ပူပြင်းလှသော နေရောင်ခြည်အောက်တွင် တိုက်ခတ်လာသော လေညင်းလေးက သစ်တောအတွင်းသို့ အေးမြခြင်းကို ဆောင်ကြဉ်းပေးနေသည်။ သို့သော်လည်း ကွင်းပြင်အတွင်းရှိ လေထုမှာမူ ကြည်နူးစရာ အကောင်းဆုံး အခြေအနေတွင် ရှိမနေခဲ့ပေ။
"မင်းက ငါ့ကို မြင်တာတောင် နှုတ်မဆက်ရဲအောင် ဘယ်က သတ္တိတွေ ရနေတာလဲ…။"
သားနားသပ်ရပ်စွာ ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးက မြေပြင်ပေါ်တွင် လဲကျနေသူကို ဆဲရေးတိုင်း ထွာရင်း အားပြင်းစွာ ကန်လိုက်လေသည်။
ဗုန်းခနဲ မြည်သံနှင့်အတူ ထျန်ဖုန်း၏ ဝမ်းဗိုက်မှာ ပြင်းထန်စွာ အကန်ခံလိုက်ရပြီး မြေပြင်ပေါ်တွင် အကြိမ်ရေအနည်းငယ် လိမ့်ထွက်သွားလေသည်။
"အဟွတ်... အဟွတ်..."
သူသည် ပိန်ချုံးနေပြီး နွမ်းပါးလှသော အဝတ်အစားများကြောင့် သူတောင်းစားတစ်ဦးနှင့် မခြားနားပေ။ ယခုအခါ သူသည် နာကျင်မှုကြောင့် ဝမ်းဗိုက်ကို ဖိထားရင်း ခွေခေါက်နေရသည်။
ထျန်ဖုန်းသည် ပြင်းထန်သော နာကျင်မှုကြားမှ ခေါင်းကို အားယူကာ မော့ကြည့်လိုက်ရာ သူ့ရှေ့တွင် မောက်မာဝင့်ကြွားစွာ ရပ်နေသော လူငယ်ကို ဒေါသတကြီး စိုက်ကြည့်နေမိသည်။ ထိုသူ၏အမည်မှာ ဟုန်ထို့ဖြစ်ပြီး ဒေသခံ ဟုန်မိသားစုမှ အလိုလိုက်ထားသည့် သခင်လေးတစ်ဦး ဖြစ်သည်။ သူသည် စိတ်သဘောထားသေးသိမ်ပြီး အငြိုးအတေး ကြီးသူလည်း ဖြစ်သည်။
*ငါ ဒီလိုအခြေအနေ ရောက်နေရတာ လမ်းမှာတွေ့တုန်းက သူ့ကို ဦးညွှတ်နှုတ်မဆက်မိလို့တဲ့လား...။*
ဤအကြောင်းကို တွေးမိတိုင်း ထျန်ဖုန်း၏ စိတ်ထဲတွင် နာကျည်းမှုများ ပြည့်လျှံလာသည်။ သူသည် မူလက ဤကမ္ဘာမှ လူတစ်ယောက် မဟုတ်ပေ။ လွန်ခဲ့သော ရက်အနည်းငယ်ကမှ ဤကမ္ဘာသို့ ကူးပြောင်းရောက်ရှိလာသူ ဖြစ်သည်။ သူ့မှာ ကူညီပေးမည့် နတ်ဘုရားဆရာအိုကြီးလည်း မရှိ၊ အရာ ရာကို ပြောင်းလဲပေးနိုင်မည့် နတ်ဘုရားလက်ချောင်းများလည်း မရှိပေ။
နောက်ခံအင်အားကောင်းကောင်းလည်း မရခဲ့ဘဲ သူတောင်းစားနှင့်မခြားသည့် နိမ့်ကျသူတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့သာ ရောက်ရှိလာခဲ့ရလေသည်။
"ဝိုး... မင်းကြည့်ရတာ တော်တော်လေး စိတ်ဆိုးနေတဲ့ပုံပဲ…။"
ဟုန်ထို့သည် ထျန်ဖုန်း၏ အကြည့်ကို ဒေါသမထွက်သည့်အပြင် သူ့ကို မုန်းတီးသော်လည်း ဘာမှ ပြန်မလုပ်နိုင်သည့် အခြေခံလူတန်းစားတစ်ယောက်၏ အားကိုးရာမဲ့ အကြည့်ကို ကြည့်ပြီး သဘောကျ နေပုံရလေသည်။
သူက ထျန်ဖုန်းကို တစ်ချက်ကန်ပြီးနောက် ငြီးငွေ့သွားဟန်ဖြင့် မောက်မာစွာ ကြည့်ရင်း ဆိုလိုက်သည်။
"ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်။ မင်း တတ်နိုင်သလောက် မြန်မြန်ပြေးစမ်း။ ငါ့ရဲ့ 'ဝမ်ချိုက်' ရဲ့ လိုက်လံဖမ်းဆီးမှုကနေ လွတ်အောင် ပြေးနိုင်ရင် မင်းအသက်ကို ငါ ချမ်းသာပေးမယ်…။"
သူသည် ထျန်ဖုန်းကို မြို့ပြင်သို့ ခေါ်ထုတ်လာရခြင်းမှာ သူ၏ခွေးကို အမဲလိုက်ခိုင်းသည့် ကစားပွဲကို ကစားစေချင်သောကြောင့် ဖြစ်သည်။ သူက ဘေးရှိ ခွေးနက်ကြီးကို အမိန့်ပေးလိုက်သည်။
"ဝမ်ချိုက်... ဖြည်းဖြည်းချင်းပဲ ကစားစမ်း၊ တစ်ခါတည်း သေအောင် မလုပ်နဲ့ဦး…"
"ဝုတ်... ဝုတ်... ဝုတ်..."
ဝမ်ချိုက်မှာ သန်မာသော ခြေလက်များနှင့် ထက်မြက်သော အစွယ်ကြီးများ ရှိသည်။ ၎င်း၏ သခင်က နှိပ်စက်ထား၍လား မသိသော်လည်း ၎င်းသည် ထျန်ဖုန်းကို အထင်အမြင်သေးသော မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။
*ဒီတိရစ္ဆာန်ကောင်... နောက်မှ အခွင့်အရေးရရင် အဲ့ဒီခွေးကို အရင်သတ်ပစ်မယ်…*
ထျန်ဖုန်းက စိတ်ထဲမှ ကြိမ်းမောင်းလိုက်သော်လည်း ဘာမှ ပြန်မပြောဘဲ ဟုန်ထို့ကို တစ်ချက် ကြည့်ကာ လှည့်၍ပြေးတော့လေသည်။
"အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိသေးတယ်" ဆိုသည့်အတိုင်း သူသည် ဟုန်ထို့ကို သတ်ချင် နေသော်လည်း ဟုန်ထို့ဘေးရှိ သန်မာသော လူမိုက်များကို မြင်သောကြောင့် ဒေါသကို မြိုသိပ်ကာ အံကြိတ်၍ ပြေးရုံသာ ရှိပေတော့သည်။
လူနှင့် ခွေးမှာ ဝေးရာသို့ ပြေးထွက်သွားရာ ဟုန်ထို့၏ အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့လေသည်။ ထျန်ဖုန်း၏ နှလုံးခုန်သံမှာ မြန်ဆန်လာပြီး ခြေထောက်များမှာလည်း လေးလံလာကာ တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်နေသော်လည်း ရင်ထဲမှ နာကျည်းမှုမှာမူ တဟုန်ထိုး မြင့်တက်နေသည်။
ထိုစဉ် အေးစက်သော အသံတစ်ခု ထျန်ဖုန်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
[ဂုဏ်ယူပါသည် ပိုင်ရှင်'ထွက်ပြေးခြင်းစနစ်'သည် သင့်အား အရှင်သခင်အဖြစ် အောင်မြင်စွာ အသိ အမှတ်ပြုလိုက်ပါပြီ။]
"ဘာ..."
ထျန်ဖုန်းမှာ အံ့အားသင့်သွားပြီးနောက် မယုံနိုင်အောင် ဖြစ်သွားရသည်။
*ငါ့မှာ စနစ် ရှိလာပြီပေါ့… ငါ့ရဲ့ ဆင်းရဲဒုက္ခတွေ အဆုံးသတ်တော့မှာလား…*
ဤအခိုက်အတန့်တွင် ထျန်ဖုန်းသည် စနစ်၏ အကူအညီဖြင့် ဘဝ၏ အထွတ်အထိပ်သို့ ရောက်ရှိတော့ မည်ဟု စိတ်ကူးယဉ်ကာ စိတ်သက်သာရာ ရသွားသည်။ သို့သော် အေးစက်လှသော စနစ်၏ အသံက သူ၏ စိတ်ကူးများကို ချက်ချင်း ရိုက်ချိုးလိုက်သည်။
[ကျေးဇူးပြု၍ ဟုန်ထို့ရှိရာသို့ ချက်ချင်း ပြန်သွားပြီး သူ့ကို ကန်ကာ ပြန်ပြေးပါ။]
သူ ကြောင်သွားသည်။ နားကြားမှားသလားဟုပင် ထင်လိုက်မိသည်။
"ဒါပေမဲ့ ငါ့နောက်မှာ ခွေးက လိုက်နေတာလေ ပြီးတော့ ဟုန်ထို့ဘေးမှာလည်း လူတွေ အများကြီးပဲ။ ငါ ပြန်သွားရင် သေသွားမှာပေါ့…"
"ဒါကိုယ့်ဒုက္ခကိုယ်ရှာခိုင်းနေတာ မဟုတ်ဘူးလား…။"
[တာဝန် မပြီးမြောက်ပါက... အမှုန့်ခြေဖျက်ဆီးခံမည်။]
"မင်း ဘာပြောလိုက်တာလဲ…။"
ထိုစကားကို ကြားရသောအခါ ထျန်ဖုန်း၏ ဒေါသမှာ ငယ်ထိပ်သို့ ရောက်သွားသည်။ ခက်ခက်ခဲခဲ ရုန်းကန်နေရချိန်တွင် စနစ်ကို တွေ့လိုက်ရ၍ ဘဝပြောင်းပြီဟု ထင်ခဲ့သော်လည်း မဖြစ်နိုင်သည့် တာဝန် ကို ပေးပြီး တာဝန်မကျေပါက သတ်ပစ်မည်ဟု ဆိုလာသောကြောင့် ဖြစ်သည်။
*နောက်ဆုံးတော့ စနစ်ရဲ့ ကျွန်ဖြစ်ရတာပဲ မဟုတ်လား။ စနစ် ခိုင်းတာကို ငြင်းပိုင်ခွင့်မရှိဘဲ လုပ်နေရတာ ပဲ...။ ဒီနေ့ ဟုန်ထို့ကို သွားကန်ခိုင်းသလို မနက်ဖြန် ဘာတွေ ထပ်ခိုင်းဦးမလဲ။ ကိုယ့်ကိုယ်ကိုယ် သတ်သေခိုင်းရင်ရော... ဒါဆိုရင် ကျွန်ခံနေရတာနဲ့ သေတာနဲ့ ဘာထူးမှာလဲ…။*
ဤကမ္ဘာတွင် တွယ်တာစရာ ဘာမှမရှိတော့သည့်အတွက် ထျန်ဖုန်းသည် အဆုံးအစွန်ထိ တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်လေတော့သည်။
"မင်းကို ငါက..."
သူ ဆဲဆိုရန် ပြင်လိုက်စဉ်မှာပင် နောက်ထပ် အသံတစ်ခု စိတ်ထဲ၌ ထပ်မံ ထွက်ပေါ်လာပြန်သည်။
[သင့်တွင် သေလမ်းရှာလိုသည့် ပါရမီနှင့် စိတ်ဓာတ်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။ သေလမ်းရှာ စနစ် သည် သင့်အား အရှင်သခင်အဖြစ် အောင်မြင်စွာ အသိအမှတ်ပြုလိုက်ပါပြီ။]
ယခင်စနစ်၏ အေးစက်သော အသံနှင့်မတူဘဲ ဤအသံမှာ အသက်ဝင်လှပြီး နောက်ပြောင်လိုသော ပုံစံရှိသည်။
"တာဝန်မကျေရင် ဖျက်ဆီးပစ်ဦးမှာလား အဲ့ဒါဆိုရင်တော့ မင်းလည်း လစ်လိုက်တော့…"
ထျန်ဖုန်းက ဒေါသတကြီး ပြန်အော်လိုက်သည်။
[ပိုင်ရှင်... စိတ်မပူပါနဲ့။ ငါ့စနစ်မှာ ဖျက်ဆီးပစ်တယ်ဆိုတဲ့ ပြစ်ဒဏ်မရှိဘူး။ ငါ့ရဲ့စနစ်က ပြဿနာရှာပြီး သေလမ်းရှာဖို့ပဲ ဒါပေမဲ့ ပိုင်ရှင်အသက်ရှင်ဖို့ကိုတော့ ငါ အာမခံပါတယ်။ ပိုင်ရှင်ရဲ့ ကျွမ်းကျင်မှုကို အသုံးချပြီး ပြဿနာရှာဖို့ပဲ အာရုံစိုက်စမ်းပါ]
ခေတ္တမျှ ရပ်ပြီးနောက် သေလမ်းရှာစနစ်က ဆက်ပြောလိုက်သည်။
[ဘယ်လိုသဘောရပါသလဲ။ ကိစ္စကြီးကြီးမားမားလေး လုပ်ကြည့်ချင်ပါသလား။ ဒီအညံ့စား ထွက်ပြေး ခြင်းစနစ်ကို ဖျက်ဆီးပြီး ငါ့ကို ဝါးမြိုခိုင်းမလား]
"ဘယ်လို… စနစ်ကို ဖျက်ဆီးလို့ ရတယ် ဟုတ်လား…။"
ထျန်ဖုန်းမှာ မယုံနိုင်အောင် ဖြစ်သွားရသည်။
[ဒါပေါ့… ငါတို့ လုပ်ကြတာပေါ့]
ထျန်ဖုန်းက ဝေခွဲမရနိုင် ဖြစ်နေခဲ့သည်။
*မင်း ငါ့ကို သတ်ချင်ရင် ငါကလည်း မင်းကို သေအောင်လုပ်မှာပဲ…*
"ဒါပေမဲ့ ငါ ဘာလုပ်ရမလဲ…. ပြီးတော့ ငါတို့ စကားပြောနေတာကို ဟိုစနစ်က မကြားဘူးလား…"
ထျန်ဖုန်းက ပြေးလွှားရင်း စိုးရိမ်တကြီး မေးလိုက်သည်။
[စိတ်မပူနဲ့ ငါ အစပြုပြီး စကားပြောရင် သူ မကြားနိုင်ဘူ။]
[ပထမဆုံးအနေနဲ့ သူ့ဆီက တိုက်ပွဲဝင်အမှတ်တွေရအောင် လုပ်ပြီး သူ့ရဲ့ စွမ်းအင်ကို လျှော့ချလိုက်။ ပြီးရင် တစ်ကြိမ်လောက် သေကြည့်လိုက် သေတဲ့ပုံစံက ဆန်းလေလေ ပိုကောင်းလေပဲ။ ပိုင်ရှင်သေ သွားတဲ့ အချိန်မှာ သူ ပြင်းပြင်းထန်ထန် ဒဏ်ရာရလိမ့်မယ် အဲ့ဒီအခါကျမှ ငါက သူ့ကို အလုံးစုံချုပ် ငြိမ်းအောင် လုပ်လိုက်မယ်]
ထျန်ဖုန်း လန့်သွားခဲ့သည်။
"ဒါက ငါ့ကို သေခိုင်းနေတာပဲ မဟုတ်ဘူးလား…"
[ဘာတွေ စိုးရိမ်နေတာလဲ။ ငါ့အမည်ကိုက သေလမ်းရှာစနစ်ပဲ ပိုင်ရှင်ကို အသေခံမှာ မဟုတ်ပါဘူး။ ပိုင်ရှင်က ပြဿနာရှာရုံပဲ အသက်က တစ်ချောင်းတည်းမှ မဟုတ်တာ]
[မင်း သွားလေရာမှာ ပုံရိပ်ထိန်းသိမ်းခြင်း လုပ်ဆောင်ချက် ကို သုံးပြီး ပုံရိပ်ပွားတစ်ခု ထားခဲ့လို့ ရတယ်။ ပိုင်ရှင်သေသွားရင် အဲ့ဒီပုံရိပ်ကနေ ပြန်ရှင်လာလိမ့်မယ်။ ပိုင်ရှင်ရဲ့ ဆံပင်တစ်ပင်တောင် မလျော့စေရဘူး လို့ ငါ အာမခံတယ်]
ခေတ္တစဉ်းစားပြီးနောက် ထျန်ဖုန်းမှာ ရွေးချယ်စရာ မရှိတော့မှန်း သိလိုက်သည်။ 'ထွက်ပြေးခြင်းစနစ်' ရဲ့ ကျွန်အဖြစ် အသတ်ခံမလား ဒါမှမဟုတ် သေလမ်းရှာစနစ် ရဲ့ စကားကို နားထောင်ကြည့်မလား။
တွေဝေမနေတော့ဘဲ သူသည် သေလမ်းရှာစနစ် ၏ ပုံရိပ်ဖမ်းယူခြင်း လုပ်ဆောင်ချက်ကို အသုံးပြု လိုက်သည်။ အချိန်က အကန့်အသတ် ရှိနေသဖြင့် စနစ်၏ မျက်နှာပြင်ကိုပင် သူ သေချာမကြည့်နိုင် တော့ပေ။
ပုံရိပ်ဖမ်းယူလိုက်သည့် ခဏမှာပင် မှေးမှိန်ပြီး မြင်သာသော ပုံရိပ်တစ်ခု သူရှိနေသည့် နေရာတွင် ကျန်ရစ်ခဲ့ကာ ပျောက်ကွယ်သွားလေသည်။
ပုံရိပ်ဖမ်းယူခြင်း အောင်မြင်သည်ဟူသော အကြောင်းကြားစာကို မြင်မှ ထျန်ဖုန်း စိတ်အေးသွားရသည်။ ဝမ်ချိုက်၏ အကိုက်ခံရမှုကြောင့် သူ၏ ခန္ဓာကိုယ်တွင် သွေးများ စိုရွှဲနေပြီ ဖြစ်သည်။
"ထွက်ပြေးခြင်းစနစ်... ငါ့ကို တိုက်ပွဲဝင်အမှတ်တစ်ခုခု ပေးဦးလေ။ အခု ငါက ခွေးတစ်ကောင်ကို တောင် မကျော်နိုင်ဘူး။ ဟုန်ထို့ဘေးမှာလည်း လူတွေ အများကြီးပဲ။ ဒီလိုပုံစံနဲ့ သူ့ကို ငါ ဘယ်လို သွားကန် နိုင်မှာလဲ…။"
ထွက်ပြေးခြင်းစနစ်မှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အေးစက်စွာ ပြောလာခဲ့သည်။
[သင့်မှာ အချိန် (၅) မိနစ်ပဲ ရှိတယ်။ (၅) မိနစ်အတွင်း မပြီးရင် သင့်ကို ဖျက်ဆီးပစ်မယ်။]
[ဒင်… သင်သည် 'ကြယ်တာယာသဖွယ် အပြေးနှင်ခြင်း' စွမ်းရည်ကို အလိုအလျောက် တတ်မြောက်သွားပါ ပြီ။]
ဤအခိုက်အတန့်တွင် ထျန်ဖုန်း၏ သတ်ဖြတ်လိုစိတ်မှာ ပိုမိုပြင်းထန်လာခဲ့သည်။ (၅) မိနစ်ဆိုသည်မှာ ဟုန်ထို့ဆီ ပြန်ရောက်ရန်ပင် မလွယ်ကူသဖြင့် ဤစနစ်ကို ဖျက်ဆီးရန်သာ သူ ဆုံးဖြတ်လိုက်သည်။
*ကြယ်စင်သဖွယ် အပြေးနှင်ခြင်း ဆိုတာ ဘာကြီးလဲ...။*
သူ့စိတ်ထဲတွင် ထိုကျွမ်းကျင်မှုနှင့် ပတ်သက်သည့် အသိပညာများ ဝင်ရောက်လာသည်။ သူသည် ချက် ချင်းပင် ထိုစွမ်းရည်ကို အသုံးပြုလိုက်သည်။ သူသည် ခြေထောက်များကို အပြင်ဘက်သို့ ကားကာ၊ လက်များကို ဝေ့ယမ်းရင်း ခြေလှမ်းများကို မြင့်မြင့်ကြွကာ ပြေးလေတော့သည်။ ကြည့်ရသည်မှာ ပျံတက်တော့မည့် ဘဲတစ်ကောင်နှင့်ပင် တူနေခဲ့သည်ပင်။
"ဒါ ဘာကြီးလဲကွာ... ရုပ်ဆိုးလိုက်တာ…"
ထျန်ဖုန်းက ညည်းညူလိုက်သော်လည်း ထိုပြေးနည်းကြောင့် သူ၏ အရှိန်မှာ (၃၀) ရာခိုင်နှုန်းခန့် မြန်ဆန်လာခဲ့သည်။
ဝမ်ချိုက်ပင် သူ့နောက်သို့ လိုက်မမီတော့ပေ။ သူ့ရှေ့တွင် မြင်နေရသော ကမ်းပါးကြီးကို ကြည့်ရင်း ထျန်ဖုန်း အစီစဉ်တစ်ခု ချလိုက်သည်။
"ဝုတ်..."
ဝမ်ချိုက်က သူ့ကို ထပ်မံကိုက်ရန် ခုန်အုပ်လိုက်သည်။
"မင်းလို တိရစ္ဆာန်ကောင်... ဒီနေ့ သေဖို့သာ ပြင်ထားတော့…"
ထျန်ဖုန်းက အံကြိတ်ကာ ဆဲဆိုလိုက်ပြီး ဝမ်ချိုက်၏ လည်ပင်းကို ဆွဲဖမ်းကာ ကမ်းပါးပေါ်မှ အတူတူ ခုန်ချလိုက်လေတော့သည်။
ကမ်းပါးမှာ မီတာ ဆယ်ဂဏန်းခန့် မြင့်မားပြီး အောက်တွင် ကျောက်ဆောင်များ ရှိနေသည်။ လူနှင့် ခွေး မှာ မြန်ဆန်လှသော အရှိန်ဖြင့် အောက်သို့ ထိုးဆင်းသွားကြသည်။ ဝမ်ချိုက်မှာ ကြောက်လန့်တကြား အော်ဟစ်နေပြီး ၎င်း၏ ဘဝတွင် တစ်ခါမျှ ဤမျှ ကြောက်စရာကောင်းသော အတွေ့အကြုံမျိုး မရှိခဲ့ဖူးလောက်ပေ။
ထျန်ဖုန်းမှာလည်း မကြောက်ဘဲ မနေနိုင်ပေ။ သူ မသေနိုင်မှန်း သိသော်လည်း ဤမြင်ကွင်းမှာ ကြောက်စရာကောင်းလှပေသည်။
"ဗုန်း…"
ပြင်းထန်သော မြည်ဟီးသံနှင့်အတူ ခွေးခေါင်းနှင့် လူခေါင်းမှာ ကျောက်ဆောင်ပေါ်သို့ ပြုတ်ကျသွားကြ သည်။ ဝမ်ချိုက်၏ ဦးခေါင်းခွံမှာ ချက်ချင်းပင် ကြေမွသွားပြီး အသံပင် မထွက်နိုင်ဘဲ သေဆုံးသွားလေ တော့သည်။
ထျန်ဖုန်းမှာမူ ထူးခြားစွာပင် သူ၏ ခန္ဓာကိုယ်မှာ အဖြူရောင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်တွင် အဝတ်အစားများသာ ကျန်ရစ်ခဲ့လေသည်။
သာမန်လူများ သို့မဟုတ် မြင့်မားသော ကျင့်ကြံသူများပင် ဤနေရာ၌ ဘာဖြစ်သွားသည်ကို မသိနိုင် သော်လည်း သေလမ်းရှာစနစ် ကမူ အရာရာကို မြင်နေရသည်။ မရေမရာသော အရာတစ်ခုမှာ တုန်လှုပ်ချောက်ချားစွာဖြင့် ထွက်ပြေးရန် ကြိုးစားနေပြီး ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်ရန် ပြင်နေသည်။
၎င်းမှာ 'ထွက်ပြေးခြင်းစနစ်' ပင် ဖြစ်သည်။ ထျန်ဖုန်း သေဆုံးသွားခြင်းက ၎င်းကို ပြင်းပြင်းထန်ထန် ထိခိုက်စေခဲ့သည်။ ၎င်း၏ အေးစက်သော အသံမှာ ယခုအခါ တုန်ယင်နေပြီး ဒေါသတကြီး ကြိမ်းမောင်း နေလေတော့သည်။
[အသုံးမကျတဲ့ အမှိုက်ကောင်... ဒီလောက်မြန်မြန် သေသွားရလား...။]"
***