မကြာမီမှာပင် ဂူဟိုင် ပြန်ရောက်လာ၏။ သူက ခေါင်မိုးပေါ်သို့ ခြေချလိုက်ပြီးနောက် မေးကိုမော့၊ ရင်ကော့၍ သူ့တပည့်နှစ်ယောက်ထံ ခြေဖျားများ အပြင်သို့ ကားထွက်နေသော ခြေလှမ်းကျဲကြီးများဖြင့် ကြွားဝါစွာ လျှောက်လှမ်းလာသည်။
သူ့ပုံစံမှာ အလွန် ကျေနပ် အားရနေပြီး ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေသည့်ဟန် ပေါ်လွင်နေ၏။
"ကွတ်... ကွတ်... ကွတ်..."
ကျန်းမင်က ဘဲတစ်ကောင်ကဲ့သို့ အသံပြုလိုက်ရာ လင်းလုံ တစ်ယောက် ပါးစပ်ကို အုပ်၍ ကလေးမလေး တစ်ယောက်လို ရယ်မောတော့သည်။
ဂူဟိုင်၏ ခြေလှမ်းများ ယိုင်သွားပြီးနောက် ဒေါသတကြီး မေးလာ၏။ "မင်း အဲ့ဒါ ဘာသဘောနဲ့ လုပ်တာလဲ"
"ကျွန်တော် ဘဲတစ်ကောင် တွေ့လိုက်လို့ပါ..." ကျန်းမင်က တည်ကြည်သော မျက်နှာထားဖြင့် ပြန်ဖြေသည်။ "ဆရာကော မမြင်လိုက်ဘူးလား"
"မင်း ဘယ်လိုများ ရိုင်းစိုင်းရဲရတာလဲ" ဂူဟိုင်က နှာခေါင်းရှုံ့လိုက်၏။ "မင်းတော့ အရိုက်ခံချင်နေပြီ ထင်တယ်"
သူက လက်ကို မြှောက်၍ လေထုထဲသို့ လက်ဝါးဖြင့် ရိုက်ချလိုက်ရာ လေပြင်းများ တိုက်ခတ်လာပြီး တိမ်တိုက်များ စုဝေးလာတော့သည်။ ထို့နောက် မျက်ခုံးများ ပင့်၍ မုတ်ဆိတ်ကို ပွတ်သပ်ကာ ထိုင်ချလိုက်၏။
"အရင်တုန်းက ငါက ပထမ နေရာပိုင်ရှင် တစ်ယောက် ဖြစ်ခဲ့ပေမဲ့ မင်းတို့ နှစ်ယောက်ကို ခိုလှုံစရာ နေရာလေး ပေးနိုင်ရုံကလွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူး... ဒါပေမဲ့ အခုတော့ အခြေအနေတွေ ပြောင်းလဲသွားပြီ... ငါ မင်းတို့ နှစ်ယောက်လုံးကို ကာကွယ်ပေးနိုင်ပြီ"
"ဆရာ... ညီမလေးရဲ့ ကျင့်စဉ်အဆင့်က ဆရာ့ထက် ပိုမြင့်နေပြီ ဆိုတာကို မေ့သွားတာလား"
ကျန်းမင်က အသံကို နှိမ့်၍ ပြောလိုက်ရာ ဂူဟိုင် တစ်ယောက် ဆွံ့အသွားရလေပြီ။
"ဂိုဏ်းချုပ်ကို ဖယ်ထားလိုက်ရင် ဆရာ့ ကျင့်စဉ်အဆင့်က ပထမ နေရာပိုင်ရှင်တွေထဲမှာ အနိမ့်ဆုံးပဲ ရှိသေးတယ်နော်" ကျန်းမင်က ထပ်ဖြည့်ပြောလိုက်သည်။
ဂူဟိုင်၏ မျက်နှာမှာ မည်းမှောင်သွား၏။ "သွား... ထမင်း သွားပြင်ချေ... ဟင်းပွဲ (၃၂)ပွဲ အတိအကျ လိုချင်တယ်... တကယ်လို့ မလုပ်နိုင်ရင် မင်းကို ငါ ရိုက်မယ်"
"မဖြစ်နိုင်တာ... ကျွန်တော် ဘာအမှားမှ မလုပ်ထားဘဲနဲ့ ဘာလို့ အဲ့ဒီလို အပြစ်ပေးရတာလဲ"
"ငါက မင်းရဲ့ ဆရာကွ"
"ဆရာက အကြောင်းပြချက် မခိုင်လုံဘူးလေ"
"ငါက မင်းရဲ့ ဆရာလို့ ပြောနေတယ်လေ"
"ကောင်းပါပြီဗျာ... ဆရာ့ သဘောပါပဲ" ကျန်းမင်က သက်ပြင်းချရင်း ဆရာဖြစ်သူ့ အမိန့်ကို နာခံရန် ထွက်သွားတော့သည်။
ဂူဟိုင်က သူ့ ဝိုင်ဘူးကို ထုတ်၍ တစ်ငုံ သောက်လိုက်၏။ ထို့နောက်... "ဟား... ကောင်းလိုက်တဲ့ အရသာ"
လင်းလုံမှာ ဘာပြောရမှန်း မသိအောင် ဖြစ်နေသည်။
မကြာမီမှာပင် ဟင်းပွဲ (၃၂)ပွဲလုံး အသင့် ဖြစ်သွားလေပြီ။
"ကောင်းတယ်... ကောင်းတယ်... အရမ်းကို ကောင်းတယ်... ငါ့တပည့် တစ်ယောက်က ပါရမီရှင် ဖြစ်ပြီး နောက်တစ်ယောက်က ဟင်းချက် တော်တယ်... ဒီလောကမှာ ငါ့ထက် ကံကောင်းတဲ့လူ ရှိမယ် မထင်ဘူး"
ဂူဟိုင်က ဟင်းပွဲများကို အရသာခံ စားသောက်ရင်း ပြောလိုက်သည်။
"အကုန်လုံးက အရမ်း စားလို့ ကောင်းတာပဲ" လင်းလုံက အပြုံးလေးဖြင့် မှတ်ချက်ပေး၏။ သူမ ဤကဲ့သို့သော ဘဝမျိုးကို အမှန်တကယ် နှစ်သက်သည်။
ကျန်းမင်က နှုတ်ခမ်းစူလိုက်သော်လည်း ဘာမှတော့ ဝင်မပြောခဲ့ချေ။
များမကြာမီမှာပင် သူတို့အားလုံး ဟင်းပွဲများကို ပြောင်စင်အောင် စားသောက်ပြီးသွားကြသည်။
[ဒင်... သင်သည် ဆရာဖြစ်သူနှင့် ညီမလေးတို့အား အရသာရှိသော အစားအစာဖြင့် အောင်မြင်စွာ ကျေနပ်စေခဲ့သည်။ ထို့ကြောင့် လေ့ကျင့်ရေးဇုန်သို့ ဝင်ရောက်ခွင့် ပွင့်သွားပါပြီ]
ထိုအသိပေးချက်ကို ကြားလိုက်ရချိန်တွင် ကျန်းမင်၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ထွက်ပေါ်လာ၏။
ဗိုက်ပြည့်သွားပြီးနောက် ဂူဟိုင်က မတ်တပ်ထရပ်ကာ...
"မင်းတို့ နှစ်ယောက် ဒီမှာပဲ နေခဲ့... ငါ အပြင်ထွက် လမ်းလျှောက်လိုက်ဦးမယ်"
"သူ တခြားလူတွေကို သွားကြွားတော့မှာ သေချာတယ်..." ကျန်းမင်က သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် အသံကျယ်ကျယ်ဖြင့် သတိပေးလိုက်သည်။ "ဆရာ... ဆရာ့ဘာသာ အလွန်အကျွံ မဖြစ်သွားအောင်တော့ သတိထားဦးနော်"
"စိတ်မပူပါနဲ့... ငါ့ရဲ့ ဇွဲလုံ့လ၊ ဉာဏ်ပညာနဲ့ ဗဟုသုတတွေကြောင့်သာ ဒီအဆင့်ထိ ရောက်လာတာပါ..." ဂူဟိုင်က လက်ဝှေ့ယမ်းရင်း ပြောလိုက်၏။ "ကောင်းကင်ကြီးကတောင် ငါ့ဘက်မှာ ရှိနေတယ်... အခု ငါ့ရဲ့ ခရမ်းရောင် နန်းတော်ကလည်း ပြန်ကောင်းသွားပြီ ဆိုတော့ တစ်နေ့ကျရင် ငါ တခြား ပထမ နေရာပိုင်ရှင်တွေ... ဒါမှမဟုတ် ဂိုဏ်းချုပ်ထက်တောင် ပိုအစွမ်းထက် လာဦးမှာ သေချာတယ်... ဟားဟား..."
သူက ခေါင်းကို မော့၍ ကျယ်လောင်စွာ ရယ်မောပြီးနောက် ထွက်သွားတော့သည်။
"သူက ကြွားရတာကို သဘောကျနေတာပါ" လင်းလုံက တောက်ပစွာ ပြုံးရင်း ပြောလိုက်သည်။
ကျန်းမင် သက်ပြင်းချ၍…
"ပြီးခဲ့တဲ့ နှစ်အနည်းငယ် အတွင်းမှာ သူ့အတွက် တော်တော်လေး ခက်ခဲခဲ့တာ... ငါတို့ နှစ်ယောက်ကို ကာကွယ်ပေးဖို့ အတွက် သူ့ဂုဏ်သိက္ခာကို အရင်းခံပြီး ပထမ နေရာပိုင်ရှင် ရာထူးကနေ ဆင်းပေးဖို့ ငြင်းဆန်ခဲ့တာလေ..."
"ဘယ်သူမှ ထုတ်မပြောကြပေမဲ့ ဒါကို သဘောမကျတဲ့ သူတွေ ရှိနေတယ် ဆိုတာ ငါ သေချာတယ်... ဒါပေမဲ့ မင်းက ပါရမီရှင် တစ်ယောက် ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့ပြီး အခု သူကိုယ်တိုင်လည်း ဒဏ်ရာတွေကနေ ပြန်ကောင်းလာပြီး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီ ဆိုတော့... သူ ဒီလောက် ဝမ်းသာနေတာလည်း မဆန်းပါဘူး"
"သူ ပထမဆုံး သွားမယ့် နေရာက ကျောင်းယန် တောင်ထွတ်ပဲ ဖြစ်ရမယ်"
"ဟုတ်တယ်... အစ်ကို ပြောတာ မှန်လောက်တယ်" လင်းလုံက ပြုံး၍ ခေါင်းညိတ် ထောက်ခံသည်။
စားပွဲကို ရှင်းလင်းပြီးနောက် သူတို့ နှစ်ယောက် တောင်၏ အနောက်ဘက်သို့ ထွက်လာခဲ့ကြသည်။ ထိုနေရာတွင် မြေကွက် ငါးမူခန့်သာ ကျန်တော့၏။ ကျန်ရှိသော မြေနေရာများကိုမူ ပန်းပင်များနှင့် အခြား အပင်များ စိုက်ပျိုးရန် အသုံးပြုထားပြီး ဖြစ်သည်။
မြေတစ်မူကို ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန် ချန်ထားခဲ့ပြီး ကျန်ရှိသော လေးမူတွင်မူ ဝိညာဉ် ဆေးပင်များ စိုက်ပျိုးရန် ဆုံးဖြတ်လိုက်သည်။
ဝိညာဉ် ပစ္စည်းများကို အဆင့် သတ်မှတ်ချက်အရ သာမန်အဆင့်နှင့် အခြေခံအဆင့်ဟူ၍ နှစ်မျိုး ခွဲခြားထား၏။
သာမန်အဆင့် ဝိညာဉ် ပစ္စည်းများမှာ ဝိညာဉ် ဆန်နှင့် ဂျုံကဲ့သို့သော အငယ်တန်း တပည့်များအတွက် အစားအစာများ ဖြစ်ကြသည်။ ၎င်းတို့မှာ များသောအားဖြင့် စောစော ရင့်မှည့်လေ့ ရှိပြီး အထွက်နှုန်းလည်း ကောင်းမွန်ကြသည်။
အခြေခံအဆင့် ဝိညာဉ် ဆေးပင်များကိုမူ အနိမ့်အဆင့်၊ အလယ်အလတ်အဆင့်၊ အမြင့်အဆင့်၊ အထွတ်အထိပ်အဆင့်နှင့် ဆေးဘုရင် ဟူ၍ ထပ်မံ ခွဲခြားထားသေးသည်။
အနိမ့်အဆင့် ဝိညာဉ် ဆေးပင် တစ်ပင် ရင့်မှည့်ရန် အနည်းဆုံး တစ်နှစ်ခန့် အချိန်ယူရပြီး အရည်အသွေး အကောင်းဆုံး အချို့ဆိုလျှင် အနည်းဆုံး ဆယ်နှစ်ခန့် ကြာမြင့်တတ်၏။ အလယ်အလတ်အဆင့် ဝိညာဉ် ဆေးပင်များမှာ (၁၀)နှစ်မှ နှစ် (၁၀၀)ကြား၊ အမြင့်အဆင့်များမှာ နှစ် (၁၀၀)မှ (၁,၀၀၀)ကြားနှင့် အထွတ်အထိပ် အဆင့်များမှာမူ နှစ် (၁,၀၀၀)အထက် အချိန်ယူရသည်။
ဆေးဘုရင်များ အနေဖြင့်မူ ပုံမှန်အားဖြင့် နှစ် (၁၀,၀၀၀)နှင့် အထက် ကြာမြင့်လေ့ ရှိပေသည်။
ဤခွဲခြား သတ်မှတ်ချက်မှာ သင့်လျော်သော စိုက်ပျိုးရေး အခြေအနေများအောက်တွင်သာ အသုံးပြုနိုင်၏။ ယေဘုယျ လမ်းညွှန်ချက် အဖြစ်သာ အသုံးပြုနိုင်ပြီး အတိအကျ မှန်ကန်သည်ဟုတော့ မဆိုသာပေ။
ကျန်းမင် စိုက်ပျိုးထားသော အပင်မှာ အပြာရောင် ငွေမြက်ပင်ဟု လူသိများသည်။ ၎င်းမှာ အလွန် အတွေ့ရများသော အနိမ့်အဆင့် ဝိညာဉ် ဆေးပင် တစ်မျိုးပင်။ မြေဆီလွှာ အခြေအနေနှင့် လေထုထဲရှိ ဝိညာဉ် အဆီအနှစ် သိပ်သည်းဆ ကောင်းမွန်နေသရွေ့ တစ်နှစ်ကျော်ကျော် အချိန်အတွင်း ရိတ်သိမ်းနိုင်ပေသည်။
ကျန်းမင်က တစ်စတုရန်း မီတာလျှင် ပျိုးပင် တစ်ပင်နှုန်းဖြင့် အပင်များစွာ စိုက်ပျိုးထားခဲ့၏။
"စီနီယာ အစ်ကို... ဘာလို့ အပြာရောင် ငွေမြက်ပင် တစ်မျိုးတည်းကိုပဲ စိုက်နေရတာလဲ" လင်းလုံက နားမလည်နိုင်စွာ မေးလိုက်သည်။
"ဝိညာဉ် ဆေးပင် တစ်ခုချင်းစီရဲ့ ရင့်မှည့်ချိန်က မတူကြဘူးလေ... ဒါကြောင့် တစ်ကြိမ်တည်းမှာ တစ်မျိုးတည်း စိုက်မယ်ဆိုရင် အားလုံးကို တစ်ပြိုင်နက်တည်း ရိတ်သိမ်းလို့ ရတာပေါ့..." ကျန်းမင်က ပြုံးရင်း ရှင်းပြသည်။ "အကုန်လုံးကို တစ်ပြိုင်နက်တည်း ရိတ်သိမ်းကြည့်ချင်လား... တော်တော်လေး ပျော်စရာ ကောင်းတယ်နော်"
အမှန်တကယ်တော့ သူက အပြာရောင် ငွေမြက်ပင် ဘုရင် တစ်ပင် ပေါ်ထွက်လာအောင် ပြုစု ပျိုးထောင်ကြည့်ချင်နေခြင်းလည်း ဖြစ်သည်။
"အပြာရောင် ငွေမြက်ပင်လို အတွေ့ရ အများဆုံး ဝိညာဉ် ဆေးပင်က လူသားအဖြစ် ပြောင်းလဲနိုင်မယ်လို့ အစ်ကို ထင်လား" လင်းလုံက သူ့လက်မောင်းကို ဖက်တွယ်၍ ခြံထဲ လျှောက်သွားရင်း မေးမြန်း၏။ "လူသားအဖြစ် ပြောင်းလဲတာလား... အဲ့ဒါဆို မိစ္ဆာပဲပေါ့... အပင် တစ်ပင်က မိစ္ဆာ ဖြစ်လာဖို့ဆိုတာ အရမ်း ခက်ခဲတယ်... အထူးသဖြင့် ဒီလို သာမန် အပင်မျိုးဆို ပိုဆိုးတာပေါ့... အခွင့်အရေး လိုအပ်ရုံတင် မကဘူး စကြဝဠာထဲက အဆီအနှစ်တွေကိုလည်း စုပ်ယူနိုင်ဖို့ လိုသေးတယ်လေ"
လေပြေလေညင်းလေး တိုက်ခတ်နေပြီး နေရောင်ခြည်ကလည်း နွေးထွေးလှ၏။
မွန်းလွဲပိုင်းတွင် လင်းလုံက သူမ၏ ကျင့်ကြံခြင်းကို စတင်လိုက်သည်။
ကျန်းမင်က လူသားလမ်းစဉ် မှတ်တမ်းကို ဖွင့်၍ ကြည့်ရှု၏။ ပိုင်ကျန်းကျီ တစ်ယောက် ကျိုယန်ဂိုဏ်း တစ်ဝိုက် လှည့်ပတ် ကြည့်ရှုပြီးနောက် အခြား နေရာတစ်ခုသို့ ထွက်ခွာသွားကြောင်း တွေ့လိုက်ရသဖြင့် သက်ပြင်းချကာ စိတ်အေးသွားရသည်။
သူ ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်တော့မည့် ဆဲဆဲမှာပင် ချန်ရိမင်နှင့် ကျန့်ကျွင်းပေါင်တို့ ရောက်ရှိလာကြသည်။
ကျန်းမင်က သူတို့ နှစ်ယောက်ထံ ဝိုင်ဘူး နှစ်ဘူး ပစ်ပေးလိုက်၏။
"မင်းက တောင်ပေါ်ကနေ အပြင်ကို သိပ်မထွက်ပေမဲ့ မင်းရဲ့ ဝိုင်ကတော့ ဒီလောကမှာ အကောင်းဆုံးပဲ"
ကျန့်ကျွင်းပေါင်က ဝိုင်ဘူးထဲမှ ဝိုင်ကို တစ်ငုံ ကြီးကြီး သောက်ချပြီးနောက် ဇရပ်ဆီ လျှောက်သွားရင်း ပြောသည်။
"တစ်နေ့ကျရင် မင်း ဝိုင်လုပ်ဖို့ ဝိညာဉ် ပစ္စည်း တချို့ ယူလာပေးရမယ်" ချန်ရိမင်က ဝင်ပြော၏။
"ရတာပေါ့..." ကျန်းမင်က ရယ်မောလိုက်သည်။ "မင်းတို့ နှစ်ယောက်က ဘာလို့ တသီးတသန့် သွားမကျင့်ကြံကြတာလဲ"
"ငါ သွားကျင့်ကြံတော့မလို့ပဲ... ဒါပေမဲ့ ငါ့ကို ကြက်သီးထသွားစေလောက်တဲ့ သတင်းတစ်ခု ကြားလိုက်ရလို့... အဲ့ဒါ မင်းကိုလည်း လာပြောပြသင့်တယ် ထင်လို့ လာခဲ့တာ" ကျန့်ကျွင်းပေါင်က ပြောရင်း သူ့လက်ကို ရှေ့သို့ ဆန့်ထုတ်ပြသည်။
သူ လိုချင်သည့် အရာအား ကျန်းမင် မသိဘဲ ဘယ်နေမည်နည်း။ သိုလှောင်ရေး လက်စွပ်ထဲမှ ဝိုင်ဘူးကြီး တစ်ဘူးကို ထုတ်၍ သူ့ထံ ပစ်ပေးလိုက်သည်။
"ဟားဟားဟား... မင်းက ငါ့အကြောင်း အသိဆုံးပဲ" ကျန့်ကျွင်းပေါင်က ဝိုင်ဘူးကို သိမ်းဆည်းရင်း ပြောလိုက်သည်။
"ငါ့ကိုကော" ချန်ရိမင်ကလည်း လက်ဆန့်တန်းလာ၏။
"မင်းတို့ နှစ်ယောက်က ငါ့ဝိုင်ကို လာတောင်းတာ သက်သက်ပဲ မဟုတ်လား" ကျန်းမင်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
ထိုသို့ ပြောနေသည့်တိုင် ချန်ရိမင်အား နောက်ထပ် ဝိုင်ဘူး တစ်ဘူး ပေးလိုက်သေး၏။
"ဒီမှာက မင်းတစ်ယောက်တည်း ဝိုင်လုပ်တတ်တာလေ... ဒါကြောင့် မင်းဆီပဲ လာရမှာပေါ့" ကျန့်ကျွင်းပေါင်က အသံကို နှိမ့်၍ ဆက်ပြောလာ၏။ "ဒီနေ့ ငါ သတင်း နှစ်ခု ရထားတယ်"
"ငါတို့ ပြင်ပလောကနဲ့ အဆက်အသွယ်တွေ အကုန် ဖြတ်တောက်ထားတယ် မဟုတ်ဘူးလား"
"ကျင့်ကြံခြင်း ဂိုဏ်း တစ်ခု အနေနဲ့ အဲ့ဒါက ပြင်ပလောကကို ပြသဖို့ အပေါ်ယံ ဟန်ပြ သက်သက်ပါပဲ... မင်းက ခေါင်းဆောင် တပည့် ဖြစ်နေပြီး ဒါကို ဘယ်လိုများ မသိဘဲ နေနိုင်ရတာလဲ" ကျန့်ကျွင်းပေါင်က ဆက်ပြောသည်။
"ကျုံးပြည်နယ် အနန္တ ဆေးလုံးစံအိမ်က သိုင်းပညာ ကျွမ်းကျင်သူ နှစ်ယောက် အရှေ့ပိုင်း ဒေသကို ရောက်လာတယ်... လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတို့ ချင်းယွင်ဂိုဏ်းကို တိုက်ခိုက်ခဲ့ပြီး တစ်လောကလုံး ဗြောင်းဆန်သွားအောင် လုပ်ခဲ့တာ... ပြီးတော့ အနန္တ ဆေးလုံးစံအိမ်ရဲ့ သူတော်စင် သားတော် အရှေ့ပိုင်း ဒေသက လူတစ်ယောက်ရဲ့ အသတ်ခံလိုက်ရတယ် ဆိုတာကို ငါ အခုလေးတင် သိလိုက်ရတာ... သက်သေ အထောက်အထား အကုန်လုံးက ချင်းယွင်ဂိုဏ်းကို ဦးတည်နေတယ်... ဒါက တကယ့် သတင်းကြီးပဲ"
"အနန္တ ဆေးလုံးစံအိမ်က တော်ဝင်မြေ တစ်ခု ဖြစ်ပြီး သူတို့ရဲ့ သူတော်စင် သားတော်ကို အရမ်း ဂုဏ်ယူကြတာ... ချင်းယွင်ဂိုဏ်းမှာ သူ့ကို သတ်နိုင်လောက်တဲ့ အစွမ်းအစ တကယ် ရှိလို့လား" ကျန်းမင်က အံ့အားသင့်သော လေသံဖြင့် မေးလိုက်၏။ "ဘာလို့ ဒါက ကောလာဟလ သက်သက်ပဲလို့ ငါ ခံစားနေရတာလဲ"
"ရိုးရိုးသားသား ပြောရရင် ငါလည်း မယုံဘူး" ကျန့်ကျွင်းပေါင်က ဆက်ပြောသည်။ "သက်သေ အထောက်အထား အကုန်လုံးက ချင်းယွင်ဂိုဏ်းကို ဦးတည်နေပေမဲ့ လူသတ်သမားက တခြား တစ်ယောက်ယောက် ဆိုတာကို ငါ ရဲရဲကြီး အာမခံရဲတယ်"
သူက ခဏတာ တိတ်ဆိတ်သွားပြီးနောက် ထပ်မံ ဖြည့်စွက် ပြောဆိုလာ၏။ "အနန္တ ဆေးလုံးစံအိမ်ရဲ့ သူတော်စင် သားတော်က အစွမ်းထက်တဲ့ ပုဂ္ဂိုလ် တစ်ယောက်ပဲ... သူ့ရဲ့ အစောင့်အရှောက်က မူလဝိညာဉ် အဆင့်မှာ ရှိတဲ့ မဟာ ဧကရာဇ် တစ်ပါးလို့ ငါ ကြားဖူးတယ်... သူ့လို လူမျိုး တစ်ယောက်က တခြား တစ်ယောက်ယောက်ရဲ့ အသံတိတ် သတ်ဖြတ်တာ ခံလိုက်ရတယ် ဆိုတာ တွေးကြည့်ရုံနဲ့တင်... လုံးဝ မယုံနိုင်စရာပဲ"
"ဟုတ်တယ်လေ" ကျန်းမင်က ဝင်ပြော၏။ "သူတော်စင် သားတော်ကို သတ်ခဲ့တဲ့သူက ဘယ်သူပဲဖြစ်ဖြစ်... သူက အထင်ကြီး လေးစားလောက်တဲ့ ဂုဏ်သိက္ခာနဲ့ အရှိန်အဝါ ရှိတဲ့ ပုဂ္ဂိုလ် တစ်ယောက် ဖြစ်ရမယ် ဆိုတာကို ငါ အာမခံရဲတယ်... သူ့ကို ငါတို့ စံနမူနာ အဖြစ် သတ်မှတ်သင့်တယ်"
"ဟုတ်တယ်... သူက တကယ်ကို ငါတို့ရဲ့ စံနမူနာပဲ... အိပ်မက်ထဲမှာတောင် သူတော်စင် သားတော်ကို သတ်ဖို့ ငါ မရဲဘူး" ချန်ရိမင်က နှုတ်ခမ်းသပ်ရင်း ပြောလိုက်သည်။ "ငါ့အိပ်မက်က သူတော်စင် သမီးတော် တစ်ပါးကို ဇနီးအဖြစ် ရဖို့ပဲ"
"အိပ်မက် ဆက်မက်နေလိုက်" ကျန့်ကျွင်းပေါင်က ရယ်မောတော့၏။ "ဒါပေမဲ့ မကြာသေးခင်က အရှေ့ပိုင်း ဒေသမှာ ကိစ္စတွေ အများကြီး ဖြစ်ပျက်နေတယ်... မင်းသိတဲ့ အတိုင်းပဲ ချင်းယွင်ဂိုဏ်းက သူတော်စင် သားတော် သေဆုံးမှုနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ သူတို့ရဲ့ အရင်းအမြစ် အကုန်လုံးကို အသုံးချတော့မှာ သေချာတယ်... မိစ္ဆာဂိုဏ်းတွေကလည်း ပြန်လှုပ်ရှားလာကြပြီ... ပြီးတော့ ကျုံးပြည်နယ်က ပါရမီရှင် တစ်ယောက်လည်း အရှေ့ပိုင်း ဒေသကို လာနေတယ်... အရှေ့ပိုင်း ဒေသမှာ ကြီးမားတဲ့ အဖြစ်အပျက် တစ်ခုခု ဖြစ်တော့မယ် ဆိုတာ ငါ သေချာတယ်"
"ငါတို့ ပြင်ပလောကနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတာ ဆိုတော့ အဲ့ဒါတွေက ငါတို့နဲ့ ဘာမှ မဆိုင်ပါဘူး" ကျန်းမင်က ပြောသည်။ "ဒုတိယ သတင်းကကော ဘာလဲ"
"မနေ့ညက ပိရွှေဂိုဏ်း အသတ်ခံလိုက်ရတယ်" ကျန့်ကျွင်းပေါင်က ပြန်ဖြေ၏။ "သူတို့က ငါတို့ထက် လုံးဝ အားမနည်းဘူး... ဒါတောင် တစ်ညတည်းနဲ့ အကုန်လုံး အသတ်ခံလိုက်ရတာ... အဲ့ဒီသတင်း ကြားတော့ ငါ လန့်ပြီးတောင် ခုန်ထွက်သွားမလို့ပဲ... ပထမက သူတော်စင် သားတော် တစ်ယောက် အသတ်ခံရတယ်... အခုကျတော့ ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရပြန်ပြီ... သေစမ်း... ဒါက လွန်လွန်းနေပြီ... ဂိုဏ်းထဲမှာ နေတာတောင် လုံခြုံတယ်လို့ ငါ မခံစားရတော့ဘူး"
ကျန်းမင်၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်ကွေးသွားတော့သည်။
End
***