မျက်တောင်တစ်ခတ်အတွင်းမှာပင် သုံးရက်တာအချိန်က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
ထိုသုံးရက်အတွင်း၌ ချန်ကျီရှင်းသည် ရတနာခန်းမဆောင်မှ ပြန်လာပြီးကတည်းက လျှို့ဝှက်ခန်းမဆောင်အတွင်းမှ အပြင်သို့ တစ်ဖက်တစ်လမ်းမျှပင် ထွက်မလာခဲ့ချေ။ သူသည် တာအိုဆွေးနွေးပွဲကိုပင် ပါဝင်ဆင်နွှဲခြင်း မရှိတော့ပေ။
သို့သော် ကောင်းကင်ရောင်ခြည် သန့်စင်သောသားတော်နှင့် အစောင့်အရှောက်တို့မှာ ရှေးဟောင်းအမွေအနှစ်နယ်မြေအတွင်း၌ ပြင်းထန်သော ဒဏ်ရာများ ရရှိခဲ့ကြပြီး ရွှီချင်းကျိုးသည်လည်း နင်ချန်းယွီ ပျောက်ဆုံးသွားမှုနှင့် ထိုညက ဖြစ်ရပ်များကြောင့် တာအိုဆွေးနွေးပွဲအပေါ် စိတ်ဝင်စားမှု လုံးဝ ကုန်ခမ်းသွားခဲ့ရသည်။
ထို့ကြောင့် ဤတာအိုဆွေးနွေးပွဲမှာ ဟန်ပြသက်သက်ဖြင့်သာ စတင်ခဲ့ပြီး အလျင်အမြန်ပင် ပြီးဆုံးသွားခဲ့တော့သည်။ အဖွဲ့အစည်းအသီးသီးတို့သည်လည်း ဇီဝေချန်မိသားစုအတွင်းမှ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ပြန်လည်ထွက်ခွါသွားကြသည်။
မျက်မမြင်ပညာရှိ လူပင်းတစ်ဦးတည်းသာလျှင် ဇွဲမလျှော့ဘဲ တတိယတောင်ထိပ်သို့ နေ့စဉ်လာရောက်ကာ ချန်ကျီရှင်း အခန်းထဲမှ ထွက်လာပြီလားဟု ယဉ်ကျေးပျူငှာစွာ မေးမြန်းနေခဲ့သည်။
တတိယတောင်ထိပ်ရှိ လျှို့ဝှက်ခန်းမဆောင်အတွင်း၌ ဖျာပေါ်တွင် တင်ပျဉ်ခွေထိုင်နေသော ချန်ကျီရှင်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်တော့သည်။ သူ၏ရှေ့တွင် တောင်ငယ်လေးတစ်လုံးအလား စုပုံနေသော နတ်ဘုရားဆွဲငင်အားကျောက်တုံးများမှာ ချန်ကျီရှင်း၏ စုပ်ယူခြင်းကို ခံလိုက်ရပြီးနောက် လုံးဝ အသုံးမဝင်တော့သည့် အမှိုက်သရိုက်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“အနန္တလောက နတ်ဘုရားဆွဲငင်အား”
ချန်ကျီရှင်း၏ အသံခပ်နိမ့်နိမ့်ဖြင့် အော်ဟစ်လိုက်သံ ထွက်ပေါ်လာသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် လျှို့ဝှက်ခန်းမဆောင်အတွင်းရှိ ကုလားထိုင်များ၊ စားပွဲများ၊ ခုတင်၊ လက်ဖက်ရည်ဝိုင်း၊ စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်များနှင့် ထွန်းညှိထားသော ဖယောင်းတိုင်များအပါအဝင် အိမ်ထောင်ပရိဘောဂမှန်သမျှမှာ ထူးဆန်းအံ့သြဖွယ်ကောင်းစွာ လေထဲသို့ ပေါလောမျောတက်သွားကြတော့သည်။
ထိုအရာဝတ္ထုများသည် ဟင်းလင်းပြင်အတွင်း၌ ဆွဲငင်အား ကင်းမဲ့သွားသကဲ့သို့ အသံတိတ် ဝဲပျံနေကြပြီး အဆက်မပြတ် နိမ့်ချည်မြင့်ချည် ဖြစ်နေကြ၏။
သုံးစက္ကန့်ခန့်မျှသာ ကြာမြင့်ပြီးနောက်...
ဗုန်းးး
လေထဲတွင် ဝဲပျံနေသော အရာအားလုံးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြန်လည်ကျဆင်းလာတော့သည်။ တစ်ခန်းလုံးမှာလည်း ချက်ချင်းပင် ဖရိုဖရဲနှင့် ပရမ်းပတာ ဖြစ်သွားတော့၏။
“နည်းလွန်းသေးတယ်...”
ချန်ကျီရှင်းသည် မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်မိသည်။
“ငါ့မှာ နတ်ဘုရားဆွဲငင်အားကျောက်တုံးတွေ လိုအပ်နေတယ်။ အမြောက်အမြား လိုအပ်နေတာ”
သူ၏အတွင်း၌ ကိန်းအောင်းနေသော ဆွဲငင်အား၏ ပမာဏမှာ သူစုပ်ယူလိုက်သော နတ်ဘုရားဆွဲငင်အားကျောက်တုံးများ၏ အလေးချိန်နှင့် တိုက်ရိုက်အချိုးကျနေခြင်းပင်။
ဥပမာအားဖြင့် လွန်ခဲ့သော သုံးရက်အတွင်း၌ သူသည် နတ်ဘုရားဆွဲငင်အားကျောက်တုံး ပေါင်တစ်ထောင်ခန့်ကို စုပ်ယူခဲ့သောကြောင့် သူထုတ်ဖော်နိုင်သော ဆွဲငင်အားမှာလည်း ပေါင်တစ်ထောင်ခန့်သာ ရှိသည်။
အကယ်၍ သူသည် တောင်ကြီးတစ်လုံးစာမျှရှိသော နတ်ဘုရားဆွဲငင်အားကျောက်တုံးများကို စုပ်ယူနိုင်ခဲ့လျှင်မူ သူ၏ဆွဲငင်အားဖြင့် တောင်ကြီးတစ်လုံးကို အလွယ်တကူ မတင်နိုင်မည်ပင်။
ထို့ထက်မက ဂြိုဟ်တစ်လုံးစာမျှရှိသော နတ်ဘုရားဆွဲငင်အားကျောက်တုံးများကိုသာ စုပ်ယူနိုင်ခဲ့ပါက သူ၏ဆွဲငင်အားမှာ ဂြိုဟ်တစ်လုံးကိုပင် သူ၏လက်ဖဝါးပေါ်တွင် ခဲပစ်သကဲ့သို့ ပစ်ပေါက်နိုင်သည့် အခြေအနေအထိ ရောက်ရှိသွားပေလိမ့်မည်။
“အနန္တလောက နတ်ဘုရားဆွဲငင်အားကျင့်စဉ်ကို ကျင့်ကြံတဲ့နေရာမှာ အလောတကြီး လုပ်လို့မရဘူးပဲ...”
ချန်ကျီရှင်း၏ မျက်ဝန်းများတွင် တွေးတောနေဟန် ပေါ်လာသည်။
မူလက သူသည် ဆွဲငင်အားကို ဓားတာအိုနှင့် ပေါင်းစပ်ကာ သူ၏ ဒုတိယမြောက် တာအိုမျိုးစေ့အဖြစ် ဖန်တီးရန်နှင့် စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ဒုတိယအဆင့်သို့ တက်လှမ်းရန် အစီအစဉ်ရှိခဲ့သည်။
သို့သော် ယခုအခြေအနေအရမူ ဆွဲငင်အားသည် ဓားတာအိုနှင့် ပေါင်းစပ်နိုင်လောက်အောင် အစွမ်းထက်လာမည့်အချိန်ကို စောင့်ဆိုင်းနေမည်ဆိုပါက သူ၏ကျင့်ကြံမှုအရှိန်မှာ ဆွဲငင်အားကျင့်စဉ်၏ တိုးတက်မှုအပေါ်တွင်သာ မူတည်ပြီး နှောင့်နှေးသွားပေလိမ့်မည်။
ချန်ကျီရှင်းသည် တစ်ဦးတည်းသော နယ်ပယ်အတွင်း ပြိုင်ဘက်ကင်းဖြစ်ရန်အတွက် သူ၏ကျင့်ကြံမှုအရှိန်ကို အနစ်နာခံမည့်သူမျိုး လုံးဝမဟုတ်ပေ။
“ကောင်းပြီလေ... အရင်ဆုံး ဓားတာအိုကို ငါ့ရဲ့ ဒုတိယမြောက် မဟာတာအိုအဖြစ် ပြောင်းလဲလိုက်မယ်။ တာအိုမျိုးစေ့ကို စုစည်းပြီး ကောင်းကင်နှင့်မြေကမ္ဘာ ဓမ္မရုပ်သွင်ကို ပုံဖော်ရမယ် စစ်မှန်သောကိုယ်ပိုင် ဒုတိယအဆင့်ကို အမြန်ဆုံး ရောက်အောင် တက်လှမ်းမှဖြစ်မယ်”
“ဆွဲငင်အားကိုတော့ နောက်မှပဲ သီးခြား မဟာတာအိုတစ်ခုအနေနဲ့ ပုံဖော်လိုက်တော့မယ်”
ချန်ကျီရှင်းသည် သူ၏စိတ်ထဲတွင် ပြတ်သားစွာ ဆုံးဖြတ်လိုက်တော့သည်။
ခဏအကြာတွင် သူသည် လျှို့ဝှက်ခန်းမဆောင်အတွင်းမှ ထွက်လာခဲ့သည်။ တတိယတောင်ထိပ်တွင် ပိလော့၊ ရွမ်နန်ကျူးနှင့် ကျားချင်းယွဲ့တို့ကို မတွေ့ရပေ။
ချန်ကျီရှင်းက ထိုအချက်ကို ဂရုမစိုက်ဘဲ ကျိန်စာတံဆိပ်ကို အသုံးပြု၍ တူကူးနီနှင့် ဟွာလင်းဟောက်တို့ထံသို့ ချက်ချင်းပင် သတင်းစကား ပေးပို့လိုက်သည်။
စက္ကန့်အနည်းငယ်အတွင်းမှာပင်...
ရွှပ် ရွှပ်
ဝတ်ရုံနက်ဝတ် ပုံရိပ်နှစ်ခုမှာ ချန်ကျီရှင်း၏ ရှေ့မှောက်သို့ မျက်တောင်တစ်ခတ်အတွင်း ရောက်ရှိလာကြသည်။
“သခင်လေး...”
တူကူးနီနှင့် ဟွာလင်းဟောက်တို့သည် တစ်ပြိုင်နက်တည်း ခေါင်းမော့ကာ ချန်ကျီရှင်းကို ကြည့်လိုက်ကြသည်။
“တူကူးနီ... ငါ့မှာ နတ်ဘုရားဆွဲငင်အားကျောက်တုံးတွေ လိုအပ်နေတယ်။ အမြောက်အမြား လိုအပ်နေတာ”
ချန်ကျီရှင်းက ပထမဆုံး စတင်၍ စကားပြောလိုက်သည်။
“နတ်ဘုရားဆွဲငင်အားကျောက်တုံးများလား”
တူကူးနီမှာ အံ့အားသင့်သွားပြီး အနည်းငယ် ဝေခွဲမရဖြစ်သွားသည်။
ထိုကျောက်တုံးများက ဈေးကြီးသော်လည်း အသုံးမဝင်ပေ။
သခင်လေးက ဘာလို့ အဲ့တာတွေကို လိုချင်နေရတာလဲ။
သူသည် နှုတ်မှ ထုတ်ဖော်မမေးမြန်းဘဲ တိုးညှင်းစွာသာ ပြန်လည်လျှောက်တင်လိုက်၏။ “သခင်လေး... ကျွန်တော်မျိုး ဘယ်လိုဆောင်ရွက်ပေးရမလဲခင်ဗျာ”
“ငါ့အတွက် နတ်ဘုရားဆွဲငင်အားကျောက်တုံးတွေကို သွားပြီးဝယ်ပေးပါ။ ဈေးနှုန်းဘယ်လောက်ပဲဖြစ်ဖြစ် ဘယ်လိုကုန်ကျစရိတ်မျိုးပဲရှိရှိ ဂရုမစိုက်ဘူး။ များများရလေ ပိုကောင်းလေပဲ”
ချန်ကျီရှင်းသည် သူ၏လက်ချောင်းကို တစ်ချက်တောက်လိုက်ရာ ဝိညာဉ်ကျောက်တုံးတစ်သန်းခန့် ထည့်သွင်းထားသော သိုလှောင်လက်စွပ်တစ်ကွင်းမှာ လွင့်ထွက်သွားတော့သည်။
“အမိန့်တော်အတိုင်းပါခင်ဗျာ”
တူကူးနီသည် သူ၏မျက်ဝန်းများတွင် အလင်းတစ်ချက် လက်သွားရင်း ထိုလက်စွပ်ကို လှမ်းယူကာ ရိုသေစွာ ဦးညွှတ်လက်ခံလိုက်သည်။
ချန်ကျီရှင်းက ခေါင်းညိတ်ပြလိုက်ပြီးနောက် ဟွာလင်းဟောက်ကို ကြည့်ကာ တည်ကြည်
လေးနက်စွာ ပြောလိုက်သည်။
“ဟွာလင်းဟောက်... မင်းကတော့ အရှေ့ပင်လယ်ရဲ့ အနက်ရှိုင်းဆုံးနေရာကိုသွားပြီး ကြယ်ကြွေသဲလေမုန်တိုင်းရပ်ဝန်းထဲက ကျောက်တုံးတွေကို ငါ့အတွက် သွားစုဆောင်းပေးပါ”
“လတိုင်းမှာ နတ်ဘုရားဆွဲငင်အားကျောက်တုံးတွေကို တစ်သုတ်ပြီးတစ်သုတ် ငါ့ဆီ ပြန်ပို့ပေးရမယ်”
“အမိန့်တော်အတိုင်းပါ”
ဟွာလင်းဟောက်၏ မျက်နှာတွင်လည်း တည်ကြည်သော အရိပ်အယောင်များ ဖြတ်သန်းသွားတော့သည်။
“ကောင်းပြီ... ပြင်ဆင်စရာရှိတာပြင်ပြီး ဒီနေ့ပဲ စတင်ထွက်ခွာကြတော့”
ချန်ကျီရှင်းက ခေါင်းညိတ်ကာ အမိန့်ပေးလိုက်၏။
တူကူးနီနှင့် ဟွာလင်းဟောက်တို့ ထွက်ခွါသွားပြီးနောက် ချန်ကျီရှင်းသည် ခြေတစ်လှမ်းလှမ်းလိုက်ရုံဖြင့် လင်းအန်းမြို့ရှိ နဂါးနက်ဂိုဏ်းဌာနချုပ်သို့ မကြာမီ ရောက်ရှိသွားတော့သည်။
“တတိယသခင်လေး...”
ချန်ကျီရှင်း ရောက်ရှိလာသည်ကို မြင်သည်နှင့် ပခုံးတွင် ပတ်တီးစည်းထားသော ရွှီတာလုံမှာ ခုတင်ပေါ်မှ ချက်ချင်းပင် ထရပ်လိုက်တော့သည်။
“မင်း ဘာဖြစ်တာလဲ”
ရွှီတာလုံ၏ ပခုံးပေါ်မှ ဒဏ်ရာကို မေးငေါ့ကာ ချန်ကျီရှင်းက မေးလိုက်သည်။
“ဘာမှမဟုတ်ပါဘူး... ကျင့်ကြံခြင်းလောကထဲက အတွေ့အကြုံနုသေးတဲ့ ကောင်တစ်ယောက်က မြို့ထဲမှာ ပုံပြင်တချို့ကို ကြားဖူးနားဝရှိပြီး လင်းအန်းမြို့ထဲမှာ ကျွန်တော့်ကို ချောင်းမြောင်းတိုက်ခိုက်လို့ပါ။ မတရားမှုကို နှိမ်နင်းပြီး တရားမျှတမှုကို ဖော်ဆောင်ချင်တယ်ဆိုလားပဲ”
“ဪ... နောက်ဆုံး ဘယ်လိုဖြစ်သွားလဲ”
ချန်ကျီရှင်းက ခပ်အေးအေးပင် မေးလိုက်၏။
ရွှီတာလုံက သွားဖြဲပြရင်း “အဲဒီကောင်က ဝိညာဉ်ပြုစုပျိုးထောင်ခြင်းနယ်ပယ် ကိုးခုမြောက်အလွှာမှာပဲ ရှိပါသေးတယ်။ တရားမျှတမှုအတွက်ဆိုပြီး ကျွန်တော့်ကို ကျင့်ကြံမှုအဆင့် နှိမ့်ချခိုင်းပြီး တစ်ယောက်ချင်း ယှဉ်ပြိုင်ဖို့ တောင်းဆိုလာတာလေ”
“ကျွန်တော်ကလည်း အပြင်ပန်းမှာတော့ သဘောတူလိုက်ပြီး တကယ်တမ်းကျတော့ ကျင့်ကြံမှုကို အစွမ်းကုန်မြှင့်ပြီး ဓားတစ်ချက်တည်းနဲ့ သူ့ကို အသေသတ်လိုက်တာပေါ့”
ရွှီတာလုံက ခေါင်းကိုတစ်ဖက်သို့လှည့်၍ မထီမဲ့မြင် ထွေးထုတ်လိုက်ရင်း “တောက်... ငါက ဟင်းလင်းပြင်အသွင်ပြောင်းနယ်ပယ်အထိ ကျင့်ကြံထားတာက သူ့ကို တရားမျှတစွာ ပြန်တိုက်ဖို့မှ မဟုတ်တာ အရှုးကောင်”
ဤစကားကို ကြားသောအခါ ချန်ကျီရှင်းမှာ မပြုံးဘဲ မနေနိုင်တော့ပေ။ ထို့နောက် သူ၏ညာလက်ကို မှောက်လျက်ကနေ လှန်လိုက်ရာ ဟင်းလင်းပြင်အသွင်ပြောင်းနယ်ပယ်နှင့် သက်ဆိုင်သော ကျင့်စဉ်တစ်ခုနှင့် မဟာယွမ်ဆေးလုံးပုလင်းအချို့ ထွက်ပေါ်လာတော့သည်။
“သိမြင်နားလည်ခြင်းနယ်ပယ်ထဲကို အမြန်ဆုံး ရောက်အောင် ကျင့်ကြံစမ်း”
စကားတစ်ခွန်းကိုသာ ချန်ထားရစ်ခဲ့ပြီး ချန်ကျီရှင်းသည် ခြေတစ်လှမ်းလှမ်းကာ နဂါးနက်ဂိုဏ်းအတွင်းမှ ပျောက်ကွယ်သွားတော့သည်။
ရွှီတာလုံသည် ဟင်းလင်းပြင်အသွင်ပြောင်းနယ်ပယ်ကျင့်စဉ်နှင့် မဟာယွမ်ဆေးလုံးများကို ကောက်ယူလိုက်စဉ် သူ၏မျက်ဝန်းများမှာ ပြတ်သားသော ဆုံးဖြတ်ချက်များဖြင့် တောက်ပနေတော့သည်။ ချန်ကျီရှင်း၏ ကြီးမားလှသော အရှိန်အဝါကို အမှီပြုခြင်းဖြင့်သာ သူ၏ကံကြမ္မာကို ပြောင်းလဲနိုင်မည်ဖြစ်ကြောင်း သူ ကောင်းစွာ နားလည်ထားသည်။
ထိုသို့ ချန်ကျီရှင်း၏ အစွမ်းအစများကို ဆက်လက် အမှီပြုနိုင်ရန်အတွက်မူ သူသည် ချန်ကျီရှင်း အသုံးချနိုင်လောက်သည့် တန်ဖိုးတစ်ခုကို ပြသနိုင်ရပေမည်။
အခြေအနေအရပ်ရပ်ကို ပါးနပ်စွာ ကိုင်တွယ်တတ်ရုံသာမက ကျင့်ကြံမှုအဆင့် မြင့်မားခြင်းသည်လည်း အလွန်အရေးကြီးလှသည်။
ထို့ကြောင့် သူသည် မည်သည့်နည်းလမ်းဖြင့်မဆို သူ၏ကျင့်ကြံမှုကို မြှင့်တင်ရမည် ဖြစ်သည်။ ထိုသို့တွေးတောရင်း ရွှီတာလုံသည် တုံ့ဆိုင်းမနေတော့ဘဲ ပြတ်သားစွာ အမိန့်ပေးလိုက်တော့၏။
“လူတွေ လာကြစမ်း အခုကစပြီး နဂါးနက်ဂိုဏ်းရဲ့ ကိစ္စအဝဝကို ဒုတိယဂိုဏ်းချုပ်ကပဲ တာဝန်ယူ ကိုင်တွယ်သွားလိမ့်မယ်”
ချန်ကျီရှင်း ဇီဝေတောင်တန်းသို့ ပြန်ရောက်ချိန်တွင် မွန်းလွဲပိုင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် တတိယတောင်ထိပ်သို့ မပြန်ရသေးမီမှာပင် အဓိကတောင်ထိပ်မှ အစေခံတစ်ဦးမှာ အလျင်အမြန် ချဉ်းကပ်လာခဲ့သည်။
“တတိယသခင်လေး... မိသားစုခေါင်းဆောင်က သခင်လေးကို တွေ့ချင်နေပါတယ်ခင်ဗျာ”
အစေခံက ရိုသေစွာ လျှောက်တင်လိုက်သည်။
“ဪ... ဟုတ်လား”
ချန်ကျီရှင်းက မျက်မှောင်အနည်းငယ် ပင့်သွားပြီးနောက် ခေါင်းညိတ်ပြကာ “လမ်းပြပါဦး” ဟု ပြောလိုက်သည်။
ခဏအကြာတွင် ချန်ကျီရှင်းသည် အစေခံ၏နောက်သို့ လိုက်ပါကာ အဓိကတောင်ထိပ်သို့ ရောက်ရှိလာခဲ့သည်။ တောင်ထိပ်ပေါ်ရှိ ရင်ပြင်တစ်ခုအတွင်း၌ ချန်တောက်ယန်သည် ကျောက်စားပွဲတစ်ခုတွင် ထိုင်လျက် ဝတ်ရုံလက်ကို မတင်ကာ ဝိညာဉ်လက်ဖက်ရည်ကို ဖျော်စပ်နေသည်ကို တွေ့လိုက်ရ၏။
“ထိုင်ပါဦး”
ချန်တောက်ယန်က ချန်ကျီရှင်းကို ကြည့်ကာ အနည်းငယ် ပြုံးပြရင်း “ဒါက ငါ့သူငယ်ချင်းတစ်ယောက် ဖီးနစ်သစ်တောအနက်ပိုင်းက ဖီးနစ်နားခိုရာ လက်ဖက်ပင်ကနေ ခူးယူလာပေးတဲ့ ဝိညာဉ်လက်ဖက်ခြောက်တွေပဲ မြည်းကြည့်ပါဦး” ဟု ပြောလိုက်သည်။
ချန်ကျီရှင်းက ခေါင်းညိတ်၍ ချန်တောက်ယန်၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကာ မေးလိုက်သည်။
“ဘိုးဘေးကြီး... ကျွန်တော့်ကို ခေါ်တာ တစ်ခုခု လိုအပ်လို့ပါလားခင်ဗျာ”
“ဘာတွေ အလောတကြီး ဖြစ်နေတာလဲ။ အရင်ဆုံး လက်ဖက်ရည်သောက်ပါဦး”
ချန်တောက်ယန်က ခရမ်းရောင် မြေအိုးလေးထဲမှ လက်ဖက်ရည်ကို ချန်ကျီရှင်းအတွက် ငှဲ့ပေးရင်း ပြုံးလျက် မေးလိုက်သည်။
“ကျီရှင်း... မိသားစုခေါင်းဆောင်တစ်ယောက် ဖြစ်ဖို့အတွက် ဘယ်လို အရည်အချင်းတွေ လိုအပ်တယ်လို့ မင်း ထင်သလဲ”
***