ထျန်ဖုန်းသည် ဟုန်အိမ်တော်အပြင်ဘက်တွင် မည်သူ့ကိုမှ သံသယမဝင်စေပဲ လှည့်ပတ်လေ့လာ နေခဲ့လေသည်။
ဟုန်အိမ်တော်သည် ခမ်းနားထည်ဝါသော အငွေ့အသက်များရှိပြီး ၎င်း၏ ခြံစည်းရိုးတံတိုင်းများကို အဆင့်မြင့် အပြာရောင်အုတ်ချပ်များဖြင့် အပြည့်အဝ တည်ဆောက်ထားရာ အလွန်ပင် ခန့်ညား ထည်ဝါလှလေသည်။
ပင်မတံခါးကြီး၏ တစ်ဖက်တစ်ချက်စီတွင် အသက်ဝင်နေသကဲ့သို့ သေသပ်လှပစွာ ထုဆစ်ထားသော ခြင်္သေ့ကျောက်ဆင်းတု တစ်ရုပ်စီက အသက်ဝင်နေသည့်အလားပင်ရှိနေ၏။
ဟုန်အိမ်တော်တစ်ခုလုံးသည် ဧရိယာအားဖြင့် ဧကတစ်ရာခန့် ကျယ်ဝန်းပြီး သေမျိုးကမ္ဘာတွင် အထူး သဖြင့် ဖျင်ကျန်းမြို့ကဲ့သို့ နေရာသေးသေးလေးတစ်ခု၌ ဤသည်မှာ အလွန်ပင် ကြီးကျယ်မြင့်မြတ် လှပေသည်။
"တောက်... ဒီ ဟုန်မိသားစုက သာမန်ပြည်သူတွေကို အမြတ်ထုတ်နေတာပဲ။ ဒီလောက်ကြီးမားတဲ့ အိမ်တော်ကြီးကို ဆောက်ဖို့ ပြည်သူတွေဆီက သွေးထွက်အောင်ရှာထားတဲ့ ငွေကြေးတွေ ဘယ်လောက် တောင် ညှစ်ထုတ်ထားလိုက်မလဲ မသိဘူး…။"
ထျန်ဖုန်းက တွေးမိလေလေ ဒေါသထွက်လာလေလေဖြစ်ပြီး ရေရွတ်လိုက်သည်။
"ဒီလောက်ကြီးတဲ့ နေရာကြီးကို အများသုံး အိမ်သာအဖြစ် မသုံးလိုက်ရတာ နှမြောစရာပဲ…။"
သူသည် စုံစမ်းထောက်လှမ်းရန် ဟုန်အိမ်တော်အတွင်းသို့ မဝင်ခဲ့ဘဲ အပြင်ဘက်မှသာ လေ့လာ စောင့်ကြည့်ခဲ့လေသည်။
ညနေစောင်းချိန်သို့ ရောက်လာပြီး ကောင်းကင်ကြီးမှာ မှောင်ရီပျိုးစပြုလာပြီဖြစ်သည်။
"ဒီည တရားမျှတမှုကို စီရင်ဖို့ ငါ ပြန်လာခဲ့မယ်…။"
ထျန်ဖုန်းက တည်းခိုခန်းဆီသို့ လှည့်ပြန်သွားခဲ့ပြီး မနက်မလင်းမီ ညဉ့်နက်ပိုင်းအချိန်ထိ ကျင့်ကြံနေခဲ့ လေသည်။
အချိန်ကျပြီဟု ခံစားရသောအခါ သူသည် အနက်ရောင် ကိုယ်ကျပ်ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်ပြီး မျက်နှာဖုံးတစ်ခုကို တပ်ဆင်လိုက်သည်။
ထို့နောက် ကိုယ်ဖျောက်နည်းစနစ် ကို အသုံးပြုကာ ပြတင်းပေါက်မှ ခုန်ထွက်သွားလေတော့သည်။
ညအမှောင်ထုထဲတွင် ဝိုးတဝါး ပုံရိပ်တစ်ခုသည် လမ်းသွယ်လေးများထဲတွင် လျှင်မြန်စွာ ရွေ့လျားသွား လာနေ၏။
ကိုယ်ဖျောက်နည်းစနစ်သည် အဆင့်နိမ့်ကျင့်ကြံသူများအကြားတွင် အတွေ့များသော နည်းစနစ် မဟုတ်ဘဲ ကျွမ်းကျင်စွာတတ်မြောက်ရန်မှာလည်း အလွန်ခက်ခဲပေသည်။
ချီစွမ်းအင်သန့်စင်ခြင်းအဆင့်(၈) သို့မဟုတ် (၉) ရှိသော ကျင့်ကြံသူများပင် ထိုနည်းစနစ်ကို သိချင်မှ သိပေမည်။ ကိုယ်ဖျောက်နည်းစနစ် ၏ အဆောင်ကို ရရှိရန်နှင့် ကျွမ်းကျင်ရန်မှာ လူအများစုအတွက် ခက်ခဲသောကိစ္စတစ်ခု ဖြစ်နေသောကြောင့်ပင်တည်း။
ထျန်ဖုန်း၏ ကိုယ်ဖျောက်နည်းစနစ် မှာ သေးငယ်သော ဖျင်ကျန်းမြို့လေးအတွင်း၌ ရေထဲရောက်သွား သော ငါးတစ်ကောင်ကဲ့သို့ အသုံးဝင်လှပေသည်။ သူသည် ဟုန်အိမ်တော်အတွင်းသို့ အားစိုက်ထုတ်စရာ သိပ်မလိုဘဲ ဝင်ရောက်သွားနိုင်ခဲ့သည်။
အိမ်တော်အတွင်း၌ မီးရောင်များ မှိန်ဖျော့နေပြီး ကျောက်တောင်တုများ၊ စီးဆင်းနေသော ရေတံခွန်ငယ် များနှင့် အထပ်ထပ်တည်ဆောက်ထားသော မျှော်စင်များ ရှိနေသည်။ ညချမ်းအချိန်သည် တိတ်ဆိတ် ငြိမ်သက်နေပြီး ရေစီးသံကိုသာ ကြားနေရလေသည်။
လုံခြုံရေးက သိပ်ပြီး မတင်းကြပ်လှပေ။ မည်သို့ပင်ဆိုစေ ဖျင်ကျန်းမြို့တွင် ဟုန်မိသားစုကို သေသည် အထိ ရန်စရဲသူ မရှိသလောက်ပင် ဖြစ်သည်။ အကယ်၍ ဟုန်မိသားစုကို မကြောက်လျှင်တောင်မှ မြစိမ်းတောင်ဂိုဏ်း၏ မျက်နှာကိုတော့ ထောက်ထားရပေမည်။
အတိုချုပ်ပြောရလျှင် ဟုန်မိသားစုကို ရန်စရဲသူများက မြစိမ်းတောင်ဂိုဏ်းကို မရန်စရဲကြပေ။ မြစိမ်း တောင်ဂိုဏ်းကို ရန်စရဲသူများကလည်း ဟုန်မိသားစုလို အသေးအမွှားကို ပစ်မှတ်ထားဖို့ရာ ပျင်းရိ ကြလေသည်။
ကင်းလှည့်နေသော အိမ်တော်အစေခံများကို ရှောင်ကွင်းရင်း ထျန်ဖုန်းက အတွင်းဆောင်ဘက်သို့ ဦးတည်သွားလိုက်သည်။
"အဲဒီ ခွေးကောင် ဟုန်ထို့ရဲ့ အဆောင်က ဘယ်အဆောင်လဲဟ…။"
ထျန်ဖုန်းက သူ့ခေါင်းကို ကုတ်လိုက်ရင်း အနည်းငယ် အခက်တွေ့သွားသည်။
"ထားလိုက်တော့... တစ်ယောက်ယောက်ကိုပဲ မေးကြည့်လိုက်တော့မယ်…။"
ထျန်ဖုန်းသည် ကျင့်ကြံခြင်းအဆင့်မရှိသော အစောင့်အစေခံတစ်ဦးကို အမြန်ဆုံး ပစ်မှတ်ထားလိုက် သည်။ သူသည် ထိုသူ့ကို အလွယ်တကူပင် ဖမ်းဆီးထိန်းချုပ်လိုက်ပြီး နေရာကို မေးမြန်းပြီးနောက် သတိလစ်သွားအောင် ရိုက်ချလိုက်သည်။
ထို့နောက် သူ့ထံမှ တစ်တုံးတည်းသော ငွေစကို ယူကာ ချုံပုတ်ထဲသို့ ပေါ့ပေါ့ပါးပါး ပစ်သွင်းလိုက်လေ သည်။ သူက ဆက်လက်၍ ခိုးကြောင်ခိုးဝှက် ရှေ့ဆက်သွားခဲ့ရာ ဟုန်ထို့၏ အဆောင်သို့ ချောမွေ့စွာ ရောက်ရှိသွားခဲ့လေသည်။
အခန်းတွင်း၌ မီးများ လင်းထိန်နေပြီး အမျိုးသမီးများ၏ ရယ်မောသံနှင့် ညည်းတွားသံများကို တစ်ချက် တစ်ချက် ကြားနေရလေသည်။
*ဒီ ခွေးကောင်ကတော့ ဇိမ်ကျနေတာပဲ…။*
ထျန်ဖုန်းက စိတ်ထဲမှ ကျိန်ဆဲလိုက်ပြီး အနည်းငယ် ဒေါသထွက်သွားသည်။
*ဒီလောက် ညနက်နေတာတောင် မအိပ်သေးဘဲ တန်ဖိုးရှိတဲ့ ကျင့်ကြံချိန်တွေကို ဖြုန်းတီးပစ်နေတယ်။ ကြည့်ရတာ သူ အဲဒီအကျင့်ကို ဖျောက်သွားအောင် ငါကပဲ ကူညီပေးရတော့မယ် ထင်တယ်…။*
သူက ခပ်လှမ်းလှမ်း နေရာရှိ အစောင့်အနည်းငယ်ကို လှမ်းကြည့်လိုက်သည်။ သူတို့ထဲမှ တစ်ယောက် က ချီစွမ်းအင်သန့်စင်ခြင်းအဆင့် ( ၂) တွင် ရှိသော်လည်း သူတို့သည် ဟုန်ထို့၏ အခန်းတံခါးနှင့် ဆယ်မီ တာကျော် ကွာဝေးသောနေရာတွင် ရှိနေကြသည်။
"ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်။ ဒီ ဟုန်ထို့ ခွေးကောင်က သူ ကိစ္စလုပ်နေတဲ့အချိန် အသံကြားသွားမှာစိုးလို့ လူတွေကို တမင်တကာ အဝေးကို ပို့ထားတာပဲ…။"
"ငါ့အကြိုက်ပေါ့လေ…။"
ထျန်ဖုန်းက ညအမှောင်ကို အကာအကွယ်ယူကာ တံတိုင်းနံရံတစ်လျှောက် ကိုယ်ဖျောက်လျက် တိတ် တဆိတ် ရွေ့လျားသွားခဲ့ရာ မည်သူတစ်ဦးတစ်ယောက်မှ သတိမထားမိခြင်းမရှိကြချေ။
သူသည် ပွင့်နေသော ပြတင်းပေါက်တစ်ခုအနီးသို့ ရောက်ရှိသွားသည်။
"ဟဲ ဟဲ... ဟုတ်ပြီလေ…။"
ထျန်ဖုန်းက အခန်းတွင်းသို့ လှမ်းကြည့်လိုက်ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ မြူးထူး ပျော်ရွှင်စွာ အလုပ်ရှုပ်နေကြသည်ကို မြင်လိုက်ရလေသည်။
သူက အခန်းထဲသို့ တိတ်တဆိတ် ကျော်ဝင်လိုက်သည်။ ဟုန်ထို့နှင့် အမျိုးသမီးနှစ်ဦးမှာ သူတို့၏ လုပ်ရပ် များတွင် နစ်မြောနေကြသဖြင့် လုံးဝ သတိမထားမိခဲ့ကြချေ။
"ဘုန်း…"
ထျန်ဖုန်းက ဟုန်ထို့ကို လွင့်ထွက်သွားအောင် ကန်လိုက်ပြီး သူ၏ ကိုယ်ဖျောက်ခြင်းကို ရုပ်သိမ်းလိုက် ကာ ဆဲရေးတိုင်းထွာလိုက်သည်။
"တောက်... မင်းတို့ကောင်တွေ ညသန်းခေါင်ကြီး ကျင့်ကြံအားထုတ်မှု မလုပ်ဘဲ ဒီလို အရှက်မရှိတဲ့ အလုပ်တွေ လုပ်နေကြတယ်။ မင်းတို့မှာ အရှက်ဆိုတာ မရှိဘူးလား။ တံခါးတောင် ပိတ်ထားသေးတယ်။ လူမိမှာ ကြောက်လို့လား…။"
"အား..."
ဘယ်နေရာကမှန်းမသိ ရုတ်တရက် ထွက်ပေါ်လာသော ထျန်ဖုန်းကို မြင်လိုက်ရသဖြင့် အမျိုးသမီးနှစ်ဦး မှာ စူးစူးဝါးဝါး အော်ဟစ်လိုက်ကြတော့သည်။
ဟုန်ထို့မှာမူ အတော်လေး ကြောင်အမ်းသွားခဲ့သည်။
*ဘာတွေ ဖြစ်ကုန်တာလဲ…။*
သူက သူ့ပစ္စည်းလေး တိုတောင်းနေသည့်အတွက် ကံကောင်းသည်ဟု ခံစားလိုက်ရ၏။ သို့မဟုတ်ပါက စောစောက အကန်ခံရမှုကြောင့် သေချာပေါက် ကျိုးသွားနိုင်လောက်ပေသည်။
ထို့နောက် သူက ဒေါသတကြီး အော်ဟစ်လိုက်သည်။
"မင်းက ဘယ်သူလဲ။ သေချင်နေတာလား။ လာကြစမ်း..."
သူ အဆုံးထိ မအော်နိုင်ခင်မှာပင် ထျန်ဖုန်းက သူ့ခြေထောက်ကို ဆွဲဖမ်းလိုက်သည်။
"သေလိုက်စမ်း... ခွေးကောင်... မင်းက ပညာရှိကျမ်းစာတွေကို ဖတ်ပြီး ခွေးဗိုက်ထဲ ထည့်ထားတာလား။ ညနက်သန်းခေါင် ကျင့်ကြံမှုမလုပ်တာဟာ လူငယ်ဘဝကို ဖြုန်းတီးရာရောက်ပြီး အစားအသောက်တွေ ကို အလဟဿ ဖြစ်စေတာပဲ….။"
ဟုန်ထို့မှာမူ လုံးဝကို ကြောင်တောင်တောင် ဖြစ်နေသည်။
*ဘယ်က ပညာရှိကျမ်းစာလဲ။ ပညာရှိကျမ်းစာဆိုတာ ဘာလဲ…။*
ထျန်ဖုန်းက သူ၏ တွေဝေမှုများကို လျစ်လျူရှုလိုက်ပြီး ဟုန်ထို့၏ ပေါင်ခြံကို အားကုန် ကန်ချလိုက် လေ တော့သည်။
"မင်းလားကွ... ငါ့အစ်ကိုကို သတ်ရဲတဲ့ ခွေးကောင်က…"
သူက ကျိန်ဆဲရင်း ပြင်းထန်စွာ ဆက်တိုက် ကန်ကျောက်နေခဲ့လေသည်။
ကန်ချက်တိုင်းက ပစ်မှတ်ကို အတိအကျ ထိမှန်သွားပြီး ဟုန်ထို့၏ အော်ဟစ်သံများကလည်း တရစပ် ထွက်ပေါ်နေလေသည်။
ရုတ်တရက်ဆိုသလို 'ဖောက်' ခနဲ ကြက်ဥတစ်လုံး ကွဲသွားသကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
"အား... မလုပ်ပါနဲ့... အား…။"
ဟုန်ထို့က သူ၏ ပေါင်ခြံကို အုပ်ထားကာ နာကျင်စွာ အော်ဟစ်နေသည်။ မျက်ရည်များ၊ သွားရည်များ စီးကျလာပြီး မြေပြင်ပေါ်တွင် လူးလှိမ့်နေကာ သူ၏ ယခင်က ရှိခဲ့သော မောက်မာသည့်ဟန်ပန်များ လုံးဝ ပျောက်ကွယ်သွားလေတော့သည်။
"သခင်လေး တစ်ခုခု ဖြစ်နေပြီ…။"
"လာကြပါဦး... သူခိုး... သူခိုး…။"
"မြန်မြန်... သခင်လေးကို ကယ်ကြပါဦး….။"
အခန်းထဲမှ ဆူညံသံများက အပြင်ဘက်ရှိ အစောင့်များ၏ အာရုံကို အလိုလို ဆွဲဆောင်သွားခဲ့ သည်။ ခဏချင်းအတွင်း ဟုန်အိမ်တော်တစ်ခုလုံး ရုတ်ရုတ်သဲသဲဖြစ်သွားပြီး လူအများအပြားက ဤနေရာ ဆီသို့ ဦးတည် ပြေးလာကြလေသည်။
"ဒါက အတိုးပဲ ရှိသေးတယ်…။"
ထျန်ဖုန်းက ပြောအပြီးတွင် ဝမ်ချိုက်နှင့် ဝမ်အားကော်တို့၏ ခေါင်းများကို ပစ်ချလိုက်လေသည်။
"မှတ်ထား... ငါ့အစ်ကိုက ထျန်ဖုန်း။ ငါက ထျန်အာဖုန်းပဲ။ ငါ မင်းကို လွှတ်မပေးဘူး…။"
ထိုသို့ပြောပြီးနောက် ထျန်ဖုန်းက မိုးတိမ်ခြေလှမ်း ကို အသုံးပြုကာ ပြတင်းပေါက်မှတစ်ဆင့် ထွက်ခွာ သွားခဲ့လေသည်။ ဟုန်မိသားစုကို အချိန်အကြာကြီး ဒေါသထွက်စေရန်နှင့် တိုက်ပွဲဝင်အမှတ်များ နှင့် အပြေးဒင်္ဂါးများ ပိုမိုရရှိနိုင်ရန်အတွက် ဟုန်ထို့ကို သူ မသတ်ခဲ့ခြင်းဖြစ်သည်။
တံခါးကို ကန်ဖွင့်လိုက်ပြီး အစောင့်အများအပြားက အခန်းထဲသို့ ပြေးဝင်လာကြသည်။ ဝင်လာသည်နှင့် သွေးသံရဲရဲဖြစ်နေသော ဟုန်ထို့၏ ခန္ဓာကိုယ်အောက်ပိုင်းကို မြင်လိုက်ရသဖြင့် သူတို့ ချက်ချင်းပင် ကြောက်ရွံ့တုန်လှုပ်သွားကြပြီး ချွေးစေးများ ပျံလာကြသည်။
*သခင်လေး ဟုန်ထို့က တကယ်ကြီး ဘဝပျက်သွားပြီလား…။*
"မင်းတို့ သခင်လေးကို ပြုစုထားပြီး သမားတော် သွားပင့်ကြ။ ငါ နောက်က သွားလိုက်ဖမ်းမယ်…။"
ချီစွမ်းအင်သန့်စင်ခြင်း အဆင့်( ၂) တွင်ရှိသော အစောင့်က ပြောလိုက်ပြီးနောက် ပြတင်းပေါက်မှ တစ်ဆင့် ပြေးထွက်သွားလေသည်။
ထျန်ဖုန်းက ခြေလှမ်းကို အရှိန်လျှော့လိုက်ပြီး ထိုအစောင့် အမီလိုက်နိုင်ရန် စောင့်နေလိုက်သည်။
"သူခိုး... အေးအေးဆေးဆေး အဖမ်းခံလိုက်စမ်း…။"
ထျန်ဖုန်းက ဘာမှမပြောဘဲ အနီးဆုံး တံတိုင်းဘက်သို့ ပြေးသွားလိုက်သည်။
ဤအချိန်တွင် သတင်းကြားပြီးနောက် အစောင့်များ ပိုမိုများပြားစွာ ပြေးလာကြသည်။
"မိုက်ရိုင်းတဲ့ လူယုတ်မာကောင်... သေဖို့သာ ပြင်ထားလိုက်တော့…။"
စူးရှသော မျက်လုံးများရှိသည့် စိတ်ဓာတ်တက်ကြွနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက မာန်မဲလိုက်သည်။
သူသည် လေကဲ့သို့ မြန်ဆန်လှပြီး ထျန်ဖုန်းဆီသို့ 'ဝှစ်' ခနဲ ပြေးဝင်လာသည်။
"ဒုတိယ သခင်ကြီးပဲ…။"
"ဒုတိယ သခင်ကြီးက ချီစွမ်းအင်သန့်စင်ခြင်းအဆင့်(၅) မှာ ရှိတယ်။ ဒီ လူယုတ်မာလေးကို သေချာ ပေါက် ဖမ်းမိမှာပဲ…။"
*ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၅) ဟုတ်လား…။*
ထျန်ဖုန်းက ဒုတိယသခင်ကြီးကို လှည့်ကြည့်လိုက်သည်။ ဤအမြန်နှုန်းသည် သူ မိုးတိမ်ခြေလှမ်း ကို အစွမ်းကုန် အသုံးပြုထားသည့် အမြန်နှုန်းနှင့် အတူတူလောက်ရှိပေသည်။
ထို့ကြောင့် သူက လုံးဝ တုန်လှုပ်မသွားဘဲ ဟုန်မိသားစု၏ တံတိုင်းကို အလွယ်တကူ ကျော်ဖြတ်သွား လိုက်သည်။
နောက်သို့ လှည့်ကြည့်လိုက်ရာ ဒုတိယသခင်ကြီးလည်း တံတိုင်းပေါ်သို့ ခုန်တက်လာသည်ကို တွေ့လိုက် ရသည်။
တောက်ပသော အပြုံးတစ်ခုနှင့်အတူ ထျန်ဖုန်းက ပါးစပ်ဟကာ အော်ပြောလိုက်သည်။
"ဒုတိယ သခင်ကြီး... ကျွန်တော့်မှာ အရေးတကြီး ကိစ္စလေးရှိလို့ မြန်မြန် ပါးစပ်လေး ဟပေးပါဦး။ အရမ်းကို အရေးကြီးနေလို့ပါ…။"
"ဟင်..."
ဒုတိယသခင်ကြီးမှာ အနည်းငယ် ကြောင်အမ်းသွားပြီး ဤကောင်လေးက သူ့ကို ဘာကြောင့် ပါးစပ် ဟခိုင်းနေမှန်း နားမလည်နိုင်ဖြစ်သွားသည်။
ထျန်ဖုန်းက အခွင့်အရေးကို ဆုပ်ကိုင်ကာ သူ၏ စနစ်သိုလှောင်ခန်းထဲမှ တစ်စုံတစ်ရာကို အလျင်အမြန် ဆွဲထုတ်ပြီး ပစ်ပေါက်လိုက်လေသည်။
"ကလေးကလားအကွက်တွေ…"
ဒုတိယသခင်ကြီးက လျှို့ဝှက်လက်နက်ဟု ထင်ကာ သူ၏ ဓားရှည်ကို ဝှေ့ယမ်းလိုက်ပြီး ဝင်လာသော အရာဝတ္ထုကို ဖြိုခွင်းလိုက်သည်။ သို့သော် ၎င်းတို့ထဲမှ အများအပြားမှာ သူ၏ ခန္ဓာကိုယ်နှင့် မျက်နှာ ပေါ်သို့ လွင့်စင်လာခဲ့လေသည်။
"ဒါ... ဒါက….။"
အပုပ်နံ့က အလွန်ပြင်းထန်လှသဖြင့် သူ့ကို အန်ချင်စိတ်ပေါက်သွားစေပြီး ၎င်းအရာက ဘာလဲဆိုတာကို သူ ချက်ချင်းပင် နားလည်သွားတော့သည်။
ဟုန်ကျန့်ချင်းသည် ဒေါသအလွန်ထွက်သွားပြီး သူ၏ ဆံပင်များပင် ထောင်မတ်သွားလေသည်။ ဒီနှစ် တွေတစ်လျှောက်လုံး သူ ဘယ်တုန်းကများ ဒီလိုမျိုး စော်ကားမှုမျိုး ခံခဲ့ရဖူးလို့လဲ။
အထူးသဖြင့် သူ၏ တူမဖြစ်သူအား မြစိမ်းတောင်ဂိုဏ်းမှ ကျွမ်းကျင်သူတစ်ဦးက ကိုယ်ပိုင်တပည့် အဖြစ် လက်ခံလိုက်ပြီးသည့်နောက်ပိုင်း ဟုန်မိသားစု၏ အဆင့်အတန်းမှာ မြင့်တက်လာခဲ့ပြီး ဖျင်ကျန်း မြို့တွင် သူတို့စိတ်တိုင်းကျ လိုသလို ခြယ်လှယ်နိုင်လုနီးပါး ဖြစ်လာခဲ့သည်။ မည်သူကမှ သူ့ကို မျက်နှာ မပျက် စေရဲကြပေ။
ယခုမူ မည်သူက သူ့ကို ဤမျှ အရှက်ခွဲရဲသနည်း။
"အား... မင်းရဲ့ အရိုးတွေကို အမှုန့်ကြိတ်ပြီး မင်းရဲ့ အရေခွံကို ဆုတ်ပစ်မယ်…။"
[စနစ်: "ရန်သူ၏ ဒေါသများ တိုးပွားလာသည်ကို ထောက်လှမ်းသိရှိရပါသည်။ ပိုင်ရှင်... ဆက်ပြီး ကြိုးစားပေးပါ။]
***