ကျိုယန်ဂိုဏ်း၏ ယခင် မျိုးဆက်များထဲတွင် ပထမနေရာရ ဟောက်ချန်မှာ သံသယ ဝင်စရာ မလိုအောင်ပင် နံပါတ်တစ် ပါရမီရှင် ဖြစ်ပေ၏။
သူ့ ပါရမီအရသာဆိုလျှင် တော်ဝင်မြေနယ်မြေတွင်သာ နေရာချထားခံရပါက ကနဦးဝိညာဉ် အဆင့်သို့ ချိုးဖောက် ဝင်ရောက်သွားနိုင်ပြီး ထိုထက် ပိုမြင့်မားသော အဆင့်များဆီသို့ပင် တက်လှမ်းသွားနိုင်ပေမည်။ သို့တိုင်အောင် ယခုလက်ရှိတွင် သူက မူလဝိညာဉ် အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
ဤအချိန်တွင် သူက ပြဿနာ လာရောက် ဖန်တီးမည့်သူ အပေါင်းအား တားဆီးနိုင်ရန် ကျောက်စာတိုင် အောက်၌ ဝင်ရောက် ထိုင်နေခြင်းပင်။
"အစ်ကိုကြီး..." အပြာရောင် ဝတ်စုံနှင့် လူငယ် တစ်ယောက်က ကျောက်စာတိုင်ကို ရိုက်ခွဲရန် ကြိုးစားနေသော လူငယ်အား လက်ဝှေ့ယမ်း နှင်ထုတ်ရင်း အော်ဟစ်လိုက်သည်။ ထို့နောက် ဟောက်ချန်ဆီသို့ လေထဲမှ နေ၍ လျှောက်လှမ်းလာကာ လက်နှစ်ဖက်ကို ဆုပ်ကိုင်၍...
"ကျွန်တော်က ကျုံးပြည်နယ်က လန်မိသားစုက လန်ကျွယ်ပါ... အရှေ့ဘက် ဒေသက ပါရမီရှင်တွေကို စိန်ခေါ်ဖို့ လာခဲ့တာ... အခု ကျွန်တော် ရောက်လာပြီ ဆိုပေမဲ့ ခင်ဗျားတို့က တိုက်ပွဲအတွက် ဒီလို စည်းကမ်းချက်တွေ သတ်မှတ်ထားတယ်... ဒါက ကျွန်တော်တို့ကို စော်ကားနေတာ မဟုတ်ဘူးလား"
အပြာရောင် ဝတ်စုံနှင့် လူငယ်၏ ယဉ်ကျေးမှုကြောင့် ဟောက်ချန်လည်း စိတ်အနည်းငယ် လျော့ကျသွားပြီး ရှင်းပြလိုက်၏။
"ကျိုးထျန်း ရှုံးနိမ့်သွားကတည်းက သူ့ကို လာစိန်ခေါ်တဲ့သူတွေ နေ့တိုင်း ရောက်လာကြတယ်... ငါတို့ရဲ့ လေ့ကျင့်မှုကို အနှောင့်အယှက် ဖြစ်စေပြီး တော်တော်လေး ဒုက္ခပေးလွန်းလို့လေ... သူတို့ကို ငြင်းပယ်ဖို့ ဒီလို လုပ်ရုံကလွဲပြီး တခြား နည်းလမ်း မရှိတော့ဘူး... ဒါ့အပြင် လောင်းကြေးနဲ့ စိန်ခေါ်တာက ပိုပြီး တရားမျှတပုံ ပေါ်တယ် မဟုတ်လား"
"ဒါလည်း အဓိပ္ပာယ် ရှိတာပဲ..." လန်ကျွယ်က ခေါင်းညိတ် ထောက်ခံ၏။
ထို့နောက် သူက ထွင်းထုထားသော ကျောက်စာတိုင်ကို လှမ်းကြည့်ရင်း မျက်မှောင်ကြုတ်သွားသည်။
"လမင်းကျောက်၊ ရေကြည်သလင်း၊ ယင်ကိုးသွယ်ပန်း၊ အာခီရွန်သစ်သီးနဲ့ ယင်ကိုးသွယ်ရေ... ဒါတွေ အကုန်လုံးက အစွန်းရောက် ယင်စွမ်းအင်ပါတဲ့ ဝိညာဉ်ပစ္စည်းတွေချည်းပဲ"
"ဇီလင်းလုံမှာ ဖီးနစ်သွေးကြော ပါဝင်တယ်... ဒါက မီးတာအို အတွက် ကိုက်ညီနေတာပဲ... ဒါတောင် သူမက ဒီပစ္စည်းတွေကို တောင်းဆိုနေသေးတယ် ဆိုတော့ သူမရဲ့ မီးတာအိုက ယန်တာအို အဖြစ် အဆင့်တက်သွားတာများလား... ဒါဆို သူမက ယင်တာအိုမျိုးစေ့ ဖွဲ့စည်းဖို့ ဒီဝိညာဉ်ပစ္စည်းတွေကို လောင်းကြေးတွေ ကနေတစ်ဆင့် ရယူပြီးတော့ သူမရဲ့ ယင်နဲ့ ယန် တာအိုမျိုးစေ့တွေကို ပေါင်းစပ်ဖို့ စီစဉ်နေတာပေါ့"
လန်ကျွယ်က စကားစကို ခဏရပ်၍ အာမေဋိတ်သံဖြင့်...
"တကယ်ကို ရူးသွပ်လောက်တဲ့ ရည်မှန်းချက်၊ ရဲရင့်မှုနဲ့ ယုံကြည်ချက်တွေပဲ"
လူငယ်တစ်ယောက်က လျှောက်လာပြီး သံသယ ဝင်နေသော လေသံဖြင့်...
"အစ်ကိုလန်... ဒါတကယ်ပဲလား... ယင်တာအိုမျိုးစေ့က နှစ်ပေါင်းများစွာ ပေါ်မလာခဲ့ဘူးလေ... ဒါတောင် သူမက ယင်နဲ့ ယန် တာအိုမျိုးစေ့တွေကို ပေါင်းစပ်ဖို့ ကြိုးစားနေတယ် ဟုတ်လား... ကျုပ်တော့ မယုံဘူး"
"ငါလည်း မယုံပါဘူး... ဒါပေမဲ့ တစ်ခါတလေကျရင် အံ့ဖွယ်ရာ တစ်ခု ဖြစ်လာနိုင်ချေ ရှိတယ် ဆိုတာကို မင်း မယုံချင်လည်း ယုံရလိမ့်မယ်..." လန်ကျွယ်က တုံ့ပြန်လိုက်သည်။ ထိုစကားအပြီးတွင် သူက ဟောက်ချန်ကို ကြည့်၍...
"အစ်ကိုကြီး... ကျွန်တော့်ရဲ့ ခန့်မှန်းချက်တွေက မှန်ရဲ့လား"
ဟောက်ချန်၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက် အရိပ်အယောင်မျှ ထွက်ပေါ်မလာချေ။
ဟောက်ချန် ပြန်မဖြေသောကြောင့် လန်ကျွယ်မှာ စိတ်ဆိုးဒေါသထွက်ခြင်း မရှိပေ။ သူက အပြုံးမပျက် ဆက်ပြောလာ၏။
"အစ်ကိုကြီး... ခင်ဗျားက အရမ်း အေးစက်လွန်းတယ်... တောင်တံခါးကို စောင့်ကြပ်ဖို့ထက် တရားထိုင်ဖို့က ပိုသင့်တော်လိမ့်မယ်... တကယ်လို့ ကျွန်တော် ပြောတာသာ မှန်မယ်ဆိုရင် ဇီလင်းလုံကို လက်ဆောင်ကြီး တစ်ခု ပေးရမှာပေါ့... စိတ်ချပါ... ကျုံးပြည်နယ်မှာဆို ကျွန်တော့် လန်မိသားစုက ရှေးဟောင်း မိသားစု တစ်ခုအနေနဲ့ တော်ဝင်မြေတွေလောက် မသန်မာရင်တောင် ကတိတည်ပါတယ်"
ထိုစဉ် ဇီလင်းလုံက ကောင်းကင်ထက်မှ လျှောက်လှမ်းလာပြီး ဟောက်ချန်အား လက်သီးဆုပ်၍ အရိုအသေ ပေးလိုက်သည်။
ထို့နောက် လန်ကျွယ်ကို စူးစိုက်ကြည့်၍ ပြတ်သားစွာ ဆိုလာ၏။
"ဘာ လက်ဆောင်ကြီးလဲ... ရှင်သာ ကျွန်မကို လိမ်မယ်ဆိုရင် ရှင့်ကို အခု ချက်ချင်း ဒီနေရာမှာတင် သတ်ပစ်မယ်"
ဝှစ်...
ထိုစကားဆုံးသည်နှင့် သူမ ခေါင်းထက်မှနေ၍ အစွန်းရောက် ယန် စွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်ကြီးကိုပင် လှုပ်ခတ်သွားစေလောက်အောင် ကြောက်မက်ဖွယ် ကောင်းလှ၏။
သူမက လန်မိသားစုနှင့် အတော်လေး ရင်းနှီးကျွမ်းဝင်ပြီး လန်ကျွယ်မှာလည်း စိတ်နေသဘောထား ကြီးမြတ်သူ တစ်ယောက်မှန်း ကောင်းကောင်း သိထားသည်။ ပို၍ အရေးကြီးသည်မှာ သူက သူမကို အမှန်တကယ် အကူအညီ ပေးနိုင်ပုံပေါ်နေခြင်းပင်။
လန်ကျွယ်၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီး အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
"ဒါ ယန်တာအို အနှစ်သာရပဲ... မီးတာအို အနှစ်သာရကို နားလည် သဘောပေါက်ဖို့ ဆိုတာက ကိုယ်တိုင်ကိုက အလွန် ခက်ခဲနေပြီလေ... ဒီလောကမှာရှိတဲ့ လူ ကိုးဆယ့်ကိုး ရာခိုင်နှုန်းက ဓာတ်ကြီးငါးပါး အနှစ်သာရရဲ့ အကိုင်းအခက်တွေကိုပဲ နားလည်နိုင်ကြတာ... ဒါတောင် မင်းက သန့်စင်တဲ့ နေမင်း အနှစ်သာရကို နားလည်နိုင်ခဲ့တယ်ပေါ့"
"မင်းက သာမန်လူတွေထက် တစ်ဆင့် ပိုမြင့်နေခဲ့ပြီ... ငါ မင်းကို တကယ် လေးစားသွားပြီ... တော်ဝင်မြေတွေက သူတော်စင် သားတော်တွေနဲ့ သမီးတော်တွေတောင် မင်းကို ယှဉ်နိုင်မှာ မဟုတ်ဘူး... ဒါပေမဲ့ ပြဿနာက လူတွေရဲ့ မနာလိုမှုတွေကနေ ပြဿနာတွေ ဆွဲဆောင်လာမိမှာကို မင်း မစိုးရိမ်ဘူးလား"
"ဒါဆိုလည်း သူတို့ကို သတ်ပစ်လိုက်မှာပေါ့" ဇီလင်းလုံက ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေလိုက်သည်။
လန်ကျွယ်က လေးစားစွာ လက်သီးဆုပ်၍...
"ကောင်းတယ်... မင်းလိုချင်တဲ့ ပစ္စည်းတွေ အကုန်လုံးကို စာရင်းလုပ်ထားတာက သူတို့ကို သိစေချင်လို့ပဲ... လူတိုင်းကို မင်းရဲ့ ဖဲချပ်တွေ ချပြလိုက်သလိုပေါ့... ဘာကိုမှ ဖုံးကွယ်မထားဘဲ မင်းရဲ့ ရည်မှန်းချက် အပြည့်ရှိတဲ့ ရည်ရွယ်ချက်ကို ပြသလိုက်တာပဲ... ဒါက တကယ်ကို ရဲရင့်မှုနဲ့ ယုံကြည်ချက်ကို ပြသလိုက်တာ... မင်းကိုယ်မင်း ခိုင်မာတဲ့ စိတ်ဆန္ဒ တစ်ခု အဖြစ် ပုံသွင်းဖို့ ကြိုးစားနေပုံရတယ်"
"ရှင်က နည်းနည်းတော့ အသိဉာဏ် ရှိပုံရတယ်... ကျွန်မအတွက် လက်ဆောင်ကြီးက ဘယ်မှာလဲ" ဇီလင်းလုံက တောင်းဆိုလိုက်၏။
လန်ကျွယ်က ရယ်မောလိုက်သည်။
"မင်းလိုချင်တဲ့ ဒီအစွန်းရောက် ယင် ဝိညာဉ်ပစ္စည်းတွေ အကုန်လုံးက အရမ်း ရှားပါးတယ်... တကယ်လို့ မင်းက ဒီအတိုင်းပဲ ထိုင်စောင့်နေမယ်ဆိုရင် တစ်ခုလောက် ရဖို့တောင် အချိန်ဘယ်လောက် ကြာမလဲ ဆိုတာ ငါ မသေချာဘူး... အဲ့ဒီအစား ဘာလို့ ခပ်ကြမ်းကြမ်း မလုပ်ရမှာလဲ... မင်းရဲ့ ယန်တာအို အနှစ်သာရ အကြောင်းနဲ့ ယင်တာအိုမျိုးစေ့ ဖွဲ့စည်းဖို့ ကြိုးစားနေတဲ့ အကြောင်း သတင်းဖြန့်လိုက်ရင် မင်း စိတ်ဆိုးမလား"
"မဆိုးပါဘူး" ဇီလင်းလုံက လျင်မြန်စွာ ပြန်ဖြေလိုက်၏။
လန်ကျွယ်က လက်ခုပ်တီး၍...
"ဒါဆိုလည်း လွယ်သွားပြီပေါ့... ဘယ်လိုပဲဖြစ်ဖြစ် ငါက ဒီကို ရောက်နေပြီဆိုတော့ မင်းရဲ့ စွမ်းရည်တွေကို စစ်ဆေးကြည့်ရမှာပဲ"
ဇီလင်းလုံလည်း သူ့စိန်ခေါ်မှုကို လက်ခံကာ တုံ့ပြန်လိုက်သည်။
"လာလေ"
ထိုအချိန်တွင် သူမက လေထဲသို့ မီတာ ထောင်ပေါင်းများစွာ အမြင့်အထိ ပျံတက်သွားတော့၏။
လန်ကျွယ်မှာလည်း စိတ်လှုပ်ရှား ဝမ်းသာသွားလေပြီ။
ချူယန်တောင်ထွတ် အထက်တွင်တော့...
ကျန်းမင်က အဝေးသို့ လှမ်းကြည့်ရင်း မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။ ရှင်းပြ၍ မရနိုင်လောက်အောင် သူ အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး သူ့ လူသားလမ်းစဉ် မှတ်တမ်းကို ခေါ်ထုတ်လိုက်၏။
အမည် - လန်ကျွယ်
မျိုးနွယ် - လူသား
ကျားမ - ကျား
ကျင့်ကြံခြင်းအဆင့် - တာအိုမျိုးစေ့ အဆင့်
နောက်ခံ - ကျုံးပြည်နယ်ရှိ တံခါးပိတ် လန်မိသားစု၏ တိုက်ရိုက်တပည့် (လန်မိသားစုမှာ ပထမအဆင့် ဂိုဏ်းများနှင့် အဆင့်အတန်း တူညီသည်)
ဆက်ဆံရေး - ၁၅
မွေးရာပါ ပါရမီ - ကြယ်ကိုးပွင့် (လေဝိညာဉ် ခန္ဓာကိုယ်)
လက်ရှိ အခြေအနေ - ကျုံးပြည်နယ်ရှိ သြဇာလွှမ်းမိုးမှု ရှိသူ တစ်ယောက် ဖြစ်ပြီး ကျိုယန်ဂိုဏ်းမှ ဇီလင်းလုံ အကြောင်း ကြားသိရပြီးနောက် လာရောက် ကြည့်ရှုခြင်း ဖြစ်သည်။ သူမတွင် ဖီးနစ်သွေးကြော ပါဝင်ပြီး ကျိုးထျန်းကို အနိုင်ယူခဲ့ကြောင်း သူ သိထားသည်။
ကျန်းမင်က ထိုရိုးရှင်းသော အချက်အလက်များကို ဖတ်ရှုပြီးနောက် လန်ကျွယ်မှာ သူ့ အလွန် မြင့်မားလှသော ကြယ်ကိုးပွင့် ပါရမီဖြင့် အနိမအဆင့်သို့ ရောက်သွားနိုင်ကြောင်း တွေးမိလိုက်သည်။ ပထမအဆင့် ဂိုဏ်းများနှင့် အဆင့်အတန်း တူညီသော လန်မိသားစု အကြောင်းကို သိလိုက်ရချိန်တွင် သူ စကားစမရအောင် ဖြစ်သွားပြီး ခေါင်းခါယမ်းလိုက်မိတော့သည်။
ကျုံးပြည်နယ်မှာ သံသယ ဝင်စရာ မလိုအောင်ပင် အရာအားလုံး၏ ဗဟိုချက် ဖြစ်သည်။ ထိုနေရာတွင် ပါရမီရှင်များစွာ၊ တော်ဝင်မြေ အချို့နှင့် ရေတွက်၍ မရနိုင်သော အင်အားစုများ ရှိနေသောကြောင့် ထိုပြည်နယ်မှ လာသူတိုင်းမှာ ကြီးမားသော နောက်ခံများ ရှိပေလိမ့်မည်။
သူ ခေါင်းမော့ကြည့်ရာ သူ့ညီမငယ်လေးမှာ ပြိုင်ဘက်နှင့် စတင် တိုက်ခိုက်နေပြီ ဖြစ်သည်ကို မြင်လိုက်ရ၏။ သူမက မျက်တောင် တစ်ခတ်အတွင်းမှာပင် လန်ကျွယ်ကို အနိုင်ယူလိုက်လေပြီ။
ကျန်းမင်က ပြုံးလိုက်သည်။
"ဒါမှ ငါ့ညီမလေးကွ... တကယ်ကို ထူးချွန်လွန်းတယ်"
သူ့ လူသားလမ်းစဉ် မှတ်တမ်းကို နောက်တစ်ကြိမ် ထပ်ကြည့်ချိန်တွင် လန်ကျွယ်၏ လက်ရှိ အခြေအနေ၌ အချက်အလက်များ ပိုတိုးလာကြောင်း သတိပြုမိသွား၏။
လက်ရှိ အခြေအနေ - ဇီလင်းလုံနှင့် စိန်ခေါ်မှုတွင် ရှုံးနိမ့်သွားခဲ့သည်။ ဇီလင်းလုံက ယန်တာအိုမျိုးစေ့ ဖွဲ့စည်းထားပြီး တူညီသော မျိုးဆက်ထဲရှိ လူများကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း ကျုံးပြည်နယ်ရှိ လူငယ် ပါရမီရှင်များ အားလုံးထံ သတင်းစကားများ ပေးပို့ခဲ့သည်။
'သူက ညီမငယ်လေးကို တစ်လောကလုံးနဲ့ ရန်သူဖြစ်အောင် လုပ်နေတာလား' ကျန်းမင် စိတ်ထဲ တွေးလိုက်မိသည်။ ဤအခိုက်အတန့်တွင် ထိုလူအား သတ်ပစ်ရန် အတွေးတစ်ခုပင် သူ့ခေါင်းထဲ ဝင်ရောက်လာခဲ့၏။
တိုက်ပွဲ အဆုံးသတ်သွားချိန်တွင် ဇီလင်းလုံက ချူယန်တောင်ထွတ်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ လန်ကျွယ် တစ်ယောက် သူမနောက်သို့ လိုက်လာဆဲ ဖြစ်သည်ကို မြင်လျှင် မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။
"ရှင် မသွားသေးဘူးလား"
လန်ကျွယ်က ပခုံးတွန့်ကာ...
"လောကရဲ့ ပါရမီရှင်တွေ အကုန်လုံး ဒီကို စုဝေးလာကြတော့မှာ... ငါက ဘာလို့ ထွက်သွားရမှာလဲ... ဘယ်လိုပဲဖြစ်ဖြစ် ငါ မင်းကို အကူအညီ ပေးခဲ့ပြီးပြီလေ... ငါ့ကို တောင်ထွတ်ပေါ် ဖိတ်ပြီး အရက်တစ်ခွက်လောက်တောင် မတိုက်တော့ဘူးလား"
"ဒီတောင်ထွတ်က ဘယ်သူ့ကိုမှ ကြိုဆိုမနေဘူး" ဇီလင်းလုံက လုံးဝ ဂရုမစိုက်သော လေသံဖြင့် တုံ့ပြန်လိုက်သည်။
ထို့နောက် သူမက လက်ကောက်ဝတ်ကို လှည့်၍ လေထဲသို့ ဓားဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်ရာ ဟင်းလင်းပြင်ကြီးကိုပင် ထက်ပိုင်း ပိုင်းဖြတ်လိုက်သကဲ့သို့ ထင်မှတ်ရ၏။
လန်ကျွယ်၏ အမူအရာ လျင်မြန်စွာ ပြောင်းလဲသွားပြီး သူ့ခြေလှမ်းများ ရပ်တန့်သွားတော့သည်။
"ဒါဆို တောင်ခြေမှာကော"
ဇီလင်းလုံက ပြန်မဖြေတော့ဘဲ တောင်ထွတ်ပေါ်သို့ တိုက်ရိုက် တက်သွားကာ သူမ၏ အစ်ကိုကြီးဆီသို့ ပြန်သွားခဲ့လေပြီ။
သူမက ခေါင်မိုးပေါ်တွင် ထိုင်၍ အစ်ကိုကြီး ဖြစ်သူနှင့် စကားစမြည် ပြောဆိုနေ၏။
"အစ်ကိုကြီး... စိတ်မကြည်မလင် ဖြစ်နေတာလား"
"ဒီကောင်လေးက မျက်နှာပြောင်တိုက်လွန်းတယ်လို့ ခံစားနေရလို့ပါ"
"အစ်ကိုကြီးက ကျွန်မတို့ ရင်းနှီးသွားကြမှာကို စိုးရိမ်နေတာလား"
"သူက လူကောင်း မဟုတ်ဘူးဆိုတာ တစ်ချက် ကြည့်လိုက်တာနဲ့ သိနိုင်တယ်... သူ့ကို သိပ်ပြီး အာရုံစိုက်မနေနဲ့"
ဇီလင်းလုံက ကျန်းမင်၏ လက်မောင်းကို ဖက်တွယ်ရင်း ကတိပေးလိုက်သည်။
"သေချာတာပေါ့... ကျွန်မ အစ်ကိုကြီး စကားကိုပဲ နားထောင်မှာပါ... အခုကစပြီး ဒီတောင်ပေါ်ကို ဘယ်ယောကျ်ားလေးမှ လာခွင့်မရှိစေရဘူး... မိန်းကလေးတွေတောင် ပေးမလာဘူး"
"ဒါဆို ငါတို့ဘက်က ရိုင်းစိုင်းသလို ဖြစ်မသွားဘူးလား"
"သူတို့ကသာ ရိုင်းစိုင်းကြတာပါ... ကျွန်မရဲ့ အစ်ကိုကြီးကတော့ အမြဲတမ်း ယဉ်ကျေးပါတယ်"
တောင်ခြေတွင်တော့...
လန်ကျွယ်က ကျောက်စာတိုင်ဘေးသို့ ဆင်းသက်လာခဲ့သည်။
လန်မိသားစုဝင် တစ်ယောက်က အလျင်အမြန် လှမ်းမေးလိုက်၏။
"အစ်ကိုလန်... ခင်ဗျား ဒီလိုကြီး ရှုံးသွားတာလား... ခင်ဗျားက သူတော်စင် သားတော် တစ်ပါးနဲ့တောင် ယှဉ်ပြိုင်နိုင်တဲ့သူလေ... ဒါတောင် ဒီလောက် အလွယ်တကူ ရှုံးသွားတယ်ပေါ့"
လန်ကျွယ် တစ်ကိုယ်လုံး တုန်တက်သွားသည်။
"သူမက အရမ်း ထူးချွန်လွန်းတယ်... ငါလည်း ဘာမှ မလုပ်နိုင်ခဲ့ဘူး"
"ရှုံးတာက ရှုံးတာပေါ့... ဒါပေမဲ့ သူမက ခင်ဗျားကို တောင်ပေါ်တောင် မဖိတ်ဘူးလား"
လန်ကျွယ်က ချောင်းဟန့်၍သာ အဖြေပေးလိုက်တော့၏။
"အစ်ကိုလန်... သူတို့က ကျွန်တော်တို့ကို မကြိုဆိုမှတော့ ထွက်သွားကြရအောင်လေ"
"ငါက ဒီမှာပဲ နေဖို့ စီစဉ်ထားတယ်... မကြာခင် ပွဲကောင်း တစ်ပွဲ ကြည့်ရတော့မှာ"
"အစ်ကိုလန်... ခင်ဗျားက သူမကို ကပ်ချွဲဖို့ တွေးနေတာတော့ မဟုတ်ပါဘူးနော်"
"ငတုံးကောင်... ထွက်သွားစမ်း"
ရွှေပြည်နယ်ရှိ တည်းခိုခန်း တစ်ခုတွင်တော့...
လှပသော မိန်းမပျို တစ်ယောက်မှာ ချောမောသော အမျိုးသားများစွာ၏ ဝန်းရံခြင်းကို ခံနေရသည်။ သူမထံ ရုတ်တရက် သတင်းစကား တစ်ခု ဝင်ရောက်လာ၏။ 'ဇီလင်းလုံ... ဖီးနစ်သွေးကြော... ယန်တာအိုမျိုးစေ့ ဖွဲ့စည်းထားပြီး ကျိုးထျန်းကို အနိုင်ယူထားသည်... လောင်းကြေးဖြင့် စိန်ခေါ်ပွဲများ လုပ်နေသည်'
မိန်းမပျိုက စိတ်ဝင်တစား တွေးလိုက်မိသည်။
'တကယ်ကို ထူးခြားတဲ့ မိန်းကလေးပဲ... သူမကို အညံ့ခံအောင် ငါ လုပ်နိုင်မလား ကြည့်ရသေးတာပေါ့'
များမကြာမီမှာပင် မိန်းမပျိုလေးက လေထဲတွင် ပျံသန်း ထွက်ခွာသွားတော့သည်။
...
လူငယ်တစ်ယောက်က တောင်ထွတ်ပေါ်တွင် ခြေပိုက်ဆုံ ထိုင်နေ၏။ သူက ဝင်ရောက်လာသော သတင်းစကားကို ဖမ်းယူလိုက်ချိန်တွင် သူ့ မျက်လုံးများ တောက်ပသွားသည်။
'လန်ကျွယ်ဆီက တကယ်ကို စိတ်ဝင်စားစရာ သတင်းပဲ... တကယ်လို့ ဒါကသာ ကျုံးပြည်နယ်နဲ့ အရှေ့ဘက် ဒေသက ပါရမီရှင်တွေကို စုစည်းပေးနိုင်မယ် ဆိုရင် ငါ သူတို့ကို အဆင့် သတ်မှတ်ပေးဖို့ ကြိုးစားလို့ ရလောက်တယ်'
ချင်ယွင်ဂိုဏ်း၏ လက်ရှိ သူတော်စင် သားတော်မှာလည်း ထိုသတင်းစကားကို လက်ခံရရှိခဲ့လေပြီ။ အရှေ့ဘက် ဒေသတွင် ဤကဲ့သို့သော ပါရမီရှင် တစ်ယောက် ပေါ်ထွက်လာခြင်းအပေါ် သူ အလွန် အံ့အားသင့်သွားသည်။ ထို့ကြောင့် သူမအား သူ့ အစေခံမလေး အဖြစ် သိမ်းပိုက်ရန် ရည်ရွယ်လိုက်၏။
များမကြာမီ သူက ဂိုဏ်းထဲမှ ထွက်ခွာလာပြီး ကျိုယန်ဂိုဏ်းဆီသို့ ဦးတည်သွားသည်။
ထိုစဉ် အဘိုးအိုထျဲက သူ့အား မြင်တွေ့သွားပြီး နောက်မှ လိုက်ပါလာခဲ့လေတော့၏။
***