အမည် - ကျိုးထျန်း
မျိုးနွယ် - လူသား
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - တာအိုမျိုးစေ့ အဆင့်
နောက်ခံ - မဟာကျိုး အင်ပါယာ၏ (၁၈)ပါးမြောက် မင်းသား
ရင်းနှီးကျွမ်းဝင်မှု - အနှုတ် ၂၂
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့် (အခြေခံ စစ်မှန်သော နဂါးသွေးကြော)
အခြေအနေ - အရှေ့ပိုင်း ဒေသရှိ သိုင်းပညာရှင် တစ်ယောက်၏ လက်တွင် အနန္တ ဆေးလုံးစံအိမ်၏ သူတော်စင် သားတော် ပိုင်ယွီ သေဆုံးသွားကြောင်း သိရှိပြီးနောက် ကောင်းကင်ဘုံ ကောင်းချီးပေးခံရသူ တစ်ယောက်အနေဖြင့် သူက အလယ်ပိုင်း ဒေသမှ ထွက်ခွာကာ အရှေ့ပိုင်း ဒေသသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သူ့ နာမည်ဂုဏ်သတင်းကို မြှင့်တင်ရန် စီစဉ်နေသည့် တစ်ချိန်တည်းမှာပင် သူ့ အဖွဲ့ကို တိုးချဲ့နိုင်ရန်အတွက် ပါရမီရှင်များကို ပိုသိကျွမ်းကာ စည်းရုံး သိမ်းသွင်းရန်လည်း ရည်ရွယ်ထား၏။
အရှေ့ပိုင်း ဒေသသို့ ခြေချပြီးနောက် အသက် (၁၀၀)အောက် လူငယ်များကို လိုက်လံ စိန်ခေါ်နေခဲ့သည်။ တစ်ခါမှ ရှုံးနိမ့်ဖူးခြင်း မရှိသလို သူ့ အဖွဲ့မှာလည်း တားဆီး၍ မရနိုင်လောက်အောင် အစွမ်းထက်သည်။ ဖီးနစ် သွေးကြော ပိုင်ရှင်မှာ ကျိုယန်ဂိုဏ်းတွင် ရှိနေကြောင်း ကြားသိရသောအခါ သူ အလွန် ဝမ်းသာသွားပြီး သူမအား စည်းရုံး သိမ်းသွင်းလိုစိတ် ပြင်းပြနေခဲ့၏။
အကယ်၍ အတိတ်ကသာ ဆိုလျှင် ကျန်းမင် အနေဖြင့် အနည်းငယ် စိုးရိမ်ပူပန်မိမည် ဖြစ်သော်လည်း အနိမ အတွေ့အကြုံကတ်ကို ရရှိပြီးနောက်တွင်မူ သူ သိပ်ဂရုစိုက်မနေတော့ပေ။ ကံမကောင်းစွာဖြင့် ထို အနိမ အတွေ့အကြုံကတ်မှာ သုံးမိနစ်သာ ခံပြီး တစ်ခါသုံး ပစ္စည်းတစ်ခု ဖြစ်နေခြင်းပင်။ တစ်ကြိမ် အသုံးပြုပြီးသည်နှင့် ထပ်မံ အသုံးပြု၍ ရနိုင်တော့မည် မဟုတ်ချေ။
'ရင်းနှီးကျွမ်းဝင်မှုက အနှုတ် ၂၂ တဲ့လား... ကြည့်ရတာ သူက သူရဲကောင်းဆန်တဲ့ စိတ်ဓာတ်တချို့ ရှိနေတဲ့ပုံပဲ... ဒါပေမဲ့... ထားလိုက်ပါတော့လေ...'
လူသားလမ်းစဉ် မှတ်တမ်းများမှ တစ်ဆင့် ကျိုးထျန်း၏ အချက်အလက်များကို စစ်ဆေးကြည့်ပြီးနောက် ကျန်းမင်က စိတ်ထဲတွင် ခေါင်းခါယမ်းလိုက်မိသည်။ မည်သို့ပင်ဆိုစေ ထိုလူက သူ့ ညီမငယ်လေးအပေါ် မျက်စိကျနေသဖြင့် အလွယ်တကူတော့ လွှတ်ပေးမည် မဟုတ်ပေ။
'အသက် ၁၀၀ အောက် လူငယ်တွေကို စိန်ခေါ်တယ် ဟုတ်လား... အသက် ၁၀၀ အရွယ်က လူငယ်လို့ သတ်မှတ်လို့ ရသေးတာလား...' ကျန်းမင် နားမလည်နိုင်အောင် ဖြစ်သွားရ၏။
ဤသည်မှာ ကျင့်ကြံခြင်း လောက၏ စိတ်ဝင်စားဖွယ် ကောင်းသော အချက်တစ်ခုပင်။ ကျင့်ကြံခြင်းဖြင့် သက်တမ်းကို တိုးမြှင့်နိုင်သောကြောင့် အသက် (၁၀၀)အောက် လူတစ်ယောက်မှာ လူငယ်အဖြစ် သတ်မှတ်ခံရဆဲ ဖြစ်ပေလိမ့်မည်။
ကျိုးထျန်း၏ စကားများကို ကြားပြီးနောက် သူ့ မျက်နှာထား တင်းမာသွားခဲ့သည်။ သို့သော် သူက ရှေ့သို့ တက်မလာခဲ့ပေ။ သူ့ ညီမငယ်လေး အနေဖြင့် ဤအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားသော်လည်း အခြေအနေများ ထိန်းချုပ်မှု ပြင်ပသို့ ရောက်သွားပါက သူကိုယ်တိုင် ဝင်ရောက် စွက်ဖက်မည်သာ။
ဇီလင်းလုံက အေးစက်စွာ တုံ့ပြန်လိုက်သည်။
"ဟက်... ဘယ်လောက်တောင် မောက်မာလိုက်သလဲ... နင်တို့က အမှားလုပ်ထားတာလေ တောင်းပန်ဖို့ဆိုတာက မှန်ကန်ပြီး သဘာဝကျတဲ့ ကိစ္စပဲ... ဒါကို အခု နင်က လောင်းကြေးအဖြစ် သုံးချင်နေတာလား... ငါ နင့်ကို အနိုင်ယူနိုင်မှ တောင်းပန်မယ်... ပြီးတော့ နင်နိုင်ရင် ငါက နင့်နောက် လိုက်ခဲ့ရမယ် ဟုတ်လား... နင့်ကိုယ်နင် ဘယ်သူလို့များ ထင်နေတာလဲ"
ကျိုးထျန်း၏ မျက်နှာမှာ ရုပ်ဆိုး အကျည်းတန်သွားပြီး ပြင်းထန်သော သတ်ဖြတ်လိုစိတ် တစ်ခုက သူ့ မျက်လုံးအောက်ခြေတွင် ပေါ်ပေါက်လာတော့သည်။
သူက မင်းသား တစ်ပါးဖြစ်ပြီး သူ့အဆင့်အတန်းမှာ သူတော်စင် သားတော် တစ်ပါးနှင့်ပင် နှိုင်းယှဉ်နိုင်၏။ တစ်သက်လုံး ယခုကဲ့သို့ စော်ကားခံရဖူးခြင်း မရှိခဲ့ပေ။
'သူမက ကောင်မလေး တစ်ယောက်ပဲ ရှိသေးတာ... သူ့ကိုယ်သူ ဘယ်သူလို့များ ထင်နေတာလဲ...'
ထိုအတွေး တွေးလိုက်မိသော်ငြား မင်းသား တစ်ပါး၏ မာနရှိနေသောကြောင့် သူမအပေါ် ဒေါသတကြီး တုံ့ပြန်မည်တော့ မဟုတ်ချေ။
သို့သော် သူ့ အနောက်တွင် ရှိနေသော လူများအတွက်မူ ထိုသို့ မဟုတ်ပေ။ သူ့နောက်လိုက် တစ်ယောက်က ရှေ့သို့ ခုန်ထွက်လာပြီး အော်ဟစ်လိုက်သည်။
"မင်းက မင်းသားကို စော်ကားရဲတယ်ပေါ့... သေချင်နေတာပဲ ဖြစ်ရမယ်"
ထိုလူမှာ မူလဝိညာဉ် အဆင့်ရှိ သိုင်းပညာရှင် တစ်ယောက် ဖြစ်ပြီး ဇီလင်းလုံက ကျိုးထျန်းအပေါ် ပြောဆိုခဲ့သည့် စကားများအတွက် ခွင့်မလွှတ်နိုင်ခဲ့ချေ။
ရွှမ်း...
မည်သို့မျှ တွန့်ဆုတ်နေခြင်း မရှိဘဲ သူက သူ့ဓားကို ရှစ်လက်အဖြစ် ခွဲထုတ်ကာ ဇီလင်းလုံအား ဝန်းရံလိုက်တော့သည်။
ဂူဟိုင်၏ အမူအရာ ပြောင်းလဲသွားပြီး ကျန့်ကျွင်းပေါင်မှာ လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်၏။ ဂိုဏ်းချုပ်က သူ့ ခန္ဓာကိုယ်အတွင်း စွမ်းအားများကို စုစည်းလိုက်ချိန်တွင် ကျန်းမင်ကမူ ထိုလူကို အေးစက်စွာသာ စိုက်ကြည့်နေခဲ့သည်။
သူ့ ညီမငယ်လေးမှာ တာအိုမျိုးစေ့ အဆင့်တွင်သာ ရှိသေးသော်လည်း သူမက ယန် တာအိုမျိုးစေ့ကို ဖန်တီးထားနိုင်ခဲ့လေပြီ။ ၎င်းမှာ မယုံကြည်နိုင်လောက်အောင် အစွမ်းထက်လှပြီး အနိမ ဂူသင်္ချိုင်းမှ သူမရရှိခဲ့သော အမွေအနှစ်များနှင့် ပေါင်းစပ်လိုက်လျှင် ထိုလူကို မသတ်နိုင်သည့်တိုင် သူမကိုယ်သူမ ကာကွယ်ရန်မှာ ပြဿနာ မဟုတ်ပေ။
ဇီလင်းလုံက မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ သူမ၏ လက်ထဲသို့ ဓားတစ်လက်ကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် အပေါ်သို့ ပင့်၍ ခုတ်ပိုင်းလိုက်ရာ လေထဲတွင် နေမင်း ကိုးစင်း ထွက်ပေါ်လာတော့သည်။
နေမင်းများထံမှ ထွက်ပေါ်လာသော ပြင်းထန်သည့် အပူရှိန်ကြောင့် လေထုမှာ ပုံပျက်သွားပြီး အရာအားလုံးကို လောင်ကျွမ်း ပြာကျသွားစေနိုင်မည့် အလား။
ထိုလူ၏ တိုက်ခိုက်မှုကို အားစိုက်ထုတ်စရာ မလိုဘဲ ပိတ်ဆို့ပြီးနောက် သူမက သူရှိရာသို့ ဆက်လက် ပြေးဝင်သွားခဲ့၏။
"သွားပြီ" ထိုလူ၏ အမူအရာ ပြောင်းလဲသွားသည်။
သူက ထွက်ပြေးရန် ကြိုးစားသော်လည်း နေမင်း ကိုးစင်း၏ ဝန်းရံခြင်းကို ခံလိုက်ရလေပြီ။ သူ့ ထူးခြားသော စွမ်းရည်များကို အသက်သွင်းရန် အချိန်နှောင်းသွားပြီ ဖြစ်သောကြောင့် သူ့ကိုယ်သူ ကာကွယ်ရန် သံချပ်ကာကိုသာ အသုံးပြုနိုင်တော့၏။
ဘန်း...
ဇီလင်းလုံ၏ ဓားက ထိုလူ့ထံသို့ ကျရောက်သွားရာ သံချပ်ကာမှာ တောက်ပစွာ လင်းလက်သွားပြီးနောက် သူသည်လည်း လွင့်ထွက်သွားတော့သည်။
ဇီလင်းလုံက မည်သည့် သနားညှာတာမှုမျှ ပြသမည် မဟုတ်ချေ။
သူမက ခြေလှမ်း အနည်းငယ်ဖြင့် သူတို့ကြားရှိ အကွာအဝေးကို ကျဉ်းမြောင်းစေပြီးနောက် ဓားဖြင့် လျင်မြန်သော တိုက်ခိုက်မှု အကြိမ်ကြိမ် ပြုလုပ်လိုက်ရာ တစ်ချက်ထက် တစ်ချက် ပို၍ အစွမ်းထက်လာခဲ့သည်။ သူမ၏ လှုပ်ရှားမှုမှာ အလွန် မြန်ဆန်လွန်းလှသဖြင့် လူအုပ်ကြီးမှာ သူမ၏ လှုပ်ရှားမှုများကို မသဲမကွဲသာ မြင်တွေ့လိုက်ရ၏။ သူတို့အားလုံး နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်၍ ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ကြသည်။ နောက်ဆုံး သူမကို ရှင်းလင်းစွာ ပြန်မြင်ရချိန်တွင်တော့ တိုက်ပွဲမှာ အဆုံးသတ်လုနီးပါး ဖြစ်နေလေပြီ။
သူမက ထိုလူ၏ သံချပ်ကာကို ဓားဖြင့် ထိုးဖောက်လိုက်သည်။ နေမင်း ကိုးစင်းက သူ့ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် သွေးမြူခိုးများ အဖြစ် ပေါက်ကွဲထွက်သွားတော့သည်။
ဇီလင်းလုံ တစ်ယောက် မျက်တောင် တစ်ခတ်အတွင်းမှာပင် မူလဝိညာဉ် အဆင့်ရှိ သိုင်းပညာရှင် တစ်ယောက်ကို သတ်ဖြတ်လိုက်ခြင်းပင်။ ဤသည်မှာ ထူးကဲသော စွမ်းဆောင်ရည် တစ်ခု ဖြစ်ပြီး လူအုပ်ကြီးမှာ မှင်သက် အံ့ဩသွားကြလေသည်။
ဂိုဏ်းချုပ် ကိုယ်တိုင်ပင် သူ့ မျက်စိရှေ့တွင် ဖြစ်ပျက်သွားခဲ့သော အရာကို မယုံကြည်နိုင်အောင် ဖြစ်နေရ၏။ သူ အနေဖြင့် ထိုလူကို အနိုင်ယူနိုင်စွမ်း ရှိသည်ဟု ယုံကြည်ထားသော်လည်း ထိုမျှသာ ဖြစ်သည်။ သတ်ဖြတ်နိုင်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။ သို့သော် ဇီလင်းလုံက ထိုလူကို အနိုင်ယူနိုင်ရုံသာမက အားစိုက်ထုတ်စရာ မလိုဘဲ အသေသတ်နိုင်ခဲ့သည် မဟုတ်ပါလား။ အကယ်၍ ထိုလူသာ သူမအား အထင်သေးခဲ့လျှင်ပင် သူမ အနေဖြင့် သတ်ဖြတ်နိုင်ရန်မှာ အလွန် ခဲယဉ်းလှသည်။ ဇီလင်းလုံမှာ သူ မျှော်လင့်ထားသည်ထက် များစွာ ပို၍ အစွမ်းထက်လာခဲ့ပြီ ဖြစ်ကြောင်း သေချာသွားတော့သည်။
သူ့နောက်လိုက် နောက်တစ်ယောက် သတ်ဖြတ်ခံလိုက်ရသည်ကို မြင်သောအခါ ကျိုးထျန်း၏ မျက်လုံးများမှာ ဒေါသ မီးတောက်များဖြင့် တောက်လောင်လာတော့သည်။
"မင်း ဘယ်လို သတ္တိမျိုးနဲ့များလဲ..."
သူ ဝတ်ဆင်ထားသော နက်ရွှေရောင် ဝတ်ရုံမှာ နတ်ဘုရား တစ်ပါးအလား တောက်ပနေပြီး သူ့အား ပို၍ ထည်ဝါ ခန့်ညားသွားစေ၏။
"မင်း ဘယ်လို သတ္တိနဲ့ ငါ့နောက်လိုက်ကို ထပ်သတ်ရဲတာလဲ... ဇီလင်းလုံ... မင်း စည်းမျဉ်းတွေကို ဖောက်ဖျက်လိုက်ပြီပဲ"
ကျိုးထျန်း စကားပြောနေစဉ် သူ့ လက်ထဲတွင် လှံရှည် တစ်လက် ထွက်ပေါ်လာရာ သူ့အား ပို၍ အစွမ်းထက်ပုံ ပေါ်သွားစေသည်။ သူ့ ခေါင်းထက်မှ ရွှေရောင် အလင်းတန်းများ ဖြာထွက်နေပြီး စစ်နတ်ဘုရား တစ်ပါးနှင့်ပင် တူနေတော့သည်။
ဇီလင်းလုံက သူမဓားကို လှည့်၍ တုံ့ပြန်လိုက်သည်။
"စည်းမျဉ်းတွေ ဟုတ်လား... မင်းတို့ ဒီကို ရောက်ကတည်းက ငါတို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာခဲ့လို့လား... အခုချက်ချင်း ထွက်သွားစမ်း... မဟုတ်ရင် ဒီနေ့ ဒီနေရာက မင်းတို့ရဲ့ သင်္ချိုင်း ဖြစ်သွားလိမ့်မယ်"
ကျန်းမင်က ရှေ့သို့ တိုးလာပြီး သူမ ပခုံးကို ပုတ်လိုက်၏။
"ညီမလေး... မင်း နှလုံးသားထဲက နတ်ဆိုးကို အနိုင်ယူခွင့် ပေးလို့ မဖြစ်ဘူးနော်... အဲ့ဒါက မင်းရဲ့ ကျင့်ကြံခြင်း အတွက် မကောင်းဘူး"
"ညီမ တစ်ခုခု အမှား လုပ်မိလို့လား အစ်ကိုကြီး..." ဇီလင်းလုံက လှည့်ကြည့်၍ နူးညံ့ပြီး စိုးရိမ်နေသော လေသံဖြင့် မေးလာသည်။
သူမထံမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာ ထိုခဏမှာပင် ပျောက်ကွယ်သွားပြီး ကျန်းမင်အား မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ကြည့်နေတော့သည်။ ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် လူတိုင်း အံ့အားသင့်သွားကြလေပြီ။
ကျန်းမင်က ရယ်မောလိုက်သည်။
"မလုပ်မိပါဘူး... မင်း ဘာအမှားမှ မလုပ်ခဲ့ပါဘူး... ကျင့်ကြံသူ အချင်းချင်းဆိုတော့ သတ်ဖြတ်တဲ့ ကိစ္စတွေမှာ စိတ်မကောင်း ဖြစ်နေစရာ မလိုဘူးလေ... ဒါ့အပြင် အဲ့ဒီလူ နှစ်ယောက်က အမှားလုပ်ခဲ့တာ ဆိုတော့ သူတို့ ခံရတာ ထိုက်တန်ပါတယ်... ဒါပေမဲ့ ငါတို့က ကိုယ်လုပ်ချင်သလို လျှောက်ပြီး အသက်တွေကိုတော့ နှုတ်ယူလို့ မရဘူးပေါ့... ဒီလူတွေထဲက တချို့က ငါတို့အပေါ် မကောင်းတဲ့ ရည်ရွယ်ချက် မပြသလို စော်ကားတာလည်း မလုပ်ခဲ့ဘူး... ဒါကြောင့် သူတို့ကိုတော့ မသတ်သင့်ဘူးပေါ့..."
"၁၈ ပါးမြောက် မင်းသား ကိစ္စကတော့... သူက ငါတို့ကို လာစိန်ခေါ်တယ် ဆိုပေမဲ့ သူ့ကို ဒီမှာ သတ်လိုက်ရင် ကျိုယန်ဂိုဏ်းကို အခက်တွေ့စေပြီး ငါတို့ရဲ့ နာမည်ဂုဏ်သတင်းကိုပါ ထိခိုက်စေလိမ့်မယ်... ဘာပဲဖြစ်ဖြစ် ငါတို့က မိစ္ဆာဂိုဏ်းမှ မဟုတ်တာ... နာမည်ကောင်းကို ထိန်းသိမ်းထားဖို့ လိုတယ်လေ..."
"အရေးအကြီးဆုံးက သူတို့ကြောင့် ငါတို့ရဲ့ စိတ်ခံစားချက်တွေကို မထိခိုက်စေရဘူး..."
"သူတို့ ဘယ်သူပဲဖြစ်ဖြစ် ဘာအတွက်ပဲ လာလာ... သူတို့က ဧည့်သည်တွေပဲလေ... ပြီးတော့ တစ်ဘဝလုံးစာ ထပ်ပြီး မဆုံရတော့မယ့် ဖြစ်နိုင်ချေလည်း ရှိတယ်... ဒါကြောင့် မင်းကိုယ်မင်း အရမ်း ဖိအားမပေးသင့်သလို သူတို့ကြောင့် မင်းရဲ့ စိတ်ခံစားချက်တွေကို အထိခိုက်ခံလို့ မဖြစ်ဘူး..."
"အနာဂတ်ကျရင် သတ်သင့်တဲ့ လူတွေကို သတ်ပါ... ဒါပေမဲ့ ပိုးကောင်လေး တစ်ကောင်ကို ဖိခြေလိုက်သလိုပဲ သဘောထားလိုက်... မင်းကိုယ်မင်း စိတ်မကောင်း ဖြစ်နေစရာ မလိုသလို သူတို့ကိုလည်း အရမ်း အလေးအနက် ထားနေစရာ မလိုဘူး"
သူ့ ညီမငယ်လေးတွင် ဤမျှ ပြင်းထန်သော သတ်ဖြတ်လိုစိတ် ရှိနေခြင်းက ဆိုးရွားသော ကိစ္စပင်။ ထို့ကြောင့် သူမအား လမ်းမှန်ပေါ်သို့ ပြန်လည် ခေါ်ဆောင်နိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေရမည်ဟု သူ တွေးလိုက်မိသည်။ မည်သို့ပင်ဆိုစေ တစ်စုံတစ်ယောက်၏ အသက်ကို နှုတ်ယူမည့် အစား ကန့်သတ်မျှော်စင် ကဲ့သို့သော နေရာမျိုးတွင် ပိတ်လှောင်ထား၍ ရသည် မဟုတ်ပါလား။
ကျန်းမင်၏ စကားများကို ကြားသောအခါ လူအုပ်ကြီးမှာ အသက်ရှူမှားသွားကြလေသည်။ သူက ဇီလင်းလုံအား ဆုံးမနေပုံ ရသော်လည်း အမှန်တကယ်တွင်မူ သူမ သတ်ဖြတ်လိုသော လူများကို ပိုးကောင်များကဲ့သို့ သဘောထားရန် ပြောနေခြင်းမှန်း သူတို့ သဘောပေါက်လိုက်ကြ၏။ သို့မှသာ သတ်ဖြတ်ပြီးနောက် သူမ အနေဖြင့် စိတ်ထိခိုက်မည် မဟုတ်ပေ။ ဂူဟိုင် ကိုယ်တိုင်ပင် သူ့ကျောရိုးထဲ စိမ့်ခနဲ ခံစားလိုက်ရသည်။
ဇီလင်းလုံက လေးနက်စွာ ခေါင်းညိတ်၍ တုံ့ပြန်လိုက်သည်။
"ဟုတ်ကဲ့ပါ အစ်ကိုကြီး... ညီမ သူတို့ကို မသတ်ခင် ပိုးကောင်တွေလို့ပဲ သဘောထားလိုက်ပါ့မယ်... သူတို့က ပိုးကောင်တွေ ဖြစ်လာပြီး အစ်ကိုကြီးရဲ့ စိတ်ခံစားချက်တွေကို မထိခိုက်ခင် အခုပဲ ရှင်းပစ်လိုက်ပါ့မယ်"
"လိမ်မာလိုက်တဲ့ ကလေးမလေး" ကျန်းမင်က စိတ်သက်သာရာ ရစွာဖြင့် ခေါင်းညိတ်မိ၏။
ဇီလင်းလုံက ချိုသာသော အပြုံးလေးဖြင့်…
"အစ်ကိုကြီး ကျေးဇူးကြောင့်ပါ"
ဘေးတွင် ရပ်နေသော ကျန့်ကျွင်းပေါင်မှာ ပါးစပ်ကို အကြိမ်ကြိမ် ဖွင့်လိုက်ပိတ်လိုက် ဖြစ်နေခဲ့သည်။ သူ တစ်စုံတစ်ရာ ပြောလိုသော်လည်း နောက်ဆုံးတွင် ထိုစကားများကို ပြန်မျိုချလိုက်ရတော့သည်။
ကျန်းမင်နှင့် ဇီလင်းလုံတို့၏ စကားပြောဆိုမှုများကို နားထောင်ပြီးနောက် ကျိုးထျန်း တစ်ယောက် အမျက်ဒေါသ ထွက်သွားတော့သည်။ သူ့ မျက်နှာမှာ ဒေါသကြောင့် ပြာနှမ်းသွားပြီး အံကြိတ်ကာ...
"ကောင်းတယ်... အရမ်းကောင်းတယ်... ကျိုယန်ဂိုဏ်း... မင်းတို့ အားလုံးက ငါမြင်ဖူးသမျှထဲမှာ အမောက်မာဆုံး လူတွေပဲ"
ဇီလင်းလုံက လှည့်ကြည့်၍ အေးစက်စက် မျက်နှာထားဖြင့်…
"အဲ့ဒါကို ချီးကျူးစကားလို့ပဲ မှတ်ယူလိုက်မယ်... ကဲ... အဓိက အကြောင်းအရာကို ပြန်ဆက်ရအောင်... နင်က ဒီကို လာစိန်ခေါ်တာ ဆိုပေမဲ့ အနိုင်ကျင့်တဲ့ ပုံစံမျိုးနဲ့ စည်းမျဉ်းတွေကို လိုက်နာဖို့ ငြင်းဆန်ခဲ့တယ်... ဒါတင်မကသေးဘူး ဒီမြေပိုင်ရှင်ကိုတောင် စော်ကားလိုက်သေးတယ်... အခု ချက်ချင်း ငါ့မျက်စိရှေ့ကနေ ထွက်သွားမလား... ဒါမှမဟုတ် နင့်ကို ကန်ထုတ်ရမလား"
စကားပြောပြီးသည်နှင့် သူမက ကျိုးထျန်းရှိရာသို့ တည့်တည့် ပြေးဝင်သွားတော့သည်။ သူမက ဓားကို မြှောက်လိုက်ရာ နေမင်း ကိုးစင်းမှာ ကောင်းကင်ယံတွင် ထပ်မံ ထွက်ပေါ်လာပြန်၏။ ၎င်းတို့ ဆင်းသက်လာချိန်တွင် ဖန်တီးလိုက်သော ဖျက်ဆီးနိုင်စွမ်းက တောင်တန်း၊ ပင်လယ်၊ ကောင်းကင် မရွေး အရာအားလုံးကို လောင်ကျွမ်း ပြာကျသွားစေနိုင်မည့်အလား လူတိုင်းကို ခံစားလိုက်ရစေသည်။
"ဇီလင်းလုံ..." ကျိုးထျန်းက ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။ "ငါ မင်းကို သတ်မယ်"
မျက်တောင် တစ်ခတ်အတွင်းမှာပင် သူတို့နှစ်ဦး၏ တိုက်ပွဲက စတင်ခဲ့လေပြီ။
End
***