ကျန့်ကျွင်းပေါင်နှင့် ချန်ရိမင်တို့ ထွက်ခွာသွားပြီးနောက် ကျန်းမင်က စနစ်၏ လုပ်ဆောင်ချက် အသစ်တစ်ခု ဖြစ်သော လေ့ကျင့်ရေးဇုန်အား စတင် လေ့လာတော့သည်။
လက်ရှိတွင် လေ့ကျင့်ရေးဇုန် လုပ်ဆောင်ချက်မှာ ရိုးရှင်းလှ၏။ သူ သင်ယူထားသော အထူး စွမ်းရည်များကို လေ့ကျင့်ရန် သူ့အသိစိတ်ဖြင့် လေ့ကျင့်ရေးဇုန် အတွင်းသို့ ဝင်ရောက်နိုင်ပေသည်။
အခြား တစ်နည်းအားဖြင့် ဆိုရလျှင် ယင်းမှာ ပိုအဆင့်မြင့်မားသော သိုင်းပညာ လေ့ကျင့်ရေး ကွင်းပြင် တစ်ခုပင်။
ထို့နောက် သူက အခန်းတွင်းသို့ ပြန်ဝင်လာပြီး မန္တန်အစီအရင် တစ်ခုကို အသက်သွင်းကာ ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။ မျက်လုံးများကို မှိတ်လိုက်ပြီးနောက် ပြန်ဖွင့်လိုက်ချိန်တွင်မူ လဟာပြင်ကျယ်ကြီး တစ်ခုထဲသို့ ရောက်ရှိနေလေပြီ။
ထိုနေရာမှာ အဆုံးမဲ့ ကြယ်တာရာ ကောင်းကင်ယံတွင် လွင့်မျောနေသော စင်မြင့်တစ်ခု ဖြစ်၏။
ကျန်းမင် ခေါင်းကို မော့ကြည့်လိုက်ရာ ကြယ်များမှလွဲ၍ အခြား မည်သည့်အရာမျှ မမြင်ရချေ။ ထို့နောက် ခေါင်းငုံ့ကြည့်ချိန်တွင် သူက သိပ်မကြီးမားသော ကျောက်တုံး တစ်တုံးပေါ်တွင် ရပ်နေကြောင်း သတိထားမိလိုက်သည်။ သူ့ကိုယ်သူ တစ်ချက် အကဲခတ်ကြည့်ရာ ပြင်ပတွင် ရှိစဉ်က အတိုင်း တစ်ပုံစံတည်း ဖြစ်နေသည်ကို တွေ့လိုက်ရ၏။ အသိစိတ်ပင်လယ် အတွင်းရှိ တာအိုမျိုးစေ့ပင်လျှင် မပြောင်းမလဲ ရှိနေသေးသည်။ ဤနေရာ၌ သူ့ကိုယ်ပိုင် ခန္ဓာကိုယ်ကို ဖန်တီးထားသည့် အလားပင်။
ရုတ်တရက် သူ့ခေါင်းထဲ အကြံတစ်ခု ထွက်ပေါ်လာသည်။ သူ မျက်လုံးများကို မှိတ်ပြီး ပြန်ဖွင့်ချိန်တွင် သူ့ရှေ့ရှိ ပတ်ဝန်းကျင်မှာ ကျိုယန်ဂိုဏ်း၏ မြင်ကွင်းအဖြစ် ပြောင်းလဲသွားလေပြီ။
ယခုအခါ သူက ချူယန် တောင်ထွတ်ပေါ်တွင် ရပ်နေခြင်း ဖြစ်၏။ သူ ပတ်ပတ်လည်ကို အကဲခတ် ကြည့်လိုက်ရာ အခြား ပင်မ တောင်ထွတ် ရှစ်ခုနှင့် မရေမတွက်နိုင်သော တောင်ထွတ်များ ဝန်းရံနေကြောင်း သတိပြုမိလိုက်သည်။
ကျန်းမင် တစ်ယောက် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ဘဲ မှတ်ချက်ချလိုက်မိ၏။
"တကယ် မိုက်တာပဲ"
သူက ဤနေရာရှိ ပတ်ဝန်းကျင်ကို သူ့ဆန္ဒရှိသည့်အတိုင်း ပြောင်းလဲပစ်နိုင်စွမ်း ရှိပေသည်။
ကျန်းမင်က မြေပြင်ပေါ်သို့ ခြေချ၍ ကျောက်တုံးကို ထိတွေ့ ကြည့်လိုက်သည်။ ဤနေရာရှိ အရာအားလုံးမှာ အစစ်အမှန်နှင့် အလွန် တူလွန်းလှသဖြင့် အစစ်နှင့် အတုကိုပင် ခွဲခြား၍ မရနိုင်ကြောင်း သူ သဘောပေါက်သွားတော့သည်။
ထို့နောက် သူက လေထဲသို့ ခုန်တက်၍ လက်ဖြင့် မန္တန်အစီအရင် တစ်ခုကို ဖွဲ့စည်းလိုက်၏။ အောက်ဘက်သို့ လက်ညှိုး ထိုးချလိုက်ရာ နတ်ဘုရား တံဆိပ်တုံး တစ်ခု ထွက်ပေါ်လာပြီး အောက်ဘက်ရှိ အရာများကို အထင်ကြီး လေးစားလောက်သော ဖိနှိပ်မှု စွမ်းအားဖြင့် ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
နတ်ဘုရား တံဆိပ်တုံးက ချူယန် တောင်ထွတ်ပေါ်သို့ ကျရောက်သွားပြီး ထိခတ်မိသည့် အခိုက်အတန့်တွင် ပေါက်ကွဲမှု တစ်ခု ဖြစ်ပေါ်လာကာ ကောင်းကင်ကိုပင် ဖုံးလွှမ်းသွားနိုင်သော ဖုန်မုန်တိုင်း တစ်ခု ဖြစ်ပေါ်စေခဲ့၏။
"ဒါ တကယ် မိုက်တာပဲ... ဒီနေရာမှာ ငါ လုပ်ချင်တာ မှန်သမျှ လုပ်လို့ ရတယ်" ကျန်းမင်က ဝမ်းသာအားရ ရေရွတ်လိုက်သည်။
သူက လက်ဖြင့် မန္တန်အစီအရင် အများအပြားကို ဖွဲ့စည်းလိုက်ရာ ကောင်းကင်ယံတွင် နတ်ဘုရား တံဆိပ်တုံးများ တစ်ခုပြီး တစ်ခု ထွက်ပေါ်လာကြ၏။ ထို့နောက် အားလုံးကို အောက်ဘက်သို့ ပစ်လွှတ်ပြီး ချူယန် တောင်ထွတ် တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်တော့သည်။
သူက ခေါင်းကို လှည့်၍ လက်မောင်းကို လေထဲသို့ မြှောက်ကာ ကိုးလွှာကောင်းကင် အင်ပါယာ လျှပ်စီးကို အသက်သွင်းလိုက်သည်။ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကျီယန်တောင်ထွတ်ပေါ်သို့ မိုးကြိုးများ ကျဆင်းလာပြီး တောင်ကြီး တစ်ခုလုံး မိုးခြိမ်းသံများ အောက်တွင် နစ်မြုပ်သွားလေပြီ။
သစ်သားနဂါး၊ ကောင်းကင်ခွဲဖြာ ဓားကျင့်စဉ်၊ ကိုးလွှာကောင်းကင် အမြောက်များ၊ နတ်ဘုရား တောင်ကိုးလုံး ရတနာများ၊ မဟာ အာကာပြင် သဏ္ဍာန်မဲ့ ဓားချီနှင့် မဟာ အာကာပြင် လက်ဝါးတို့ အပါအဝင်... သူက ဤနေရာတွင် အထူး စွမ်းရည် တစ်ခုပြီး တစ်ခုကို စိတ်ကြိုက် ထုတ်ဖော် အသုံးပြုနေတော့၏။
မျက်တောင် တစ်ခတ် အတွင်းမှာပင် ကျိုယန်ဂိုဏ်း တစ်ခုလုံး မြေပြင်နှင့် တစ်ပြေးညီ ဖြစ်သွားလေပြီ။
"ဒီလို ခံစားရတာ တကယ် မိုက်တာပဲ" ကျန်းမင်က အော်ဟစ်လိုက်သည်။
ကျိုယန်ဂိုဏ်းတွင် ရှိနေစဉ် တစ်လျှောက်လုံး သူက ကိုယ့်ကိုယ်ကိုယ် အမြဲတမ်း ချုပ်တည်းထားခဲ့ရသည်။ တစ်ခါတစ်ရံ ကျိုယန်ဂိုဏ်း အပြင်ဘက်သို့ ထွက်ဖြစ်လျှင်ပင် အမြဲတမ်း အလျင်လိုနေတတ်သဖြင့် တိုက်ပွဲ အများစုကို သေချာ မခံစားခဲ့ရပေ။
ဤနေရာနှင့် ပတ်သက်၍ သူ တွေ့ရှိခဲ့သော အချက်တစ်ချက်မှာ သူက ဤနေရာတွင် ရှိနေစဉ် အထူး စွမ်းရည်များ အသုံးပြုပါက မန္တန်စွမ်းအင် လုံးဝ ကုန်ဆုံးမည် မဟုတ်သောကြောင့် မောပန်းနွမ်းနယ်မှုကို မကြောက်ရဘဲ အထူး စွမ်းရည်များ အလိုရှိသလောက် ထုတ်ဖော် အသုံးပြုနိုင်ခြင်းပင်။
သူက အထူး စွမ်းရည်များကို ထပ်ခါတလဲလဲ ဆက်လက် ထုတ်ဖော်နေခဲ့၏။ အဆုံးတွင်တော့ သူ့ အထူး စွမ်းရည်များနှင့် ပတ်သက်၍ ပိုနားလည် သဘောပေါက်လာကြောင်း တွေ့ရှိလိုက်ရသည်။
ပျော်ရွှင်စွာ ကစားပြီးနောက် ကျန်းမင်က သူ့အသိစိတ်ကို ခန္ဓာကိုယ် အတွင်းသို့ ပြန်လည် ခေါ်ယူလိုက်တော့သည်။
အချိန်တွေ ကုန်ဆုံးသွားသည်မှလွဲ၍ အခြား ဘာကိုမျှ မခံစားရချေ။
ကျန်းမင် ပြုံးလိုက်၏။
အချိန်များက ဖြည်းညှင်းစွာ ကုန်လွန်နေသည်။ သူက အထူး စွမ်းရည်များနှင့် တာအိုမျိုးစေ့များ အပေါ် နားလည်မှုကို မြှင့်တင်နေစဉ် သူ့ ဉာဏ်အလင်းပွင့် လက်ဖက်ရွက်များနှင့် ဉာဏ်အလင်းပွင့် ကျောက်တုံးများမှာ ထိတ်လန့်ဖွယ် ကောင်းလောက်အောင် လျင်မြန်စွာ ကုန်ဆုံးနေ၏။
သူက သတ္တု၊ သစ်သား၊ ရေ၊ မီးနှင့် မြေကြီး တာအိုမျိုးစေ့များကို အောင်မြင်စွာ ပေါင်းစပ်နိုင်ခဲ့ပြီး ၎င်းတို့ကို ဓာတ်ကြီးငါးပါး တာအိုမျိုးစေ့များ အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့လေပြီ။
ဓာတ်ကြီးငါးပါး တာအိုမျိုးစေ့မှာ ဤလောကတွင် အရှားပါးဆုံး တာအိုမျိုးစေ့များထဲမှ တစ်ခု ဖြစ်သည်။
မဟုတ်သေးဘူး...
ဂိုဏ်းရှိ မှတ်တမ်းများ အရပဲ ဖြစ်ဖြစ်၊ ဆရာကြီး တာအိုယန် ရေးသားခဲ့သော "လူသား ကျင့်ကြံခြင်း အဆင့်များ အကြောင်း အသေးစိတ် ရှင်းလင်းချက်" အရ... နှစ်ပေါင်း (၁,၀၀၀)အတွင်း လူတစ်ယောက်သာလျှင် ဓာတ်ကြီးငါးပါး တာအိုမျိုးစေ့ကို အောင်မြင်စွာ ဖန်တီးနိုင်ကောင်း ဖန်တီးနိုင်ပေလိမ့်မည်။ ထို့ကြောင့်ပင် ယင်းမှာ ဖန်တီးရန် အခက်ခဲဆုံး တာအိုမျိုးစေ့များထဲမှ တစ်ခု ဖြစ်နေရခြင်း ဖြစ်၏။
ဓာတ်ကြီးငါးပါး တာအိုမျိုးစေ့ကို အောင်မြင်စွာ ဖန်တီးပြီးနောက် ယင်ယန် တာအိုမျိုးစေ့မှာလည်း တဖြည်းဖြည်း ပုံပေါ်လာခဲ့လေပြီ။
လေဟာနယ် သလင်းကျောက်ကို စုပ်ယူပြီး ကတည်းက ကျန်းမင်က ဟင်းလင်းပြင် အကြောင်းကို ပိုနားလည် သဘောပေါက်လာခဲ့သည်။ လေ့ကျင့်ရေးဇုန် အတွင်း မဟာ အာကာပြင် သဏ္ဍာန်မဲ့ ဓားချီ၊ အာကာပြင် ခြေလှမ်းများနှင့် မဟာ လေဟာနယ် လက်ဝါးတို့ကို ထုတ်ဖော် အသုံးပြုပြီးနောက် လေဟာနယ် သမ္ဗောဓိဉာဏ်ကို အပြည့်အဝ နားလည် သဘောပေါက်သွားပြီး လေဟာနယ် တာအိုမျိုးစေ့အား အောင်မြင်စွာ ဖန်တီးနိုင်ခဲ့၏။
သေခြင်း တာအိုမျိုးစေ့နှင့် ရှင်သန်ခြင်း တာအိုမျိုးစေ့တို့ ပေါင်းစပ်သွားပြီးနောက် သေခြင်း ရှင်ခြင်း တာအိုမျိုးစေ့ အဖြစ် ပေါ်ပေါက်လာသည်။
မဟာ ဖျက်ဆီးခြင်း သမ္ဗောဓိဉာဏ်၊ သံသရာ သမ္ဗောဓိဉာဏ်၊ အလင်းနှင့် အမှောင် သမ္ဗောဓိဉာဏ်၊ အစစ်အမှန် ပုံရိပ်ယောင် သမ္ဗောဓိဉာဏ်တို့ကလည်း သူတို့နှင့် သက်ဆိုင်သော တာအိုမျိုးစေ့များကို အသီးသီး ဖန်တီးနိုင်ခဲ့ကြလေပြီ။
ဉာဏ်အလင်းပွင့် လက်ဖက်ရွက်များနှင့် ဉာဏ်အလင်းပွင့် ကျောက်တုံးများ၏ ပေါင်းစပ် အကူအညီဖြင့် ကျန်းမင်က အဆင့်တက်မှု အချို့ကို ပြုလုပ်နိုင်ခဲ့သည်။
ကံမကောင်းစွာဖြင့် သူက အချိန် သမ္ဗောဓိဉာဏ်နှင့် ကံကြမ္မာ သမ္ဗောဓိဉာဏ်ကိုမူ နားလည် သဘောပေါက်နိုင်ခြင်း မရှိသေးပေ။
ယနေ့တွင်တော့ ကျန်းမင် တစ်ယောက် တသီးတသန့် ကျင့်ကြံနေခြင်းမှ ထွက်ပေါ်လာခဲ့သည်။
သူက ခေါင်မိုးပေါ်သို့ ခုန်တက်၍ ညီမလေး ဖြစ်သူအား လှမ်းကြည့်ရာ သူမ တသီးတသန့် ကျင့်ကြံနေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
ဆရာဖြစ်သူကို မတွေ့ရသောကြောင့် တခြား တစ်နေရာရာသို့ သွားနေခြင်း ဖြစ်မည်ဟုသာ ကောက်ချက် ချလိုက်တော့သည်။
အနောက်ဘက်သို့ ဝင်သွားသော နေမင်း၏ အလင်းရောင်များက ဖြတ်သန်းသွားရာ လမ်းကြောင်း တစ်လျှောက်ရှိ အရာအားလုံးကို အနီရောင် ဆိုးထားသကဲ့သို့ ဖြစ်နေစေသည်။
တောင်အနောက်ဘက်ကို တစ်ချက် လှမ်းကြည့်ရာ အပြာရောင် ငွေမြက်ပင်များမှာ ရိတ်သိမ်းရန် နီးကပ်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရ၏။
သူ့ဆရာ၏ ခရမ်းရောင် နန်းတော် ပြန်လည် ကောင်းမွန်လာခဲ့သည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ပြီးခဲ့သော တစ်နှစ် အတွင်း ကျန့်ကျွင်းပေါင်က သူ့ထံ သတင်းများ ရံဖန်ရံခါ လာပြောပြတတ်ပြီး ပြင်ပလောက အကြောင်းကိုလည်း လူသားလမ်းစဉ် မှတ်တမ်းရှိ မှတ်တမ်းများမှ တစ်ဆင့် လေ့လာ သိရှိခဲ့ရသည်။
ဥပမာအားဖြင့် ဂိုဏ်းချုပ်မှာ ကနဦးဝိညာဉ် အဆင့်သို့ တက်လှမ်းသွားခဲ့ပြီး အနန္တ ဆေးလုံးစံအိမ်နှင့် ချင်းယွင်ဂိုဏ်းတို့မှာ စစ်ပွဲ ဆင်နွှဲနေဆဲပင်။
ပိရွှေဂိုဏ်းက သူတို့၏ အဓိက အင်အားစုများကို အရှေ့ပိုင်း ဒေသသို့ ရွှေ့ပြောင်းခဲ့ပြီး ထျန်းရွှေဂိုဏ်းထံမှ ဟိုင်ပြည်နယ်အား သိမ်းပိုက်ခဲ့သည်။
မိစ္ဆာဂိုဏ်းများက ပိုလှုပ်ရှားလာကြပြီး သူတို့၏ တပည့် အများအပြား လူသိရှင်ကြား ထွက်ပေါ်လာခဲ့ကြ၏။
ကျုံးပြည်နယ်မှ ပါရမီရှင်များ ရောက်ရှိလာကြသည်။ သူတို့က အရှေ့ပိုင်း ဒေသ တစ်ခွင် ခရီးလှည့်လည်ရင်း အရှေ့ပိုင်း ဒေသမှ ပါရမီရှင်များကို တစ်ယောက်ပြီး တစ်ယောက် အနိုင်ယူနေ၏။ သူတို့ကို မည်သူမျှ မတားဆီးနိုင်ချေ။
ဤသူများမှာ ကျုံးပြည်နယ်မှ ပါရမီရှင်များ ဖြစ်ကြပြီး တစ်ယောက်ချင်းစီတိုင်းကို တော်ဝင်မြေများ ကဲ့သို့သော အစွမ်းထက် အင်အားစုများက ကျောထောက်နောက်ခံ ပြုထားသဖြင့် မည်သူမျှ သူတို့နှင့် ပြဿနာ မရှာရဲပေ။
ကျန်းမင်က ဤနေရာရှိ ခုနှစ် သက္ကရာဇ် တွက်ချက်မှု စနစ်ကိုလည်း အခြေခံအားဖြင့် နားလည်ထားပြီး ဖြစ်သည်။
တောင်ပေါ်တွင် ရှိနေစဉ်က ရာသီဥတု လေးမျိုး မရှိသလို အဖြစ်အပျက် ကြီးကြီးမားမား တစ်ခုခု မဖြစ်ပေါ်သရွေ့ အချိန်များ ကုန်လွန်နေခြင်းကို လုံးဝ မခံစားရချေ။ သူက ယင်းကို နားလည်ရန်ပင် ကြိုးစား အားထုတ်ခြင်း မရှိခဲ့ပေ။
ယခုအခါ သူတို့က ကျိုးပြက္ခဒိန်အရ (၉,၉၉၄)ခုနှစ်တွင် ရောက်ရှိနေကြ၏။ ကျုံးပြည်နယ်ရှိ မဟာ ကျိုး မင်းဆက်မှာ လွန်ခဲ့သော နှစ်ပေါင်း (၁၀,၀၀၀)နီးပါးခန့်က တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး တော်ဝင်မြေ ကဲ့သို့ အစွမ်းထက်သည့် အင်အားစု တစ်ခု ဖြစ်လာခဲ့လေပြီ။ သူတို့က ကျိုးပြက္ခဒိန်ကို အဓိက ခုနှစ် သက္ကရာဇ် တွက်ချက်မှု စနစ် အဖြစ် အသုံးပြုနေကြသည်။
ရှေးယခင်က သမိုင်းကြောင်းများနှင့် ပတ်သက်၍မူ... ထိုထက် အများကြီး ပိုရှည်လျားလှပေသည်။
သူတို့က နှစ်သန်းပေါင်းများစွာ သို့မဟုတ် သန်းဆယ်ချီ ကြာမြင့်ခဲ့သော ထျန်းယွမ် ပြက္ခဒိန် သို့မဟုတ် နတ်ဘုရား ပြည်နယ် ပြက္ခဒိန်ကဲ့သို့သော ခေါင်းရှုပ်စရာ ပြက္ခဒိန် စနစ်များ ပေါ်ပေါက်လာခြင်းကို တားဆီးရန် အတွက် ခုနှစ် သက္ကရာဇ် တွက်ချက်မှု စနစ်များကို အဆက်မပြတ် ပြောင်းလဲနေကြခြင်း ဖြစ်၏။
"စနစ် အသက်ဝင်လာတာ လေးနှစ်နဲ့ ကိုးလ ရှိသွားပြီ"
တိုက်ဆိုင်မှု တစ်ခု ဟုတ်၊ မဟုတ် ဆိုသည်ကို ကျန်းမင်လည်း သေချာ မသိပေ။
"ငါ့လက်ရှိ အဆင့်မှာ မဟာတာအို အနန္တတန်ခိုးရှင်ကျမ်းက တစ်ဆင့် မန္တန်တွေ အကုန်လုံးကို ပေါင်းစပ်ပြီး ကမ္ဘာဦး ပျက်သုဉ်းခြင်း တာအိုမျိုးစေ့ အဖြစ် ဖန်တီးလို့ ရတယ်... ဒါပေမဲ့ ငါက တာအိုမျိုးစေ့ ငါးမျိုးပဲ ဖန်တီးနိုင်သေးတာ... ယင်ယန်၊ အသက်နဲ့ သေခြင်း၊ သံသရာ၊ အလင်းနဲ့ အမှောင်၊ အစစ်အမှန် ပုံရိပ်ယောင်နဲ့ မဟာ ဖျက်ဆီးခြင်း တာအိုမျိုးစေ့တွေက အမြင့်ဆုံး အဆင့် တာအိုမျိုးစေ့တွေထဲမှာ ပါတယ်... ပြီးတော့ ဓားမ၊ ဓားရှည်၊ လက်သီး၊ ကြယ်တာရာနဲ့ အာရုံခံနိုင်စွမ်း တာအိုမျိုးစေ့ လိုမျိုး တခြား မျိုးစေ့တွေလည်း ရှိသေးတယ်..."
"အခု ငါ့မှာ လိုအပ်နေတာ ဆိုလို့ အချိန်နဲ့ ကံကြမ္မာ တာအိုမျိုးစေ့ပဲ ရှိတော့တယ်"
"ဒါပေမဲ့ ဓာတ်ကြီးငါးပါး တာအိုမျိုးစေ့ကို အခြေခံ အဖြစ် ထားပြီး ယင်ယန် တာအိုမျိုးစေ့ကို အထောက်အကူ အဖြစ် သုံးမယ်... လေဟာနယ် တာအိုမျိုးစေ့ကို သံသရာ၊ အသက်နဲ့ သေခြင်း၊ အလင်းနဲ့ အမှောင်၊ အစစ်အမှန် ပုံရိပ်ယောင် မျိုးစေ့တွေနဲ့ ချိတ်ဆက်ဖို့ သုံးပြီး ကျန်တာတွေကို ဖြည့်စွက်ချက် အဖြစ် သုံးမယ် ဆိုရင်တော့ ကမ္ဘာဦး ပျက်သုဉ်းခြင်း တာအိုမျိုးစေ့ကို အခုတည်းက ဖန်တီးလို့ ရနေပြီ... ဒါပေမဲ့ အဲ့ဒါက မပြည့်စုံသေးဘူး"
ကျန်းမင်က သူ့ကိုယ်ပိုင် အခြေအနေကို ပြန်လည် သုံးသပ်နေမိသည်။ သူ တွေဝေနေသလို စိုးရိမ်ပူပန်မှုလည်း ဖြစ်နေမိ၏။
ကံကြမ္မာ ဆိုသည်မှာ နားလည် သဘောပေါက်ရန် အလွန် ခက်ခဲလွန်းပြီး မည်သို့ လုပ်ဆောင်ရမည် ဆိုသည့် အသိဉာဏ် တစ်စွန်းတစ်စမျှပင် သူ့တွင် မရှိပေ။ အချိန် ဆိုသည်မှာလည်း ဤလောကတွင် နက်နဲ ရှုပ်ထွေးဆုံး အရာဖြစ်ပြီး ၎င်းကို ဖမ်းဆုပ်ရန်မှာ ကောင်းကင်ပေါ်သို့ တက်ရသည်ထက်ပင် ပိုခက်ခဲ၏။
ကျန်းမင် တစ်ယောက် ဘာဆက်လုပ်ရမှန်း လုံးဝ မသိတော့ပေ။
"နည်းနည်း ထပ်စောင့်ကြည့်ရုံပဲ ရှိတော့တာပေါ့... တကယ်လို့ အဆင်မပြေဘူး ဆိုရင်လည်း ရနိုင်သလောက်နဲ့ပဲ ကျေနပ်ရတော့မယ်" ကျန်းမင်က သူ့ဘာသာ ရေရွတ်လိုက်သည်။
ရုတ်တရက် သူ့ညီမလေး၏ အခန်းဘက်မှ ကြောက်မက်ဖွယ် ကောင်းသော သန့်စင်သည့် နေမင်း သမ္ဗောဓိ တစ်ခုကို အာရုံခံလိုက်မိသဖြင့် ထိုဘက်သို့ ခေါင်းလှည့် ကြည့်မိ၏။ သူမ အခန်း ပတ်လည်တွင် မန္တန်အစီအရင် တစ်ခု ရှိနေသော်ငြား သူမ၏ အပြောင်းအလဲများကို သူ အာရုံခံမိခြင်းမှ မတားဆီးနိုင်ခဲ့ပေ။
"ဒါက သန့်စင်တဲ့ နေမင်း သမ္ဗောဓိဉာဏ်ပဲ" ကျန်းမင်က အံ့အားသင့်စွာ ရေရွတ်လိုက်ပြီး သူ့မျက်လုံးများ တောက်ပလာသည်။
သူ့ညီမလေးက မီးတာအိုမျိုးစေ့ကို ဖန်တီးထားခဲ့သော်လည်း ယခုအခါ သန့်စင်သော နေမင်း တာအိုမျိုးစေ့ အဖြစ်သို့ အောင်မြင်စွာ ပြောင်းလဲနိုင်ခဲ့လေပြီ။ ယင်းမှာ လွယ်ကူသော အရာဟု ထင်ရသော်လည်း အမှန်တကယ်တော့ ပါရမီရှင် အချို့ အတွက်ပင် အလွန် ခက်ခဲလှပေသည်။
လက်ရှိအချိန်တွင် ဤလောက၌ သန့်စင်သော နေမင်း သမ္ဗောဓိဉာဏ်ကို နားလည် သဘောပေါက်သူ အများအပြား မရှိချေ။
အဘယ်ကြောင့်ဆိုသော် ဤလောကရှိ အရာခပ်သိမ်းတွင် ယင်နှင့် ယန် နှစ်မျိုးလုံး ရှိနေသောကြောင့်ပင်။
နေမင်း သမ္ဗောဓိဉာဏ်ကို နားလည် သဘောပေါက်ရန် စကြဝဠာ အတွင်းမှ ယန် စွမ်းအင်များကို စုပ်ယူခြင်းကပင် ခက်ခဲသော အရာတစ်ခု ဖြစ်နေပြီ ဖြစ်ရာ သူ့ညီမလေး၏ တာအိုမျိုးစေ့က မီး တာအိုမျိုးစေ့မှ တိုက်ရိုက် ပြောင်းလဲလာခြင်း ဖြစ်ကြောင်း ပြောစရာပင် မလိုတော့။
ရွှစ်...
လူသားလမ်းစဉ် မှတ်တမ်းကို ထပ်မံ ဖွင့်လိုက်ပြန်သည်။
အမည် - ဇီလင်းလုံ
မျိုးနွယ် - လူသား (မ)
ကျင့်စဉ်အဆင့် - တာအိုမျိုးစေ့ အဆင့်
နောက်ခံ - ကျိုယန်ဂိုဏ်း ချူယန် တောင်ထွတ်၏ တပည့်
ဆက်ဆံရေး - ၉၅
မွေးရာပါ ပါရမီ - အင်မော်တယ် (အဆင့်မြင့် ဖီးနစ် သွေးကြော)
လက်ရှိ အခြေအနေ - ကျင့်ကြံနေစဉ် အတွင်း သူမ၏ မီး တာအိုမျိုးစေ့မှာ သန့်စင်သော နေမင်း တာအိုမျိုးစေ့ အဖြစ်သို့ ပြောင်းလဲသွားပြီး သွေးကြောများလည်း ဆင့်ကဲ ပြောင်းလဲသွားခဲ့သည်။ လက်ရှိတွင် သူမ၌ အသန်မာဆုံးသော ဖီးနစ် စစ်သည်တော် ခန္ဓာကိုယ် ရှိနေပြီး ရုပ်ပိုင်းဆိုင်ရာနှင့် မန္တန် ထုတ်ဖော်နိုင်စွမ်းများကို ပိုအားကောင်းလာစေခဲ့သည်။
ကျန်းမင် တစ်ယောက် ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပေ။
"မင်းရဲ့ ကျင့်စဉ်အဆင့် တိုးတက်လာတာနဲ့ အမျှ မင်းရဲ့ ခန္ဓာကိုယ်ကလည်း ပိုပြီး သန့်စင်လာတာပဲ... ညီမလေး... မင်းက တကယ်ကို ကံကောင်းတဲ့ ပါရမီရှင် တစ်ယောက်ပဲ… ငါလည်း အရှိန်မြှင့်မှ ရမယ်... မဟုတ်ရင် သူ့နောက် ကောက်ကောက်ပါ အောင် လိုက်နေရလိမ့်မယ်...
ထိုအတွေးများ ခေါင်းထဲ ပေါ်လာသည်နှင့် တောင်အနောက်ဘက်သို့ လျှောက်လာခဲ့ပြီး ရင့်မှည့်နေပြီ ဖြစ်သော အပြာရောင် ငွေမြက်ပင်များကို ကြည့်လိုက်သည်။
"ငါ စိတ်ပျက်ရမှာ မဟုတ်ဘူးလို့ မျှော်လင့်ပါတယ်... တကယ်လို့ တကယ် မဖြစ်လာခဲ့ဘူး ဆိုရင် နောက်ထပ် သုံးလလောက် နေရင် ငါးနှစ် ပြည့်ပြီပဲ... အဲ့ဒီအချိန်ကျရင် ရလာမယ့် ဆုလာဘ်တွေက အံ့မခန်း ဖြစ်မှာ သေချာတယ်"
အပြာရောင် ငွေမြက်ပင်များကို မနက်ဖြန်တွင် ရိတ်သိမ်းရန် သူ ဆုံးဖြတ်လိုက်၏။ ကံမကောင်းစွာဖြင့် မည်သည့် အပြာရောင် ငွေမြက်ပင် ဘုရင်ကိုမျှ မတွေ့ရှိခဲ့ရပေ။
End
***