ချန်ရိမင်၏ အစီအစဉ်မှာ ရိုးရှင်းလှသည်။ တိုက်ပွဲစင်မြင့် တစ်ခု ဖန်တီးပြီးနောက် သူတို့ထဲမှ အစွမ်းအထက်ဆုံး ပါရမီရှင်ကို ရွေးချယ်ရန်သာ။ ထိုသို့ဆိုလျှင် တောင်ပေါ်သို့ တက်လာပြီး သူတို့ကို အနှောင့်အယှက် ပေးမည့်သူ သိပ်များတော့မည် မဟုတ်ပေ။
ဟောက်ယွင်ကမူ သံသယ ဖြစ်နေဆဲပင်။
"ဒါက တကယ်ရော ဖြစ်နိုင်ပါ့မလား... ပထမအချက်က ငါတို့ဂိုဏ်းက အထွတ်အမြတ် နယ်မြေ တစ်ခု မဟုတ်ဘူး... ဒုတိယအချက်က ငါတို့မှာ နာမည်ကြီးတဲ့ ပါရမီရှင်တွေလည်း မရှိဘူး... တကယ်လို့ တိုက်ပွဲစင်မြင့် လုပ်လိုက်ရင်တောင် ဘယ်သူက ငါတို့ကို အသိအမှတ် ပြုမှာလဲ"
ကျန့်ကျွင်းပေါင်ကလည်း ထောက်ခံလိုက်၏။
"မင်းပြောတာ အဓိပ္ပာယ် ရှိတယ်... ပါရမီရှင် အများစုက မောက်မာကြတာလေ... တကယ်လို့ သူတို့ ရောက်လာခဲ့ရင်တောင် အဆင့်သတ်မှတ်ချက် အတွက် တိုက်ခိုက်ဖို့ တခြား ပါရမီရှင်တွေကို စောင့်နေချင်ပါ့မလား... သေချာပေါက် စောင့်မှာ မဟုတ်ဘူးပေါ့... အဆင့်သတ်မှတ်ချက်က တခြားလူတွေရဲ့ လုံလောက်တဲ့ အသိအမှတ်ပြုမှု မရှိဘူး ဆိုတော့ သူတို့က လင်းလုံကိုပဲ တိုက်ရိုက် စိန်ခေါ်ဖို့ ရွေးချယ်ကြမှာပဲ"
"ငါတို့ဂိုဏ်းက အရမ်း အားနည်းနေသေးတာကိုး" ချန်ရိမင်က ညည်းတွားလိုက်သည်။
လူတိုင်း တိတ်ဆိတ်သွားကြလေပြီ။
အတိတ်က မုရွှေယွင် တစ်ယောက် သူမ၏ သားသေဆုံးသွားသောကြောင့် ကျိုယန်ဂိုဏ်းထဲသို့ အတင်းအကျပ် ဝင်ရောက်လာခဲ့ဖူးသည်။ သူမက သားဖြစ်သူ့ ဈာပန အတွက် အပြစ်မဲ့ တပည့်များကို ယဇ်ပူဇော်ချင်ခဲ့၏။ လွန်ခဲ့သော ရက်အနည်းငယ်ကလည်း မဟာကျိုး အင်ပါယာ၏ (၁၈)ပါးမြောက် မင်းသားမှာ ချူယန် တောင်ထွတ်သို့ ခွင့်ပြုချက် တောင်းခံရန်ပင် ဂရုမစိုက်ဘဲ အတင်း ဝင်ရောက်လာခဲ့သည် မဟုတ်ပါလား။
အရာအားလုံး၏ အဓိက အကြောင်းရင်းမှာ ဂိုဏ်းက အရမ်း အားနည်းနေခြင်းကြောင့်ပင်။
ဇီလင်းလုံ တစ်ယောက် အချိန်တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့ပြီး သူမ၏ ဖြူစင်သော မျက်လုံးများမှာ တောက်ပနေကာ ဆွေးနွေးမှု တစ်ခုလုံးကို နားထောင်နေခဲ့သည်။ လူတိုင်း တိတ်ဆိတ်သွားသည်ကို မြင်သောအခါ သူမက မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့်...
"ဒါဆို ငါတို့ ဘာလုပ်သင့်သလဲ"
ကျန့်ကျွင်းပေါင်က သက်ပြင်းချလိုက်၏။
"လင်းလုံရဲ့ ကျင့်ကြံခြင်း အဆင့်က မြင့်မားတယ် ဆိုပေမဲ့ သူမ အသက်က ၂၀ တောင် မပြည့်သေးဘူးလေ... ဒါပေမဲ့ ဒီလို ပြဿနာတွေကို ရင်ဆိုင်နေရပြီ... ငါတို့ရော ဆရာတွေရောက သိပ်အများကြီး မကူညီပေးနိုင်ဘူး... ငါ... ငါကိုယ့်ကိုယ်ကိုယ် တော်တော်လေး စိတ်ပျက်မိတယ်... ငါက ပါရမီရှင် တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ် ကြွေးကြော်ခဲ့ပေမဲ့ တကယ်တမ်း အရေးကြီးလာတော့ နည်းနည်းလေးတောင် မကူညီနိုင်ဘူး ဖြစ်နေတယ်"
ဟောက်ယွင်နှင့် ချန်ရိမင်တို့ နှစ်ဦးစလုံးလည်း ခါးသီးသော အပြုံးများဖြင့် ငြိမ်သက်နေကြသည်။
အချိန်တစ်လျှောက်လုံး တိတ်ဆိတ်နေခဲ့သော ကျန်းမင်က နောက်ဆုံးတွင် စကားစလာ၏။
"အစ်ကိုကြီးကျန့်... ဒါက ခင်ဗျား အပြစ်မှ မဟုတ်တာ"
ထို့နောက် သူက ဇီလင်းလုံအား ကြည့်၍ မေးလိုက်သည်။
"ညီမလေး ကျင့်ကြံဖို့ အထောက်အကူ ဖြစ်မယ့် ဝိညာဉ် ပစ္စည်းတွေ လိုအပ်တာ ရှိလား... ဂိုဏ်းက မထောက်ပံ့ပေးနိုင်တဲ့ အရာတွေပေါ့"
"ရှိတယ်"
ဇီလင်းလုံက ခေါင်းလေး စောင်းကာ လေးနက်စွာ ပြန်ဖြေလိုက်၏။
"ဥပမာ လမင်းကျောက်တုံး၊ ရေသလင်းကျောက်၊ ယင်ကိုးသွယ် ပန်း၊ အာခီရွန် သစ်သီး... စတာတွေပေါ့"
သူမ၏ ကျင့်ကြံခြင်း အတွက် လိုအပ်သော ပစ္စည်းများနှင့် ပတ်သက်လာလျှင် ဇီလင်းလုံက မည်သည့်အရာကိုမျှ ဖုံးကွယ်မထားသလို ဖုံးကွယ်ထားရန်လည်း မလိုအပ်ပေ။
သူမ အနေဖြင့် အစ်ကိုကြီး ဘာလုပ်ရန် စီစဉ်နေကြောင်း ခန့်မှန်းမိပြီး လိုက်ပါ လုပ်ဆောင်ရန် အဆင်သင့် ဖြစ်နေခဲ့သည်။
ကျန်းမင်က ဆက်ပြောလာ၏။
"ဒါဆိုရင် ငါတို့ သူတို့ကို တိုက်ရိုက် စိန်ခေါ်လိုက်ယုံပဲ... လင်းလုံက ကျင့်ကြံနေချိန် အနှောင့်အယှက် မခံချင်ဘူးဆိုတာကို အကြောင်းပြချက် ပေးပြီး... သူမကို စိန်ခေါ်ချင်တဲ့ သူတွေကို လမင်း ကျောက်တုံးတို့၊ ရေ သလင်းကျောက်တို့လို ဝိညာဉ် ပစ္စည်းတွေ လောင်းကြေးထပ်ဖို့ တောင်းဆိုလိုက်မယ်"
ချန်ရိမင်၊ ဟောက်ယွင်နှင့် ကျန့်ကျွင်းပေါင်တို့ သုံးယောက်လုံး နားမလည်နိုင်အောင် ဖြစ်သွားကြသည်။ လမင်း ကျောက်တုံး သို့မဟုတ် အာခီရွန် သစ်သီးများ အကြောင်း သူတို့ တစ်ခါမှ မကြားဖူးခဲ့ချေ။ လမင်း ကျောက်တုံး ဆိုသည်မှာ နေမင်းမှ စုစည်း ဖြစ်ပေါ်လာသော ကျောက်တုံး တစ်တုံးဟုပင် ထင်မှတ်နေခဲ့ကြသေး၏။
ကျန့်ကျွင်းပေါင်က မေးလာသည်။
"တကယ်လို့ သူတို့ဆီမှာ ဝိညာဉ် ပစ္စည်းတွေ မရှိဘဲနဲ့ ဆက်ပြီး စိန်ခေါ်ချင်နေရင်ကော"
ကျန်းမင်က ချက်ချင်းပင်...
"တကယ်လို့ သူတို့က ငါတို့ကို စိန်ခေါ်ချင်တယ် ဆိုရင် ငါတို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာရမယ်... စည်းမျဉ်းတွေကို ချိုးဖောက်ရင် သတ်ပစ်ရုံပဲ"
"ဒါပေမဲ့ သူတို့မှာ အစွမ်းထက်တဲ့ နောက်ခံတွေ ရှိနေရင်ကော... ပြိုင်ဘက်တွေက သူမအတွက် အရမ်း အစွမ်းထက်နေရင်ကော... လင်းလုံက ပွဲတိုင်း အနိုင်ရမယ် ဆိုတာကို ငါတို့ အာမခံနိုင်လို့လား" ကျန့်ကျွင်းပေါင်က ထပ်မေးပြန်သည်။
ကျန်းမင်က ပြုံး၍ ပြန်ဖြေလိုက်၏။
"တကယ်လို့ သူမ တစ်ခါ ရှုံးသွားရင် နောက်ထပ် လာစိန်ခေါ်မယ့်လူ ရှိတော့မှာ မဟုတ်ဘူး... ဒါ့အပြင် ဂိုဏ်းချုပ်ကလည်း ကနဦးဝိညာဉ် အဆင့်ကို ရောက်နေပြီလေ... သူမကို အမှောင်ထဲကနေ စောင့်ကြည့်ပေးနေမယ် ဆိုရင် ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး"
ထပ်မံ ဆွေးနွေးပြီးနောက် ထိုသုံးယောက်လည်း ထွက်ခွာသွားကြလေသည်။
အချိန်တစ်လျှောက်လုံး တိတ်ဆိတ်စွာ ထိုင်နေခဲ့သော ဂူဟိုင်က နောက်ဆုံးတွင် စကားစလာ၏။ သူက အကြံပေးလိုက်သည်။
"တကယ်လို့ မလိုအပ်ဘူး ဆိုရင် မသတ်ပါနဲ့... ငါတို့က နှိမ့်ချဖို့ လိုတယ်... အဲ့ဒါမှ ငါတို့ ပိုပြီး ရှေ့ဆက်နိုင်ပြီး လွတ်လွတ်လပ်လပ် နေနိုင်မှာ"
"ရန်သူက ငါတို့ အိမ်တံခါးဝထိ အတင်း ဝင်လာပြီ ဆိုမှတော့ ဘယ်လိုလုပ် ဆုတ်ခွာလို့ ရတော့မှာလဲ... ငါတို့က တမင်သက်သက် အရှုံးပေးရမှာလား" ကျန်းမင်က ခေါင်းခါယမ်း၍ ဆက်ပြောသည်။ "ညီမလေးလည်း ဒါကို သဘောတူမယ် မထင်ဘူး"
ဇီလင်းလုံကလည်း...
"ရဲရင့်မှု၊ လုံ့လဝီရိယတွေနဲ့ ရှေ့ဆက်ရမယ်... အဲ့ဒါမှ ငါတို့ ဆက်တိုက် တိုးတက်နိုင်မှာလေ... အခက်အခဲတွေကြောင့် နောက်ဆုတ်ပြီး အရှုံးပေးလိုက်တာက စိတ်ဓာတ်ပိုင်းဆိုင်ရာ အတွက် မကောင်းဘူး"
"ဒါပေမဲ့... ဒါပေမဲ့... ငါတို့က အလယ်ပိုင်း ဒေသနဲ့ အရှေ့ပိုင်း ဒေသက ပါရမီရှင်တွေ အကုန်လုံးကို ရင်ဆိုင်ရမယ့် ဖြစ်နိုင်ချေ အများကြီး ရှိတယ်လေ... ပွဲတိုင်း အနိုင်ရအောင် ငါတို့ ဘယ်လို လုပ်နိုင်မှာလဲ" ဂူဟိုင် တစ်ယောက် မှင်သက်သွားရသည်။
"တိုက်ပွဲမှာ ရှုံးနိမ့်တာနဲ့ အရှုံးပေးတာက ကိစ္စ နှစ်ခုလေ... ဆရာ ဒါနဲ့ ပတ်သက်ပြီး စိတ်ပူနေစရာ မလိုပါဘူး" ဇီလင်းလုံက ပြန်ဖြေ၏။
"အခု ဆရာ လုပ်သင့်တာက ဂိုဏ်းချုပ်ဆီမှာ လောင်းကြေးထပ်ဖို့ ဝိညာဉ် ပစ္စည်း ကောင်းကောင်းတွေ ရှိ၊ မရှိ သွားမေးဖို့ပဲ" ကျန်းမင်က ဝင်ပြောသည်။
ဂူဟိုင် တစ်ယောက် သက်ပြင်းချလိုက်မိ၏။
"တကယ်ပါပဲ... မင်းတို့ နှစ်ယောက်ကတော့လေ... ငါပြောတာတွေကို ခေါင်းထဲ နည်းနည်းလေးတောင် မထည့်တော့ဘူး"
သူက အဝေးသို့ မှော်ပညာ တစ်ခု ပစ်လွှတ်လိုက်သည်။
မကြာမီမှာပင် ဂိုဏ်းချုပ် ရောက်ရှိလာခဲ့လေပြီ။
"ဂိုဏ်းချုပ်... တပည့် ဖန်တီးထားတာက ယန် တာအိုမျိုးစေ့ပါ... ပြီးတော့ ဂိုဏ်းက ပေးနိုင်တဲ့ ထူးခြားစွမ်းရည်တွေ အကုန်လုံးကိုလည်း အပြည့်အဝ တတ်မြောက်ထားပြီးပါပြီ... အပြင်ကနေ ရလာတဲ့ ထူးခြားစွမ်းရည်တွေကလည်း အပြည့်အဝ တတ်မြောက်ခါနီး ဖြစ်နေပါပြီ... ဒါကြောင့် ယင် အသိအမြင်ကို အပြည့်အဝ နားလည် သဘောပေါက်နိုင်ဖို့ ဝိညာဉ် ပစ္စည်းတွေ အနိုင်ရအောင် တခြားလူတွေနဲ့ တိုက်ခိုက်ဖို့ လိုအပ်နေပါတယ်" ဇီလင်းလုံက ပြောလာသည်။
ဂိုဏ်းချုပ် တစ်ယောက် အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း တဖြည်းဖြည်း စိတ်လှုပ်ရှားလာခဲ့သည်။ နောက်ဆုံးတွင်တော့ သူက ကျယ်လောင်စွာ ရယ်မောလိုက်တော့၏။
သူက မည်သည့် တွန့်ဆုတ်မှုမျှ မရှိဘဲ ပြန်သွားကာ ရတနာတိုက်ထဲမှ နေမင်း ကျောက်တုံး တစ်တုံးကို ထုတ်ယူလာခဲ့သည်။ ၎င်းမှာ ဂိုဏ်း၏ အများအားဖြင့် မတွေ့ရသော ရတနာ တစ်ခု ဖြစ်ပြီး ပြင်းထန်သော မီးစွမ်းအင်များ ပါဝင်နေသည်။
ဂိုဏ်းချုပ် ချူယန် တောင်ထွတ်သို့ ပြန်ရောက်လာချိန်တွင် ထိုဝိညာဉ် ပစ္စည်းကို လုံခြုံစွာ သိမ်းဆည်းထားရန် ဂူဟိုင်ထံ ပေးအပ်လိုက်သည်။ ထို့နောက် ဇီလင်းလုံအား လေးနက်စွာ ညွှန်ကြားလိုက်၏။
"တကယ်လို့ မင်း မနိုင်နိုင်ဘူးလို့ ထင်ရင် အတင်းအကျပ် မလုပ်နဲ့... အမြဲတမ်း သတိရပါ"
ဇီလင်းလုံက တုံ့ပြန်သည့် အနေဖြင့် ခေါင်းညိတ်ပြသည်။
ထို့နောက် သူတို့က အစီအစဉ် အကောင်အထည် ဖော်ရာတွင် ကြုံတွေ့လာနိုင်သည့် အခြေအနေ တစ်ခုစီတိုင်းကို စတင် ဆွေးနွေးကြတော့သည်။
ကျန်းမင်က အဆင်ပြေစေရန် အရှေ့ဘက်တွင် တောင်တံခါး တစ်ခု ဖွင့်ပြီး ချူယန် တောင်ထွတ်သို့ တိုက်ရိုက် ဝင်ရောက်နိုင်အောင် ပြုလုပ်သင့်ကြောင်း အကြံပြုလိုက်သည်။ ထိုသို့ဆိုလျှင် စိန်ခေါ်သူ တစ်ယောက်စီက ဂိုဏ်း၏ အေးချမ်းမှုကို မထိခိုက်စေရန်နှင့် ပြဿနာများ မဖြစ်ပေါ်စေရန် ကာကွယ်နိုင်ပေလိမ့်မည်။
ဂိုဏ်းချုပ်က လေးနက်စွာ စဉ်းစားပြီးနောက် သဘောတူလိုက်၏။
ချူယန် တောင်ထွတ်မှာ ဂိုဏ်း၏ အရှေ့ဘက်တွင် တည်ရှိသည်။ ဂိုဏ်းချုပ်က သွားရောက်၍ တောင်ပြင်ပသို့ ထွက်ပေါ်နေသော ကျောက်လှေကား တစ်ခုကို တည်ဆောက်ရန် သူ့ ကြီးမားသော ချီစွမ်းအင် အသုံးပြုလိုက်သည်။ လမ်းတစ်လျှောက်တွင် မဏ္ဍပ် အနည်းငယ်ကိုလည်း ဖန်တီးခဲ့၏။
ထို့နောက် သူက ပင်မတံခါး အပြင်ဘက်တွင် ကျောက်စာတိုင် တစ်တိုင် စိုက်ထူကာ တိုက်ပွဲ၏ စည်းမျဉ်းများကို ထွင်းထုထားလိုက်သည်။
ဇီလင်းလုံ၏ အခန်းထဲတွင်...
ဇီလင်းလုံ တစ်ယောက် လက်ပိုက်လျက် တွေးတောနေမိသည်။
'ငါ ဖီးနစ် သွေးကြောကို စောစောစီးစီး ထုတ်ဖော်ပြသခဲ့မိလို့ မုလေ့ စောစော သေဆုံးသွားတာနဲ့ ပိုင်ယွီ အပြင်းအထန် ခံစားရပြီး သေဆုံးသွားတာလိုမျိုး ဆက်တိုက် ဖြစ်ရပ်တွေ ဖြစ်ပေါ်လာပြီး အရာအားလုံး ရှုပ်ထွေးသွားခဲ့တာပဲ...'
'ဘာပဲဖြစ်ဖြစ် ဒါက ကိစ္စသေးသေးလေးပါ... ငါ ယင် အသိအမြင်ကို နားလည် သဘောပေါက်တာ ပိုမြန်အောင် ကူညီပေးမယ့် ဝိညာဉ် ပစ္စည်း တချို့ စတင် စုဆောင်းဖို့ ဒီအခွင့်အရေးကို အသုံးချလိုက်မယ်... ပြီးတော့ ယင် တာအိုမျိုးစေ့ကို ဖန်တီးမယ်... ငါ့ရဲ့ ယင် တာအိုမျိုးစေ့က ယန် တာအိုမျိုးစေ့လောက် အစွမ်းထက်လာပြီ ဆိုတာနဲ့ အဲ့ဒီနှစ်ခုကို ယင်-ယန် တာအိုမျိုးစေ့ အဖြစ် ပေါင်းစပ်ပြီး ကျင့်စဉ် နှစ်ခုလုံးရဲ့ အခြေခံကို နားလည် သဘောပေါက်နိုင်မှာပဲ'
ဇီလင်းလုံက ဆက်လက် တွေးတောနေရင်း မျက်မှောင်ကြုတ်လိုက်၏။
'ဒါပေမဲ့... ငါ့ရဲ့ ဖီးနစ် သွေးကြောက မုလေ့ရဲ့ မနာလိုမှုကို ဖြစ်စေခဲ့တယ် ဆိုရင်တောင် ပိုင်ယွီရဲ့ သေဆုံးမှုနဲ့ ဘယ်လို ပတ်သက်နေတာလဲ... ဒီရှုပ်ထွေးမှုတွေ တစ်လျှောက်လုံး အရာအားလုံးကို ခြယ်လှယ်နေတဲ့ သူတစ်ယောက်ယောက် ရှိနေတယ်လို့ ငါ အမြဲတမ်း ခံစားနေရတယ်... ပြီးတော့ ပိုင်ယွီကို ဘယ်သူ သတ်သွားတာလဲ ဆိုတာ သိချင်မိတယ်...'
သူမက အရာအားလုံးကို အဖြေရှာရန် အဆက်မပြတ် ကြိုးစားနေခဲ့သော်လည်း အချို့အရာများမှာ အဓိပ္ပာယ် မရှိကြောင်း သိလာရပြီး ဇာစ်မြစ်ကို သေချာ မရှာတွေ့နိုင်ခဲ့ချေ။ ထို့ကြောင့် သူမက ဆက်လက် စဉ်းစားနေရင်း ကုတင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
'ငါ ဘာလို့ ဒါတွေကို အရမ်း တွေးနေရတာလဲ... အခု ငါ့ရဲ့ တိုးတက်မှု အရှိန်နဲ့ဆိုရင် ဘယ်သူ့ကိုမှ ကြောက်စရာ မလိုတော့ဘူး... ဒီကိစ္စ တစ်ခုလုံးမှာ ဘယ်လို အဖြစ်အပျက်မျိုးပဲ ဖြစ်လာပါစေ ငါ့ရဲ့ မှော်ပညာကို အသက်သွင်းပြီး ပုန်းကွယ်နေတဲ့ စွမ်းအားတွေကို အသုံးပြုရင် မူလဝိညာဉ် အဆင့်ဆီ တိုက်ရိုက် တက်လှမ်းလိုက်လို့ ရတာပဲ... အဲ့ဒီအချိန်ကျရင် အစ်ကိုကြီးကို ကာကွယ်ပေးဖို့ ဆိုတာ ပြဿနာ မဟုတ်တော့ဘူး'
...
ထိုအချိန်တွင် ကျန်းမင် တစ်ယောက် ခေါင်မိုးပေါ်တွင် ရှိနေဆဲပင်။
မမျှော်လင့်ထားသော မတော်တဆမှုများ မဖြစ်ပေါ်စေရန် သူ စောင့်ကြည့်နေရမည် မဟုတ်ပါလား။
သူ့ ကြီးကြပ်မှု အောက်တွင် ညီမငယ်လေး အနေဖြင့် ဘေးကင်းလုံခြုံစွာ ရှိနေမည်ဟု ယုံကြည်ထားသော်လည်း စိတ်ပူနေခြင်းကိုမူ မတားဆီးနိုင်ခဲ့ချေ။
နောက်တစ်နေ့တွင်...
နံနက်စောစော ချူယန် တောင်ထွတ် အပြင်ဘက်တွင် အမျိုးသား တစ်ဦးက ကျောက်စာတိုင် အောက်ရှိ ကျောက်တုံး တစ်တုံးပေါ်တွင် တင်ပျဉ်ခွေ ထိုင်ကာ စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။ ထိုသူမှာ ရှောက်ယန် တောင်ထွတ်၏ အကြီးအကဲ ဟောက်ချန်ပင်။
ပေ (၁၀၀)မြင့်သော ကျောက်စာတိုင်ကြီးက ထိုနေရာတွင် မားမားမတ်မတ် ရပ်တည်နေပြီး မိုင်ပေါင်းများစွာ အထိ အစွမ်းထက်သော အရှိန်အဝါများ ဖြာထွက်နေ၏။
မနက်ခင်း အချိန် ကုန်လွန်လာသည်နှင့်အမျှ လူငယ် တစ်စု ဆွဲဆောင်ခံလာရသည်။
ကျောက်စာတိုင်ပေါ်တွင် ထွင်းထုထားသော စာသားများကို မြင်သောအခါ အဖွဲ့ခေါင်းဆောင် ဖြစ်ပုံရသော အပြာရောင် ဝတ်စုံနှင့် လူငယ်မှာ လှောင်ပြောင် ရယ်မောခြင်းကို မထိန်းချုပ်နိုင်ခဲ့ချေ။
"စိန်ခေါ်မှုကို တိုက်ပွဲ အဖြစ် ပြောင်းလဲလိုက်ပြီး ဒီရှားပါး ဝိညာဉ် ပစ္စည်းတွေကို လောင်းကြေးထပ်ဖို့ တောင်းဆိုထားတာလား... ကျိုယန်ဂိုဏ်းက တော်တော် မောက်မာတာပဲ"
သူ့ စကားများကို အခြားသူများကလည်း ထောက်ခံကြပြီး ထိုကိစ္စနှင့် ပတ်သက်၍ စတင် ဆွေးနွေးလာကြသည်။
"ဆင်းရဲလွန်းလို့ ရူးသွားကြပြီ ထင်တယ်... ဖီးနစ် သွေးကြော ရှိရုံနဲ့ သူတို့ကိုယ်သူတို့ ပြိုင်ဘက်ကင်းပြီး ဒီခေတ်ကြီး တစ်ခုလုံးကို နင်းခြေလို့ ရမယ်များ ထင်နေတာလား... တော်တော် မောက်မာတာပဲ"
"ဒါက ဂိုဏ်းငယ်လေး တစ်ခုပဲလေ... ကျိုးထျန်းကို အနိုင်ယူလိုက်ရုံနဲ့ ဒီတိုက်ပွဲကနေ အမြတ်ထုတ်နိုင်မယ်လို့ တွေးနေတာလား... တော်တော် အဓိပ္ပာယ် မရှိတာပဲ... အလယ်ပိုင်း ဒေသ တစ်ခုလုံးနဲ့ ယှဉ်ကြည့်ရင် ကျိုးထျန်း ဆိုတာ အဆင့်မြင့်မြင့်တောင် ရှိတာ မဟုတ်ဘူး"
"ဒီကိုလာပြီး စိန်ခေါ်တယ် ဆိုတာက ငါတို့ အဆင့်အတန်းကို လျှော့ချပြီး သူတို့ကို အသိအမှတ် ပြုပေးလိုက်တာပဲ... အခုကျတော့ သူတို့က ငါတို့ကပဲ အသနားခံပြီး တိုက်ပွဲကို လက်ခံပေးဖို့ တောင်းဆိုနေရသလိုမျိုး လုပ်ထားတယ်... တကယ်ကို အရှက်ခွဲတာပဲ"
သူတို့ ဆွေးနွေးနေစဉ် တစ်ယောက်က ရှေ့သို့ တက်သွားပြီး ထွင်းထုထားသော ကျောက်စာတိုင်ကို ရိုက်ခွဲရန် ကြိုးစားလိုက်သည်။
ခုတ်ပိုင်းသံ ရှည်ကြီး တစ်ခု ပဲ့တင်ထပ်သွားပြီး အကြီးအကဲ ဟောက်ချန် မျက်လုံးများ ပွင့်လာတော့သည်။ သူက ဓားချက် တစ်ချက်တည်းဖြင့် ထိုလူငယ်ကို နောက်ဆုတ်သွားစေလိုက်၏။
တစ်ချိန်တည်းမှာပင် သူက ပြောလာသည်။
"ဒါက ငါတို့ ကျိုယန်ဂိုဏ်းရဲ့ ပိုင်နက်ပဲ... စည်းမျဉ်းတွေကို ငါတို့ သတ်မှတ်မယ်... သဘောတူရင် လာခဲ့... သဘောမတူရင် ထွက်သွား... ကျောက်စာတိုင်ကို တိုက်ခိုက်တာက ကျိုယန်ဂိုဏ်းကို စစ်ကြေညာတာနဲ့ အတူတူပဲ... ပထမအကြိမ် အမှားလုပ်တာကို ခွင့်လွှတ်ပေးမယ်... ဒါပေမဲ့ ဒုတိယအကြိမ် ဆိုရင်တော့ သေရာပါ တိုက်ပွဲ အတွက်သာ ပြင်ဆင်ထားလိုက်တော့"
End
***