ်တွင် လဲလျောင်းနေသည့် အဖိုးအိုတစ်ဦးကို ချန်ကျီရှင်း မြင်တွေ့လိုက်ရသည်။ ထိုကုလားထိုင်၏ ဘေးနားတွင် သစ်သားစားပွဲတစ်လုံးကို ချထားသည်။ စားပွဲပေါ်တွင်မူ ဝိညာဉ်သစ်သီးအချို့နှင့် ဝိညာဉ်လက်ဖက်ရည်တို့ ရှိနေသည်။
အဖိုးအိုသည် လက်တစ်ဖက်ဖြင့် ယပ်တောင်ကို အသာအယာ ခတ်နေပြီး နှုတ်မှလည်း သံစဉ်အေးအေးလေးတစ်ခုကို ညည်းဆိုနေသည်။ တစ်ခါတစ်ရံတွင်မူ ဝိညာဉ်သစ်သီးအချို့ကို ကောက်ယူစားသုံးနေတတ်၏။ သစ်သီးစားရသည်ကို ငြီးငွေ့လာသည့်အခါတွင်မူ အငွေ့တထောင်းထောင်း ထွက်နေသော ဝိညာဉ်လက်ဖက်ရည်ကို တစ်ငုံ၊ နှစ်ငုံ သောက်လိုက်
ပြန်သည်။ သူ၏ အမူအရာမှာ အေးချမ်းလှပြီး သူ၏ အချိန်များကို ပျော်ရွှင်စွာ ကုန်လွန်နေပုံရသည်။
“အကြီးအကဲမေ... ခင်ဗျားရဲ့ တာဝန်က တော်တော်လေးကို ဇိမ်ကျတာပဲဗျာ”
ဖြတ်သွားဖြတ်လာ ဂိုဏ်းအကြီးအကဲအချို့က ရယ်မောကာ စနောက်သွားကြသည်။
“ဒီအဘိုးကြီးက ချန်မိသားစုအတွက် တစ်သက်လုံး တိုက်ပွဲဝင်ခဲ့တာပဲ။ အခုလို ဇိမ်ခံနေတာ ဘာမှားလို့လဲ”
အကြီးအကဲမေက ခပ်စောင်းစောင်းကြည့်ရင်း ဆီးသီးစေ့တစ်စေ့ကို မထီမဲ့မြင် ထွေးထုတ်လိုက်သည်။
ဖြတ်သွားသော အကြီးအကဲမှာ အားရပါးရ ရယ်မောရင်း ထွက်ခွာသွားသည်။ အကြီးအကဲမေက မျက်စိမှိတ်ကာ သူ၏ ချိုမြိန်သော တစ်ရေးနိုးအိပ်စက်ခြင်းကို ဆက်လက်ခံစားရန် ပြင်လိုက်စဉ်မှာပင်...
“ဟင် တတိယသခင်လေးပါလား”
အကြီးအကဲမေ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ချက်ချင်းပင် ထရပ်လိုက်တော့သည်။ သူ၏ရှေ့မှောက်ရှိ တတိယသခင်လေးမှာ မိသားစုခေါင်းဆောင်၏ အချစ်ဆုံးဖြစ်ပြီး နောင်တစ်ချိန်တွင် ချန်မိသားစုကို ဦးဆောင်မည့်သူလည်း ဖြစ်သည်။ ထို့ကြောင့် သူသည် ရိုင်းပျစွာ မနေဝံ့ဘဲ ရိုသေလေးစားမှုကို ပြသရမည် ဖြစ်သည်။
“တတိယသခင်လေး... ဘာကိစ္စများ ရှိလို့ပါလဲခင်ဗျာ”
အကြီးအကဲမေက နေရခက်စွာ ရယ်မောရင်း သူ၏အနောက်ရှိ ဝိညာဉ်သစ်သီးများနှင့် ဝိညာဉ်အရက်များကို ဖုံးကွယ်ရန် ခြေလှမ်းကို တိတ်တဆိတ် ရွှေ့လိုက်သည်။
“ဘာမှ ထွေထွေထူးထူး မဟုတ်ပါဘူး အကြီးအကဲမေ ခင်ဗျားအလုပ်ကို ခင်ဗျား ဆက်လုပ်ပါ”
ချန်ကျီရှင်းက အခြေအနေကို ရိပ်မိစွာ ပြုံးလိုက်ရင်း “အကြီးအကဲမေ... ကျွန်တော်တို့ရဲ့ ရတနာခန်းမဆောင်ထဲမှာ နတ်ဘုရားဆွဲငင်အားကျောက်တုံးတွေ ရှိပါသလား” ဟု မေးမြန်းလိုက်သည်။
“နတ်ဘုရားဆွဲငင်အားကျောက်တုံး ဟုတ်လား”
အကြီးအကဲမေမှာ အံ့အားသင့်သွားပြီး “ဒါတွေက တကယ့်ကို ရှားပါးပစ္စည်းတွေပဲ။ အရှေ့ပင်လယ်ရဲ့ ကြယ်ကြွေသဲလေမုန်တိုင်းရပ်ဝန်းရဲ့ အနက်ရှိုင်းဆုံးနေရာတွေမှာပဲ တွေ့ရတတ်တာ။ စုဆောင်းရတာ ခက်ခဲသလို သိပ်လည်း အသုံးမဝင်ဘူး။ ပုံမှန်အားဖြင့်တော့ ဘယ်နေရာမှာမှ ဒါတွေကို တကူးတက သိုလှောင်ထားလေ့ မရှိကြဘူး...”
“မရှိဘူးပေါ့လေ”
ချန်ကျီရှင်း၏ မျက်နှာတွင် စိတ်ပျက်ရိပ် အနည်းငယ် ပေါ်လာသည်။
“ဟဲဟဲ... အဲဒါက သာမန်နေရာတွေမှာ မရှိတာပါ။ ကျွန်တော်တို့ ချန်မိသားစုက သာမန်နေရာမျိုး ဟုတ်လို့လား”
အကြီးအကဲမေက ရင်ဘတ်ကို ပင့်ကာ ရယ်မောလိုက်ပြီး “တတိယသခင်လေး... ကျွန်တော့်
နောက်ကို လိုက်ခဲ့ပါ။ ကျွန်တော်တို့ ရတနာခန်းမဆောင်ထဲမှာ နတ်ဘုရားဆွဲငင်အားကျောက်တုံး အချို့ တကယ်ရှိနေပါသေးတယ်” ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် အကြီးအကဲမေသည် ချန်ကျီရှင်းကို ရတနာခန်းမဆောင်အတွင်းသို့ စတင်ဦးဆောင်ခေါ်သွားတော့သည်။ ရတနာခန်းမဆောင်ကို အလွှာငါးလွှာ ခွဲခြားထားသည်။ အကြီးအကဲမေသည် ချန်ကျီရှင်းကို တတိယမြောက်အလွှာသို့ တည့်တည့်ခေါ်သွားပြီးနောက် ဖန်သားဖြင့် ပြုလုပ်ထားသော ဧရာမ စည်ပိုင်းပုံစံ အရာဝတ္ထုတစ်ခု၏ ရှေ့တွင် ရပ်တန့်လိုက်သည်။
“တတိယသခင်လေး... ဒါတွေကတော့ နတ်ဘုရားဆွဲငင်အားကျောက်တုံးတွေပါပဲ”
အကြီးအကဲမေက ဧရာမ ဖန်ပုလင်းကြီးကို ညွှန်ပြရင်း ပြုံးလိုက်သည်။ ချန်ကျီရှင်းက မော့ကြည့်လိုက်ရာ ဖန်ပုလင်းအတွင်း၌ လက်သီးဆုပ်ခန့်ရှိသော ပုံသဏ္ဌာန်မမှန်ဘဲ တောက်ပနေသည့် ကျောက်တုံးပေါင်း တစ်ရာခန့်ကို တွေ့လိုက်ရသည်။ ထိုကျောက်တုံးများမှာ ပုလင်းအတွင်း၌ ငြိမ်သက်စွာ ပေါလောမျောနေပြီး အပေါ်အောက် အသာအယာ နိမ့်ချည်မြင့်ချည် ဖြစ်နေကြသည်။
“တတိယသခင်လေး... သခင်လေးဘာသာ အေးအေးဆေးဆေးပဲ ကြည့်ရှုစစ်ဆေးပါဦး။ ကျွန်တော် ဒီမှာ ရှိနေပြီး မနှောင့်ယှက်တော့ပါဘူး”
“ဒါပေမဲ့ တစ်ခုတော့ သတိပြုပါဦး သခင်လေး ဒီကျောက်တုံးတွေကို ထုတ်ယူတဲ့အခါ သတိထားဖို့ လိုပါလိမ့်မယ်။ နတ်ဘုရားဆွဲငင်အားကျောက်တုံးတွေက ထိန်းချုပ်မရဘဲ ဟိုဟိုဒီဒီ ပျံသန်းသွားတတ်လို့ပါ”
အကြီးအကဲမေသည် ရိုးရှင်းစွာ သတိပေးစကားဆိုပြီးနောက် ရတနာခန်းမဆောင်အတွင်းမှ အေးအေးလူလူပင် ထွက်ခွာသွားတော့သည်။
ချန်ကျီရှင်းသည် ခေါင်းညိတ်ပြလိုက်၏။ အကြီးအကဲမေ ထွက်ခွာသွားပြီးနောက် သူသည် ပိတ်ဆို့ထားသော ဖန်ပုလင်းကြီးဆီသို့ အကြည့်ပို့လိုက်သည်။
“နတ်ဘုရားဆွဲငင်အားကျောက်တုံးများ...”
ချန်ကျီရှင်း၏ မျက်ဝန်းများတွင် အလင်းတစ်ချက် လက်သွားပြီးနောက် သူသည် ချက်ချင်းပင် လေထဲသို့ ပျံတက်လိုက်ကာ ဖန်ပုလင်း၏ အဖုံးကို ဖွင့်လိုက်တော့သည်။ ထိုခဏ၌ပင် နတ်
ဘုရားဆွဲငင်အားကျောက်တုံး အချို့က ပုလင်းအတွင်းမှ ဝုန်းခနဲ ပြင်ပသို့ တိုးထွက်လာကြသည်။
ချန်ကျီရှင်းသည် ကြိတ်ဆုံကျောက်တုံးနှင့်တူသော အဖုံးဖြင့် ပုလင်းကို ပြန်လည်ပိတ်ဆို့လိုက်ပြီး အပေါ်သို့ မော့ကြည့်လိုက်၏။ အပြင်သို့ လွင့်ထွက်လာသော ကျောက်တုံးများက ဆွဲငင်အား ကင်းမဲ့သွားသကဲ့သို့ လေထဲတွင် အသာအယာ ဝဲပျံနေသည်ကို သူ မြင်တွေ့လိုက်ရသည်။
“လာစမ်း”
ချန်ကျီရှင်းသည် သူ၏ညာလက်ဖြင့် လှမ်း၍ ဖမ်းဆုပ်လိုက်ရာ ထိုကျောက်တုံးအချို့မှာ သူ၏လက်ထဲသို့ ချက်ချင်းပင် ရောက်ရှိလာတော့သည်။
နောက်တစ်ခဏတွင် ချန်ကျီရှင်းသည် အနန္တလောက နတ်ဘုရားဆွဲငင်အားကျင့်စဉ်ကို တိတ်တဆိတ် လှုံ့ဆော်လိုက်သည်။ မမြင်နိုင်သော အရာဝတ္ထုမျှင်တန်းလေးများက နတ်ဘုရားဆွဲငင်အားကျောက်တုံးများအတွင်းမှ စိမ့်ထွက်လာပြီး ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်းသို့ တဖြည်းဖြည်း စီးဝင်သွားတော့သည်။
ခဏအကြာတွင်...
ရှဲ...
တောက်ပသော အလင်းတန်းများ ထွက်ပေါ်နေဆဲဖြစ်သော နတ်ဘုရားဆွဲငင်အားကျောက်တုံးများမှာ လုံးဝ မှေးမှိန်သွားပြီး ၎င်းတို့၏ ဆွဲငင်အားစွမ်းအင်များ ဆုံးရှုံးသွားတော့သည်။ ချန်ကျီရှင်းက သူ၏လက်ချောင်းများဖြင့် အသာအယာ ညှစ်လိုက်ရာ ထိုကျောက်တုံးများက ပဲပြားဖတ်များအလား အမှုန့်ပေါင်းများစွာအဖြစ် ကြေမွပျက်စီးသွားတော့၏။
ချန်ကျီရှင်း၏ ခန္ဓာကိုယ်အတွင်း၌မူ ဆန်းကြယ်ပြီး ဖော်ပြရခက်သော အင်အားတစ်ခု ပေါ်ပေါက်လာခဲ့သည်။
“ဆွဲငင်အား...”
ချန်ကျီရှင်း၏ အကြည့်သည် အဝေးတစ်နေရာတွင် တင်ထားသော မြှားတံတစ်ခုဆီသို့ ရောက်ရှိသွားသည်။ သူသည် မည်သည့် ကျင့်ကြံမှုစွမ်းအင်ကိုမျှ အသုံးမပြုဘဲ လက်ကိုဆန့်ထုတ်၍ လေထုကို ဖမ်းဆုပ်လိုက်၏။ ထိုမြှားတံမှာ ယိမ်းယိုင်လျက် အထက်သို့ ပေါလောပေါ်လာပြီး ခဏမျှ ဝဲပျံနေပြီးနောက် အားအင်ကုန်ခမ်းသွားသကဲ့သို့ ကြမ်းပြင်ပေါ်သို့ ဂျောက်ခနဲ ပြန်လည်ကျဆင်းသွားတော့သည်။
“ဒါက တကယ်ကို ဆွဲငင်အားပဲ... ဒါပေမဲ့ အားနည်းလွန်းနေသေးတယ်...”
ချန်ကျီရှင်း၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွားသည်။
နောက်တစ်ခဏတွင် သူသည် လက်ကိုဆန့်ထုတ်ကာ ဖမ်းဆုပ်လိုက်ပြီး ဖန်ပုလင်းအတွင်းရှိ နတ်ဘုရားဆွဲငင်အားကျောက်တုံး အားလုံးကို သိုလှောင်လက်စွပ်အတွင်းသို့ ထည့်သွင်းလိုက်တော့သည်။ ၎င်းတို့ကို သိမ်းဆည်းပြီးနောက် ချန်ကျီရှင်းသည် တုံ့ဆိုင်းမနေတော့ဘဲ ရတနာခန်းမဆောင်အတွင်းမှ လှည့်ထွက်လာခဲ့တော့သည်။
***