"ဒါ... ဒါ ဝမ်ချိုက်လား။ မင်း တကယ်ကြီး ဝမ်ချိုက်ကို သတ်ပစ်လိုက်တာလား…။"
ဝမ်အားကော်သည် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အကြီးအကျယ် ဒေါသထွက်သွားလေသည်။ ဖျင်ကျန်းမြို့တစ်မြို့လုံးတွင် ဟုန်မိသားစုကို ဤကဲ့သို့ ဆက်ဆံရဲသူ မည်မျှရှိသနည်း။ သခင်လေး ဟုန်ထို့၏ခွေးကို သတ်ရဲသည့်သူကရော ဘယ်သူရှိသနည်း။
"ကောင်လေး... မင်းတော့ သေဖို့သာ ပြင်ထားတော့။ အခုချက်ချင်း အဖမ်းခံစမ်း...။"
ဝမ်အားကော် စကားမဆုံးသေးခင်မှာပင် ဘာမှန်းမသိသော အရာဝတ္ထုနှစ်ခုမှာ သူ့ထံသို့ အရှိန်အဟုန် ဖြင့် လွင့်ပျံလာသည်။
"ဘတ်…"
ထိုအရာတစ်ခုမှာ ဝမ်အားကော်၏ မျက်နှာတည့်တည့်ကို အရှိန်ဖြင့် ထိမှန်သွားသည်။ ၎င်းသည် သူ၏ မျက်နှာပေါ်ရှိ သွေးစများနှင့် ချက်ချင်းပင် ရောနှောသွားတော့သည်။ အပုပ်နံ့တစ်ခုကလည်း နှာခေါင်း ထဲသို့ တိုးဝင်လာခဲ့သည်။
"အား... ကောင်လေး။ ငါ မင်းကို သတ်ပစ်မယ်…။"
ဝမ်အားကော်သည် သူ၏မျက်နှာကို ကိုင်ကြည့်လိုက်ရာ သွေးရောင်လွှမ်းနေသော မျက်နှာမှာ ဒေါသ ကြောင့် ပို၍ နီမြန်းလာပြီး တုန်ရီနေတော့သည်။
"ဟေး... ကျေးဇူးတင်တယ်လို့ ပြောဦးလေ။ စီနီယာ ထျန်ဖုန်းကို ကျေးဇူးတင်ပါတယ်လို့ ပြောစမ်းပါ ဦး…။"
ထျန်ဖုန်းက အောက်သို့ ငုံ့ကြည့်ရင်း သူ၏ညာလက်ကို မြေပြင်၌ ပွတ်သပ်ကာ ခပ်အေးအေးပင် ပြန်ပြော လိုက်သည်။
[ရန်သူ တစ်ထောင်ကို သတ်ဖို့ ကိုယ့်ဘက်က ရှစ်ရာ အရှုံးခံတာပဲ။ ပိုင်ရှင်က တကယ်ကို ရက်စက် တာပဲ။]
စနစ်က မှတ်ချက်ပေးလိုက်သည်။
"ငါက ဘယ်သူ့အတွက် လုပ်နေတာလဲ။ ငါ မိုးလင်းမိုးချုပ် သိက္ခာတွေ အရှက်တွေ အကုန်ချနင်းပြီး လုပ်နေရတာ အားလုံးက မင်းအတွက်ပဲ မဟုတ်လား….။"
ထျန်ဖုန်းက ချက်ချင်းပင် ပြန်ချေပလိုက်သည်။
ပြန်စဉ်းစားကြည့်လျှင် သူသည် မူလက ပညာတတ်တစ်ယောက် ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါ စနစ် ကြောင့် ဤကဲ့သို့သော အောက်တန်းကျသည့် အလုပ်များကို လုပ်နေရသည်ပင်။ အကယ်၍ ကောင်းမှု လုပ်လျှင် တိုက်ပွဲဝင်အမှတ်ပေးမည်ဆိုပါက သူသည် ဤကဲ့သို့ ကိုယ်ကျင့်တရားမဲ့သည့် အလုပ်များကို အဘယ်ကြောင့် လုပ်နေပါမည်နည်း။ ဤအရာအားလုံးသည် စနစ်ကြောင့်သာ ဖြစ်သည်။
"ငါ မင်းကို သတ်မယ်… မင်းရဲ့ အရေခွံကို နွှာပစ်မယ်…။"
ဝမ်အားကော်က ဒေါသတကြီးအော်ဟစ်လိုက်သည်။
"ငါ့ဘဝမှာ ဒီလောက် အရှက်ကွဲရတာမျိုး တစ်ခါမှ မကြုံဖူးဘူး…။"
လူတစ်ယောက်ကို သတ်ချင်လျှင် ခေါင်းဖြတ်သတ်လိုက်ရုံသာ ရှိသည်ကို ဤကဲ့သို့ ရွံစရာကောင်းသည့် နည်းလမ်းကို သုံးရသလော။
[ရန်သူ၏ ဒေါသကို စစ်ဆေးတွေ့ရှိရပါသည်။ တိုက်ပွဲဝင်အမှတ် တိုးမြှင့်ပေးလိုက်ပါပြီ။]
အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။
ထျန်ဖုန်းက တစ်ခုခုကို သတိရသွားပြီး အသဲအသန် မေးလိုက်သည်။
"မင်း ထွက်ပြေးခြင်းစနစ်ကို ဝါးမြိုလိုက်ပြီ မဟုတ်လား။ ဘာလို့ အသံက ရှိနေသေးတာလဲ…။"
[ပိုင်ရှင်ရဲ့ နူးညံ့တဲ့ စိတ်နှလုံးကို သိမ်းထားလိုက်စမ်းပါ။ ငါက သူ့ရဲ့ အသိစိတ်ကိုပဲ ဖျက်ဆီးလိုက်တာ။ အခု သူက ငါတို့ ခိုင်းတာလုပ်ပေးမယ့် အခမဲ့ အလုပ်သမား ဖြစ်သွားပြီ။ ငါက ကိစ္စတိုင်းကို လိုက်စီမံ နေဖို့ အချိန်မရှိဘူးလေ။]
ထျန်ဖုန်း၏ မျက်နှာမှာ ပျက်သွားသော်လည်း စိတ်သက်သာရာ ရသွားသည်။ ဝမ်အားကော်သည် ဘေးလမ်းမှတစ်ဆင့် ကမ်းပါးပေါ်သို့ တက်လာပြီး သူ့ကို ကလဲ့စားချေရန် ပြင်နေသည်ကို တွေ့သော် လည်း ထျန်ဖုန်းမှာ တားဆီးခြင်း သို့မဟုတ် ထွက်ပြေးခြင်း မပြုခဲ့ပေ။
ထိုအစား မြေပြင်မှ ကျောက်တုံးများကို ကောက်ယူကာ ဝမ်အားကော်ထံသို့ ဆက်တိုက် ပစ်ပေါက်နေ တော့သည်။ ဝမ်အားကော်သည် တောင်ပတ်လမ်းအတိုင်း ရှောင်တိမ်းကာ တက်လာသော်လည်း သူ၏ ဦးခေါင်းမှာ ဖူးယောင်နေပြီး မျက်နှာမှာလည်း သွေးများဖြင့် ဖုံးလွှမ်းနေလေသည်။
တစ်ဖက်လူ ဟိုဟိုဒီဒီ ခုန်ပေါက်ရှောင်တိမ်းနေသည်ကို ကြည့်ပြီး ထျန်ဖုန်းက လှောင်ပြောင်လိုက်သည်။
"အိုး... ခွေးချောင်ပိတ်မိရင် တံတိုင်းကျော်တတ်တယ်ဆိုတာ မင်း တကယ် တတ်မြောက်သွားတာပဲ။ ဒါ ဘာလဲ... ပိတ်မိနေတဲ့ ခွေးတစ်ကောင် ခုန်ပေါက်နေတာလား…။"
"မင်း... ပါးစပ်သရမ်းတဲ့ ကောင်လေး။ ခဏနေရင် မင်း အလှည့်ရောက်တော့မှာပါ…"
ခေါင်းထဲတွင် မူးဝေ နာကျင်နေသော်လည်း ဝမ်အားကော်သည် ထျန်ဖုန်းနှင့် နီးကပ်လာလေလေ သူ၏ အပြုံးမှာ ပို၍ ရက်စက်လာလေလေ ဖြစ်သည်။ သူ့ရှေ့က ကောင်လေးမှာ သာမန်လူတစ်ယောက်သာ ဖြစ်ပြီး သူ့ကို တိုက်ခိုက်နိုင်စွမ်း သို့မဟုတ် သူ့ထက် မြန်မြန်ပြေးနိုင်စွမ်း မရှိဟု သူ ထင်နေသည်။
*ငါ သူ့ကို မိတာနဲ့ သေတာထက် ပိုဆိုးတဲ့ ငရဲကို မြင်စေရမယ်…။*
မီတာ တစ်ဆယ်ခန့်သာ လိုတော့ကြောင်း တွေ့ရသောအခါ ဝမ်အားကော်မှာ အရှိန်ကုန် တက်လာတော့ သည်။
"ဟားဟားဟား... ကောင်လေး၊ သေဖို့သာ ပြင်ထားတော့!"
"မင်းလို မစင်လူသားကြီးက ဝေးဝေးကိုသာ သွားစမ်းပါ…။"
ထျန်ဖုန်းက အဝေးမှ အော်ဟစ်ကာ ထွက်ပြေးရင်း ပြောလိုက်သည်။
"တောက်... မင်း မစင်စွန့်ပြီးရင် ဖင်မဆေးဘူးလား။ အနံ့က နံစော်နေတာပဲ။ တစ်ကိုယ်ရေ သန့်ရှင်းရေး လေး ဘာလေး ဂရုစိုက်စမ်းပါဦး….။"
"မင်း... မင်း... ကောက်ကျစ်တဲ့ကောင်…။"
ဝမ်အားကော်၏ ဒေါသမှာ ငယ်ထိပ်သို့ ရောက်သွားပြီး မျက်လုံးများ နီမြန်းလာသည်။ ဒီအရာတွေကို ပစ်ပေါက်ခဲ့တာက မင်း မဟုတ်ဘူးလား။ အခုကျမှ ဘာလို့ ပါးစပ်က အဲ့ဒီလို ပြောရဲတာလဲ။ မင်းမှာ အရှက်ရော ရှိရဲ့လား။
*ဒီကောင်လေးရဲ့ လက်တွေကို ကြည့်စမ်း... ရန်သူတစ်ထောင်သတ်ဖို့ ကိုယ့်ဘက်က ရှစ်ရာ အရှုံးခံပြီး အခုထိ ဟန်ဆောင်နေတုန်းပဲလား။ မင်းကိုယ်မင်း သန့်ရှင်းလှပြီပေါ့ ဟုတ်လား…။*
"နေဦး… တစ်ခုခုတော့ မှားနေပြီ…။"
တဖြည်းဖြည်းနှင့် ဝမ်အားကော် တစ်ခုခု မှားနေသည်ကို သတိပြုမိသွားသည်။
*သာမန်လူတစ်ယောက်ကို သူ ဘာလို့ အခုထိ မမီနိုင်သေးတာလဲ…။*
ဝမ်အားကော်က ထျန်ဖုန်းကို သေချာ စိုက်ကြည့်လိုက်သည်။
"ဘယ်လို... ဒီကောင်လေးက ဘယ်လိုလုပ် ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၂) ကို ရောက်နေတာလဲ…"
ဝမ်အားကော်မှာ ထိတ်လန့်သွားပြီး သူ၏ ခြေလှမ်းများမှာ အလိုလို နှေးကွေးသွားသည်။ သို့သော် ဝမ်အား ကော် နှေးသွားခြင်းကို ထျန်ဖုန်းက မကျေနပ်ပေ။ အကြောင်းမှာ သူတို့ကြားက ဒေါသနှင့် အကွာ အဝေး လျော့နည်းသွားပါက တိုက်ပွဲဝင်အမှတ် နည်းသွားမည်ဖြစ်သောကြောင့် ဖြစ်သည်။
*ဒါက မဖြစ်သေးဘူး။ တစ်ဖက်လူ ငါ့နောက်ကို လိုက်ချင်စိတ်ရှိအောင် ငါ တွန်းအားပေးရမယ်…။*
သူသည် သိုလှောင်ခန်းထဲမှ နောက်ထပ် အထုပ်တစ်ထုပ်ကို ကျွမ်းကျင်စွာ ထုတ်လိုက်ပြီး ဝမ်အားကော် ၏ မျက်နှာတည့်တည့်သို့ ပစ်ပေါက်လိုက်သည်။
"မင်းရဲ့ ခွေးဗိုက်က ဆာလွန်းလို့ အားမရှိတော့တာလား။ ဒါဆိုလည်း ဝအောင်စားပြီးမှ မြန်မြန် လိုက်ခဲ့ စမ်းပါ။ အားမနာပါနဲ့ ဒါတွေက ငါ လမ်းမှာ တွေ့လို့ ကောက်လာတာတွေပါ…။"
"မင်း... မင်း တကယ်ကို ယုတ်မာညစ်ပတ်တာပဲ ငါ မင်းကို သေအောင်သတ်ပစ်မယ်…။"
ဝမ်အားကော်မှာ ရူးမတတ် ဖြစ်သွားရသည်။ သူသည် တစ်ဖက်လူကိုလည်း မမီသည့်အပြင် ဤကဲ့သို့ လည်း အရှက်ခွဲခံနေရသည်။ သူ၏ အဆုတ်မှာ ဒေါသကြောင့် ပေါက်ထွက်တော့မည့်အတိုင်း ခံစား နေရ ပြီး အသည်းမှာလည်း နာကျင်လာသည်။ အရင်ကတည်းက နာနေသော ဦးခေါင်းမှာလည်း ပွင့်ထက် တော့မတတ် ခံစားရကာ မူးဝေလာတော့သည်။
[ရန်သူ၏ ဒေါသမှာ အသည်းနာကျင်သည့် အဆင့်အထိ မြင့်တက်လာကြောင်း စစ်ဆေးတွေ့ရှိရပါ သည်။ တိုက်ပွဲဝင်အမှတ် တိုးမြှင့်လိုက်ပါပြီ။]
"ဟားဟားဟား…"
ထျန်ဖုန်းက အားရပါးရ ရယ်မောလိုက်သည်။ သူ၏လက်များမှာ စပ်ဖျဉ်းဖျဉ်း ဖြစ်နေသော်လည်း သူ၏ ကြိုးစားမှုများမှာ အရာထင်လာပြီ ဖြစ်သည်။
"ရယ်... မင်းအမေကို ရယ်နေတာလား…။"
ထျန်ဖုန်း၏ ရယ်သံကို ကြားရသောအခါ ဝမ်အားကော်၏ ဒေါသမှာ ပေါက်ကွဲသွားတော့သည်။ ယခု အခါ သူ၏စိတ်ထဲတွင် ထျန်ဖုန်းကို ဖမ်းမိပြီး နှိပ်စက်သတ်ဖြတ်ရန်သာ ရှိတော့သည်။ သူသည် စကား မပြော တော့ဘဲ ယခင်ထက် ပိုမြန်သော အရှိန်ဖြင့် ပြေးဝင်လာခဲ့သည်။
ထျန်ဖုန်းက လှည့်ကြည့်ပြီး လက်မထောင်ကာ ချီးကျူးလိုက်သည်။
"ခွေးဆိုတာ ခွေးပီသပါပေတယ်။ ဗိုက်ဝသွားတော့ တကယ်ကို အားရှိလာတာပဲ…။"
"ဝေါ့..."
ဝမ်အားကော်သည် ဒေါသအလွန်အမင်း ထွက်နေစဉ် ထျန်ဖုန်း၏ စကားကို ကြားလိုက်ရသဖြင့် မီးလောင် ရာ လေပင့်သလို ဖြစ်သွားရသည်။ ခေါင်းတွင် ဒဏ်ရာရှိနေသည့်အပြင် အပြင်းအထန် လှုပ်ရှားနေမှု ကြောင့် သူ၏ ရင်ထဲတွင် ပိတ်ဆို့နေသော ဒေါသများမှာ အဆုံးစွန်ထိ ရောက်သွားသည်။
ရိုက်ခတ်မှုများစွာအောက်တွင် ဝမ်အားကော်သည် သွေးတစ်ပွက် အန်ထုတ်လိုက်ပြီး ခွန်အားများ ကုန်ခမ်းကာ လမ်းအနည်းငယ် ဒယိမ်ဒယိုင်လျှောက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ သူသည် ထျန်ဖုန်းကို ဒေါသထွက်လွန်းသဖြင့် သွေးအန်သည်အထိ ဖြစ်သွားရသည်။ ဤမျှ ဒေါသကြီး သော သူမျိုးကို သူ တစ်ခါမှ မမြင်ဖူးပေ။
[ ဂုဏ်ယူပါသည် ပိုင်ရှင်။ ရန်သူကို သွေးအန်သည်အထိ ဒေါသထွက်အောင် လုပ်နိုင်ခဲ့ပါသည်။ တိုက်ပွဲ ဝင်အမှတ် ကို ထပ်မံ တိုးမြှင့်ပေးလိုက်ပါပြီ။ ]
"ဟားဟားဟား…။"
ထျန်ဖုန်းသည် အားရပါးရ ရယ်မောရင်း လမ်းဘေးရှိ လူခေါင်းခန့်ရှိသော ကျောက်တုံးကြီးတစ်တုံးကို မကာ ဝမ်အားကော်ထံသို့ ပစ်ချလိုက်သည်။ ဝမ်အားကော်မှာ ဒဏ်ရာပြင်းထန်နေသဖြင့် ပျာပျာသလဲ ရှောင်တိမ်းလိုက်သော်လည်း သူ၏ ရင်ဘတ်ကိုသာ လွတ်အောင် ရှောင်နိုင်ခဲ့ပြီး သူ၏ ဘယ်ဘက် ခြေထောက်မှာမူ တည့်တည့်ကြီး အထုခံလိုက်ရသည်။
"ဂျွတ်…"
"အား..."
ချီစွမ်းအင်သန့်စင်ခြင်း အဆင့်( ၂) ဆိုသည်မှာ သာမန်လူထက် အနည်းငယ်သာ သန်မာခြင်း ဖြစ်ပြီး မပျက်စီးနိုင်သော ခန္ဓာကိုယ်မျိုး မရှိသေးပေ။ သူ၏ ခြေထောက်အရိုးမှာ ထိုနေရာတင် ကျိုးသွားလေ တော့သည်။
ထျန်ဖုန်းက နောက်ထပ် ကျောက်တုံးတစ်တုံးကို မလိုက်သည်ကို မြင်သောအခါ ဝမ်အားကော်သည် ချက်ချင်းပင် အသက်ချမ်းသာပေးရန် တောင်းပန်လေတော့သည်။
"လူကြီးမင်း... လူကြီးမင်း... ကျွန်တော့်အသက်ကို ချမ်းသာပေးပါ…။"
"ချမ်းသာပေးရမယ် ဟုတ်လား။ မင်းတို့ ငါ့ကို နှိပ်စက်တုန်းကရော ငါ့ကို ချမ်းသာပေးခဲ့ကြလို့လား…။"
ထျန်ဖုန်းက ရက်စက်စွာ ပြုံးလိုက်သည်။ ဟုန်ထို့က သူ့ကို နှိပ်စက်စဉ်က ဝမ်အားကော်မှာ ဘေးမှနေ၍ အားရပါးရ ကြည့်နေခဲ့သူ ဖြစ်သည်။
"ဒါ... ဒါပေမဲ့... မင်း ငါ့ကို သတ်ရင် သခင်လေးက မင်းကို လွှတ်မှာမဟုတ်ဘူး၊ ဟုန်မိသားစုကလည်း လွှတ်မှာမဟုတ်ဘူး…။"
တောင်းပန်၍ မရမှန်း သိသောအခါ ဝမ်အားကော်က ခြိမ်းခြောက်လာခဲ့သည်။ ထို့နောက် သူက မျက်လုံး အစုံကို ကစားရင်း
"ငါ့ကို လွှတ်ပေးမယ်ဆိုရင် မင်း သေသွားပြီလို့ ငါ ပြန်ပြောပေးမယ်။ ဒါဆို မင်း ဟုန်မိသားစုရဲ့ လိုက်လံ ဖမ်းဆီးမှုကို မခံရဘဲ လွတ်လွတ်လပ်လပ် နေလို့ရတာပေါ့…။"
ထျန်ဖုန်းက အထင်အမြင်သေးစွာ ပြုံးလိုက်သည်။
"အဆိုးဆုံးဖြစ်ရင် သေရုံပဲပေါ့။ ဘာကိစ္စရှိလဲ… ထျန်ဖုန်းဆိုတဲ့ငါက သေရမှာ ကြောက်တယ်လို့ မင်း ထင်နေတာလား…။"
ထိုသို့ပြောပြီးနောက် ဝမ်အားကော်၏ တောင်းပန်တိုးလျှိုးသံများကို လျစ်လျူရှုကာ ခါးခန့်တုတ်သော ကျောက်တုံးကြီးဖြင့် ဝမ်အားကော်ကို ထပ်မံ ထုချလိုက်လေတော့သည်။
ကျောက်တုံးမှာ ဝမ်အားကော်၏ ရင်ဘတ်တည့်တည့်ကို ထိမှန်သွားပြီး နံရိုးများစွာ ကြေမွသွားေသည်။ သွေးများမှာ အဝတ်အစားများပေါ်တွင် စိုရွှဲသွားပြီး ဝမ်အားကော်သည် သွေးတစ်ပွက် ထပ်အန်ကာ သတိလစ်သွားလေတော့သည်။
တစ်ဖက်လူ လုံးဝ မသေသေးမှန်း သိသဖြင့် ထျန်ဖုန်းသည် အံကြိတ်ကာ ကျောက်တုံးကို ပြန်မပြီး ဝမ်အားကော်၏ ဦးခေါင်းကို ထပ်မံ ထုချလိုက်လေသည်။
ခေတ္တမျှအကြာတွင် ထျန်ဖုန်းသည် ဝမ်အားကော်၏ အလောင်းပေါ်မှ ငွေရှစ်ပြားနှင့် ဓားမြှောင်တစ်စင်း နကို သိမ်းယူလိုက်သည်။ သူ၏ မြင့်မြတ်သော ကိုယ်ကျင့်တရားကို ပြသသည့်အနေဖြင့် ဝမ်အားကော်ကို နံစော်နေသော မြောင်းတစ်ခုထဲ၌ ခပ်လွယ်လွယ်ပင် မြှုပ်နှံပေးလိုက်သည်။
"စနစ်... ငါ့ရဲ့ တိုက်ပွဲဝင်အမှတ် ဘယ်မှာလဲ…။"
[ဂုဏ်ယူပါသည် ပိုင်ရှင်။ ထွက်ပြေးခြင်းဆုလာဘ်အဖြစ် အပြေးဒင်္ဂါး (၁၅၀) နှင့် အစပြုသူတိုက်ပွဲဝင် အမှတ် မိုးတိမ်ခြေလှမ်း (လျှို့ဝှက်ဆန်းကြယ်အဆင့်) ကို ရရှိပါသည်။]
ထျန်ဖုန်း၏ စိတ်ထဲသို့ မိုးတိမ်ခြေလှမ်း နှင့် ပတ်သက်သည့် အသိပညာများ ချက်ချင်း ဝင်ရောက်လာ သည်။ ၎င်းသည် လျှို့ဝှက်ဆန်းကြယ် အလယ်အလတ်အဆင့် ခြေလှမ်းပညာရပ်ဖြစ်ပြီး သာမန် ထွက်ပြေးခြင်းထက် အဆပေါင်းများစွာ သာလွန်ပေသည်။
စနစ်ဆိုင်ကို ဖွင့်ကြည့်လိုက်သောအခါ ပစ္စည်းအများစုမှာ နည်းစနစ်များ၊ ဆေးလုံးများနှင့် လက်နက် ကိရိယာများ ဖြစ်နေသည်။ နည်းစနစ်များကို တစ်တွဲချင်းစီ ခွဲ၍ ဝယ်ယူနိုင်လေသည်။
ငွေလိုနေသော ထျန်ဖုန်းသည် နောက်ဆုံးတွင် အပြေးဒင်္ဂါး (၁၀၀) သုံး၍ ထာဝရစိမ်းလန်းခြင်း လျှို့ဝှက် ကျမ်း ၏ ပထမတွဲကို ဝယ်ယူလိုက်သည်။ ၎င်းသည် မြေကမ္ဘာအဆင့် နည်းစနစ်ဖြစ်ပြီး ပထမတွဲကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် အထိ ကျင့်ကြံနိုင်သည်။ နည်းစနစ်များ၏ အဆင့်အတန်းမှာ အမြင့်ဆုံးမှ အနိမ့်ဆုံးသို့ -ကောင်းကင်အဆင့်၊မြေကမ္ဘာအဆင့်၊ နက်နဲအဆင့် ၊ အဝါရောင်အဆင့်ဟူ၍ ခွဲခြားထားလေသည်။
‘ထာဝရစိမ်းလန်းခြင်း လျှို့ဝှက်ကျမ်း’ ကို ဝယ်ယူပြီးနောက် သူသည် ချက်ချင်းပင် လေ့လာနိုင်ခဲ့သည်။ သက်ဆိုင်ရာ အသိပညာများမှာ သူ၏ ဦးနှောက်ထဲတွင် အလိုအလျောက် စွဲမြဲသွားပြီး ကျင့်ကြံရန် လိုအပ်သော မရီဒါန် ကိုလည်း စနစ်က ဖွင့်ပေးလိုက်၏။ ထို့နောက် ကျန်ရှိသော အပြေးဒင်္ဂါး (၅၀) ဖြင့် ကိုယ်ဖျောက်နည်းစနစ် ကို ဝယ်ယူလိုက်လေသည်။
*အပြေးဒင်္ဂါးတွေက လိုနေသေးတာပဲ….။ တိုက်ပွဲဝင်အမှတ် တွေလည်း လိုနေသေးတယ်…။ ငါ ကိစ္စ ကြီးကြီးမားမားတစ်ခုခု လုပ်ရမယ် ထင်တယ်…*
ထျန်ဖုန်းသည် မကောင်းကြံသည့် အကြံအစည်များကို စဉ်းစားနေမိသည်။
*နောက်တစ်ကြိမ်လောက် ထပ်လုပ်ရမယ် ထင်တယ်….*
သူသည် မြစ်နားသို့ သွားကာ လက်ကို ဆေးကြောပြီးနောက် ဝမ်ချိုက်ကို ထုတ်ယူ၍ ကင်စားရန် ပြင်လိုက်လေသည်။ သို့သော် ခွေးခေါင်းကို ကြည့်ရင်း ထျန်ဖုန်း၏ မျက်နှာတွင် အကြံတစ်ခု ပေါ်လာခဲ့ လေသည်။
"ဟုတ်ပြီ…"
သူသည် ခွေးခေါင်းကို ချက်ချင်း ဖြတ်လိုက်ပြီး ဝမ်အားကော် ရှိရာသို့ ပြန်သွားခဲ့လိုက်သည်။
"ခွေးညီနောင်... လူတွေပြောတာတော့ သေလူဆိုတာ မြေကြီးထဲမှာ ငြိမ်းချမ်းဖို့အတွက် ပြန်လာခဲ့တာ တဲ့။ ဒါပေမဲ့ မင်း အခုမငြိမ်းချမ်းသေးနဲ့ဦး။ မင်းရဲ့ ခေါင်းကို ခဏလောက် ငှားပါဦး မင်းရဲ့ နောက်ဆုံး တာဝန်ကို ထမ်းဆောင်ပေးခဲ့ဦးနော်…။"
ထိုသို့ပြောပြီးနောက် သူသည် ဝမ်အားကော်၏ အလောင်း မအေးခင်မှာပင် ဦးခေါင်းကို ဖြတ်လိုက် သည်။ ဤကဲ့သို့ လုပ်ရပ်မျိုးမှာ ထျန်ဖုန်းအတွက် ပထမဆုံးအကြိမ် ဖြစ်သဖြင့် အလုပ်လုပ်နေစဉ် အတွင်း အကြိမ်ကြိမ် အန်မိခဲ့လေသည်။ နောက်ဆုံးတွင် ဝမ်အားကော်ကို ပြန်မြှုပ်ပေးရန် ပျင်းနေ သဖြင့် ဒီအတိုင်းပင် ထားခဲ့လိုက်လေတော့သည်။
"မင်းကို တစ်ခါသတ်ပြီး တစ်ခါ မြှုပ်ပေးခဲ့တာက တကယ်ကို ယဉ်ကျေးမှုရှိရာ ရောက်ပါတယ်။ မင်းကို ငါ တစ်ခါ မြှုပ်ပေးပြီးပြီပဲ၊ နောက်တစ်ခါ ထပ်မြှုပ်ပေးဖို့ မတောင်းဆိုနဲ့တော့လေ…။"
***