ကျိုးထျန်းက အနိမ့်ဆုံးအဆင့် နက်ရွှေရောင် လျှို့ဝှက်သံချပ်ကာ ဝတ်ဆင်ထားပြီး အနိမ့်ဆုံးအဆင့် တာအိုလက်နက် တစ်ခုဖြစ်သော ကောင်းကင်လှံရှည်ကို ကိုင်ဆောင်ထား၏။ ထို့နောက် မဟာလှံရှည် အာဏာရှင် ကျင့်စဉ်ကို အသက်သွင်းလိုက်သည်။
ထိုသည်မှာ မဟာကျိုး အင်ပါယာ၏ တော်ဝင်မိသားစုက နယ်မြေများကို သိမ်းပိုက်ရာတွင် အသုံးပြုသော အစွမ်းထက်သည့် ထူးခြားစွမ်းရည်ပင်။
သူ့ အရှိန်အဝါများ မြင့်တက်လာပြီး သူ့အား ပို၍ အစွမ်းထက်ပုံ ပေါ်သွားစေသည်။ သာမန်ဆိုလျှင် ပြိုင်ဘက်ကို ချက်ချင်း အလဲထိုးနိုင်မည် ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် ယနေ့ သူ့ ပြိုင်ဘက်မှာ ဇီလင်းလုံ ဖြစ်နေခဲ့ချေပြီ။
ထူးခြားသော စွမ်းရည်များကိုချည်း ယှဉ်မည်ဆိုလျှင် ကျန်းမင် ကိုယ်တိုင်ပင် သူမ၏ ပြိုင်ဘက် မဟုတ်ပေ။ သူမ အနေဖြင့် စွမ်းရည် အနည်းငယ်မျှသာ အသုံးပြုလျှင်ပင် အလွန် အံ့မခန်း ဖြစ်နေဆဲပင်။
ဘန်း...
ကျိုးထျန်း တစ်ယောက် ကောင်းကင်ယံမှ ပြုတ်ကျလာပြီး တောင်ထွတ်တစ်ခုပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်သွားတော့သည်။
"နဂါးတစ်ကောင် အမျက်ထွက်လာရင် ကောင်းကင်ကြီးတောင် သွေးတွေနဲ့ စွန်းထင်းသွားလိမ့်မယ်..."
သူက လေထဲသို့ ခုန်တက်လိုက်ရာ သူ့ မျက်လုံးများမှ မီးတောက်များ ပန်းထွက်နေမတတ်ပင်။ သူ့ ဆံပင်ရှည်များနှင့် သံချပ်ကာတို့မှာ လေနှင့်အတူ လွင့်လူးနေပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"မဟာလှံရှည် ကောင်းကင်ခွင်း တိုက်ခိုက်မှု... ရန်သူကို ချေမှုန်းစမ်း..."
ရွတ်ဆိုသံနှင့်အတူ သူ့ စွမ်းအားများ အဟုန်ပြင်းစွာ တက်လာခဲ့သည်။ သူက ရှိသမျှ ခွန်အား အကုန်သုံး၍ ဇီလင်းလုံထံသို့ တည့်တည့် ပြေးဝင်သွားသော်လည်း ထပ်မံ၍ လွင့်ထွက်သွားရပြန်သည်။
ထို့နောက်တွင်တော့ ကျိုးထျန်းမှာ မြေပြင်ပေါ်သို့ အကြိမ်ကြိမ် အခါခါ အရိုက်ခံနေရတော့၏။ နောက်ဆုံးတွင် သူ့ ဆံပင်များ ရှုပ်ပွနေပြီး နှုတ်ခမ်းထောင့်တွင်လည်း သွေးစီးကြောင်းများ ထွက်ပေါ်နေလေပြီ။ သူ့ ပတ်လည်ရှိ နတ်ဘုရား အလင်းတန်းများပင် မှေးမှိန်သွားခဲ့ချေပြီ။
ဇီလင်းလုံက သူ့အား အေးစက်စွာ စိုက်ကြည့်ရင်း...
"ဒါ ကိုးကြိမ်မြောက်ပဲ... တကယ်လို့ ငါ့ဆီ ထပ်လာရင် မင်းက ပိုးကောင် ဖြစ်သွားလိမ့်မယ်... ပိုးကောင် ဖြစ်သွားရင် ငါ မင်းကို သတ်ပစ်ရလိမ့်မယ်... မဟုတ်ရင် ငါ့ရဲ့ စိတ်ခံစားချက်တွေကို လာထိခိုက်လိမ့်မယ်"
"အား..."
ကျိုးထျန်း၏ ခေါင်းထဲမှ တစ်စုံတစ်ရာ ပြတ်တောက်သွားသကဲ့သို့ ဒေါသတကြီးဖြင့် အသံကုန် ဟစ်အော်လိုက်တော့သည်။
သူ မွေးဖွားလာကတည်းက လူအများ၏ အထင်ကြီး လေးစားမှုကို ခံခဲ့ရသူပင်။ ကျင့်ကြံခြင်းတွင်လည်း မြန်ဆန်လွန်းသဖြင့် ပါရမီရှင် တစ်ယောက်အဖြစ် လူသိများခဲ့သည်။ ထို့အပြင် လူအနည်းငယ်မှလွဲ၍ မည်သူ့ကိုမျှ ရှုံးနိမ့်ခဲ့ဖူးခြင်း မရှိချေ။
တိုက်ပွဲ တစ်ခုတွင် ရှုံးနိမ့်ခဲ့လျှင်တောင်မှ ယခုကဲ့သို့ အရှက်ခွဲ ခံရဖူးခြင်းမျိုး မရှိခဲ့ပေ။
သူ့ မျက်လုံးထဲတွင် ကျိုယန်ဂိုဏ်းမှာ ဒုတိယတန်းစား ဂိုဏ်းငယ်လေး တစ်ခုသာ။ သူက ထိုဂိုဏ်းကို အထင်သေးကာ ဇီလင်းလုံအား စည်းရုံး သိမ်းသွင်းရန် အတင်းအကျပ် ဝင်ရောက်လာခဲ့သော်လည်း ယခုတွင်တော့...
သူ အပြတ်အသတ် အရိုက်ခံနေရလေပြီ။
လှံရှည်ကို ကိုင်ဆောင်ထားသော သူ့ လက်များမှာ တုန်ယင်နေ၏။ သူ့ အရိုးများ ကျိုးပဲ့နေပြီး အတွင်းကလီစာများလည်း အပြင်းအထန် ထိခိုက် ဒဏ်ရာရသွားမှန်း သူ သေချာ သိနေသည်။
မည်သို့ပင်ဖြစ်စေ သူက အလွယ်တကူ အရှုံးပေးမည်တော့ မဟုတ်ချေ။ သူ ဇီလင်းလုံထံသို့ ထပ်မံ ပြေးဝင်ရန် ပြင်လိုက်ချိန်တွင် လက်တစ်ဖက်က သူ့ လက်ပေါ်သို့ ကျရောက်လာပြီး တားဆီးလိုက်တော့သည်။
"မင်းသား... ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့"
"ဦးလေးချန်... ကျွန်... ကျွန်တော်..." ကျိုးထျန်း တစ်ယောက် အလွန် ဒေါသထွက်နေသဖြင့် ငိုချင်စိတ်ပင် ပေါက်လာတော့သည်။
"မင်းသား ရှုံးသွားပါပြီ... ဒါက အရှက်ရစရာ ကိစ္စ မဟုတ်ပါဘူး... ပိုင်ယွီဆိုတာ အလယ်ပိုင်း ဒေသကို လွှမ်းမိုးထားနိုင်တဲ့ အစွမ်းထက် ကျင့်ကြံသူ တစ်ယောက် ဖြစ်ပေမဲ့ အရှေ့ပိုင်း ဒေသမှာပဲ အဆုံးသတ်သွားခဲ့ရတာလေ... အရင်တုန်းက အိမ်ရှေ့မင်းသား ဆိုရင်လည်း အစွမ်းအထက်ဆုံး သိုင်းပညာရှင်အဖြစ် နာမည်ကြီးခဲ့ပေမဲ့ သူ့ရွယ်တူတွေကို အနိုင်ယူဖို့ ကြိုးစားရင်း အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရဖူးတယ်... ဒီလောကကြီးထဲမှာ ပါရမီရှင်တွေ မရေမတွက်နိုင်အောင် ရှိပြီး ဘယ်သူကမှ သူတို့ကိုယ်သူတို့ အစွမ်းအထက်ဆုံးလို့ မပြောရဲကြပါဘူး..."
အဘိုးအိုက ဉာဏ်ပညာ ပြည့်ဝသော လေသံဖြင့် ဆက်ပြောလာ၏။
"မင်းသား... ရှုံးနိမ့်ခြင်းကနေ တစ်ဆင့်မှသာ ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် နားလည် သဘောပေါက်နိုင်မှာပါ... အခု မင်းသား လုပ်သင့်တာက ပြန်သွားပြီး လေ့ကျင့်မှုတွေကို ပိုကြိုးစားဖို့ပဲ... ပြီးတော့ တစ်နေ့ကျရင် သူတို့ကို ပြန်လာ စိန်ခေါ်လိုက်ပေါ့"
"ဦးလေးလည်း သိသားနဲ့... ကျွန်တော် ဒီကို ဘာလို့ လာတာလဲ ဆိုတာ ဦးလေး သိတယ်လေ..." ကျိုးထျန်းက ဆက်ပြောသည်။ "ကျွန်တော်... ကျွန်တော် လက်မခံနိုင်ဘူး... ဒီနေ့ ရှုံးသွားရင် အနာဂတ်ကျရင်ရော သူမကို အနိုင်ယူနိုင်ပါ့မလား... သူမ အသက်က ၂၀ တောင် မပြည့်သေးဘူးလေ"
အဘိုးအို၏ နှုတ်ခမ်းထောင့်များ လှုပ်ခတ်သွားသော်လည်း မျက်နှာထက်တွင် အပြုံးတစ်ခုကို အတင်းအကျပ် ဖန်တီးရင်း...
"သူမက ငယ်ငယ်ရွယ်ရွယ်နဲ့ တာအိုမျိုးစေ့ အဆင့်ကို ရောက်နေရုံသာမက မင်းသားကိုလည်း အနိုင်ယူခဲ့တယ်... ပြီးတော့ မူလဝိညာဉ် အဆင့်က သိုင်းပညာရှင် တစ်ယောက်ကိုပါ သတ်ဖြတ်နိုင်ခဲ့တယ်လေ... မင်းသား ဒါကို မမြင်သေးဘူးလား... သူမက ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးမှုကို ခံရတဲ့ ပြိုင်ဘက်ကင်း ပါရမီရှင် တစ်ယောက်ပဲ... အနာဂတ်မှာ ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရလာမှာ အသေအချာပါပဲ..."
"ဒီလိုလူမျိုးနဲ့ ဒီနေ့ တွေ့ဆုံခွင့် ရတာကိုပဲ မင်းသား ကံကောင်းတယ်လို့ မှတ်ယူသင့်တယ်... ဘာပဲဖြစ်ဖြစ် အနာဂတ်မှာ တိုက်ခိုက်ရေး အတွေ့အကြုံတွေ ဖလှယ်တဲ့နေရာမှာပဲ ဖြစ်ဖြစ် သူမက မင်းသားအတွက် အများကြီး အထောက်အကူ ဖြစ်လာမှာ သေချာတယ်..."
"မင်းသားက မဟာကျိုး အင်ပါယာရဲ့ မင်းသား တစ်ပါးလေ... ကျယ်ပြန့်တဲ့ အမြင်နဲ့ ရည်မှန်းချက် ကြီးမားသူ တစ်ယောက်ပါ... တကယ်လို့ ထူးချွန်တဲ့ လူတွေ အကုန်လုံးကို မင်းသား လက်အောက် ခေါ်သွင်းနိုင်ရင် တစ်နေ့ကျရင် မင်းသားရဲ့ ကိုယ်ပိုင် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေကို ဖန်တီးနိုင်မှာ သေချာပါတယ်"
ဤတစ်ကြိမ်တွင်တော့ အဘိုးအိုက စိတ်ချင်း ဆက်သွယ်၍ ပြောကြားလိုက်ခြင်းပင်။
"ဦးလေး ပြောတာ မှန်တယ်"
ကျိုးထျန်းက နှုတ်ခမ်းစူလိုက်၏။ သူ့ အမူအရာ ပြောင်းလဲသွားပြီး ပုံမှန် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားတော့သည်။
သူ့ ကိုယ်ပေါ်မှ နတ်ဘုရား အလင်းတန်းများ ပြန်လည် ဖြာထွက်လာပြီး နောက်ဆုံးတွင်တော့ တည်ငြိမ်သွားခဲ့လေပြီ။
သူတို့နှင့် မျက်နှာချင်းဆိုင်တွင်မူ အဘိုးအို ပေါ်လာသည့် အခိုက်အတန့်၌ပင် ဂိုဏ်းချုပ်က ဇီလင်းလုံ အနီးသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။ လီယန် တောင်ထွတ်၏ အကြီးအကဲ တုန်ဖန်းလီနှင့် ရှောက်ယန် တောင်ထွတ်၏ အကြီးအကဲ ဟောက်ချန်တို့ပင် ပျံသန်းလာပြီး ဇီလင်းလုံ အနောက်တွင် ရပ်တန့်လိုက်ကြ၏။
ကျိုးထျန်းက အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီးနောက် ကြေညာလိုက်သည်။
"ငါ ရှုံးသွားပြီ..." သူက ဇီလင်းလုံအား အားတင်း ပြုံးပြရင်း ဆက်ပြောလာ၏။ "ငါ တွေ့ဖူးသမျှ ပါရမီရှင်တွေထဲမှာ မင်းက အတော်ဆုံးပဲ... ဒီနေ့ ငါရှုံးသွားပေမဲ့ တစ်နေ့ကျရင် ငါ ပြန်လာခဲ့မယ်"
သူက ခဏတာ တုံ့ဆိုင်းသွားပြီးနောက် ဇီလင်းလုံထံသို့ ဆေးဖက်ဝင် အပင်တစ်ပင် ပစ်ပေးလိုက်သည်။
"ဒါက လျော်ကြေး အနေနဲ့ ပေးတဲ့ လက်ဆောင်ပဲ... ငါ အခု ပြန်တော့မယ်... နှုတ်ဆက်ပါတယ်"
စကားပြောပြီးသည်နှင့် သူက နောက်လှည့်ကာ ထွက်ခွာသွားတော့သည်။
သူ့နောက်သို့ လိုက်ပါလာသော အခြားသူများလည်း တစ်ယောက်ကို တစ်ယောက် ထူးဆန်းသော အမူအရာများဖြင့် ကြည့်ရှုရင်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာသွားကြလေသည်။
"အချိန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်"
ဦးလေးချန်ဟု ခေါ်သော အဘိုးအိုက ဂိုဏ်းချုပ်အား ဦးညွှတ် ဂါရဝပြုပြီးနောက် ထွက်ခွာသွား၏။
ဂိုဏ်းချုပ် တစ်ယောက် စိတ်သက်သာရာ ရသွားသကဲ့သို့ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိသည်။
အစောပိုင်းက သူ မည်မျှ ဖိအားများနေခဲ့ကြောင်း မည်သူမှ သိမည် မဟုတ်သော်လည်း ကံကောင်းစွာဖြင့် ယခုတော့ အရာအားလုံး အဆုံးသတ်သွားခဲ့ချေပြီ။
ဂိုဏ်းချုပ်က ပြုံး၍ အသိအမှတ် ပြုလိုက်သည်။
"ကောင်းကောင်း လုပ်နိုင်ခဲ့တယ် လင်းလုံ"
"ဂိုဏ်းချုပ်ကို စိတ်ပူစေမိတဲ့ အတွက် တောင်းပန်ပါတယ်"
ဇီလင်းလုံက ပြန်လည် တုံ့ပြန်လိုက်၏။ သူမက ဆေးဖက်ဝင် အပင်ကို ဆွဲယူကာ ကျန်းမင် အနီးသို့ လျှောက်လာခဲ့သည်။ ထို့နောက် သူ့ လက်မောင်းကို ဖက်တွယ်ရင်း နူးညံ့စွာ မေးလာသည်။
"အစ်ကိုကြီး... ညီမ ဘာအမှားမှ မလုပ်ခဲ့ဘူး မဟုတ်လားဟင်"
"မင်း အရမ်း ကောင်းကောင်း လုပ်နိုင်ခဲ့ပါတယ်" ကျန်းမင်က ရယ်မောလိုက်၏။ "ကျိုးထျန်းက အပြင်ပန်းမှာတော့ အဆင်ပြေနေတဲ့ပုံ ပေါ်ပေမဲ့ သူ့နောက်လိုက်တွေ ရှေ့မှာ လူရွှင်တော် တစ်ယောက်လို အရှက်ခွဲခံလိုက်ရလို့ မင်းကို အရိုးထဲစွဲနေအောင် မုန်းသွားမှာ သေချာတယ်... ကြည့်နေတဲ့ လူတွေ အရမ်းများနေတော့ ငါတို့ သူ့ကို ဘာမှ လုပ်လို့ မရခဲ့တာ... တကယ်လို့သာ ဘယ်သူမှ ကြည့်မနေဘူးဆိုရင် ငါတို့ သူ့ကို ရှင်းပစ်လိုက်ပြီပေါ့"
"အစ်ကိုကြီး ပြောတာ မှန်တယ်... အနာဂတ်မှာ အခွင့်အရေးရှာပြီး သူ့ကို ရှင်းပစ်လိုက်ကြတာပေါ့" ဇီလင်းလုံက ထောက်ခံစွာ ခေါင်းညိတ်သည်။
ဇီလင်းလုံနှင့် ကျန်းမင်တို့၏ စကားပြောဆိုမှုများကို ကြားသောအခါ လူအုပ်ကြီး၏ နှုတ်ခမ်းများ ပြင်းထန်စွာ လှုပ်ခတ်သွားကြပြီး အထူးသဖြင့် ဂိုဏ်းချုပ်ပင်။ သူက ကျိုယန်ဂိုဏ်း၏ အနာဂတ် အတွက် အနည်းငယ် စိုးရိမ်သွားမိပြီး သူမသာ စိတ်နေသဘောထား မပြောင်းလဲလျှင် အနာဂတ်တွင် ပြဿနာပေါင်း သောင်းခြောက်ထောင် ရှာလာတော့မည်ကို ကြိုတင် မြင်ယောင်နေမိတော့သည်။
မဟာကျိုး အင်ပါယာတွင် သုခဘုံ အဆင့်၊ အနိမ အဆင့်၊ သို့မဟုတ် အကြို အင်မော်တယ် အဆင့်ရှိ သိုင်းပညာရှင် တပ်မတော်ကြီး တစ်ခု သေချာပေါက် ရှိနေမည် ဖြစ်သည်။
ထိုသို့သော အခြေအနေမျိုးတွင် ဘယ်သူမှ ကြည့်မနေလျှင် ကျိုးထျန်းကို သတ်ပစ်နိုင်သည်ဟု ပြောနေကြသည်လား။ ဒါက ဘယ်လို နောက်ပြောင်မှုမျိုးလဲ။
အနန္တ ဆေးလုံးစံအိမ်၏ သူတော်စင် သားတော် သေဆုံးသွားပြီးနောက် ချင်းယွင်ဂိုဏ်း ကိုယ်တိုင်ပင် အနောက်မှ လိုက်လာသော အစွမ်းထက် ကျင့်ကြံသူ နှစ်ယောက်အား ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရသည် မဟုတ်ပါလား။ ပြီးတော့ ချင်းယွင်ဂိုဏ်းဆိုသည်က အထွတ်အမြတ် နယ်မြေ တစ်ခုပင်။
ကျိုယန်ဂိုဏ်းဆိုလျှင်ရော ဘယ်လိုနေမည်နည်း။ ထိုလူများက တံတွေး တစ်ချက် ထွေးချလိုက်ယုံဖြင့်ပင် သူတို့အား အလွယ်တကူ ရေနစ် သေဆုံးသွားစေနိုင်ပေလိမ့်မည်။
"ဂူဟိုင်... မင်း သူမကို သေချာ လမ်းညွှန်ပေးရမယ်နော်"
ဂိုဏ်းချုပ်က ဂူဟိုင်ထံသို့ စိတ်ချင်း ဆက်သွယ်၍ သတိပေးလိုက်၏။
"သူမက ငယ်ပါသေးတယ်... သေချာ လမ်းညွှန်ပေးနိုင်ရင် ကျိုယန်ဂိုဏ်းကို အဆင့်သစ် တစ်ခုထိ ခေါ်ဆောင်သွားပေးနိုင်လိမ့်မယ်... ဒါပေမဲ့ တကယ်လို့... တကယ်လို့ သူမသာ ဒီနေ့ ကျိုးထျန်းကို သတ်လိုက်ရင် ငါတို့ အကုန်လုံး ထွက်ပြေးရတော့မှာ"
"စိတ်မပူပါနဲ့... ကျွန်... ကျွန်တော်..." ဂူဟိုင် တစ်ယောက် စကားတွေ ထစ်ငေါ့နေရင်း "ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်"
"အကောင်းဆုံး ကြိုးစားမယ် ဟုတ်လား... မရဘူး မင်း သေချာပေါက်ကို လုပ်ရမယ်... ဒါက ကျိုယန်ဂိုဏ်းရဲ့ အနာဂတ်နဲ့ သက်ဆိုင်နေတာ... တကယ်လို့ မင်း သူမကို သေချာ မလမ်းညွှန်နိုင်ရင် ခေတ်အဆက်ဆက် အပြစ်တင် ခံရလိမ့်မယ်... အဲ့ဒီလိုမှ မဟုတ်ဘဲ သေချာ လမ်းညွှန်နိုင်ခဲ့ရင်တော့ တစ်သက်လုံး ဂုဏ်ပြုခံရမှာပဲ..." ဂိုဏ်းချုပ်က ဆက်ပြောသည်။ "မင်း တစ်ခုခု လိုအပ်ရင် ငါ့ကိုသာ ပြောလိုက်"
"ရိုးရိုးသားသား ပြောရရင် သူမက ကျန်းမင် စကားကိုပဲ နားထောင်တာပါ"
"သူလည်း မင်းရဲ့ တပည့်ပဲလေ"
"ဒါပေမဲ့ အဲ့ဒီကောင်လေးက... ဂိုဏ်းချုပ် မသိလို့ပါ... သူက အပြင်ပန်းမှာတော့ သဘောကောင်းပြီး ကြင်နာတတ်တဲ့ ပုံပေါက်ပေမဲ့ တကယ်တော့ တော်တော် ကောက်ကျစ်ပြီး ပါးနပ်တာ... သူ ကျွန်တော့်စကား နားထောင်အောင် လုပ်နိုင်ဖို့ ကျွန်တော့်မှာ ယုံကြည်မှု မရှိဘူး"
"ကိုယ့်တပည့်ကိုတောင် မထိန်းချုပ်နိုင်ရင် မင်း ဘာလုပ်နိုင်ဦးမှာလဲ"
"ကောင်းပါပြီ ကောင်းပါပြီ... ကျွန်တော့်ကိုသာ လွှဲထားလိုက်ပါ"
ထို့နောက် သူတို့နှစ်ဦး၏ စကားပြောဆိုမှု အဆုံးသတ်သွားခဲ့သည်။
ကျန်ရှိနေသော လူများလည်း တစ်ယောက်ပြီး တစ်ယောက် စတင် ထွက်ခွာသွားကြလေပြီ။
ထွက်ခွာသွားချိန်တွင် ဇီလင်းလုံအား လှမ်းကြည့်နေကြသော သူတို့၏ မျက်လုံးများထဲ၌ အံ့ဩ ချီးကျူးမှုများ ပြည့်နှက်နေ၏။
သူမက တစ်စုံတစ်ယောက်၏ အသက်ကို နှုတ်ယူရာတွင် အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်း မရှိခဲ့သော်လည်း အုပ်မြစ် တည်ဆောက်ခြင်း အဆင့်တွင်သာ ရှိသေးသော သူမ အစ်ကိုကြီး ရှေ့တွင်တော့ ကြောင်ပေါက်လေး တစ်ကောင်လို လိမ်မာ နာခံစွာ ပြုမူနေခဲ့သည် မဟုတ်ပါလား။
မည်သို့ပင်ဖြစ်စေ ဇီလင်းလုံ တစ်ယောက် တာအိုမျိုးစေ့ အဆင့်သို့ ရောက်ရှိနေပြီ ဆိုသည့် အချက်က သူတို့ကို များစွာ အံ့အားသင့်စေခဲ့သည်။
ကျန်းမင်နှင့် သူ့ ညီမငယ်လေးတို့ လက်ချင်းတွဲ၍ ခြံဝင်းထဲသို့ ပြန်လာခဲ့ကြသည်။ ထိုစဉ် ရုတ်တရက် လူသားလမ်းစဉ် မှတ်တမ်းများက သူ့ အရှေ့တွင် ပွင့်လာတော့သည်။
အမည် - ကျိုးထျန်း
မျိုးနွယ် - လူသား
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - တာအိုမျိုးစေ့ အဆင့်
နောက်ခံ - မဟာကျိုး အင်ပါယာ၏ (၁၈)ပါးမြောက် မင်းသား
ရင်းနှီးကျွမ်းဝင်မှု - အနှုတ် ၇၇
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့် (အခြေခံ စစ်မှန်သော နဂါးသွေးကြော)
အခြေအနေ - သူ့ နောက်လိုက် နှစ်ယောက် သတ်ဖြတ်ခံလိုက်ရပြီးနောက် ဒေါသတကြီးဖြင့် ဇီလင်းလုံအား တိုက်ခိုက်ခဲ့သည်။ သို့သော် လျင်မြန်စွာ ရှုံးနိမ့်သွားခဲ့ပြီး ဒေါသပိုထွက်သွားခဲ့၏။ နောက်ဆုံးတွင် ချန်ယွင်၏ ဖျောင်းဖျမှုကြောင့် လူကြီးလူကောင်း တစ်ယောက်အဖြစ် ဟန်ဆောင်နေခဲ့သော်လည်း ဇီလင်းလုံအပေါ် မုန်းတီးမှုများကိုမူ ရင်ဘတ်ထဲတွင် သိမ်းဆည်းထားဆဲပင်။
End
***