“ဝမ်အားကော် ဘာလို့ ခုထိပြန်မလာသေးတာလဲ…။”
တောအုပ်ထဲတွင် ဟုန်ထို့သည် လက်ပိုက်ကာ ရပ်နေပြီး သူ့မျက်နှာပေါ်တွင် စိတ်မရှည်မှုများက အထင်းသားပေါ်လွင်နေပေသည်။ ဝမ်အားကော် သေသည်ဖြစ်စေ၊ ရှင်သည်ဖြစ်စေ သူဂရုမစိုက်ပေ။ မြို့ထဲပြန်ပြီး ပျော်ပါးရန်သာ စိတ်လောနေခြင်းဖြစ်သည်။
ဝမ်အားကော်ကြောင့် အချိန်ကြန့်ကြာနေရသဖြင့် သူ အတော်လေး မကျေမနပ် ဖြစ်နေခဲ့၏။
“ငါတို့ အရင် ပြန်ကြမယ်။ အဲဒီ ခွေးကောင်သာ ဒီည ဝမ်ချိုက်ကို ပြန်ခေါ်မလာနိုင်ရင် သူပါ ပြန်လာစရာ မလိုတော့ဘူး….။”
ထိုသို့ပြောပြီးနောက် သူက ဦးဆောင်လျှက် မြို့ဘက်ဆီသို့ ထွက်သွားလိုက်လေသည်။ ဝမ်အားကော်နှင့် ထျန်ဖုန်းတို့၏ အသက်အန္တရာယ်ကို သူ လုံးဝ ဂရုမစိုက်ပေ။
သူ့အမြင်တွင် ထျန်ဖုန်းဆိုသည်မှာ အလွယ်တကူ သတ်ပစ်နိုင်သည့် အောက်ခြေလူတန်းစား သာမန်လူ တစ်ယောက်မျှသာ ဖြစ်သည်။
သာမန်လူတစ်ယောက် သေသွားသည်ဖြစ်စေ၊ ရှင်နေသည်ဖြစ်စေ သူ့အတွက် ဘာခြိမ်းခြောက်မှုမှ မဖြစ်စေနိုင်ပေ။
ဝမ်တကော်နှင့် ဝမ်ဆန်းကော်တို့ အချင်းချင်း အကြည့်ချင်းဖလှယ်လိုက်ကြ၏။ ၎င်းတို့၏ ညီဖြစ်သူ အတွက် အနည်းငယ် စိုးရိမ်နေသော်လည်း သက်ပြင်းချကာ ဟုန်ထို့နောက်သို့ လိုက်သွားခဲ့ကြရလေ တော့သည်။
...
ဗိုက်တင်းအောင် စားသောက်ပြီးနောက် ထျန်ဖုန်းလည်း ဖျင်ကျန်းမြို့သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
သာမန်လူတစ်ယောက်ဖြစ်သော ထျန်ဖုန်းက ဝမ်အားကော်ကို သတ်နိုင်လိမ့်မည်ဟု ဟုန်ထို့ လုံးဝ မထင် ထားခဲ့သဖြင့် မြို့တံခါးအစောင့်များကိုလည်း အကြောင်းကြားထားခြင်း မရှိပေ။
ထျန်ဖုန်းသည် အရင်ကလည်း ဖျင်ကျန်းမြို့သို့ ရောက်ဖူးသဖြင့် ယခုတစ်ခေါက်တွင် လုံးဝကြီး အစိမ်း သပ်သပ်တော့ ဖြစ်မနေခဲ့တော့။
စုတ်ပြတ်ပေရေနေသော သူ့အား မြို့စောင့်တပ်သားများနှင့် သာမန်ပြည်သူများက ရွံရှာအထင်သေး သော အကြည့်များဖြင့် ကြည့်နေကြသော်လည်း ဖျင်ကျန်းမြို့ထဲသို့ သူ ဝင်ရောက်လာခဲ့သည်။
ကျယ်ဝန်းသော လမ်းမကြီးများ၏ ဘေးတစ်ဖက်တစ်ချက်တွင် ရှေးဟောင်းအဆောက်အအုံများနှင့် လှပသေသပ်သော မျှော်စင်ကြီးများက စီတန်းလျက်ရှိနေကြသည်။
လမ်းမများပေါ်တွင် ရေတွက်၍မရနိုင်သော ဈေးသည်များက ပစ္စည်းများကို အော်ဟစ်ရောင်းချနေကြ သဖြင့် အထူးပင် စည်ကားနေလျှက်ရှိလေသည်။
ဖြတ်သန်းသွားလာနေသူ အများစုမှာ ပိုးသားအဝတ်အစားများကို ဝတ်ဆင်ထားကြသော်လည်း ဆင်းရဲ နွမ်းပါးသူ အချို့ကမူ စုတ်ပြတ်နေသော အဝတ်အစားများကို ဝတ်ဆင်ထားကြသည်။
ထျန်ဖုန်းက ဟိုဟိုဒီဒီ သိပ်မကြည့်တော့ဘဲ အဝတ်အထည်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်သွားလိုက်သည်။ ဆိုင်ဝန်ထမ်းက သူ့ကို မောင်းမထုတ်ရသေးခင်မှာပင် ငွေတစ်တေးလ်ကို ကောင်တာပေါ်သို့ ဘုန်းခနဲ ပစ်တင်လိုက်သဖြင့် ဝန်ထမ်း၏ နှင်ထုတ်မည့်စကားများ လည်ချောင်းထဲတွင် တိမ်မြုပ်ပျောက်ကွယ် သွားခဲ့လေသည်။
“ဧည့်သည်တော်ကြီး... ဘာများ ဝယ်ယူချင်ပါသလဲ ခင်ဗျာ။”
ဆိုင်ဝန်ထမ်းက ဖော်ရွေစွာဖြင့် မေးလိုက်လေသည်။
“မင်းတို့ဆီမှာ အသင့်ဝတ်လို့ရတဲ့ အဝတ်အစားတွေ ရှိလား…။”
“ရှိပါတယ်…”
“ငါနဲ့ တော်မယ့်အဝတ်စား သုံးစုံနဲ့ ဖိနပ် သုံးရန် ပေး…။”
“အာ... ပြီးတော့ အနက်ရောင် ကိုယ်ကျပ်ဝတ်စုံတစ်စုံပါ ပေးဦး….။”
နောက်ဆုံးတွင် ဆိုင်ဝန်ထမ်းက ပစ္စည်းများအားလုံး ထုပ်ပိုးပေးပြီးနောက် ထျန်ဖုန်းက ငွေတစ်တုံးကို ပစ်ပေးလိုက်ပြီး ပိုက်ဆံအမ်းမည့်အချိန်ကို စောင့်နေလိုက်သည်။
ထိုအခါ... ထျန်ဖုန်းနှင့် ဆိုင်ဝန်ထမ်းတို့ နှစ်ယောက်သား တစ်ယောက်မျက်နှာ တစ်ယောက် စိုက်ကြည့် နေခဲ့ကြ၏။
ဆိုင်ဝန်ထမ်း : “ဧည့်သည်တော်ကြီး... ငွေတစ်တုံးလိုနေသေးလို့ပါ…။”
ထျန်ဖုန်းက မျက်တောင်တစ်ချက်မခတ်ဘဲ လက်မထောင်ပြကာ ပြောလိုက်သည်။
“မဆိုးဘူး... မင်းရဲ့ သတ္တိကို ငါ လေးစားသွားပြီ…။”
ကျင့်ကြံခြင်းလောကပီပီ ဒီနေရာမှာ ငွေဆိုတာ သိပ်ပြီး တန်ဖိုးမရှိလှချေ။
သူက နောက်ထပ် ငွေတစ်တုံးကို ပေါ့ပေါ့ပါးပါးပင် ပစ်ပေးလိုက်လေသည်။
သို့သော် စိတ်ထဲတွင်မူ ထိုဆင်းရဲလှသော ခွေးကောင် ဝမ်အားကော်ကို ကျိန်ဆဲနေမိခဲ့၏။
ယိုကျန်း တည်းခိုခန်း ထဲသို့ ထျန်ဖုန်း ဝင်သွားသည်နှင့် ဆိုင်ဝန်ထမ်းက သူ့ကို မောင်းထုတ်လေတော့ သည်။
“သွား သွား သွား... ဒီသူတောင်းစားက ဘယ်ကရောက်လာတာလဲ…။”
ဝန်ထမ်း၏ ရွံရှာမှုနှင့် စိတ်မရှည်မှုများက အထင်းသား ပေါ်လွင်နေသည်။
ထျန်ဖုန်း ချက်ချင်းပင် ဒေါသထွက်သွားသည်။
*တောက်... သူတို့တွေက ငါ့ကို ငွေထုတ်ပြဖို့တောင် အချိန်မပေးကြဘူးလား…။*
အနည်းဆုံးတော့ အထည်ဆိုင်က သူ့ကို ပေးဝင်ခဲ့သေးသည်။
“ဘုန်း…”
ငွေတုံးကို ဆုပ်ကိုင်ထားသော ထျန်ဖုန်း၏ လက်သည် ကောင်တာပေါ်သို့ ဘုန်းခနဲ ရိုက်ချလိုက်သဖြင့် ခိုင်ခံ့သော ကောင်တာကြီးပင် တုန်ခါသွလေသည်။
သူက ချီစွမ်းအင်ကို တိတ်တဆိတ် လည်ပတ်လိုက်ရာ ငွေတုံးမှာ ကောင်တာပေါ်သို့ တစ်လက်မခန့် နစ်ဝင်သွားလေသည်။
လက်ဝါးပြင်မှ စူးကနဲ နာကျင်မှုကို ကြိတ်မှိတ်သည်းခံရင်း ထျန်ဖုန်းက ဟန်မပျက် ပြောလိုက်သည်။
“ဘာလဲ... မင်းက ငါ့ကို အထင်သေးတာလား။ ငါနဲ့ အရောင်းအဝယ် မလုပ်ချင်ဘူးပေါ့လေ…။”
“ဒါက...”
ဆိုင်ဝန်ထမ်းမှာ ထိုနေရာတွင်ပင် ကြက်သေသေသွားတော့သည်။ ငွေတုံးကို ခဏဖယ်ထားဦး ဒီလို ခွန်အားမျိုးရှိတဲ့လူက တည်းခိုခန်းမှာ မတည်းနိုင်စရာ အကြောင်းမရှိပေ။
ကောင်တာနောက်တွင် ထိုင်နေသော ဗိုက်ရွှဲရွှဲနှင့် ဆိုင်ရှင်ဖြစ်သူသည်လည်း လန့်ဖြန့်သွားတော့သည်။ ကောင်တာပေါ်တွင် နစ်ဝင်နေသော ငွေတုံးကို ကြည့်ပြီး သူ့ရှေ့မှလူသည် အလွန်အမင်း အစွမ်းထက်သူ မဟုတ်လောက်သော်လည်း သာမန်လူတော့ မဟုတ်ကြောင်း သူ နားလည်လိုက်သည်။
သူက အလျင်အမြန် မတ်တတ်ရပ်ကာ လက်အုပ်ချီပြီး ပြောလိုက်၏။
“တောင်းပန်ပါတယ် ဧည့်သည်တော်ကြီး ခင်ဗျာ။ ကျွန်တော့်တပည့်က လူကဲခတ်ညံ့လို့ပါ။ သူ့ကို ခွင့်လွှတ်ပေးပါဦး…။”
ထို့နောက် ဆိုင်ဝန်ထမ်းကို ဒေါသတကြီး ငေါက်ငမ်းလိုက်လေသည်။
“ဒီ ခွေးမျက်စိနဲ့ကောင်... ဧည့်သည်တော်ကြီးကို အခုချက်ချင်း တောင်းပန်လိုက်စမ်း…။”
တစ်လက်မခန့် နစ်ဝင်နေသော ငွေတုံးကို မြင်သောအခါ သူ ပြဿနာရှာမိပြီဖြစ်ကြောင်း ဆိုင်ဝန်ထမ်း သိလိုက်သည်။ ဤသို့သောသူသည် အစွမ်းကုန် မထက်မြက်လျှင်တောင်မှ သူ ရန်စလို့ရမည့်သူမျိုး မဟုတ်ပေ။
သူ့စိတ်ထဲတွင်လည်း မကျေနပ်မှုများ ပြည့်နှက်နေသည်။
*ဒီလောက် အစွမ်းအစရှိတာကို အဝတ်အစားလေး သပ်သပ်ရပ်ရပ် ဝတ်လို့မရဘူးလား။ ခင်ဗျားဘာ တွေရူးကြောင်ကြောင် လုပ်နေတာလဲ…။*
“တောင်းပန်ပါတယ် ဧည့်သည်တော်ကြီး…။ ကျွန်တော့်ရဲ့ မိုက်မဲမှုကို ခွင့်လွှတ်ပေးပါ…။”
ဆိုင်ဝန်ထမ်းမှာ အကြောက်လွန်ပြီး ပိန်လှီသော ခန္ဓာကိုယ်လေးမှာ တုန်ယင်နေလေသည်။ ထျန်ဖုန်းက အလွယ်တကူ လွှတ်မပေးလျှင် သူ အရိုက်ခံရဖို့ သေချာသလောက်ရှိနေသောကြောင့် စိုးရိမ်နေခြင်းပင် ဖြစ်သည်။
ထျန်ဖုန်းက ဆက်ပြီး အငြင်းပွားမနေချင်တော့ပေ။ သူက လက်ဝှေ့ယမ်းပြလိုက်ကာ
“ငါ့ကို အခန်းတစ်ခန်း ပေး…။”
ကောင်တာနောက်မှ ဆိုင်ရှင်ဖြစ်သူက ဓားမြှောင်ဖြင့် ငွေတုံးကို ကလော်ထုတ်နေသည်ကို လျစ်လျူရှု ကာ အခန်းသော့ကိုယူပြီး အခန်းထဲသို့ ဝင်လာခဲ့သည်။ ရေချိုးပြီးနောက် အဝတ်အစားသစ်များကို လဲလှယ်လိုက်သည်။
သူသည် ကမ္ဘာကူးပြောင်းလာသူဖြစ်သောကြောင့် ဤခန္ဓာကိုယ်မှာ မူလပိုင်ရှင်၏အရာ ဖြစ်သော်လည်း ယခုအခါတွင် သူ၏အရာ ဖြစ်လာခဲ့ပြီဖြစ်သည်။
ကမ္ဘာကူးပြောင်းလာချိန်တွင် မူလပိုင်ရှင်၏ မှတ်ဉာဏ်အချို့နှင့် သူ ပေါင်းစပ်သွားခဲ့သည်။
မူလပိုင်ရှင်မှာ သူတောင်းစားတစ်ပိုင်းဖြစ်နေသော သာမန်လူတစ်ယောက်ဖြစ်သည်။ အသိအကျွမ်းမရှိ၊ အံ့ဖွယ်နောက်ခံမရှိ၊ ဆွေမျိုးမရှိ၊ ပိုင်ဆိုင်မှုမရှိသော တကယ့်ကို သူတောင်းစားတစ်ပိုင်း ဖြစ်သည်။
သို့သော် ဤခန္ဓာကိုယ်က ထျန်ဖုန်း၏ မူလရုပ်ရည်နှင့် ခပ်ဆင်ဆင်တူလေသည်။ မူလပိုင်ရှင်၏ နာမည် က ဘယ်လိုပဲဖြစ်ဖြစ် ထျန်ဖုန်း ဂရုမစိုက်ပေ။ ယခုမှစ၍ သူသည် ထျန်ဖုန်း ဟူသော အမည်ဖြင့်သာ နေထိုင် သွားမည်ဖြစ်သည်။
ရှေးဟောင်းအဝတ်အစားများနှင့် ဆံပင်အရှည်တို့ကို ဝတ်ဆင်ထားသော ကြေးမုံပြင်ထဲမှ သူ၏ ရုပ်သွင် ကို ကြည့်ရင်း သူသည် ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၂) သို့ ချိုးဖျက်ဝင်ရောက်သွားပြီ ဖြစ်ကြောင်း ခန့်မှန်းမိလိုက်သည်။ သူ၏ ရုပ်ရည်ကလည်း အတော်လေး ကြည့်ကောင်းပေသည်။
ထျန်ဖုန်းက မျက်မှောင်အနည်းငယ် ကြုတ်ကာ သက်ပြင်းချလိုက်သည်။
“နှမြောစရာပဲ... ဒီလို ချောမောတဲ့ ရုပ်ရည်လေးနဲ့ နောက်ကျရင် ချေးလိုက်ကော်ပြီး အရှက်ကွဲရဦး မယ်…။”
ပြဿနာမရှာဘဲနေရန်မှာ မဖြစ်နိုင်ပေ။ ပြဿနာရှာမှသာ သူ အသက်ရှင်ရပ်တည်နိုင်မည် မဟုတ်ပါ လား။
လုပ်စရာအလုပ် မရှိတော့သဖြင့် ထျန်ဖုန်းသည် တင်ပျဉ်ခွေ ထိုင်လိုက်သည်။
သူက ထာဝရစိမ်းလန်းခြင်းနည်းစနစ်ကို ကျင့်ကြံနေလိုက်သည်။
စနစ် က သူ့ကို စတင်ကျင့်ကြံနိုင်ရန် ကူညီပေးထားပြီးဖြစ်သဖြင့် ထျန်ဖုန်းသည် ကျင့်ကြံခြင်းတွင် လျင်မြန်စွာ ကျွမ်းကျင်လာခဲ့သည်။
ချီစွမ်းအင် အမျှင်တန်းလေးများသည် သူ၏ မရီဒါန် များအတွင်း စီးဆင်းသွားစဉ် သူသည် အခြားသော နည်းစနစ်များကို မကျင့်ကြံဖူးသော်လည်း ထာဝရစိမ်းလန်းခြင်း နည်းစနစ် ၏ စွမ်းအားနှင့် နက်နဲမှုကို ခံစားသိရှိနိုင်နေလေသည်။
“မြေကမ္ဘာအဆင့် နည်းစနစ် ဆိုတဲ့အတိုင်းပဲ…။”
“ဒီကမ္ဘာမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေများ ရှိမလား မသိဘူး…။”
အချိန်ကုန်သွားမှန်း မသိတော့ဘဲ ကျင့်ကြံခြင်းတွင် သူ နစ်မြောသွားခဲ့တော့သည်။ ကြက်တွန်သံများ ကြားရပြီး ကောင်းကင်ယံ တဖြည်းဖြည်း လင်းထိန်လာချိန်အထိပင်။ ထိုအချိန်မှသာ တစ်ညတာသည် ကုန်လွန်သွားခဲ့ပြီဖြစ်ကြောင်း ထျန်ဖုန်း သတိထားမိလိုက်သည်။
“ဟာ ဒုက္ခပဲ... ဟုန်မိသားစုဆီကို ခွေးခေါင်း သွားပို့ဖို့ မေ့သွားတယ်…။”
သူ၏ ကျင့်ကြံခြင်းအဆင့်ကို အာရုံခံကြည့်ပြီးနောက် ထိုကိစ္စကို ခေါင်းထဲမှ ချက်ချင်း ထုတ်ပစ်လိုက် သည်။
“ငါ တကယ်ကြီး ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၃) ကို ရောက်သွားတာလား…။”
ဝမ်အားကော်တို့သည် အသက်သုံးဆယ်ကျော်မှ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် - အဆင့် (၂) တွင်သာ ရှိသေးသော်လည်း သူက သူ့ကိုယ်သူ ပါရမီရှင်တစ်ယောက်ဟု မသတ်မှတ်ထားပေ။ သူတို့တွေ ဘယ်အချိန်က စပြီး ကျင့်ကြံခဲ့လဲဆိုတာ ဘယ်သူသိမှာတဲ့လဲ။
သူတို့က အဝါရောင်အဆင့် နည်းစနစ်လောက်ကိုပဲ ရထားပြီး အသက် နှစ်ဆယ်၊ သုံးဆယ်ရောက်မှ စတင်ကျင့်ကြံခဲ့ခြင်းလည်း ဖြစ်နိုင်သည်မဟုတ်ပါလား။
သူ့မှာက မြေကမ္ဘာအဆင့် နည်းစနစ် ရှိနေသည်ပင်။ ထို့အပြင် စနစ် က သူ့ကို အစပျိုးပေးထားပြီး မရီဒါန်အချို့ကို ရှင်းလင်းပေးထားသေးသည်။
တခြားလူတစ်ယောက်သာ မြေကမ္ဘာအဆင့် နည်းစနစ်ကို ရခဲ့မည်ဆိုလျှင်တောင်မှ စတင်မကျင့်ကြံရဲခင် အချိန်အကြာကြီး လေ့လာရဦးမည်ဖြစ်သည်။ ထို့ပြင် လမ်းညွှန်ပြသပေးမည့် ဆရာတစ်ယောက်လည်း လိုအပ်ပေသေးသည်။
သူ့လို မဟုတ်ပေ။ အခြေခံအစပျိုးခြင်းသာ ဖြစ်သော်လည်း စနစ် က တိုက်ရိုက် ကိုင်တွယ်ပေးခဲ့ခြင်း ဖြစ်သည်။
“ဒါ ကောင်းတာပေါ့။ ငါ ပိုပြီး အစွမ်းထက်လာလေ... ပြဿနာရှာတဲ့အခါ အောင်မြင်ဖို့ အခွင့်အရေး ပိုများလာလေပဲ…။”
“ဒါနဲ့ ပြောရရင်... ငါ့မှာ အပြေးဒင်္ဂါးတွေ ဒါမှမဟုတ် တိုက်ပွဲဝင်အမှတ်တွေ လုံလုံလောက် လောက်ရှိရင် ဆေးလုံးတွေ၊ ပိုသန်မာတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ နဲ့ လဲလှယ်လိုက်လို့ရတယ်။ အဲဒါဆို ငါ့ရဲ့ ကျင့်ကြံခြင်း အမြန်နှုန်းက အများကြီး တိုးတက်လာမှာပဲ။ ကြည့်ရတာ ပြဿနာရှာပြီး သေလမ်းရှာမယ့် အလုပ်ကို တော့ ရပ်လို့မရတော့ဘူး ထင်တယ်….။”
ထျန်ဖုန်းက ကျင့်ကြံခြင်းကို မရပ်တန့်ခဲ့ပေ။ သူက ဆိုင်ဝန်ထမ်းကို အစားအသောက်များ လာပို့ခိုင်းပြီး စားသောက်ပြီးနောက် ကျင့်ကြံခြင်းသို့ ပြန်လည်ဝင်ရောက်သွားလေသည်။မွန်းတည့်ချိန်ရောက်မှသာ သူ ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။
နေ့လယ်စာစားပြီးနောက် သူက ဟုန်မိသားစုအား လေ့လာစုံစမ်းရန် ထွက်လာခဲ့လေသည်။ မြို့ထဲတွင် ဟုန်ထို့နှင့်ဆုံပြီး မှတ်မိသွားမည်ကို သူ မစိုးရိမ်တော့ပေ။ ယခုအခါ သူသည် အရင်က သူတောင်းစား လေးနှင့် လုံးဝ ကွာခြားသွားခဲ့ပြီ ဖြစ်သည်။
အကယ်၍ မှတ်မိသွားလျှင်ရော ဘာဖြစ်သေးလဲ။
အလွန်ဆုံးရှိ သေသွားရုံပေါ့... စက္ကန့်အနည်းငယ်ကြာရင် ချေးလိုက်ကော်နေတဲ့ အထာကျကျ သူရဲကောင်းကြီးတစ်ယောက် ပြန်ဖြစ်လာမှာပဲလေ….။
***