အမည် - ကျန်းမင်
ကျင့်ကြံခြင်း အဆင့် - တာအိုမျိုးစေ့ အဆင့်
ကျင့်စဉ် - မဟာတာအို အနန္တတန်ခိုးရှင်ကျမ်း
မှော်ပညာများ - မူလဝိညာဉ် နှလုံးသားဓား၊ သောင်းချီဓားကျင့်စဉ်၊ အခြေခံ အစီအရင်များ၊ အခြေခံ အဆောင်များ၊ အခြေခံ ဆေးလုံးများ၊ အခြေခံ လက်နက်ကြမ္မာများ...
ထူးခြားသော စွမ်းရည် - အာကာပြင် သဏ္ဍာန်မဲ့ ဓားချီ၊ အာကာပြင် ခြေလှမ်း၊ အာကာပြင် လက်ဝါး၊ နတ်ဘုရား တောင်ကိုးလုံး ရတနာ၊ ပုံရိပ်ဖန်ဆင်းခြင်း ကျင့်စဉ်၊ ကောင်းကင်ကိုးထပ် အင်ပါယာ လျှပ်စီး၊ သစ်သားနဂါး၊ ကောင်းကင်ခွဲ ဓားသိုင်း၊ ကောင်းကင်ဖိနှိပ်ခြင်း နတ်ဘုရားတံဆိပ်တုံး၊ ကြယ်တာရာ အသွင်ပြောင်းခြင်း၊ ကောင်းကင်ကိုးထပ် အမြောက်များနှင့် ကြယ်တာရာ ဓားအစီအရင်။
မွေးရာပါ ပါရမီ - အင်မော်တယ် (အခြေခံ တာအိုခန္ဓာ)
ပစ္စည်းများ - လူသားလမ်းစဉ် မှတ်တမ်း၊ သေခြင်း ရှင်ခြင်း ဝင်္ကပါပြား၊ စွမ်းအင်ပိတ်လှောင် စစ်တုရင်ခုံ (အဆင့်မြင့် တာအိုလက်နက်)၊ အာဏာရှင် လှံရှည် (အလယ်အလတ်အဆင့် တာအိုလက်နက်)၊ ကောင်းကင်ဆွဲဆုတ်ဓား (အလယ်အလတ်အဆင့် တာအိုလက်နက်)၊ ကောင်းကင်ဖြိုခွင်းတူ (အနိမ့်ဆုံးအဆင့် တာအိုလက်နက်)၊ ကျောက်နက် (အနိမ့်ဆုံးအဆင့် တာအိုလက်နက်)၊ ကောင်းကင်ဖိနှိပ်ခြင်း ဆေးအိုး (အဆင့်မြင့် လက်နက်ကြမ္မာ)၄ လုံး။ ကျင့်ကြံခြင်း အဆင့် ၅၆၀၀ နှစ်၊ တစ်ခါသုံး ဉာဏ်အလင်းပွင့် ကျောက်တုံး (ရှားပါးအဆင့်)၅ တုံး၊ ဉာဏ်အလင်းပွင့် လက်ဖက်ပင် မျိုးစေ့ (အင်မော်တယ်အဆင့်)၁ စေ့၊ သုံးမိနစ်စာ အနိမ အဆင့် အတွေ့အကြုံကတ်။
ထောက်ပံ့မှု - အခြေခံ လေ့ကျင့်ရေးဇုန်
စနစ်၏ မျက်နှာပြင်မှာ ပြောင်းလဲသွားလေပြီ။ ယခုအခါ “ထောက်ပံ့မှု” ဟူသော အပိုင်းတစ်ခု ထပ်တိုးလာ၏။ ၎င်းက အခြေခံ လေ့ကျင့်ရေးဇုန်အဖြစ် ရှိနေသေးကြောင်း ဖော်ပြနေသည်။ ထို့အပြင် သူ့ထံတွင် ဉာဏ်အလင်းပွင့် လက်ဖက်ခြောက်များ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီး ဉာဏ်အလင်းပွင့် ကျောက်တုံး ငါးတုံးသာ ကျန်တော့သည်။
အရန်အဖြစ် သိမ်းဆည်းထားသော ကျင့်ကြံခြင်းစွမ်းအား ၅,၆၀၀ နှစ်စာဟူသည့် အံ့မခန်း ပမာဏ ရှိနေသော်လည်း ကံမကောင်းစွာဖြင့် တာအိုမျိုးစေ့များ ဖန်တီးရာတွင် ထိုကျင့်ကြံခြင်းစွမ်းအားက သိပ်အသုံးမဝင်ပေ။
ကျန်းမင်က သူ့မှတ်တမ်းများကို တစ်ချက် လှမ်းကြည့်ပြီး (၁၈)ပါးမြောက် မင်းသားဆိုသူမှာ ဘာမှမဟုတ်ကြောင်း ရုတ်တရက် ခံစားလိုက်ရသည်။ ထိုမင်းသားသာ မိုက်မဲသော အလုပ်များ မလုပ်လျှင် သူ့ဘာသာ အေးဆေး လွှတ်ထားမည် ဖြစ်သော်လည်း သေချင်စော် နံနေမည် ဆိုလျှင်တော့ တွန့်ဆုတ်နေမည် မဟုတ်ဘဲ ရှင်းလင်းပြီး ပိုင်ယွီနှင့် မိတ်ဆွေဖွဲ့ရန် ငရဲပြည်သို့ ပို့ပေးလိုက်မည်သာ။
မျက်တောင် တစ်ခတ်အတွင်းမှာပင် လူတစ်စုက လေထဲမှ ပျံသန်းလာပြီး ပလပ်ဖောင်းပေါ်သို့ ဆင်းသက်လာကြသည်။ သူတို့နှင့်အတူ ဂိုဏ်းချုပ်နှင့် သူ့ဆရာဖြစ်သူတို့လည်း ပါလာ၏။ အခြား လူငယ် (၂၀)၊ (၃၀)ခန့်လည်း ပါဝင်နေပြီး ၎င်းတို့မှာ ကျိုးထျန်းနှင့် သူ့အပေါင်းအပါများ ဖြစ်ရမည်ဟု ကျန်းမင် ခန့်မှန်းလိုက်သည်။
ကျန်းမင်လည်း ဂိုဏ်းချုပ်၏ အခြေအနေကို တစ်ချက် အကဲခတ်ကြည့်လိုက်သည်။ မှတ်တမ်းများအရ (၁၈)ပါးမြောက် မင်းသား ကျိုးထျန်းက ကျိုယန်ဂိုဏ်းကို စိန်ခေါ်ခဲ့သော်လည်း ဂိုဏ်းမှ မည်သူကမျှ သူတို့ကို အမှန်တကယ် ယှဉ်ပြိုင်နိုင်စွမ်း မရှိခဲ့ပေ။ ထို့နောက် သူက ဇီလင်းလုံနှင့် တွေ့ဆုံရန် အတင်းအကျပ် တောင်းဆိုလာ၏။ ဂိုဏ်းချုပ်အနေဖြင့် အစွမ်းကုန် ဖျောင်းဖျခဲ့သော်လည်း သူက လုံးဝ လက်မခံခဲ့ချေ။
နောက်ဆုံးတွင် ထိုလူများက ဇီလင်းလုံကို တွေ့ရန် အချိန်မဆွဲနိုင်တော့သဖြင့် ဂိုဏ်းချုပ်မှာ အခြား ရွေးချယ်စရာ မရှိတော့ဘဲ သူနှင့် သူ့အဖွဲ့ကို ချူယန်တောင်ထွတ်သို့ ခေါ်ဆောင်လာခဲ့ရခြင်း ဖြစ်သည်။
“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်” ကျန်းမင်က ဂိုဏ်းချုပ်အား နှုတ်ဆက်ပြီးနောက် အနောက်ရှိ လူအုပ်ကို အခွင့်ကောင်းယူ၍ အကဲခတ်လိုက်သည်။ သူတို့ထဲမှ အချို့က ရင်ဘတ်ပေါ် လက်ပိုက်ထားကြပြီး အချို့ကမူ လက်နောက်ပစ်ထားကြ၏။ အနည်းငယ်သော လူများကတော့ မေးအနည်းငယ် မော့ကာ အထင်သေးသော အပြုံးများဖြင့် သူတို့ကို ငုံ့ကြည့်နေကြသည်။
သူတို့အားလုံး၏ ရုပ်ရည်သွင်ပြင်များ ကွဲပြားနေသော်လည်း တူညီသော အချက်တစ်ခု ရှိနေသည်။ ထိုအရာမှာ မောက်မာဝင့်ကြွားမှုပင်။
ထိုလူများထဲတွင် ကျိုးထျန်း၏ အရှိန်အဝါက အလွှမ်းမိုးနိုင်ဆုံးနှင့် အစွမ်းအထက်ဆုံး ဖြစ်သည်။ သူက သူ့အရှိန်အဝါကို ဖုံးကွယ်ရန် အနည်းငယ်မျှပင် ကြိုးစားမနေဘဲ ငွေရောင် အလင်းတန်းများ ဖြာထွက်နေသည့် နတ်ဘုရား တောင်တော်ကြီး တစ်တောင်အလား။
“ကျန်းမင်… သူက မဟာကျိုး အင်ပါယာရဲ့ (၁၈)ပါးမြောက် မင်းသား ကျိုးထျန်းပဲ… သူက တာအိုမျိုးစေ့ အဆင့်မှာ ရှိတယ်… ပြီးတော့ ချူယန်တောင်ထွတ်ကို ပထမဆုံးအကြိမ် လာတာ… ဒါကြောင့် ယဉ်ယဉ်ကျေးကျေး နေဖို့ မမေ့နဲ့နော်”
ဂိုဏ်းချုပ်က ကျိုးထျန်း၏ နောက်ခံနှင့် ကျင့်ကြံခြင်း အဆင့်ကို ထည့်သွင်း မိတ်ဆက်ပေးနေရင်း ကျန်းမင် တစ်ခုခု အမှားလုပ်မိမည်ကို စိုးရိမ်နေပုံရသည်။
“တွေ့ရတာ ဝမ်းသာပါတယ် အစ်ကိုကြီးကျိုး” ကျန်းမင်က ပြုံး၍ နှုတ်ဆက်လိုက်၏။
ကျိုးထျန်းက သူ့ကို တစ်ချက်မျှသာ ကြည့်ပြီးနောက် ဇီလင်းလုံဘက်သို့ အကြည့် လွှဲသွားတော့သည်။
ကျန်းမင်က မျက်နှာထက်ရှိ အပြုံးကို ဆက်လက် ထိန်းသိမ်းထားသော်လည်း ဇီလင်းလုံ၏ မျက်လုံးများမှာမူ ရေခဲတမျှ အေးစက်သွားခဲ့လေပြီ။
ကျိုးထျန်းဘေးရှိ လူငယ်တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်လာသည်။
“မင်းက ကောလာဟလတွေထဲက ဇီလင်းလုံရဲ့ အသုံးမကျတဲ့ အစ်ကိုကြီး ဆိုတာလား… မင်းလိုကောင်က (၁၈)ပါးမြောက် မင်းသားကို အစ်ကိုကြီးလို့ ခေါ်ဖို့ မထိုက်တန်ဘူး… အခုချက်ချင်း လမ်းဖယ်စမ်း”
ကျန်းမင် မျက်နှာထား တင်းမာသွားပြီး ဂူဟိုင်၏ မျက်နှာမှာလည်း ဒေါသကြောင့် နီရဲလာသည်။ ဂိုဏ်းချုပ် ကိုယ်တိုင်ပင် မျက်မှောင်ကြုတ်သွား၏။
ဇီလင်းလုံ အမျက်ဒေါသ ထွက်သွားတော့သည်။ မည်သူမှ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်ခင်မှာပင် သူမက လူငယ်၏ အရှေ့သို့ ချက်ချင်း ရောက်ရှိသွားပြီး သူ့မျက်နှာကို ပြင်းထန်စွာ ရိုက်ချလိုက်ရာ သွေးလူးနေသော သွားအချို့ လွင့်စင်သွားပြီး ထိုလူငယ်မှာ လေထဲသို့ မြောက်တက်သွားတော့သည်။
ကံမကောင်းစွာဖြင့် ထိုမျှနှင့် မပြီးသေးပေ။ သူမက လေထဲသို့ ခုန်တက်ကာ လူငယ်ကို ဖမ်းဆုပ်ပြီး မြေကြီးပေါ်သို့ ဖိချရင်း ကျန်းမင်ရှေ့တွင် အတင်းအကျပ် ဒူးထောက်ခိုင်းလိုက်သည်။ ထို့နောက် သွေးအေးသော လေသံဖြင့်…
“စောစောက နင် ဘာပြောလိုက်တယ်”
ရုတ်တရက် အခြေအနေ ပြောင်းလဲသွားမှုကြောင့် လူတိုင်း မှင်သက်သွားကြသည်။
ဂူဟိုင်က စကားပြောရန် အကြိမ်ကြိမ် ဟန်ပြင်သော်လည်း နောက်ဆုံးတွင် မည်သည့်စကားမှ ထွက်မလာခဲ့ချေ။
ဇီလင်းလုံ တစ်ယောက် သူမ၏ အစ်ကိုကြီးအပေါ် မည်မျှ ဂရုစိုက်ကြောင်း သူက မည်သူ့ထက်မဆို ပိုသိထားသည်။ သူမ ဆရာဖြစ်သူ သူကိုယ်တိုင်ထက်ပင် သူမ အစ်ကိုကြီးကို ပို၍ အလေးထားသည် မဟုတ်ပါလား။ ထို့ကြောင့် လူပုံလယ်တွင် သူ့အား စော်ကားခြင်းမှာ သေလမ်းရှာခြင်းနှင့် အတူတူပင်။
ကျန့်ကျွင်းပေါင်က ထိုလူငယ် ယခုလို ခံရသည်မှာ ထိုက်တန်သည်ဟု ယူဆသော်ငြား ဇီလင်းလုံ အတွက်တော့ စိုးရိမ်နေမိသည်။
ဂိုဏ်းချုပ်က မျက်လုံးများကို မှေးစင်းလိုက်၏။
ကျိုးထျန်းမှာမူ အံ့အားသင့်သွားသဖြင့် သူ့မျက်လုံးများထဲ ထူးဆန်းသော အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားသည်။
“မင်း ဘယ်လို သတ္တိမျိုးနဲ့များလဲ”
သူ့အနောက်မှ နောက်ထပ် လူငယ်တစ်ယောက်က ရှေ့သို့ တက်လာသည်။ သူက သူ့ထူးခြားသော စွမ်းရည်များကို အသက်သွင်းလိုက်ရာ လေထဲတွင် အလင်းမိုးများ ဖြစ်ပေါ်လာပြီး ဇီလင်းလုံထံသို့ တပြိုင်နက် ပစ်လွှတ်လိုက်တော့သည်။
“သတိထား”
ဇီလင်းလုံ၏ အခြေအနေကို မသိသော တပည့်အချို့က စိုးရိမ်တကြီးဖြင့် အော်ဟစ် သတိပေးကြသည်။
ဘန်း…
နောက်တစ်ခဏတွင် သူမက နောက်ပင် လှည့်မကြည့်ဘဲ လက်ကိုမြှောက်၍ အလင်းမိုးများကို ဖျက်ဆီးပစ်လိုက်သည်။ တစ်ချိန်တည်းမှာပင် လူငယ်အား တောင်အောက်သို့ လွင့်ထွက်သွားစေ၏။ အကယ်၍ သူ့အပေါင်းအပါ တစ်ယောက်ကသာ ဝင်မကယ်လျှင် ထိုလူငယ်မှာ ပြုတ်ကျသေဆုံးသွားမည်မှာ အသေအချာပင်။
“တော်လောက်ပြီ”
ကျိုးထျန်းက ရှေ့တစ်လှမ်း တိုးရင်း ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူက အစွမ်းထက်သော အရှိန်အဝါ လှိုင်းလုံးတစ်ခု ထုတ်လွှတ်လိုက်ရာ အကြီးအကဲ အချို့ပင် နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်သွားရ၏။
“ချန်လျန်ကို လွှတ်ပေးလိုက်စမ်း”
ဇီလင်းလုံက ကျန်းမင်အား သူမ အနောက်သို့ တွန်းပို့ပြီး ကျိုးထျန်းကို တစ်ချက် လှမ်းကြည့်ကာ ဒူးထောက်နေသော လူငယ်ဘက်သို့ လှည့်၍ ထပ်မေးလိုက်၏။
ယခုမှသာ ချန်လျန် အသိစိတ် ပြန်ဝင်လာသည်။ အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် ဒေါသကြောင့် သူ့မျက်နှာမှာ ရှုံ့မဲ့သွားတော့သည်။
“မင်းက ငါ့ကို လူပုံလယ်မှာ ဒူးထောက်ခိုင်းရဲတယ်ပေါ့လေ… အာ့… ဘယ်သူမှ ငါ့ကို ဒီလို မလုပ်ရဲဘူးကွ… ငါ မင်းကို သတ်မယ်… မင်းကို အပိုင်းပိုင်း အမြွှာမြွှာ ဆွဲဖြဲပစ်မယ်”
နောက်တစ်စက္ကန့်တွင် ဇီလင်းလုံက သူမ၏ လက်ဝါးထဲသို့ ခွန်အား ပိုထည့်လိုက်ရာ ထိုလူငယ်မှာ မြေကြီးထဲသို့ ပို၍ နစ်ဝင်သွားတော့သည်။ သူ့ဒူးခေါင်းရိုးများ ကျိုးကြေသွားပြီး ခန္ဓာကိုယ်အောက်တွင် သွေးများ အိုင်ထွန်းလာ၏။
ချန်လျန်က နာကျင်စွာ ညည်းညူလိုက်ပြီး ဒေါသ ပိုထွက်လာသည်။
“ဒီနေ့ မင်း ငါ့အပေါ် လုပ်ခဲ့တာတွေကို ငါ ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး… တစ်နေ့ကျရင် မင်းရဲ့ အစ်ကိုကြီးဆီကနေ ငါ ပြန်ယူမယ်လို့ ကောင်းကင်ကို တိုင်တည်ပြီး ကျိန်ဆိုတယ်… ငါ သူ့ကို မင်းတောင် မှတ်မိနိုင်မှာ မဟုတ်တဲ့အထိ ညှဉ်းပန်းနှိပ်စက်ပြီး အရှက်ခွဲပစ်မယ်”
ဇီလင်းလုံ၏ မျက်လုံးများ ပိုအေးစက်လာခဲ့သည်။
ဂူဟိုင်၏ အမူအရာ ပြောင်းလဲသွားပြီး ကျယ်လောင်စွာ တားဆီးလိုက်သည်။
“မလုပ်နဲ့”
“ရပ်လိုက်စမ်း”
ဇီလင်းလုံ တစ်ယောက် ချန်လျန်ကို သတ်တော့မည်မှန်း သိသဖြင့် ကျိုးထျန်းက အော်ဟစ်တော့သည်။ သူ လက်ဝှေ့ယမ်း၍ သူမထံ ဓားစွမ်းအင်များ ပစ်လွှတ်လိုက်သော်လည်း ဇီလင်းလုံက သူမလက်ကို တစ်ချက်လှန်ယုံဖြင့် ထိုတိုက်ခိုက်မှုအား အလွယ်တကူ ပိတ်ဆို့လိုက်၏။
ထို့နောက် သူမ ညာဘက်လက်ဖြင့် လူငယ်အား လက်ဝါးရိုက်ချက် တစ်ချက် ပေးလိုက်ရာ မောက်မာသော လူငယ်မှာ မြေကြီးထဲသို့ ကြေမွ ဝင်ရောက်သွားတော့သည်။ ချက်ချင်းပင် သူ့မျက်လုံးထဲမှ အလင်းရောင်များ ပျောက်ကွယ်သွားပြီး မယုံကြည်နိုင်သော အမူအရာဖြင့် သေဆုံးသွားခဲ့လေပြီ။
ဇီလင်းလုံ ဤမျှ အစွမ်းထက်မည်ဟုရော၊ သူ့ကို တကယ်သတ်ရဲမည်ဟုပါ သူ အိပ်မက်ထဲတွင်ပင် မထင်မှတ်ထားခဲ့ပေ။ မည်သို့ပင်ဆိုစေ သူက အလယ်ပိုင်း ဒေသမှ လာသူဖြစ်ပြီး ခိုင်မာသော နောက်ခံတစ်ခု ရှိသည် မဟုတ်ပါလား။
သူတို့ အရှေ့ပိုင်း ဒေသသို့ ရောက်ကတည်းက မျိုးနွယ်စုများနှင့် ဂိုဏ်းများ အားလုံးက သူတို့ကို အထူး အလေးပေး ဆက်ဆံခဲ့ကြသည်။ သူတို့ကို ပြန်လည် အာခံရဲသူ မရှိခဲ့။ သူတို့ အသက်ကို နှုတ်ယူဖို့ဆိုသည်မှာ ပို၍ပင် ဝေးသေး၏။
ထို့ကြောင့် သူက ပို၍ပို၍ မောက်မာလာခဲ့ပြီး နောက်ဆုံးတွင်တော့ သူ့ မောက်မာမှုကပင် သူ့အား သေစေခဲ့ခြင်း ဖြစ်သည်။
ထိုကြောက်မက်ဖွယ် မြင်ကွင်းကြောင့် လူအုပ်ကြီး အသက်ရှူမှားသွားကြသည်။ ချန်လျန်၏ ခန္ဓာကိုယ်မှာ ဇီလင်းလုံ၏ ချီစွမ်းအင် ပါဝင်သော တိုက်ခိုက်မှုကို ခံရပြီးနောက် သွေးစွန်းနေသော အသားစအဖြစ် ပြောင်းလဲသွားခဲ့လေပြီ။
“အံ့ဩစရာပဲ… ဖီးနစ် သွေးကြောပိုင်ရှင်ဆိုတဲ့ နာမည်နဲ့ တကယ်ကို ထိုက်တန်ပါပေတယ်”
ကျိုးထျန်းက အာမေဋိတ် ပြုလိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“မင်း ဘယ်လို သတ္တိမျိုးနဲ့ ငါ့လူကို သတ်ရဲတာလဲ… ဇီလင်းလုံ… တကယ်လို့ မင်းသာ ငါ့ကို သင့်တော်တဲ့ ရှင်းပြချက် မပေးနိုင်ရင် ဒီနေ့ ငါမင်းကို သတ်ပစ်မယ်”
“ရှင်းပြချက် ဟုတ်လား” ဇီလင်းလုံ၏ မျက်နှာမှာ အေးစက်နေလျက်။ “နင်က ငါ့အစ်ကိုကြီး ပိုင်တဲ့ ချူယန်တောင်ထွတ်ရဲ့ ပိုင်နက်ကို နင်းထားတာ… ဒါပေမဲ့ ယဉ်ယဉ်ကျေးကျေး မနေတဲ့အပြင် သူ့ကို အရှက်ခွဲပြီး စော်ကားသေးတယ်…”
“နင်က အလယ်ပိုင်း ဒေသက လာရုံနဲ့ အရှေ့ပိုင်း ဒေသက ဂိုဏ်းတွေကို လိုသလို လုပ်လို့ရမယ် ထင်နေတာလား… လုံးဝပဲ…”
“အဲ့ဒါအပြင် ငါ့အစ်ကိုကြီးကို အရင်စပြီး စော်ကားခဲ့တာ သူပဲ… ပြီးတော့ ငါ့အစ်ကိုကြီးကို အဲ့ဒီလို လာပြောရဲတဲ့ လူတွေအတွက် အဆုံးသတ်က တစ်ခုပဲ ရှိတယ်… အဲ့ဒါက သေခြင်းတရားပဲ…”
“ကျိုးထျန်း… တကယ်လို့ နင့်ဘက်ကသာ သင့်တော်တဲ့ ရှင်းပြချက် မပေးနိုင်ရင် ဒီနေ့ ဒီနေရာမှာ နင်တို့ အကုန်လုံးကို သတ်ပစ်မယ်”
စကားပြောပြီးသည်နှင့် သူမထံမှ ကြောက်မက်ဖွယ် အရှိန်အဝါများ လွှမ်းခြုံလာပြီး သူမ၏ သတ်ဖြတ်လိုစိတ်ကို လူတိုင်း ခံစားလိုက်ကြရသည်။
“ကောင်းတယ်… အရမ်းကောင်းတယ်… ဇီလင်းလုံ… မင်းက တကယ်ကို ရက်စက်ပြီး ပြတ်သားတဲ့ မိန်းမပဲ… အစက မင်း ရွှေရောင် ရွှေအမြူတေ အဆင့်မှာပဲ ရှိသေးတယ် ထင်လို့ ငါတို့အဖွဲ့ထဲ ခေါ်သွင်းချင်နေခဲ့တာ… မင်း တာအိုမျိုးစေ့ အဆင့်ထိ ရောက်နေပြီလို့ မထင်ထားခဲ့ဘူး… မင်းရဲ့ ကျင့်ကြံခြင်း အရှိန်က အရမ်းမြန်လွန်းလို့ အလယ်ပိုင်း ဒေသမှာတောင် မင်းကို ယှဉ်နိုင်တဲ့လူ ရှားတယ်” ကျိုးထျန်းက မျက်ခုံးပင့်ရင်း ပြောလာ၏။
“ဒီမြေပေါ် ခြေချကတည်းက ငါတို့နဲ့ ယှဉ်နိုင်မယ့် ပြိုင်ဘက်မျိုး မတွေ့ခဲ့ရသေးဘူး… ငါတို့ရဲ့ အောင်မြင်မှုတွေကြောင့် ပိုပိုပြီး မောက်မာလာခဲ့တယ်… ပြီးတော့ လူတိုင်းနဲ့ အရာအားလုံးက ငါတို့အောက်မှာပဲ ရှိတယ်လို့ သတ်မှတ်ခဲ့မိတယ်…”
“ငါတို့ မှားတယ်ဆိုပေမဲ့ ငါတို့ကို အပြစ်တင်လို့တော့ မရဘူးလေ… ဘာလို့လဲဆိုတော့ ငါတို့ တစ်ခါမှ ရှုံးနိမ့်ဖူးခြင်း မရှိလို့ပဲ… ဒီနေ့ တကယ်လို့ မင်း ငါ့ကို အနိုင်ယူနိုင်ရင် မင်းကို ငါ တောင်းပန်မယ်… ဒါပေမဲ့ မင်းသာ ရှုံးသွားရင်တော့ ငါနဲ့ လိုက်ခဲ့ရမယ်”
End
***