ကျန်းမင်၏ ကိုယ်ပွားက သူ့အငွေ့အသက်များကို ဖုံးကွယ်၍ ပိရွှေဂိုဏ်း အပြင်ဘက်မှနေ၍ အခြေအနေကို အဝေးမှ စောင့်ကြည့်နေလိုက်သည်။
ခဏအကြာတွင် သုခဘုံအဆင့် ကျင့်ကြံသူ့ ကြောက်မက်ဖွယ် အရှိန်အဝါက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်၏။
"ပိုင်ကျန်းကျီ... ဘာလို့ ငါ့ကို အေးအေးဆေးဆေး မနေခိုင်းရတာလဲ" ကိုယ်ပွားက အော်ဟစ်လိုက်သည်။ "တစ်နေ့ကျရင် ငါမင်းကို အပိုင်းပိုင်း ခုတ်ထစ်ပြီး နဂါးသားဟင်းပွဲ လုပ်စားပစ်မယ်"
ရွှစ်...
စွမ်းအင်ဓား တစ်လက်က လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး ပျက်စီးယိုယွင်းစေမည့် အင်အားဖြင့် ညကောင်းကင်ယံကို ဆုတ်ဖြဲလာသည်။ ဓား၏ အရှည်မှာ လီရာပေါင်းများစွာ ရှည်လျားပြီး ပေါ်လာသည်နှင့် တပြိုင်နက် ဧရာမ ဖိအားကြီး တစ်ခုက ထိုနေရာ တစ်ဝိုက်သို့ ကျဆင်းလာကာ လေထုကိုပင် အေးခဲသွားစေ၏။
"ပိုင်ကျန်းကျီ... ငါ မုရွှေယွင်ကို တွေ့တုန်းက သူက ပိုင်လန်နဲ့ ကလေးယူဖို့ ကြိုးစားနေတာ မင်းသိလား... အဲ့ဒီအစား မင်းက ငါ့ကိုတောင် ကျေးဇူးတင်သင့်တာ... ဘယ်လိုလုပ် ဒီလောက်ထိ ရက်စက်နိုင်ရတာလဲ"
ထိုစကားများ ပြောပြီးနောက် ကိုယ်ပွားက ခုန်ထွက်သွားပြီး လေဟာနယ် အတွင်းသို့ ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ကျန်းမင်က အခွင့်အရေးကို ဆုပ်ကိုင်၍ ကိုယ်ပွားကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး စွမ်းအင်များကို သူ့ခန္ဓာကိုယ် အတွင်းသို့ ပြန်လည် စီးဝင်စေလိုက်၏။
"သေစမ်း"
ပိုင်ကျန်းကျီက အော်ဟစ်လိုက်သည်။
စွမ်းအင်ဓား၏ အင်အားများက လှိုင်းလုံးကြီး တစ်ခုပမာ ထကြွလာပြီး ကျန်းမင် ရပ်နေခဲ့သော နေရာကို ဖုံးလွှမ်းသွားတော့၏။
ပိရွှေဂိုဏ်း၏ အနောက်ဘက်ကို လွှမ်းခြုံထားသော မန္တန်အစီအရင်မှာ ပြိုကျသွားလေပြီ။ စွမ်းအင်ဓား ကျရောက်လာချိန်တွင် ထိုနေရာရှိ လူအချို့မှာ ချက်ချင်းပင် အသားစများ၊ သွေးမြူများ အဖြစ်သို့ ပေါက်ကွဲ ထွက်သွားကြသည်။ သူတို့မှာ အကူအညီ တောင်းရန်ပင် အချိန်မရလိုက်ဘဲ အသက် ပျောက်သွားကြခြင်း ဖြစ်သည်။
များမကြာမီမှာပင် ပိရွှေဂိုဏ်း၏ ခြံဝင်း တစ်ခုလုံး အလုံးစုံ ပျက်စီးသွားခဲ့လေပြီ။
စွမ်းအင်ဓားနှင့် ၎င်း၏ အလင်းရောင်များ ပျောက်ကွယ်သွားချိန်တွင် ထိုနေရာ တစ်ခုလုံး ပြိုကျပျက်စီးနေသော အပျက်အစီးများ အဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်တွေ့နိုင်ပေသည်။
ပိုင်ကျန်းကျီ ရောက်ရှိလာချိန်တွင်တော့ သူ့အမူအရာမှာ ကြည့်ရဆိုးနေပြီး ပျက်စီးနေသော မြင်ကွင်းကို ကြည့်ရင်း သူ့မျက်လုံးများက မီးတောက်များပင် ပန်းထွက်လာမတတ်။ သူက ဒေါသတကြီးဖြင့်...
"မင်း ဘယ်သူပဲဖြစ်ဖြစ်၊ ဘယ်ကိုပဲ သွားသွား... ငါမင်းကို ရှာပြီး သတ်ပစ်မယ်"
ပိုင်ကျန်းကျီမှာ အမြဲတမ်း တည်ငြိမ် အေးဆေးသူ တစ်ယောက် ဖြစ်သော်လည်း ဤအခိုက်အတန့်တွင်မူ သူ့တည်ငြိမ်မှုများ လုံးဝ ပျောက်ဆုံးနေခဲ့လေပြီ။ သူ့ခေါင်းထဲတွင် မုရွှေယွင်နှင့် ပိုင်လန်တို့ နှစ်ယောက် နီးနီးကပ်ကပ် ယှက်နွယ်နေသည့် မြင်ကွင်းများဖြင့် ပြည့်နှက်နေ၏။ ဤမြင်ကွင်းများက သူ့ရင်တွင်းရှိ ဒေါသမီးတောက်ကို ပိုကြီးထွားလာစေရန် လေပင့်ပေးနေသကဲ့သို့ပင်။
ပိုင်ကျန်းကျီက အသက် ပြင်းပြင်းရှူလိုက်ပြီးနောက် မျက်လုံးများ မှေးကျဉ်းကာ သူ့ရှေ့ရှိ အသက်ရှင် ကျန်ရစ်သူများကို လှမ်းကြည့်လိုက်သည်။ ထို့နောက် သူက...
"ဒီပိရွှေဂိုဏ်း ခွဲကြောင့်သာ ငါ့ရန်သူက ငါ့လက်ထဲကနေ လွတ်သွားခဲ့တာ... မင်းတို့ အကုန်လုံး အသက်နဲ့ ပြန်ပေးဆပ်ရမယ်"
စကားဆုံးသည်နှင့် တစ်ပြိုင်နက် ပိုင်ကျန်းကျီက လက်ကို မြှောက်၍ ဓားသမ္ဗောဓိ စွမ်းအင်များကို စုပ်ယူလိုက်ပြီးနောက် အောက်ဘက်သို့ လက်ညှိုး ထိုးချလိုက်သည်။ ပိရွှေဂိုဏ်း၏ အပျက်အစီးများ အထက်သို့ မိုးကြိုး အလင်းတန်းများကို တစ်ခုပြီး တစ်ခု ခေါ်ယူ၍ အားလုံးကို သတ်ဖြတ်ပစ်တော့၏။ သူ့ စွမ်းအင်ဓားကြောင့် ဖြစ်ပေါ်လာသော ချောက်ကမ်းပါးကြီးပင် အပျက်အစီးများဖြင့် လျင်မြန်စွာ ပြည့်နှက်သွားလေပြီ။
...
ကျိုယန်ဂိုဏ်း၏ ချူယန် တောင်ထွတ်သို့ ပြန်ရောက်သောအခါ။
ကျန်းမင် တစ်ယောက် ချူယန် တောင်ထွတ်သို့ ရောက်ရှိပြီးနောက် သူ့အခန်းသို့ တိတ်တဆိတ် ပြန်လာခဲ့သည်။ တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး မောဟိုက်နေသော အသက်ရှူသံများနှင့်အတူ သူ့ရင်ဘတ်မှာလည်း နိမ့်ချည် မြင့်ချည် ဖြစ်နေ၏။ ဒီည သူ တကယ်ကို ကံကောင်းခဲ့ကြောင်း ကောင်းကောင်း သိထားသည်။ ကံကောင်းထောက်မစွာဖြင့် သူက ဟင်းလင်းပြင် ထိန်းချုပ်ခြင်းနှင့် မဟာ အာကာပြင် ခြေလှမ်းများကို ကျွမ်းကျင်ထားသောကြောင့်သာ ပိုင်ကျန်းကျီ လက်မှ လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုသို့မှ မဟုတ်လျှင် သူ သေချာပေါက် သေဆုံးခဲ့ရပေမည်။
ပိုင်ကျန်းကျီ၏ အချက်အလက်များကို ထပ်မံ ကြည့်ရှုရန် လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ယူလိုက်သည်။ သူ့အကြည့်များက ပိုင်ကျန်းကျီ၏ လက်ရှိ အခြေအနေဆီသို့ လျင်မြန်စွာ ရောက်ရှိသွား၏။
လက်ရှိ အခြေအနေ - ပိရွှေဂိုဏ်းကို ရိုက်ချက် တစ်ချက်တည်းဖြင့် ဖျက်ဆီးပစ်ခဲ့သည်။ ပိရွှေဂိုဏ်းခွဲ တစ်ခုကို ဖျက်ဆီးပြီး သူ့ဒေါသများကို ဖြေဖျောက်ခဲ့ခြင်း ဖြစ်သည်။ ချင်းယွင်ဂိုဏ်းက ကိုးလွှာကောင်းကင် အင်ပါယာ လျှပ်စီးကို အသုံးပြု၍ လူတိုင်းကို သတ်ဖြတ်ခဲ့သကဲ့သို့ ထင်မှတ်သွားစေရန် မိုးကြိုး အလင်းတန်းများကို တမင်တကာ အသုံးပြုခဲ့၏။ လက်ရှိတွင် ပိရွှေဂိုဏ်းချုပ်အား တောင်နီနန်းတော် အတွက် ဆက်လက် အမှုထမ်းစေရန် မည်သို့ မြှူဆွယ်ရမည်ကို တွေးတောနေသည်။
ငါ ရန်စလိုက်တာတောင် သူက တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်ပြီး ချင်းယွင်ဂိုဏ်း အပေါ်ကို အပြစ်ပုံချနိုင်သေးတယ်ပေါ့... ဘယ်လောက်တောင် ကြောက်စရာ ကောင်းတဲ့ မိစ္ဆာကောင်လဲ...
ကျန်းမင် တိတ်တဆိတ် တွေးလိုက်မိ၏။
အစွမ်းထက် ရန်သူများနှင့် မကြာခဏ ဆိုသလို ကြုံတွေ့နေရသည်ကို ထောက်ဆလျှင် သူ့ညီမလေး အန္တရာယ် မကြုံရသရွေ့ ဂိုဏ်းထဲတွင်သာ ငြိမ်ငြိမ်လေး နေရန် ဆုံးဖြတ်လိုက်သည်။
ထို့နောက် သူက ဝိညာဉ် ကျောက်တုံး တစ်တုံးကို ထုတ်ယူ၍ မျက်လုံးများကို မှိတ်ကာ သူ့ကိုယ်သူ စတင် ကုသတော့၏။
သူ အချိန်အတော်ကြာ စုဆောင်းထားခဲ့သော ကျင့်ကြံခြင်း အဆင့်တက်ရန် စွမ်းအင်များကိုမူ ယခုလောလောဆယ် အသုံးမပြုသေးရန် ဆုံးဖြတ်လိုက်သည်။
တောင်ပေါ်တွင်တော့ တည်ငြိမ် ငြိမ်းချမ်းနေသော်ငြား ပြင်ပ လောကကြီးမှာမူ ပရမ်းပတာ အခြေအနေသို့ ရောက်ရှိနေလေပြီ။
ဟိုင်ပြည်နယ်ရှိ ကျန်းမျိုးနွယ်။
ကျန်းမျိုးနွယ်မှာ ဟိုင်ပြည်နယ်၏ အဓိက အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။
ကျန်းမျိုးနွယ် တားမြစ် နယ်မြေ အတွင်း၌ သူတို့ ပင်မတပည့်များ၏ ဝိညာဉ် တိုကင်များကို ထိန်းသိမ်းထားသော အဆောက်အအုံ တစ်ခု ရှိ၏။
အပေါ်ဆုံး တန်းတွင် ရှိသော မျိုးနွယ်စု ခေါင်းဆောင် ကျန်းဖုန်း၏ ဝိညာဉ် တိုကင် အက်ကွဲသွားချိန်တွင် အစောင့် အဘိုးအိုမှာ လန့်ဖြန့်သွားရသည်။ သတိပြန်ဝင်လာချိန်တွင် သူက မျက်လုံးများကို ပွတ်သပ်၍ သေချာ ထပ်ကြည့်လိုက်၏။ သူ့မျက်လုံးများ အမြင်မှားနေခြင်း မဟုတ်ကြောင်း သဘောပေါက်လိုက်ချိန်တွင် သူ့မျက်နှာမှာ ဖြူရော်သွားပြီး တစ်ကိုယ်လုံး တုန်ယင်လာတော့သည်။
ထိုအဖြစ်အပျက်နှင့် အတူ ကျန်းမျိုးနွယ် တစ်ခုလုံး ပရမ်းပတာ ဖြစ်သွားကြလေပြီ။
သမုဒ္ဒရာ အလယ်၌။
အကြေးခွံဖြူ နဂါး ဂူအတွင်း တိုက်ပွဲ တစ်ခု ဖြစ်ပွားနေ၏။ ပိုင်လန်၏ ဇနီး အချို့မှာ သူ ချန်ထားခဲ့သော ရတနာများအတွက် အချင်းချင်း တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ပိရွှေဂိုဏ်း၏ ပင်မ ဂိုဏ်းချုပ် ကျောင်းဆောင်တွင်။
ခေါင်းလောင်းသံ (၈၁)ချက် ထွက်ပေါ်လာချိန်တွင် ဂိုဏ်းချုပ်နှင့် အကြီးအကဲ အားလုံး စုဝေး ရောက်ရှိလာကြသည်။ အားလုံး၏ မျက်နှာပေါ်တွင် မှုန်ကုပ်နေသော အမူအရာများ အသီးသီး နေရာယူထားကြ၏။
အရှေ့ပိုင်း ဒေသသို့ သွားရောက်ခဲ့သော သူတို့၏ မဟာ အကြီးအကဲ ဟိုင်ယန် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထိုနေရာရှိ တပည့် အုပ်စု တစ်စုလုံးပင် သေဆုံးသွားခဲ့ကြ၏။ ဟိုင်ယန်မှာ မူလဝိညာဉ် အဆင့် ကျင့်ကြံသူ တစ်ဦး ဖြစ်ပြီး ထိုနေရာရှိ ဂိုဏ်းခွဲမှာလည်း မန္တန်အစီအရင် တစ်ခုဖြင့် ကာကွယ်ထားသည် မဟုတ်ပါလား။ ထိုအချက်များကို ထောက်ရှု၍ ဟိုင်ယန် အသတ်ခံရမှုနှင့် ဂိုဏ်းခွဲ အတွင်းရှိ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတို့ကို ကျူးလွန်သူမှာ သုခဘုံအဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်ကြောင်း သူတို့ သေချာပေါက် အတည်ပြုနိုင်ခဲ့ကြသည်။
အရှေ့ပိုင်း ဒေသတွင် ချင်းယွင်ဂိုဏ်းမှာ သုခဘုံအဆင့် ကျွမ်းကျင်သူ အရေအတွက် အများဆုံး ပိုင်ဆိုင်ထားသည့် ဂိုဏ်းပင် ဖြစ်သည်။
ချင်းယွင်ဂိုဏ်းတွင်။
ချင်းယွင်ဂိုဏ်း၏ သန့်စင်သော သခင်က မုရွှေယွင်၏ ဝိညာဉ် တိုကင် အက်ကွဲသွားကြောင်း သိလိုက်ရသည်နှင့် သူမ သေဆုံးမှုအတွက် အနန္တ ဆေးလုံးစံအိမ်တွင် တာဝန်ရှိကြောင်း တစ်စက်လေးမျှ သံသယ ဝင်မနေခဲ့ပေ။
"အနန္တ ဆေးလုံးစံအိမ်က မိစ္ဆာကောင် နှစ်ကောင်များလား"
ချင်းယွင်ဂိုဏ်း၏ သန့်စင်သော သခင်မှာ ဘာလုပ်ရမှန်း မသိအောင် ဖြစ်နေ၏။ လတ်တလော တင်းမာမှုများကြောင့် ဤကိစ္စနှင့် ပတ်သက်၍ အနန္တ ဆေးလုံးစံအိမ်အား တိုက်ရိုက် ရင်ဆိုင်ရန်မှာ ပညာရှိရာ မကျပေ။ အကယ်၍ သူသာ သူတို့၏ ယခင် သူတော်စင် သမီးတော် သေဆုံးမှု အကြောင်း သွားရောက် ပြောဆိုလိုက်ပါက သံမဏိအိုကြီးက သူ့အား တူဖြင့် ချက်ချင်း ထုခွဲပစ်မည်မှာ သေချာလှသည်။
ညတစ်ညတည်း အတွင်းမှာပင် အရာများစွာ ပြောင်းလဲသွားခဲ့လေပြီ။
နောက်တစ်နေ့တွင်။
ကျန်းမင် တစ်ယောက် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ပြီး သူ့ နေ့စဉ် လုပ်ရိုးလုပ်စဉ်များကို စတင်လိုက်သည်။
သူက ခေါင်မိုးပေါ်တွင် ညီမလေး ဖြစ်သူနှင့်အတူ နေထွက်လာသည့် အလှကို ခံစားရင်း နံနက်စာ သုံးဆောင်နေ၏။
ရုတ်တရက် ချူယန် တောင်ထွတ်ရှိ ပင်မ အဆောက်အအုံမှ အစွမ်းထက်သော အရှိန်အဝါ တစ်ခု ပေါက်ကွဲ ထွက်ပေါ်လာသည်။ ထိုအရာနှင့်အတူ စကြဝဠာ အတွင်းရှိ ဝိညာဉ် စွမ်းအင်များလည်း စုဝေး လာကြတော့သည်။
"ဆရာ ပြန်ကောင်းသွားပြီ... သူ အခု အဆင့်တက်တော့မယ်" လင်းလုံက မျက်လုံးများ တောက်ပလာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "ဆရာ့မှာ အရမ်း မြင့်မားတဲ့ မွေးရာပါ ပါရမီ ရှိတယ်... သူ အဆင့်မတက်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်က သူ့ဒဏ်ရာတွေကြောင့်ပဲ... အခု သူ ပြန်ကောင်းသွားပြီ ဆိုတော့ သူ့ရဲ့ ကြွယ်ဝတဲ့ အတွေ့အကြုံတွေနဲ့ဆို လျင်လျင်မြန်မြန် တိုးတက်လာပြီး ပိုမြင့်တဲ့ အဆင့်တွေကို ရောက်သွားမှာ သေချာတယ်"
"သူ အရမ်း ဝမ်းသာနေမှာ သေချာတယ်" ကျန်းမင်က ပြုံး၍ ခေါင်းညိတ်၏။
"ဟုတ်တယ်" လင်းလုံက ခေါင်းညိတ် ထောက်ခံပြီး ခဏအကြာတွင် ထပ်ပြောလာသည်။ "မကြာသေးခင်က တောင်ပေါ်က ဝိညာဉ် အဆီအနှစ်တွေ ပိုများလာတာ သတိထားမိတယ်... တော်တော်လေးတော့ ထူးဆန်းတယ်..."
"ငါ မန္တန်အစီအရင်တွေကို လေ့လာနေခဲ့တာလေ... တိုးတက်မှု တချို့ ရလာတော့ ဝိညာဉ် မန္တန်အစီအရင်တွေနဲ့ လေအင်အားစု နဂါး မန္တန်အစီအရင်လိုမျိုး အစီအရင် တချို့ကို ချထားလိုက်တာ" ကျန်းမင်က ရှင်းပြလိုက်သည်။
"စီနီယာ အစ်ကို... အစ်ကိုက ဘယ်တုန်းက မန္တန်အစီအရင်တွေကို ဒီလောက် ကျွမ်းကျင်သွားတာလဲ... ကျွန်မ လုံးဝ မသိခဲ့ဘူး"
လင်းလုံ အံ့အားသင့်သွားသည်။ ပတ်ဝန်းကျင်ကို ထပ်မံ အကဲခတ် ကြည့်လိုက်ပြီးနောက် မန္တန်အစီအရင်များ၏ ခြေရာလက်ရာများ အမှန်တကယ် ရှိနေကြောင်း တွေ့ရှိသွားတော့သည်။
ထိုအထဲတွင် ဝိညာဉ် မန္တန်အစီအရင်၊ ပုံရိပ်ယောင် မန္တန်အစီအရင်၊ ကျူးကျော်သူများကို ဖမ်းဆီးသော မန္တန်အစီအရင်များနှင့် ကာကွယ်ရေး မန္တန်အစီအရင်များ ပါဝင်နေ၏။ မန္တန်အစီအရင်များ၏ အဆင့်မှာ မမြင့်မားသော်လည်း အားလုံးမှာ တစ်ခုနှင့် တစ်ခု ချိတ်ဆက်နေပြီး အလွန် စနစ်ကျလှသည်။
"စီနီယာ အစ်ကို... အစ်ကိုက တကယ် တော်တာပဲ"
"ဒါပေါ့... ငါ့ညီမလေးက ပါရမီရှင် တစ်ယောက်ပဲဟာ... မင်းရဲ့ စီနီယာ အစ်ကို အနေနဲ့ မင်းထက် ပိုတော်ရမှာက ပြောစရာတောင် လိုလို့လား"
"ဟုတ်ပါပြီရှင်"
သူတို့ နှစ်ယောက် စကားပြောနေစဉ် နေမင်းနှင့် တူသော အလင်းတန်း စက်လုံး တစ်ခုက ပင်မ အဆောက်အအုံ အထက် ကောင်းကင်ယံသို့ ရုတ်တရက် ထွက်ပေါ်လာသည်။
"ဆရာက တကယ် ပါရမီ ပါတာပဲ... သူ မီး သမ္ဗောဓိဉာဏ်ကို နားလည် သဘောပေါက်သွားပြီး နောက်အဆင့်ကို တက်ဖို့ တာအိုမျိုးစေ့ကို ဖန်တီးနေပြီ" လင်းလုံက အံ့အားသင့်စွာ ရေရွတ်လိုက်၏။
သူမ စကားဆုံးသည်နှင့် တပြိုင်နက် နေမင်းနှင့် တူသော စက်လုံးမှာ အောက်သို့ ဆင်းသက်လာပြီး ဂူဟိုင်၏ အရှိန်အဝါမှာလည်း ထိတ်လန့်ဖွယ် ကောင်းလောက်အောင် မြင့်တက်လာတော့သည်။
ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို တိတ်တဆိတ် ခေါ်ယူလိုက်သည်။
အမည် - ဂူဟိုင်
လိင် - ကျား
ကျင့်စဉ်အဆင့် - တာအိုမျိုးစေ့ အဆင့်
နောက်ခံ - ကျိုယန်ဂိုဏ်း ချူယန် တောင်ထွတ်၏ ပထမပိုင်ရှင်
ဆက်ဆံရေး - ၈၅
မွေးရာပါ ပါရမီ - ကြယ်ရှစ်ပွင့်
လက်ရှိ အခြေအနေ - သူ့ ခရမ်းရောင် နန်းတော်ကို ကုသနိုင်ခဲ့ပြီး မီး သမ္ဗောဓိဉာဏ်ကို နားလည် သဘောပေါက်ကာ မီး တာအိုမျိုးစေ့ကို ဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။ ဤအရာများနှင့်အတူ တာအိုမျိုးစေ့ အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့လေပြီ။
End
***