ကျန်းမင်က ကျိုးထျန်း၏ အခြေအနေကို သူ့ နှလုံးသားထဲတွင် နက်နက်ရှိုင်းရှိုင်း မှတ်သားထားလိုက်သည်။
သူတို့၏ ရင်းနှီးကျွမ်းဝင်မှုမှာ အနှုတ် ၇၇အထိ ကျဆင်းသွားသောကြောင့် ကျိုးထျန်း အနေဖြင့် အခွင့်အရေး ရသည်နှင့် သူ့အား မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ သတ်ဖြတ်မည်မှာ သေချာသွားလေပြီ။ သူ့ကိုပင် ဤမျှ မုန်းတီးနေလျှင် ကျိုးထျန်းအား အနိုင်ယူခဲ့သော သူ့ ညီမငယ်လေး အပေါ်ဆိုလျှင်ရော ဘယ်လိုနေမည်နည်း။
အရိုးထဲစွဲနေအောင် မုန်းတီးနေမည်မှာ အသေအချာပင် မဟုတ်ပါလား။
'ဘဝဆိုတာ အရမ်းကို လှပပါတယ်... ဘာလို့များ သေလမ်းကို ရွေးချယ်ချင်နေရတာလဲ... အသက်ရှင်နေရတာက တကယ်ပဲ အဲ့ဒီလောက် ဆိုးရွားနေလို့လား...' ကျန်းမင်က ခေါင်းခါယမ်းလိုက်မိသည်။
မှတ်တမ်း စာမျက်နှာများ လှန်သွားပြီးနောက် အခြား လူတစ်ယောက်၏ မှတ်တမ်း ပေါ်လာ၏။
အမည် - ချန်ယွင်
မျိုးနွယ် - လူသား
လိင် - ကျား
ကျင့်ကြံခြင်း အဆင့် - ကနဦးဝိညာဉ် အဆင့်
နောက်ခံ - မဟာကျိုး အင်ပါယာ၏ အကြီးအကဲ တစ်ဦး
ရင်းနှီးကျွမ်းဝင်မှု - (၃၉)
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့်
အခြေအနေ - (၁၈)ပါးမြောက် မင်းသား ကျိုးထျန်းကို လျှို့ဝှက် စောင့်ရှောက်နေသူ ဖြစ်သည်။ ဇီလင်းလုံ၏ စွမ်းအားကို မြင်တွေ့ရသောအခါ တောင်တန်း တစ်ခုအတွင်း ရွှေဖီးနစ် တစ်ကောင် ပေါ်ထွက်လာခြင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်ကာ စိတ်ထဲမှ အံ့ဩ ချီးကျူးခဲ့မိသည်။ ကျိုးထျန်း တစ်ယောက် ရှုံးနိမ့်ပြီးနောက် အလွန်အမင်း ဒေါသထွက်နေသည်ကို မြင်သောအခါ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။
မင်းသားက သူ့စကားကို နားထောင်မည် မဟုတ်မှန်း သိသော်လည်း အတတ်နိုင်ဆုံး ဖျောင်းဖျရန် ကြိုးစားခဲ့သည်။ အခြားနယ်မြေသို့ ရောက်ရှိနေခြင်း ဖြစ်သောကြောင့် မထင်မရှား နေထိုင်ရန်နှင့် နှိမ့်ချရန် အကြံပေးခဲ့သည်။ မည်သို့ပင်ဆိုစေ သူက မင်းသား တစ်ပါး ဖြစ်သည့်တိုင် ရက်စက်သော လူတစ်ယောက်နှင့် မတော်တဆ ဆုံတွေ့မိပါက အသတ်ခံရနိုင်ပြီး ထိုအချိန်ကျလျှင် မဟာကျိုး အင်ပါယာ အနေဖြင့်လည်း မည်သို့မျှ တတ်နိုင်မည် မဟုတ်ချေ။
ထို့အပြင် အကယ်၍ အခြားလူများကို မိမိ၏ လက်အောက်သို့ အမှန်တကယ် ခေါ်ဆောင်လိုပါက နှိမ့်ချပြီး သဘောထား ကြီးရန် လိုအပ်ကြောင်း ပြောပြခဲ့သည်။ ထိုသို့မှ မလုပ်နိုင်လျှင် အခြားလူများကို မည်ကဲ့သို့ စည်းရုံး သိမ်းသွင်းနိုင်မည်နည်း။ ယင်းမှာ အဓိပ္ပာယ်မဲ့လွန်းသည် မဟုတ်ပါလား။ ဟူး... ငါ လုပ်သင့်တာတွေ အကုန် လုပ်ပြီးပြီ... ကျန်တာက သူ့အပေါ်မှာပဲ မူတည်တော့တယ်...
'ဒါက တခြားလူတွေရဲ့ အတွင်းစိတ်ထဲက အတွေးတွေကိုတောင် မှတ်တမ်းတင်နိုင်တာလား...'
ကျန်းမင် အံ့အားသင့်သွားရသည်။ ဤ အခြေအနေက မည်သို့ အလုပ်လုပ်ကြောင်း သူ လုံးဝ နားမလည်နိုင်ခဲ့ပေ။ တချို့ အခြေအနေများတွင် အလွန် တိုတောင်းသော်လည်း တချို့ အခြေအနေများတွင်မူ အလွန် အသေးစိတ် ကျလှ၏။
မည်သို့ပင်ဆိုစေ ချန်ယွင်ဟု ခေါ်သော ဤအကြီးအကဲမှာ အတော်လေး သဘောထား ကြီးပုံ ရသည်။ ကံမကောင်းသည်က သူက အမြော်အမြင် မရှိသော သခင် တစ်ယောက်နောက်သို့ လိုက်နေရခြင်းပင်။
ကျန်းမင်က တွေးတောနေရင်း ခြံဝင်းထဲသို့ ရောက်ရှိလာခဲ့သည်။
သူက လက်ဖက်ရည် တစ်အိုး ဖျော်ပြီး ခွက်တစ်ခွက် ထည့်ကာ ဆရာဖြစ်သူအား ကမ်းပေးလိုက်၏။ ထို့နောက် ညီမငယ်လေးနှင့်အတူ ဆရာဖြစ်သူ့ ဘေးတွင် ဝင်ထိုင်ကာ ဆရာဖြစ်သူ စကားစမည့် အချိန်ကို စောင့်ဆိုင်းနေသည်။
"ဒီနေ့ မင်း အရမ်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ် လင်းလုံ"
ဂူဟိုင်က လက်ဖက်ရည် တစ်ငုံ သောက်ပြီးနောက် လည်ချောင်း ရှင်းကာ ပြောလာသည်။
"ဆရာ... ညီမလေးက ဆရာ့အတွက် ဂုဏ်ယူစရာ ဖြစ်အောင် လုပ်ပေးခဲ့တယ် မဟုတ်လား"
ကျန်းမင်က ဝင်ပြောရင်း ပြုံးလိုက်၏။
"မဟာကျိုး အင်ပါယာရဲ့ (၁၈)ပါးမြောက် မင်းသားက လူမှုရေး အဆင့်အတန်း မြင့်မားရုံသာမက တကယ်ကို အစွမ်းထက်တဲ့သူပါ... သူက အရှေ့ပိုင်း ဒေသထဲ ခြေချကတည်းက တစ်ခါမှ မရှုံးနိမ့်ဖူးဘူး... ဒါပေမဲ့ ကျိုယန်ဂိုဏ်းကို ရောက်လာတော့ သူ့အဖြစ်က ဘယ်လို နေလဲ... ကျွန်တော့် ညီမလေးရဲ့ အပြတ်အသတ် ရိုက်နှက်တာကို ခံလိုက်ရတယ်လေ... ဒီနေ့ကစပြီး လူတိုင်းက ဆရာ့ကို အမြင်တစ်မျိုးနဲ့ ကြည့်ကြတော့မှာ... ကျွန်တော့် ညီမလေးလို ထူးချွန်တဲ့ တပည့်မျိုးကို ပြုစုပျိုးထောင်ပေးနိုင်တဲ့ အတွက် ဆရာကတော့ အင်မော်တယ် ပညာရှိကြီး တစ်ပါး ဖြစ်ရမယ်လို့ တွေးကြတော့မှာ သေချာတယ်..."
"အင်မော်တယ် ပညာရှိကြီး ဟုတ်လား..." ဂူဟိုင်၏ မျက်လုံးများ တောက်ပလာပြီး ပျော်ရွှင်စွာ ခေါင်းညိတ်လိုက်၏။
သို့သော် သူ့ တပည့်ဖြစ်သူ မျက်နှာပေါ်ရှိ အမူအရာကို မျက်လုံးထောင့်မှ မြင်လိုက်ရသောအခါ သူ့ မျက်နှာထား ပြန်လည် တင်းမာသွားတော့သည်။
"မင်း စကားလမ်းကြောင်း လွှဲဖို့ မကြိုးစားနဲ့ ကောင်လေး... မင်းရဲ့ ဉာဏ်ရည်နဲ့ဆိုရင် ငါတို့ နောက်ထပ် ဘယ်လို ပြဿနာမျိုး ရင်ဆိုင်ရမလဲ ဆိုတာ မင်း သိမှာ သေချာတယ် မဟုတ်လား"
ဇီလင်းလုံက မျက်နှာထက်ရှိ အပြုံးကို ထိန်းသိမ်းထားရင်း သူတို့အား ကြည့်ကာ နားထောင်နေသည်။
"ဘာပြဿနာလဲ..."
ကျန်းမင်က သူ့ ညီမငယ်လေးအား လက်ဖက်ရည် တစ်ခွက် ကမ်းပေးလိုက်သည်။ ထို့နောက် သူ့ ကိုယ်ပိုင် လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံ သောက်ပြီးမှ ဆက်ပြော၏။
"ကျိုးထျန်း ကလဲ့စားချေဖို့ ပြန်လာမှာကို ဆရာ စိုးရိမ်နေတာလား... စိတ်မပူပါနဲ့... သူ အဲ့လို လုပ်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်... ဘာပဲဖြစ်ဖြစ် သူက မင်းသား တစ်ပါးလေ... တကယ်လို့ သူက ကျွန်တော်တို့ကို လျှို့ဝှက် တိုက်ခိုက်ဖို့ တကယ် လာခဲ့ရင် သူ့ရဲ့ နာမည်ဂုဏ်သတင်းကိုပဲ ထိခိုက်စေလိမ့်မယ်... ဒါ့အပြင် သူတို့က အရှေ့ပိုင်း ဒေသထဲ ခြေချကတည်းက စည်းမျဉ်းတစ်ခု ချမှတ်ခဲ့တယ်... အဲ့ဒါက လူကြီးပိုင်းတွေ တိုက်ပွဲမှာ ပါဝင်ခွင့် မရှိဘူး ဆိုတာပဲ... ဒီအခြေအနေမှာ ဘယ်သူကမှ ကျွန်တော့် ညီမလေးကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး...”
“တကယ်လို့ ဆရာက မိစ္ဆာဂိုဏ်းက လူတွေအကြောင်း ပြောနေတာ ဆိုရင်တော့ စိတ်ချလက်ချ နေလို့ ရပါတယ်... အရှေ့ပိုင်း ဒေသမှာ အစွမ်းထက်တဲ့ ကျင့်ကြံသူ ဘယ်နှယောက် ရှိလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး... ငါတို့ ပြောနိုင်တာ တစ်ခုတည်းက သူတို့ အရေအတွက် အများကြီး ရှိပြီး အမှောင်ထဲမှာ ပုန်းကွယ်နေကြတယ် ဆိုတာပဲ...”
“သူတို့က နာမည်ကြီးလာဖို့ သင့်တော်တဲ့ အခွင့်အရေးကို စောင့်ဆိုင်းနေကြတာ... ဘယ်သူကမှ လူငယ် ပါရမီရှင် တစ်ယောက်ကို ဗြောင်ကျကျ သတ်ရဲမှာ မဟုတ်ဘူး... မိစ္ဆာဂိုဏ်းတွေတောင် အဲ့လို လုပ်ရဲမှာ မဟုတ်ဘူး... ဘာလို့လဲဆိုတော့ နဂျီသိုက်ကို သွားဆွတာက သူတို့ အလုပ်ချင်ဆုံး အရာ ဖြစ်နေလို့ပဲ... ဒါကြောင့် ကိုယ့်တပည့်ကို ပိုပြီး ယုံကြည်မှု ထားလိုက်ပါ ဆရာ"
"ငါ့တပည့်ကို ငါ ယုံကြည်တာပေါ့" ဂူဟိုင်က တုံ့ပြန်လိုက်သည်။ "ဒါပေမဲ့ ကျိုယန်ဂိုဏ်းက ဂိုဏ်းငယ်လေး တစ်ခုပဲလေ... ငါတို့က မှားယွင်းတဲ့ လူတစ်ယောက်ကို ရန်စမိရင် ဖြစ်လာမယ့် ဆိုးကျိုးတွေကို မခံနိုင်ဘူး... ဒါ့အပြင် မင်းပြောတာတွေ အကုန်လုံးက အဓိပ္ပာယ် ရှိတယ် ဆိုရင်တောင်မှ လူတိုင်း မေ့သွားတဲ့ အချိန်ကျမှ သူတို့က ကလဲ့စားချေဖို့ ပြန်လာခဲ့ရင် ဘယ်လိုလုပ်မလဲ"
"အဲ့ဒီအချိန်ကျရင် ကျွန်တော့် ညီမလေးက ပိုတောင် အစွမ်းထက်လာဦးမှာ... သူမက ကျွန်တော်တို့ကို ကာကွယ်ပေးနိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်"
"မင်း သေချာလို့လား... သူမက တိုးတက်မှုတွေ အများကြီး ရနေတယ် ဆိုပေမဲ့ ဘယ်အချိန်မှာ ရပ်တန့်သွားမလဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူးလေ... တကယ်လို့ အဲ့လို ဖြစ်လာရင် ငါတို့ ဘာလုပ်သင့်သလဲ... မင်း ညီမလေး အတွက်ကော... မင်းအတွက်ကော... ငါ့အတွက်ကော... ပြီးတော့ ဂိုဏ်းအတွက်ကော"
"ဆရာ ကျွန်တော့်ကို မေ့နေတာလား" ကျန်းမင်က လက်ဖက်ရည် တစ်ခွက်လုံးကို တကျိုက်တည်း မော့သောက်ရင်း ပြော၏။
သူမ၏ အစ်ကိုကြီးအား ကြည့်ရင်း ဇီလင်းလုံ တစ်ယောက် မှင်သက်သွားရသည်။ အကြောင်းရင်းကို မသိသော်လည်း သူမ အစ်ကိုကြီးမှာ ရုတ်တရက် အလွန် ယုံကြည်မှု ရှိလာသကဲ့သို့ ခံစားလိုက်ရ၏။ သူက ဘဝ၏ အခက်အခဲ မှန်သမျှကို ဖြေရှင်းနိုင်မည့် ပုံပေါ်နေသည်။ သူမကြောင့် သူမ၏ အစ်ကိုကြီး အနေဖြင့် သီးခြား အခွင့်အရေး တစ်ခုခု ရရှိခဲ့လေသလားဟုပင် စတင် တွေးတောလာမိသည်။ သို့သော် လျင်မြန်စွာပင် ထိုအတွေးကို ပယ်ချလိုက်သည်။ မည်သို့ပင်ဆိုစေ သူမ၏ အစ်ကိုကြီးက တောင်ပေါ်မှ တစ်ခါမျှ ဆင်းခဲ့ဖူးခြင်း မရှိသူ မဟုတ်ပါလား။
"မင်း ဟုတ်လား..." ဂူဟိုင်က လှောင်ပြောင်လိုက်သည်။ "တကယ်လို့ ငါတို့သာ မင်းကို မှီခိုရမယ် ဆိုရင် တစ်ဂိုဏ်းလုံးကို ဖျက်သိမ်းလိုက်တာက ပိုကောင်းလိမ့်မယ်… လင်းလုံ… အနာဂတ်မှာ တကယ်လို့ တခြားလူတွေက မင်းကို ထပ်စိန်ခေါ်လာရင် ဒီနေ့ မင်းလုပ်ခဲ့သလိုမျိုး တစ်ယောက်ယောက်ကို အလွယ်တကူ မသတ်ဘူးလို့ ငါ့ကို ကတိပေးနိုင်မလား"
ဇီလင်းလုံက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ကျန်းမင်အား လှမ်းကြည့်လိုက်သည်။
"သေချာတာပေါ့" ကျန်းမင်က ခေါင်းညိတ်ပြ၏။ "ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့က ဖြောင့်မတ်တဲ့ ဂိုဏ်းတစ်ခုလေ... တခြားလူတွေရဲ့ အသက်ကို အလွယ်တကူ လိုက်နှုတ်ယူမှာ မဟုတ်ပါဘူး... အကျပ်အတည်း ရောက်တဲ့ အချိန်ကျမှသာ တစ်ယောက်ယောက်ကို သတ်မှာပါ... ရန်သူတွေ အပေါ်ကိုတော့ ဘယ်တော့မှ သနားညှာတာမှု မပြရဘူးလေ"
"ဟုတ်ကဲ့ပါ" ဇီလင်းလုံက လိမ်မာ နာခံစွာ ခေါင်းညိတ်လိုက်သည်။
ဂူဟိုင် တစ်ယောက် ပါးစပ်ဟလျက် သူ့ မုတ်ဆိတ်ကို ပွတ်သပ်ရင်း စကားစ ပျောက်သွားတော့သည်။ အစပိုင်းတွင် သူက ဇီလင်းလုံအား ရန်သူ ဖြစ်နေလျှင်ပင် တစ်စုံတစ်ယောက်၏ အသက်ကို အလွယ်တကူ မနှုတ်ယူသင့်ကြောင်း ပြောပြလိုခဲ့သည်။ သို့သော် ထိုသို့ ပြောလိုက်လျှင် သူမအား စိတ်အနှောင့်အယှက် ဖြစ်စေပြီး သူ့အပေါ် စိတ်ပျက်သွားမည်ကို စိုးရိမ်ခဲ့၏။
မည်သို့ပင်ဖြစ်စေ သူမ အနေဖြင့် တစ်စုံတစ်ယောက်ကို သတ်ဖြတ်ပြီးနောက် သူမထက် အစွမ်းထက်သော ကျင့်ကြံသူ တစ်ဦးဦးအား မတော်တဆ ရန်စမိသွားလျှင် မည်သို့ လုပ်မည်နည်း။
ဂူဟိုင် တစ်ယောက် ဝေခွဲမရ ဖြစ်နေတော့သည်။ သူက လက်ဖက်ရည် သောက်နေသော ကျန်းမင်အား ကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။
"ငါ့အတွက် စားစရာ သွားပြင်ပေးချေ... ဟင်းပွဲ ၃၂ ပွဲ လိုချင်တယ်... တကယ်လို့ တစ်ပွဲလေးများ ငါ့အကြိုက်နဲ့ မတွေ့ရင် မင်းကို ကြိမ်လုံးနဲ့ ဆယ်ချက် ရိုက်မယ်"
ဇီလင်းလုံက ပါးစပ်ကို အုပ်၍ ရယ်မောနေ၏။
ကျန်းမင် တစ်ယောက် စကားပြောခွင့် မရတော့ပေ။ မတ်တပ်ရပ်၍ မီးဖိုချောင်ထဲသို့ ဝင်သွားတော့သည်။ မည်သို့ပင်ဖြစ်စေ ဆရာဖြစ်သူ့ အမိန့်ကို နာခံခြင်းမှလွဲ၍ သူ လုပ်နိုင်သည်က ဘာမှ မရှိချေ။
ကျန်းမင် ဤမျှ နာခံမှု ရှိသည်ကို မြင်သောအခါ ဂူဟိုင် တစ်ယောက် ဝမ်းသာသွားရသည်။
အစားအသောက် စားပြီးနောက် ဇီလင်းလုံက တန်ဖိုးကြီး ဆေးဖက်ဝင် အပင်ကို ထုတ်ယူလိုက်သည်။ ၎င်းမှာ အဆင့်မြင့် အနက်ရောင်ပြာ ဆေးပင် ဖြစ်၏။ ၎င်းထံမှ ထွက်ပေါ်လာသော ရနံ့က စိတ်ကို တည်ငြိမ်စေပြီး အတွေးများကို ရှင်းလင်းစေနိုင်သည်။ ကျင့်ကြံချိန်တွင် အသုံးပြုရန် အလွန် သင့်တော်သော အရာတစ်ခုပင်။
ဇီလင်းလုံက ထိုအရာကို ဆရာဖြစ်သူထံသို့ ပေးအပ်လိုက်သည်။
ဂူဟိုင်က ငြင်းဆန်သော်လည်း ဇီလင်းလုံက အတင်းအကျပ် ပေးအပ်ခဲ့၏။ နောက်ဆုံးတွင် သူက ၎င်းကို ကျောက်စိမ်း ပန်းအိုး တစ်လုံးထဲတွင် စိုက်ပျိုးပြီး ၎င်းဘေးပတ်လည်တွင် အာဟာရဓာတ်များ အဖြစ် အဆင့်မြင့် ဝိညာဉ်ကျောက်ခဲ အချို့ကို ဖြူးပေးလိုက်သည်။ ထို့နောက် ၎င်းကို ခြံဝင်းထဲတွင် ထားရှိလိုက်ရာ လေထုထဲတွင် ပြင်းထန်သော ရနံ့များ ချက်ချင်း ပျံ့နှံ့သွားတော့သည်။
ဆရာဖြစ်သူ အနေဖြင့် ဤသို့ ပြုလုပ်ခြင်းမှာ သူတို့ နှစ်ယောက်လုံး အတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်း ကျန်းမင် သိလိုက်သည်။
နောက်တစ်နေ့တွင် သူတို့ မျှော်လင့်ထားသည့် အတိုင်းပင် အလယ်ပိုင်း ဒေသရှိ မိသားစု တစ်စုမှ တပည့်တစ်ယောက် ရောက်လာပြီး ဇီလင်းလုံအား စိန်ခေါ်လာခဲ့သည်။ ထိုသူမှာ အတော်လေး အစွမ်းထက်၏။
'ငါတို့ စိန်ခေါ်မှုကို ငြင်းပယ်လိုက်သင့်လား... ဒါပေမဲ့ မနေ့က စိန်ခေါ်မှုကို လက်ခံခဲ့ပြီးမှ ဒီနေ့ကျ ငြင်းပယ်လိုက်မယ် ဆိုရင် အဓိပ္ပာယ် မရှိတော့ဘူးလေ... တခြား တပည့်တွေကို စိန်ခေါ်မှု လက်ခံခိုင်းရင်ရော... အဲ့ဒါကလည်း အဆင်ပြေမှာ မဟုတ်ဘူး... စိန်ခေါ်သူက တာအိုမျိုးစေ့ အဆင့်ရှိ သိုင်းပညာရှင် တစ်ယောက် ဖြစ်နေတော့ စိန်ခေါ်မှုကို လက်ခံဖို့ အကြီးအကဲတွေ ဒါမှမဟုတ် တောင်ထွတ် သခင်တွေကို လွှတ်လိုက်သင့်လား... မဖြစ်ဘူး မဖြစ်ဘူး... အဲ့ဒါ လုံးဝ မဖြစ်နိုင်ဘူး'
ဂိုဏ်းချုပ်က တွေးတောနေမိသည်။
သူက တစ်စုံတစ်ယောက် အမှောင်ထဲမှ သူတို့ကို စောင့်ကြည့်နေကြောင်း ခံစားမိပြီး ကျောရိုးထဲ စိမ့်ခနဲ ဖြစ်သွားရ၏။ သို့သော် အခြား ရွေးချယ်စရာ မရှိတော့သဖြင့် သူက ချူယန် တောင်ထွတ်သို့ သွားကာ ဇီလင်းလုံအား သွားရောက် ရှာဖွေရတော့သည်။
မည်သည့် သံသယမျှ မရှိဘဲ ဇီလင်းလုံက စိန်ခေါ်သူကို အားစိုက်ထုတ်စရာ မလိုဘဲ အနိုင်ယူလိုက်သည်။
နောက်သုံးရက် ဆက်တိုက် စိန်ခေါ်သူများ နေ့စဉ် ရောက်လာခဲ့သည်။ ဇီလင်းလုံကား ဆိုဖွယ်ရာ မရှိ၊ ကျန်းမင် ကိုယ်တိုင်ပင် စိတ်အနှောင့်အယှက် ဖြစ်လာခဲ့ချေပြီ။
သူမ နောက်ထပ် စိန်ခေါ်သူ တစ်ယောက်ကို အနိုင်ယူပြီးနောက် ကျန်းမင်က ချန်ရိမင်၊ ကျန့်ကျွင်းပေါင်နှင့် ဟောက်ယွင်တို့ကို စုစည်းကာ ထိုစိန်ခေါ်သူများကို မည်သို့ ကိုင်တွယ် ဖြေရှင်းသင့်ကြောင်း ဆွေးနွေးတိုင်ပင်ကြသည်။
သူတို့ အနေဖြင့် စိန်ခေါ်မှုကို ငြင်းပယ်၍ မရသော်လည်း ဇီလင်းလုံအား ဆက်လက် အနိုင်ယူနေပြီး အာရုံစိုက်မှုများ ပိုရရှိလာပါက သူတို့အတွက် ပြဿနာများ ပိုဖြစ်ပေါ်လာစေလိမ့်မည်။
ရှုံးနိမ့်ဟန်ဆောင်ရန်ကော မဖြစ်နိုင်ဘူးလား... တမင်တကာ အရှုံးပေးခြင်းမှာ အခြားသူများကို အရှက်ခွဲခြင်းပင်။ မည်သို့ပင်ဆိုစေ ဤသည်မှာ ပွင့်လင်းသော စိန်ခေါ်မှု တစ်ခု မဟုတ်ပါလား။
"ငါတို့က မုန်တိုင်းရဲ့ ဗဟိုချက်ထဲ ရောက်နေပြီ... ငါတို့ လုပ်နိုင်တာ ဘာမှ မရှိတော့ဘူး..." လီယန် တောင်ထွတ်၏ အကြီးအကဲ ဟောက်ယွင်က မျက်မှောင်ကြုတ်၍ ပြောလာသည်။ "တံခါးပိတ် ကျင့်ကြံကြမလား... အဲ့ဒီလူတွေရဲ့ စိတ်နေသဘောထားကို ကြည့်ရသလောက် လင်းလုံကို အပြင်ထွက် တိုက်ခိုက်လာအောင် ဂိုဏ်းထဲမှာ ပြဿနာတွေ ရှာလာနိုင်တယ်... သူမကလည်း ဂိုဏ်းထဲကနေ ထွက်သွားလို့ မရဘူးလေ...”
“ဘာပဲဖြစ်ဖြစ် လူအများကြီးက သူမကို စောင့်ကြည့်နေတာ... အခုချိန် ဂိုဏ်းထဲက ထွက်သွားတာက မြွေတွင်းထဲ တည့်တည့် ဝင်သွားသလိုပဲ... ဒါပေမဲ့ တကယ်လို့ ငါတို့က စိန်ခေါ်မှုတွေကို ဆက်လက် လက်ခံနေမယ် ဆိုရင် သူမကို လာစိန်ခေါ်မယ့် လူတွေ ပိုများလာအောင် ဆွဲဆောင်သလိုပဲ ဖြစ်နေမှာ... ဒါက တကယ်ကို ခက်ခဲတဲ့ ကိစ္စပဲ"
"လက်ရှိ အခြေအနေ အရ ကြည့်မယ်ဆိုရင် ငါတို့ လုပ်နိုင်တာက စိန်ခေါ်မှုကို လက်ခံဖို့ပဲ ရှိတယ်" ကျန့်ကျွင်းပေါင်က ဝင်ပြော၏။ "ဒါပေမဲ့ ဒါကို ငါတို့အတွက် အကျိုးရှိအောင် ဘယ်လို အသုံးချရမလဲ"
"ရိုးရှင်းပါတယ်" ချန်ရိမင်က သူ့ ပြည့်ဖြိုးသော မျက်နှာထက်တွင် မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်လာရင်း… "ငါ့မှာ အစီအစဉ် တစ်ခု ရှိတယ်"
End
***