ကျန်းမင်က သူ့အတွက် ရိုးရှင်းသော ညစာတစ်နပ် ပြင်ဆင်လိုက်၏။ အစားအသောက်များ စားသုံးပြီးနောက် ငါးရက်စာ ကျင့်ကြံခြင်း စွမ်းအားများ ရရှိသွားပေသည်။
အပြင်ဘက်တွင် လေပြင်းများ တိုက်ခတ်နေသော်ငြား အိမ်အတွင်း၌မူ လေငြိမ်သက်နေ၏။
ကောင်းကင်ယံတွင် ကြယ်ရောင်များ ပြန့်ကျဲနေပြီး သူက အလွန်အမင်း ငြီးငွေ့နေသဖြင့် ကြယ်တစ်ပွင့်လောက် ဆွဲချကာ ဆော့ကစားချင်စိတ်ပင် ပေါက်လာတော့သည်။
ရွှီး…
လတ်တလောတွင် ဘာမျှ လုပ်စရာ မရှိသောကြောင့် လူ့ကံကြမ္မာ မှတ်တမ်းစာအုပ်အား လှန်လှော ကြည့်ရှုလိုက်သည်။
စီနီယာအစ်မ မိုမိုမှာ သူမ၏ ကျင့်ကြံခြင်း အခြေခံကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သော်လည်း ဆေးခင်းအား စောင့်ကြပ်ရန် အမိန့်ပေးခံထားရပြီး ခွင့်ပြုချက် မပါဘဲ ထွက်ခွာခွင့် မရှိချေ။
ဤသည်ကပင် ကောင်းမွန်သော ဇာတ်သိမ်းတစ်ခုဟု ဆိုရပေမည်။
ပိုင်ကျန်းကျီမှာ တောင်နီနန်းတော်သို့ ပြန်မသွားဘဲ အရှေ့ဘက် ကမ်းရိုးတန်းတွင်သာ နေထိုင်နေခဲ့၏။
"ငါ အဆင့်တက်ပြီးတာနဲ့ အခွင့်အရေးရှာပြီး သူ့ကို ရှင်းပစ်မှ ရမယ်..." ကျန်းမင်က တီးတိုး ရေရွတ်လိုက်သည်။
လတ်တလော ကျန်းမင်၏ စွမ်းအားမှာ ယခင်က လိုက်လံ ဖမ်းဆီးခံရစဉ်ကထက် များစွာ အားကောင်းနေပြီ ဖြစ်သော်လည်း ထိုသူအား အနိုင်ယူနိုင်မည်ဟု ယုံကြည်မှု အပြည့်အဝ မရှိသေးပေ။
သုခဘုံ အဆင့်ရှိ သိုင်းပညာရှင် တစ်ယောက်မှာ အလွန်တရာ အစွမ်းထက်လှ၏။ ထိုသူများက ကောင်းကင်ဂူ ပုံရိပ်ယောင်ကို ဖန်တီးနိုင်စွမ်း ရှိပြီး ကျယ်ပြန့်သော ဧရိယာ တစ်ခုလုံးအပေါ် သက်ရောက်မှု ပေးနိုင်သည်။ ထိုကဲ့သို့ အခြေအနေမျိုး အောက်တွင် အနီးကပ် ချဉ်းကပ်၍ ခိုးကြောင်ခိုးဝှက် လုပ်ကြံသတ်ဖြတ်ရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။
ဇီလင်းလုံက အခန်းတွင်း၌ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး မျက်လုံးများ ဖွင့်လာသည်။ သူမ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာပြီး...
"ငါ့ရဲ့ တာအိုမျိုးစေ့က နေမင်းစစ်စစ် တာအိုမျိုးစေ့ အဖြစ် ပြောင်းလဲသွားပြီ... သွေးကြော အဆင့်တက်သွားပြီးနောက် ဖီးနစ်စစ်သည်တော် ခန္ဓာကိုယ်ကိုလည်း ပိုင်ဆိုင်ထားပြီပဲ... ငါ့ရဲ့ ထူးခြားတဲ့ စွမ်းရည်တွေ၊ လျှို့ဝှက်ကျင့်စဉ်တွေနဲ့ဆို မူလဝိညာဉ် အဆင့်က သိုင်းပညာရှင် တစ်ယောက်ကို အနိုင်ယူဖို့က လေမှုတ်ထုတ်လိုက်သလို လွယ်ကူသွားပြီ..."
သူမမှာ ပြန်လည် မွေးဖွားလာသူ ဖြစ်သောကြောင့် အရာအားလုံးကို အစမှ ပြန်လည် စတင်ရန် မလိုပေ။
သွေးကြောကို သန့်စင်ရန်မှာ အဆင့်ဆင့် လုပ်ဆောင်ရသဖြင့် ပိုခက်ခဲလှသည်။ ဆန့်ကျင်ဘက် အနေဖြင့် သူမ၏ ကျင့်စဉ်အဆင့်ကို မြှင့်တင်ရန်မှာမူ များစွာ လွယ်ကူ၏။ သို့တိုင် ကောင်းချီးများ ရရှိပြီးနောက် စကြဝဠာနှင့် ဆက်သွယ်ကာ စွမ်းအင်များကို တစ်စက်ချင်း စုဆောင်းရန် လိုအပ်နေဆဲပင်။ မည်သို့ပင်ဆိုစေ လောကကြီးတွင် အလကားရသော အရာဟူ၍ မရှိပါချေ။
ထို့အပြင် ကျိုယန်ဂိုဏ်းတွင်လည်း သူမအား ထောက်ပံ့ပေးရန် လုံလောက်သော သယံဇာတ အရင်းအမြစ်များ မရှိပေ။
သူမ လက်ရှိ ရရှိထားသော အောင်မြင်မှုများ အားလုံးမှာ ပြီးခဲ့သည့် အကြိမ်က ကြုံတွေ့ခဲ့ရသော ယွင်ထျန်းခုန်း၏ အနိမ သင်္ချိုင်းဂူကြောင့်ပင်။ မဟုတ်ပါက ယနေ့ အခြေအနေသို့ ရောက်ရှိရန် ယခုထက် အချိန်ပိုယူရမည်ဟု သူမ ခန့်မှန်းမိသည်။
"စကြဝဠာရဲ့ အနှစ်သာရကို ခန္ဓာကိုယ်ထဲ စုပ်ယူပြီး သဘာဝတရားကြီးနဲ့ တစ်သားတည်း ဖြစ်တည်တာ... ဒါကမှ တကယ့် ကျင့်ကြံခြင်းပဲ..."
ပြန်လည် မွေးဖွားလာပြီးနောက် သူမက ကျင့်ကြံခြင်းနှင့် ပတ်သက်၍ အတိတ်ကထက် များစွာ ပိုနားလည် သဘောပေါက်လာခဲ့လေပြီ။
"နောက်တစ်ဆင့်က အဆုံးစွန် ယန်စွမ်းအင်ကို အဆုံးစွန် ယင်စွမ်းအင် အဖြစ် ပြောင်းလဲဖို့ပဲ... ယင်-ယန် နိယာမကို နားလည် သဘောပေါက်ပြီး ယင်-ယန် တာအိုမျိုးစေ့ကို ဖန်တီးရမယ်... ဒီနည်းလမ်းနဲ့မှ ငါက အနာဂတ်မှာ ဘာပူပင်သောကမှ မရှိဘဲ ပိုဝေးဝေးကို လျှောက်လှမ်းနိုင်မှာ... ပြီးရင်တော့..."
ဇီလင်းလုံ၏ မျက်လုံးများ တောက်ပသွားသည်။ သူမ ပတ်လည်တွင် သိမ်မွေ့သော လေဟာနယ် လှိုင်းဂယက် အနည်းငယ်နှင့် တာအို စည်းချက်တစ်ခု ဖြစ်ပေါ်လာသော်ငြား နောက်ဆုံးတွင် အားလုံးမှာ ပြန်လည် ငြိမ်သက်သွားတော့၏။
သူမတွင် အနာဂတ်အတွက် တိကျ ပြတ်သားသော အစီအစဉ်တစ်ခု ရှိနေလေပြီ။
ဇီလင်းလုံက ကုတင်ပေါ်မှ ဆင်းလာပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။ ပြတင်းပေါက်ကို ဖွင့်ကာ သူမ ရှေ့ရှိ ခေါင်မိုးပေါ်တွင် ရပ်နေသော စီနီယာအစ်ကို ဖြစ်သူအား လှမ်းကြည့်လိုက်၏။ သူမ မျက်နှာပေါ်ရှိ ခက်ထန်သော အသွင်အပြင်များ အရည်ပျော်ကျသွားပြီး နူးညံ့သော အမူအရာက အစားထိုး နေရာယူလာသည်။
"ငါ လူတိုင်းကို စွန့်လွှတ်နိုင်ပေမယ့် စီနီယာအစ်ကို့ကိုတော့ ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး..." ဇီလင်းလုံ တီးတိုး ရေရွတ်လိုက်မိသည်။
ထိုအချိန်၌ သူမအတွက် စီနီယာအစ်ကိုမှလွဲ၍ မည်သည့်အရာကမှ ပိုအရေးမကြီးတော့ချေ။
"စီနီယာအစ်ကို..." သူမက အနီးသို့ ချဉ်းကပ်သွားရင်း အော်ခေါ်လိုက်သည်။
ညကောင်းကင်ယံမှာ အဆုံးမဲ့ ကျယ်ပြောလှပြီး ကြယ်များက ဟိုမှသည်မှ ပျော်ရွှင်စွာ ကခုန်နေကြ၏။
သူတို့ နှစ်ယောက်လုံး ကြိမ်ကုလားထိုင်များပေါ်တွင် ထိုင်ရင်း ကြယ်များ စုံလင်သော ကောင်းကင်ကြီးကို မော့ကြည့်နေလိုက်ကြသည်။
"မင်းရဲ့ ကျင့်ကြံခြင်းတွေ ဘယ်လိုနေလဲ..."
"အရမ်းကောင်းတယ်... စီနီယာအစ်ကိုက အုပ်မြစ် တည်ဆောက်ခြင်း အဆင့်ကို ပြီးပြည့်စုံသွားပြီ ဆိုတော့ ဘယ်တော့ ရွှေအမြူတေ အဆင့်ကို တက်လှမ်းမှာလဲ..."
"အဲ့ဒါက အချိန်ဆွဲထားလို့ ရပါသေးတယ်..."
"ရွှေအမြူတေ အဆင့်ကို တက်လှမ်းမယ့် အချိန်ကျရင် ကျွန်မကို ပြောနော်... ကျွန်မ အစ်ကို့ကို စောင့်ကြပ်ပေးမယ်..."
"ကျေးဇူးပါ လင်းလုံရယ်... ဒါက တကယ်ကို စိတ်ချရတာပဲ..."
သူတို့ နှစ်ယောက်သား စကားစမြည် ပြောဆိုနေရင်း အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့လေပြီ။
နောက်တစ်နေ့ တောင်နောက်ဘက်တွင်...
"စီနီယာအစ်ကို... ဒါ အရမ်း မိုက်တာပဲ... အပြာရောင် ငွေမြက်ပင်တွေ အားလုံး ရင့်မှည့်နေပြီ..." ဇီလင်းလုံက မြက်ခင်းများကြား ဟိုဟိုဒီဒီ ခုန်ပေါက်နေရင်း ပျော်ရွှင်နေသော ယုန်သူငယ်လေး တစ်ကောင်အလား အာမေဋိတ်သံဖြင့် အော်လိုက်သည်။
"ဝိညာဉ်ဆေးပင်တွေကို စိုက်ပျိုးရတာ စိန်ခေါ်မှု များတယ်လို့ ကြားဖူးတယ်... ပိုးမွှားတွေကို ကာကွယ်ရုံတင် မကဘူး လေထုထဲက ဝိညာဉ်အနှစ်သာရ အပြောင်းအလဲတွေကိုပါ ဂရုစိုက်ရသေးတာ... ပြီးတော့ သူတို့ကို အာဟာရ ဖြစ်စေဖို့ ဝိညာဉ်ကျောက်တုံး အမှုန့်တွေ ဖြူးပေးပြီး ရေလည်း မကြာခဏ လောင်းပေးရတယ်လေ... ဒါပေမဲ့ အရာအားလုံး လုပ်ပြီးရင်တောင် ရှင်သန်နှုန်းကို အာမမခံနိုင်ဘူးတဲ့..."
"ငါ့မှာ အချိန်တွေ အများကြီး ရှိနေတော့ အဲ့ဒါတွေကို အကျိုးရှိရှိ အသုံးချလိုက်တာပေါ့..." ကျန်းမင်က ရိုးရှင်းစွာပင် ပြန်ဖြေလိုက်၏။
သို့သော် သူ ဇီလင်းလုံအား မပြောပြခဲ့သော အရာမှာ ဝိညာဉ်ဆေးပင်များ စိုက်ပျိုးခြင်းက အမှန်တကယ်ပင် ငြီးငွေ့ဖွယ်ကောင်းသော လုပ်ငန်းစဉ် တစ်ခု ဖြစ်ကြောင်းပင်။ မိမိကောက်ပဲသီးနှံများကို ဂရုစိုက်သော လယ်သမား တစ်ယောက်ကဲ့သို့ သူက နေ့စဉ် တောင်နောက်ဘက်သို့ လာရောက်၍ အပင်များ၏ အခြေအနေကို အချိန်ရတိုင်း စစ်ဆေးရကာ ပိုးမွှားများ ဤဝိညာဉ်ဆေးပင်များကို မဖျက်ဆီးစေရန် တားဆီးပေးခဲ့ရသည်။
ဝမ်းသာစရာ ကောင်းသည်မှာ သူ့ ကြိုးစားအားထုတ်မှုများက နောက်ဆုံးတွင် အသီးအပွင့်များ ဝေဆာလာပြီး ယခုအခါ ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။
"စီနီယာအစ်ကို... ဒီဝိညာဉ်ဆေးပင်တွေကို စိုက်ပျိုးနေရင်းနဲ့တောင် နေ့တိုင်း ကျွန်မအတွက် အစားအသောက်တွေ ပြင်ဆင်ပေးတယ်... ဝိုင်တွေ ချက်တယ်... စိုက်ခင်းတွေကို ဂရုစိုက်တယ်... ပြီးတော့ အုပ်မြစ် တည်ဆောက်ခြင်း အဆင့်ရဲ့ အထွတ်အထိပ်ကိုတောင် ရောက်နေပြီလေ... တကယ်လို့ တစ်ယောက်ယောက်ကများ အစ်ကို့ ကျင့်ကြံခြင်း နှေးကွေးတယ်လို့ ပြောရဲသေးရင် သူ့ကို အပြစ်ပေး မျှော်စင်ဆီ ဆွဲခေါ်သွားလိုက်မယ်..." ဇီလင်းလုံက လေးနက်သော အမူအရာဖြင့် ပြောလာသည်။
"မင်းက မိန်းကလေးလေ... မိန်းကလေး တစ်ယောက် အနေနဲ့ ပိုပြီး နူးညံ့သိမ်မွေ့ရမယ်... ပြီးတော့ ငါက မင်းရဲ့ စီနီယာအစ်ကို ဆိုတော့ အရမ်း အသုံးမကျဖြစ်နေလို့ ဘယ်ရပါ့မလဲ... မဟုတ်ရင် ငါ စိတ်ဖိစီးမှုတွေ အများကြီး ရနေမှာပေါ့..." ကျန်းမင်က ပြုံးရင်း ခေါင်းခါယမ်းလိုက်၏။
"စီနီယာအစ်ကိုကတော့ ကိုယ်ဖြစ်ချင်တဲ့ အတိုင်းသာ လွတ်လွတ်လပ်လပ် နေပါ... ကျန်တဲ့ အရာအားလုံးကို ကျွန်မဆီသာ လွှဲထားလိုက်..." ဇီလင်းလုံက သူမ ရင်ဘတ်ကို ပုတ်ရင်း ဂုဏ်ယူဝင့်ကြွားစွာ ဆိုလေသည်။
"မင်း နှုတ်ခမ်းလေးက တကယ်ကို ပျားရည် ဆမ်းထားသလိုပဲ... အဲ့ဒါ သိလား..."
"ဟီးဟီး... ကျွန်မ နှုတ်ခမ်းလေး ပျားရည် ဆမ်းထားမှန်း ကျွန်မ သိပါတယ်... ဒါပေမဲ့ စီနီယာအစ်ကိုက ဘယ်လိုလုပ် သိတာလဲ..."
"အဟမ်း... ငါ့ကို နောက်မနေနဲ့တော့..."
"ဟုတ်ပါပြီ ဟုတ်ပါပြီ... ဒီ အပြာရောင် ငွေမြက်ပင်တွေကို ကျွန်မတို့ ဘာလုပ်ကြမလဲ စီနီယာအစ်ကို..."
"အင်း... ငါလည်း မစဉ်းစားရသေးဘူး..."
သူတို့ စကားပြောနေရင်း အပြာရောင် ငွေမြက်ပင်များကို ရိတ်သိမ်း၍ ပြီးဆုံးသွားလေပြီ။ အချို့မှာ ညှိုးနွမ်းနေသဖြင့် နောက်ဆုံးတွင် အပြာရောင် ငွေမြက်ပင် နှစ်ထောင် ခြောက်ရာကိုသာ ရရှိလိုက်သည်။
[ဒင်... အခြေခံအဆင့် ဝိညာဉ်ဆေးပင်များအား ပထမဆုံးအကြိမ် အများအပြား ရိတ်သိမ်းနိုင်ခဲ့သည့် အတွက် တည်ခင်းဧည့်ခံသူအား ဂုဏ်ပြုသည်။ အထူးဆုလာဘ် အဖြစ် နှစ် နှစ်ထောင့်ခြောက်ရာစာ ကျင့်ကြံခြင်း အခြေခံနှင့် သုံးမိနစ်စာ အနိမ အတွေ့အကြုံ ကတ်ပြားကို ပေးအပ်လိုက်သည်]
ကျန်းမင်က မျက်တောင်များ ပုတ်ခတ်လိုက်၏။
အပြင်ပန်းတွင် စိတ်ခံစားမှု ကင်းမဲ့နေပုံ ရသော်ငြား အတွင်းစိတ်ထဲ၌မူ အလွန်အမင်း အံ့အားသင့်နေခဲ့သည်။
"နှစ်ပေါင်း ဒီလောက်များတဲ့ ကျင့်ကြံခြင်းတွေကို ဆုလာဘ်အနေနဲ့ ရလိမ့်မယ်လို့ ယုံတောင် မယုံနိုင်ဘူး... ဒါ ပထမဆုံး အကြိမ်မို့လို့များလား..." သူ အတွေးနက်သွားသည်။
ထို့နောက် သူက စိတ်ဖြင့် အမိန့်ပေးလိုက်ရာ သုံးမိနစ်စာ အနိမ အတွေ့အကြုံ ကတ်ပြားနှင့် ပတ်သက်သည့် အချက်အလက်များက သူ့ခေါင်းထဲ ထွက်ပေါ်လာတော့၏။
[လက်ရှိ ကျင့်ကြံခြင်း အခြေခံကို အုပ်မြစ်အဖြစ် အသုံးပြု၍ အနိမ အဆင့်၏ အထွတ်အထိပ် ခွန်အားကို တွက်ချက်ဖန်တီးပေးသည်။ တစ်ကြိမ် အသက်သွင်းပြီးပါက ရပ်တန့်၍ မရနိုင်ဘဲ အသုံးပြုသူအား အနိမ အဆင့်၏ တိုက်ခိုက်ရေး စွမ်းအားကို (၃)မိနစ် တိတိ ရရှိစေမည် ဖြစ်သည်]
ကျန်းမင်မှာ မယုံကြည်နိုင်လောက်အောင် ဖြစ်သွားပြီး အာမေဋိတ်သံဖြင့် ရေရွတ်လိုက်မိသည်။
သူ့လက်ရှိ အခြေအနေ အရ အကယ်၍ အနိမ အဆင့်၏ စွမ်းအားကိုသာ ရရှိမည် ဆိုပါက အကြို အင်မော်တယ် အဆင့်ရှိ သိုင်းပညာရှင် တစ်ယောက်ကိုပင် သတ်ဖြတ်နိုင်မည်ဟု ယုံကြည်မှု ရှိနေ၏။ ဤသည်မှာ အမှန်တကယ် ကောင်းမွန်သော ပစ္စည်းတစ်ခုဟု ခံစားရသော်ငြား သုံးမိနစ်သာ ခံခြင်းက နှမြောစရာပင်။
"ဘာလို့ နည်းနည်းလောက် ပိုမခံရတာလဲ... ဒါက ဘာမှ ပျော်စရာ မကောင်းဘူး..."
"စီနီယာအစ်ကို... ကျွန်မတို့ အပြာရောင် ငွေမြက်ပင်တွေကို ဆက်စိုက်ဦးမလား..." လင်းလုံက သူမရှေ့ရှိ ရိတ်သိမ်းထားသော အရာများကို ကြည့်ရင်း မေးလိုက်သည်။
"မစိုက်တော့ဘူး... ခဏလောက် စောင့်ကြည့်ရအောင်..."
ကျန်းမင် စကားပြောပြီးသည်နှင့် မျက်လုံးထောင့်မှ လူရိပ်တစ်ခုအား သတိထားမိလိုက်သည်။ သူ ခေါင်းလှည့်ကြည့်ချိန်တွင် ထိုသူမှာ ကျန့်ကျွင်းပေါင် ဖြစ်နေကြောင်း သိလိုက်ရ၏။ သူက လက်ဝှေ့ယမ်းပြရင်း သူတို့ဆီ ချဉ်းကပ်လာနေသည်။
"စီနီယာအစ်ကို... တစ်ခုခု ဖြစ်လို့လား..." ကျန်းမင်က ကျန့်ကျွင်းပေါင်အနီး ချဉ်းကပ်သွားရင်း မေးလိုက်သည်။
ဇီလင်းလုံလည်း နောက်မှ လိုက်ပါသွား၏။
"ကိစ္စကြီး တစ်ခု ဖြစ်နေပြီ..." ကျန့်ကျွင်းပေါင်က ပြန်ဖြေသည်။ သူက ခြံဝင်းထဲသို့ ဝင်မလာဘဲ ဧည့်ခံစင်မြင့်ပေါ်တွင် ရပ်၍ ခါးသီးစွာ ပြုံးလာ၏။ "တစ်ယောက်ယောက်က ညီမငယ် လင်းလုံကို တိုက်ခိုက်ဖို့ စိန်ခေါ်ထားတယ်..."
"ကျွန်တော်တို့ တောင်ကို ပိတ်ထားတယ် ထင်တာပဲ..." ကျန်းမင် မျက်မှောင်ကြုတ်သွားသည်။
"သူတို့က ကျုံးပြည်နယ်က လာကြတာ... နောက်ခံလည်း အတော် ကြီးမားတော့ သူတို့သာ လာလည်ချင်ပါတယ်လို့ ပြောလာရင် ငါတို့က ငြင်းလို့ ရမယ် ထင်နေလား... မရဘူးလေ..." ကျန့်ကျွင်းပေါင်က ကူကယ်ရာမဲ့စွာ ဆိုလေသည်။
"သူတို့ ရည်ရွယ်ချက်က ရှင်းပါတယ်... ညီမငယ် လင်းလုံမှာ ဖီးနစ် သွေးကြော ရှိတယ်ဆိုတာ ကြားလို့ ယှဉ်ပြိုင်ချင်နေကြတာ... အရှေ့ပိုင်းဒေသက ပါရမီရှင်တွေ၊ ထူးခြားတဲ့ သွေးကြောပိုင်ရှင်တွေ အကုန်လုံးနဲ့ ယှဉ်ပြိုင်ချင်တယ်လို့လည်း ပြောနေကြသေးတယ်..."
"ကျွန်မတို့ ဂိုဏ်းချုပ်က ကနဦးဝိညာဉ် အဆင့်ကို ရောက်နေပြီလေ... သူတို့ကို မတားနိုင်ဘူးလား..." ဇီလင်းလုံက မျက်မှောင် အကြီးအကျယ် ကြုတ်ရင်း ဝင်ပြောလိုက်သည်။
ကျန့်ကျွင်းပေါင်က ခေါင်းခါယမ်းလိုက်၏။
"ငါတို့ ရင်ဆိုင်နေရတာက မဟာကျိုး မင်းဆက်ရဲ့ (၁၈)ပါးမြောက် မင်းသားပဲ... သူ့ဘေးမှာ ကနဦးဝိညာဉ် အဆင့် သိုင်းပညာရှင် တစ်ယောက်နဲ့ တခြား ပါရမီရှင်တွေ ဝန်းရံနေရုံတင် မကဘူး... အမှောင်ထဲကနေ ကာကွယ်ပေးနေတဲ့ အစွမ်းထက် ပညာရှင်တွေလည်း အများကြီး ရှိသေးတယ်... ဂိုဏ်းချုပ်က သူတို့ တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ပေမယ့် သူတို့က နားမထောင်ဘူး... သူတို့က တိုက်ကြီး တစ်ခွင် ခရီးသွားရင်း ဂိုဏ်းတွေ၊ အစွမ်းထက်တဲ့ မိသားစုတွေ အများကြီးကို အနိုင်ယူခဲ့ပြီးပြီ... ဘယ်သူမှ သူတို့ကို မနိုင်ကြဘူးလေ..."
"သူတို့က တကယ်ပဲ အဲ့လောက် အစွမ်းထက်တာလား..." ကျန်းမင်က မေးလိုက်သည်။
"သူတို့က အစွမ်းထက်ရုံတင် မကဘူး... မိစ္ဆာကောင်တွေနဲ့တောင် တူနေပြီ..." ကျန့်ကျွင်းပေါင်က ထပ်လောင်း ရှင်းပြသည်။ "(၁၈)ပါးမြောက် မင်းသား နောက်ကို လိုက်လာတဲ့ လူငယ် တချို့ဆို ငါတို့ရဲ့ စမ်းသပ်ခြင်း မျှော်စင်ကိုတောင် အောင်နိုင်သွားပြီ... ပြီးတော့ သူတို့က ရွှေအမြူတေ အဆင့်ပဲ ရှိသေးတာ..."
ကျန်းမင် ပြောရခက် ဆွံ့အသွားတော့သည်။
ကျိုယန်ဂိုဏ်းတွင် ညီမငယ်ဖြစ်သူ တစ်ယောက်တည်းသာ စမ်းသပ်ခြင်း မျှော်စင်ကို အောင်နိုင်ခဲ့သော်လည်း ယခုအခါ ဤအပြင်လူများက မည်သည့် အခက်အခဲမှ မရှိဘဲ ဖြတ်ကျော်သွားနိုင်ခဲ့သည် မဟုတ်ပါလား။
ဤသည်မှာ လုံးဝကို အရှက်ရစရာပင်။
"စီနီယာအစ်ကို... ကျွန်မ သူတို့နဲ့ သွားတွေ့သင့်လား..." ဇီလင်းလုံက အဝေးသို့ လှမ်းကြည့်ရင်း မေးလာ၏။
ကျန်းမင်သည်လည်း ထိုဦးတည်ရာသို့ လိုက်ကြည့်နေမိသည်။
ပင်မတောင်ထွတ်ဆီသို့ ပျံသန်းသွားနေသော လူရိပ်များစွာအား သူတို့ တွေ့လိုက်ရသည်။ အထူးသဖြင့် ထိထဲမှ လူတစ်ယောက်မှာ အရာအားလုံးကို နာခံမှုဖြင့် ခေါင်းငုံ့သွားစေပြီး အညံ့ခံသွားစေလောက်သည့် လွှမ်းမိုးနိုင်သော အငွေ့အသက်များ ထုတ်လွှတ်နေတော့၏။
End
***