ထျန်ဖုန်းသည် ဟုန်ကျန့်ချင်း၏ ခြိမ်းခြောက်မှုကို လုံးဝ အလေးအနက် မထားခဲ့ပေ။ ထိုအစား သူ အနည်းငယ်ပင် အံ့ဩ မိသွားခဲ့သေးသည်။
"ဒီလှည့်ကွက်ကို နောက်ပိုင်း လူတွေအပေါ် သုံးဖို့ ခက်သွားပြီထင်တယ်။ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၅) လောက်ရှိတဲ့သူကတောင် ကာကွယ်နိုင်နေပြီဆိုတော့ ကျင့်ကြံခြင်းအဆင့် ပိုမြင့်တဲ့သူတွေဆိုရင် နောက်ပိုင်း အလွယ်တကူ ရှောင်တိမ်းနိုင်သွားလောက်တယ်….။"
သို့သော်လည်း ထျန်ဖုန်း သိပ်ပြီး စိတ်အနှောင့်အယှက် မဖြစ်မိပေ။ သူ့တွင် လူများကို ဒေါသထွက် စေမည့် နည်းလမ်းပေါင်းမြောက်မြားစွာ ရှိနေသေးသဖြင့် ဤတစ်ခုကို ဆုံးရှုံးလိုက်ရခြင်းမှာ ကြီးကျယ် သောကိစ္စ မဟုတ်ပေ။
သူက နောက်သို့ လှည့်မကြည့်ဘဲ ပြေးရင်းပင် အော်ပြောလိုက်သည်။
"ဘာလဲ... ခင်ဗျားအတွက် မလတ်ဆတ်လို့လား။ စားစရာရှိတာကိုပဲ ကျေးဇူးတင်သင့်တာကို ဘာလို့ ဒီလောက် ဂျီးများနေရတာလဲ…။"
"ဒီသူခိုးလေး... မင်းရဲ့ အဲဒီပါးစပ်က မင်းကို သေတွင်းပို့လိမ့်မယ်…။"
"ဒါဆို လာသတ်လေ…။"
"သတ္တိရှိရင် မပြေးနဲ့…။"
"ငါ့မှာ သတ္တိမရှိလို့ ပြေးနေတာပေါ့။ သတ္တိရှိရင် မင်းကို သတ်ပြီးနေလောက်ပြီ…။"
ဟုန်ကျန့်ချင်းမှာ ခေတ္တမျှ ဘာပြန်ပြောရမှန်းဖြစ်သွားပြီး တစ်ဖက်လူပြောသည်မှာ အဓိပ္ပာယ်ရှိသည် ဟုပင် ခံစားလိုက်ရသည်။
"ဒီလို ယုတ်မာတဲ့ နည်းလမ်းတွေကို သုံးတဲ့အတွက် လောကကြီးရဲ့ လှောင်ပြောင်မှာကို မင်း မကြောက် ဘူးလား…။"
"ငါ မကြောက်ဘူး။ ဘာလို့လဲဆိုတော့ အစကတည်းက ငါ့မှာ ကိုယ်ကျင့်တရားမှ မရှိတာ…။"
"မင်း... မင်း... မင်း..."
ဟုန်ကျန့်ချင်းမှာ ဆွံ့အသွားပြီး ခေါင်းငုံ့ကာ နောက်မှ လိုက်ဖမ်းရန်သာ တတ်နိုင်တော့သည်။
သို့သော် သူ့စိတ်ထဲတွင် ပို၍အံ့သြလာသည်မှာ ချီစွမ်းအင်သန့်စင်ခြင်း အဆင့်(၅) ရှိနေသော သူက ဤလူငယ်ကို အမီမလိုက်နိုင်ခြင်းပင် ဖြစ်သည်။
"သူ့ဆီမှာ အဆင့်မြင့် လှုပ်ရှားမှု လျှို့ဝှက်နည်းစနစ် တစ်ခုခုများ ရှိနေတာလား….။"
ဤသို့တွေးမိသည်နှင့် သူ၏ လောဘစိတ်မှာ ပိုမို ပြင်းထန်လာသည်။ သူ၏ လှုပ်ရှားမှု လျှို့ဝှက်နည်း စနစ်မှာ သာမန်အမျိုးအစားဖြစ်ပြီး အဝါရောင်အဆင့် အလယ်အလတ်တန်းစားသာ ရှိသေးသည်ပင်။
ဤသို့တွေးရင်း သူက ထျန်ဖုန်းကို ကြည့်ကာ လေသံကိုလျှော့၍ ပြောလိုက်သည်။
"လူငယ်လေး... မင်းဆီက လှုပ်ရှားမှု လျှို့ဝှက်နည်းစနစ်ကိုသာ ပေးမယ်ဆိုရင် မင်းကို လွှတ်ပေးဖို့ ငါ ကတိပေးနိုင်တယ်။ ပြီးတော့ မင်းနဲ့ ငါတို့ ဟုန်မိသားစုကြားက နားလည်မှုလွဲတာတွေကို ဖြေရှင်းပေး မယ်။ ငါတို့ကြားက ရန်ငြိုးတွေအားလုံး ကျေအေးသွားလိမ့်မယ်။ ဘယ်လိုလဲ….။"
တစ်ဖက်လူက သူ့ကို မယုံကြည်မည်ကို စိုးရိမ်သည့်အလား သူက ဆက်ပြောလိုက်သည်။
"ငါက ဟုန်အိမ်တော်သခင်ရဲ့ ညီ ဟုန်ကျန့်ချင်းပဲ။ ငါ့မှာ ဒီကိစ္စကို လုပ်နိုင်တဲ့ အာဏာရှိတယ်…။"
ထျန်ဖုန်းက အံ့အားသင့်သွားဟန်ဖြင့်
"တကယ်လား။ ငါ့ကိုလိမ်ရင် ခွေးလေးပဲနော်…။"
"သေချာတာပေါ့။ ဒီကိစ္စသေးသေးလေးက ငါ့အတွက် ဘာမှမဟုတ်ပါဘူး…။"
ထိုအချိန်တွင် ဟုန်ကျန့်ချင်းမှာ ဘာတွေဖြစ်ပျက်သွားမှန်း လုံးဝ မသိသေးပေ။ ရန်သူရှိသည်ဟု ကြား သည်နှင့် ပြေးထွက်လာခဲ့ခြင်းဖြစ်ပြီး ထျန်ဖုန်းက ပစ္စည်းဝင်ခိုးသည်ဟုသာ သူ ထင်နေခဲ့သည်ပင်။
ပစ္စည်းအနည်းငယ် ခိုးယူခြင်းမှာ သူ စကားတစ်ခွန်းပြောရုံဖြင့် ဖြေရှင်းနိုင်သော ကိစ္စပင်ဖြစ်သည်။
ထျန်ဖုန်းက မျှော်လင့်နေဟန်ဖြင့် မေးလိုက်သည်။
"ခင်ဗျား မလုပ်နိုင်ရင် ဘယ်လိုလုပ်မလဲ။ ခင်ဗျား မလုပ်နိုင်ရင် ခင်ဗျားက ခွေးပဲလား…။"
ဟုန်ကျန့်ချင်းက စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း အပြင်ပန်းတွင်မူ ပြုံးကာ ပြောလိုက်သည်။
"တကယ်ပါ… ငါ မလုပ်နိုင်ရင် ငါက ခွေးပဲ….။"
ထျန်ဖုန်းက သိပ်မယုံကြည်သေးဟန်ဖြင့် စဉ်းစားဟန်ဖြင့် ပြောလိုက်လေသည်။
"အဲဒီ ဟုန်ထို့ ဆိုတဲ့ကောင်လေးက ဒီလောက် သဘောကောင်းပါ့မလား…။"
"ဒါက သူနဲ့ ဘာဆိုင်လို့လဲ…။"
ဟုန်ကျန့်ချင်း အနည်းငယ် အံ့အားသင့်သွားပြီး မကောင်းသော နိမိတ်တစ်ခု သူ့စိတ်ထဲတွင် ခံစားလိုက်ရ လေသည်။
ထျန်ဖုန်းက အရပ်သားတစ်ဦး၏ အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်သွားပြီး ခြေလှမ်းများကို မရပ်တန့်ဘဲ ပြောလိုက်သည်။
"ငါက သူ့ရဲ့ မျိုးဆက်ပွားအမြစ်ကို အမှုန့်ဖြစ်အောင် နင်းခြေခဲ့တာလေ။ အဲဒါတောင် သူက ငါ့ကို ခွင့်လွှတ်နိုင်ဦးမလား။ ခင်ဗျားက သူ့အဖေလား။ သူက ခင်ဗျားစကားကို အဲဒီလောက်တောင် နားထောင် တာလား…။"
"မင်း... ဘာပြောလိုက်တယ်….။"
ဟုန်ကျန့်ချင်း၏ ခေါင်းထဲတွင် ပူထူသွားတော့သည်။ ဟုန်ထို့သည် သူ၏ အစ်ကိုဖြစ်သူ၏ တစ်ဦး တည်း သော သားဖြစ်ပြီး မြစိမ်းတောင်ဂိုဏ်းသို့ ဝင်ရောက်သွားသော သူ၏ တူမဖြစ်သူ၏ အစ်ကိုလည်း ဖြစ် သည်။ ဤမျှကြီးမားသော ရန်ငြိုးကြီးကို ပြေလည်အောင် ဖြေရှင်းရန် လုံးဝ မဖြစ်နိုင်ပေ။ အကယ်၍ သူ သာ ဝင်ပြောရဲလျှင် သူကိုယ်တိုင်လည်း အခြေအနေ ကောင်းမည်မဟုတ်ချေ။
"မင်း ငါ့ကို နောက်နေတာလား….။"
ဟုန်ကျန့်ချင်း၏ မျက်နှာမှာ ပြာနှမ်းသွားသည်။ တစ်ဖက်လူသည် ဤရန်ငြိုးကို ဖြေရှင်း၍မရကြောင်း ရှင်းရှင်းလင်းလင်း သိနေလျက်နှင့် သူ့ကို ဤကဲ့သို့ လှည့်စားခဲ့သေးသည်ပေါ့။
"ဒါက ရှင်းနေတာပဲ မဟုတ်ဘူးလား…။"
ထျန်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။
"ခင်ဗျားက တကယ့်ကို လည်တဲ့ ခွေးကြီးပဲ…။"
[ ဒင်... ရန်သူ၏ ဒေါသများ တစ်ဖန် တိုးပွားလာပြီး အသည်းများ တစစ်စစ် နာကျင်လာသည်ကို ထောက်လှမ်းသိရှိရပါသည်။ ပိုင်ရှင်... ဆက်လက် ကြိုးစားပေးပါa။]
ဟုန်ကျန့်ချင်း၏ မျက်လုံးများမှာ သွေးရောင်လွှမ်းနေတော့သည်။ သူက အသည်းကို ဖိထားပြီး အံကို ကြိတ်ကာ
"မင်း သေလမ်းရှာနေတာပဲ။ ငါ မင်းကို သေချာပေါက် တစ်စစီ ဆုတ်ဖြဲပစ်မယ်….။"
"ငါ့ကို သတ်လိုက်ပါ... ကျေးဇူးပြုပြီး ငါ့ကို မြန်မြန် လာသတ်လိုက်ပါ…။"
ထျန်ဖုန်းက ထိုးချင်စရာကောင်းသော မျက်နှာပေးဖြင့် ဟုန်ကျန့်ချင်းကို ရန်စသလို လှမ်းကြည့်လိုက် လေသည်။
ဟုန်ကျန့်ချင်းမှာ သူ၏ အံသွားများကိုပင် ကိုက်ခွဲမိမတတ် ဖြစ်သွားသော်လည်း စကားဆက်မပြော တော့ပေ။ အဘယ်ကြောင့်ဆိုသော် သူ ဆက်ပြောနေလျှင် ဒေါသထွက်လွန်း၍ သေသွားနိုင်ကြောင်း သူ သိနေသောကြောင့်ဖြစ်သည်။
ထိုသို့ပြောပြီးနောက် ထျန်ဖုန်းသည် တစ်ဖက်လူကို ဆက်၍ ဂရုမစိုက်တော့ပေ။ ယနေ့ညအတွက် သူ၏ ရရှိမှုများမှာ လုံလောက်လုနီးပါး ဖြစ်နေပြီဖြစ်ပြီး သူ၏ ခွန်အားမှာလည်း အကန့်အသတ်သို့ ရောက်ခါနီး ဖြစ်နေသဖြင့် ရပ်တန့်ရန် စီစဉ်လိုက်သည်။
ရှေ့ရှိ 'မု' အိမ်တော်၏ တံတိုင်းကို ကြည့်ကာ သူက အရှိန်မြှင့်လိုက်ပြီး ခြေလှမ်းအနည်းငယ်ဖြင့် တံတိုင်း ကို ကျော်ဖြတ်သွားလိုက်သည်။
အထဲမှ မည်သူမျှ သူ့ကို သတိမထားမိသည်ကို မြင်သောအခါ သူသည် ကိုယ်ဖျောက်နည်းစနစ် ကို ချက်ချင်း အသုံးပြုလိုက်ပြီး ဆယ်မီတာကျော်ခန့် ပြေးသွားကာ တံတိုင်းအပြင်ဘက်သို့ ပြန်ခုန်ထွက် လိုက်လေသည်။
ဤအချိန်တွင် ဟုန်ကျန့်ချင်းက တံတိုင်းကို ကျော်တက်လာဆဲဖြစ်ပြီး ကိုယ်ဖျောက်နည်းစနစ် ကို အသုံးပြုထားသော ထျန်ဖုန်း မုအိမ်တော်မှ ထွက်ခွာသွားသည်ကို သတိမထားမိလိုက်ပေ။
"အဲဒါ ဘယ်သူလဲ…။"
ဟုန်ကျန့်ချင်း၏ လှုပ်ရှားမှုများက ထျန်ဖုန်းလောက် မညင်သာသဖြင့် မုအိမ်တော်မှ အစောင့်များက ချက်ချင်း သတိထားမိသွားခဲ့ပြီး သူတို့က သူ့အား ဝိုင်းရံလိုက်ကြလေသည်။
"အဲဒါ ဘယ်သူလဲ။ နာမည်ပြောစမ်း…။"
သို့သော် ဟုန်ကျန့်ချင်းက ထိုလူများကို လျစ်လျူရှုထားလိုက်သည်။ သူက ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုလိုက်ရာ ထျန်ဖုန်း၏ အရိပ်အယောင်ကိုမျှ မတွေ့ရသဖြင့် ဒေါသထွက်နေသော ခြင်္သေ့တစ် ကောင်ကဲ့သို့ ချက်ချင်း ဟိန်းဟောက်လိုက်သည်။
"ဒီ ခွေးသူခိုး... အခု ထွက်ခဲ့စမ်း….။"
တစ်ချိန်တည်းမှာပင် ထျန်ဖုန်းကတော့ မုအိမ်တော်နှင့် ဟုန်ကျန့်ချင်း၏ ကိစ္စများကို ဂရုမစိုက်နိုင် တော့ပေ။
မုအိမ်တော်မှ ထွက်ခွာလာပြီးနောက် သူသည် မှောင်မိုက်ပြီး လူသူကင်းမဲ့သော နေရာဘက်သို့ ဦးတည် သွားလိုက်သည်။ ဤခေတ်တွင် လမ်းမီးတိုင်များ မရှိသဖြင့် နေရာအများစုမှာမှောင်မည်းနေသည်ပင်။
*အန္တရာယ်အများဆုံး နေရာက အလုံခြုံဆုံး နေရာပဲ….*
ကောင်းမွန်သော အကြံတစ်ခုကို တွေးမိလိုက်သဖြင့် သူ၏ မျက်လုံးများ တောက်ပသွားသည်။
သူသည် ကိုယ်ဖျောက်ထားသည့် အခြေအနေကို ချက်ချင်း ဆက်လက်ထိန်းသိမ်းကာ ဟုန်အိမ်တော် ဘက်သို့ ဦးတည်သွားလိုက်သည်။ သူက ထွက်ပြေးသွားပြီးနောက် ပြန်လာရဲလောက်အောင် ကြောက်ရွံ့ မှုကင်းမဲ့နေလိမ့်မည်ဟု မည်သူကများ ထင်မှတ်ထားမည်နည်း။
ဟုန်အိမ်တော်သည် ဖရိုဖရဲဖြစ်နေပြီဖြစ်ပြီး ရေတွက်၍မရနိုင်သော လူအများအပြားမှာ ကြောက်ရွံ့ တုန်လှုပ်နေကြသည်။
ဟုန်ကျန့်လင်သည် သွေးသံရဲရဲဖြစ်နေသော ဟုန်ထို့၏ ခန္ဓာကိုယ်အောက်ပိုင်းကို နီရဲနေသော မျက်လုံး များဖြင့် ကြည့်နေလေသည်။
"ဘယ်လိုလဲ... မျှော်လင့်ချက် ရှိသေးလား…။"
သူသည် ဒေါသကို မြိုသိပ်ထားသဖြင့် သူ၏ တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ကြီးမှာ အနည်းငယ် တုန်ယင်နေသည်။
သူ၏ ဟုန်မိသားစုက ဘယ်တုန်းကများ ဒီလို အရှက်ခွဲခံရဖူးလို့လဲ။ သူ၏ တစ်ဦးတည်းသော သားဖြစ် သူပင် ဖျက်ဆီးခံလိုက်ရသည်တဲ့လား။
"သခင်ကြီးဟုန်... ကျွန်တော့်ရဲ့ နုံချာလှတဲ့ ပညာစွမ်းက သခင်လေးကို ကုသပေးဖို့ မလုံလောက်ပါဘူး။ ကျေးဇူးပြုပြီး ပိုတော်တဲ့ သမားတော်ကို ရှာဖွေလိုက်ပါ….။"
သမားတော်၏ မျက်လုံးများတွင် ထိန်းချုပ်မရသော အကြောက်တရားများ ပြည့်နှက်နေသည်။ ဟုန်ထို့ ၏ လက်ရှိ ဒဏ်ရာများအရ ဆိုလျှင် သူသည် တစ်သက်လုံး ဆောင့်ကြောင့်ထိုင်၍သာ ဆီးသွားနိုင်တော့ မည် ဖြစ်သည်။
"အသုံးမကျတဲ့ကောင်…။"
ဟုန်ကျန့်လင်က ကျိန်းဝါးလိုက်ပြီး သူ့အား ကန်ချလိုက်လေသည်။ အကယ်၍ သမားတော်သည် အနည်းငယ် အသုံးဝင်နေသေးသည် မဟုတ်ပါက သေချာပေါက် အကန်ခံရပြီး သေသွားလောက်ပြီ ဖြစ်သည်။
"ငါ့သားလေး... ဘယ်ကျိန်စာသင့်မယ့်ကောင်က ဒါကို လုပ်ခဲ့တာလဲ။ ကျွန်မ သူ့မိသားစုတစ်စုလုံးကို သတ်ပစ်မယ်။ သူတို့ရဲ့ အရိုးတွေကို အမှုန့်ကြိတ်ပစ်မယ်။ မဟုတ်ဘူး... ပထမဆုံး သူ့မိသားစုတစ်စု လုံးကို အစေခံ ကျွန်တွေ ဖြစ်အောင် အရင်လုပ်ပစ်မယ်…။"
ဟုန်ထို့၏ မိခင်ဖြစ်သော ဟုန်လင်းသခင်မက ရက်စက်ကြမ်းကြုတ်စွာ ကျိန်ဆဲလိုက်သည်။
သူမသည် ရုပ်ရည်ကို ကောင်းစွာ ထိန်းသိမ်းထားနိုင်ပြီး ဆွဲဆောင်မှုရှိနေဆဲဖြစ်သော်လည်း ယခုအခါ တွင်မူ ဆံပင်ဖားလျားနှင့် အဆိပ်ပြင်းသော မိန်းမကြမ်းတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
"ကျွန်မ လူသတ်သမားရဲ့ မိသားစုတစ်စုလုံးကို အရေခွံခွာပြီး အပိုင်းပိုင်းဖြတ်ပစ်မယ်။ သူတို့ကို သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ပစ်မယ်…။"
ဟုန်ကျန့်လင်က သူ၏ ဇနီးကို လျစ်လျူရှုထားလိုက်သည်။ သူ၏ ရေခဲတမျှ အေးစက်သော အကြည့် များက လူအားလုံးအပေါ်သို့ ဝေ့ဝဲသွားသည်။
"လူသတ်သမား ဘယ်မှာလဲ။ မင်းတို့ သူ့ကို မရှာတွေ့သေးဘူးလား….။"
"အိမ်တော်သခင်... ဒုတိယသခင်ကြီးက သူ့ကိုဖမ်းဖို့ လူတွေ ခေါ်သွားပါပြီ ခင်ဗျာ…။"
"သခင်ကြီး... တရားခံကို လွတ်သွားခွင့် ပေးလို့မဖြစ်ဘူးနော်။ ဖျင်ကျန်းမြို့ တစ်မြို့လုံးမှာ ဟုန်မိသားစု ကို မကြောက်တဲ့သူ ဘယ်သူရှိလို့လဲ။ ဘယ်သူက ဟုန်မိသားစုကို ဆန့်ကျင်ရဲလို့လဲ။ လင်းအာကလည်း အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် နှောင်းပိုင်းမှာရှိတဲ့ မြစိမ်းတောင်ဂိုဏ်းက ယွမ်ရှို့နတ်သခင်ရဲ့ တပည့် ဖြစ်နေပြီလေ။ ဘယ်သူက သူ့ကို ရန်သူလုပ်ရဲမှာလဲ….။"
အမြင်ကျဉ်းမြောင်းသော ဟုန်လင်းသခင်မက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့် ကို အလွန်အစွမ်းထက်သူဟု ယူဆထားပြီး ဤအဆင့်ကို နတ်သခင်ဟု ခေါ်ဆိုနိုင်ခြင်း ရှိမရှိကိုမူ သူမ ဂရုမစိုက်ပေ။
ယခုအချိန်တွင် သူမ၏ မျက်လုံးများမှာ ငိုထားသဖြင့် ဖောင်းအစ်နေပြီး သူမ၏ မျက်နှာပေါ်တွင်လည်း ဒေါသအာဃာတများနှင့် ပြည့်နှက်နေလျက်ရှိပေသည်။
"ဒီ ခွေးကောင်လေးက ငါတို့ကို တကယ်ကြီး ရန်စရဲတယ်ပေါ့။ သူ့မိသားစုတစ်စုလုံး အသက်မရှင်ချင် တော့ဘူး ထင်တယ်…။"
သူမ၏ သားဖြစ်သူ ထို့အာက မကောင်းမှု ဒုစရိုက်မျိုးစုံကို ကျူးလွန်ခဲ့ပြီး လူများစွာကို သတ်ဖြတ်ခဲ့ သည်ဆိုသော်လည်း ဘာဖြစ်သေးသနည်း။ သူတို့က သာမန်ပြည်သူတွေသာပင်။ သူမ၏ ထို့အာ၏ ဆံပင်တစ်မျှင်နဲ့တောင် ဘယ်လိုလုပ် ယှဉ်နိုင်ပါမည်နည်း။
သူမ၏ အမြင်တွင် သမီးဖြစ်သူ၏ ဆရာသည် အထွတ်အထိပ် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ သူမ၏ ဟုန်မိသားစုကို မည်သူက ပြစ်မှားရဲမည်နည်း။
"ဘယ်သူလဲဆိုတာ မင်းတို့ စုံစမ်းပြီးပြီလား။"
ဟုန်ကျန့်လင်က ဝမ်ချိုက်နှင့် ဝမ်အာကော်တို့၏ ခေါင်းများကို ကိုင်ထားရင်း ဝမ်ဆန်းကော်အား မေး လိုက်သည်။
"ဆန်းကော်... ဒါ မင်းရဲ့ အစ်ကိုလား….။"
ဝမ်ဆန်းကော်၏ မျက်နှာအမူအရာမှာ ရှုပ်ထွေးနေသည်။
"ဟုတ်... ဟုတ်ပါတယ် ခင်ဗျာ…။"
"မင်းသိထားသမျှ အကုန်ပြောပြစမ်း…။"
ဝမ်ဆန်းကော်သည် ဘာကိုမျှ မဖုံးကွယ်ရဲတော့ဘဲ အသေးစိတ်ကအစ အားလုံးကို ပြောပြလိုက်လေ တော့သည်။
ထျန်ဖုန်းက သူ့ကို နှုတ်မဆက်သောကြောင့် ဟုန်ထို့က ဖျင်ကျန်းမြို့အပြင်ဘက်တွင် ထျန်ဖုန်းကို ဖမ်းဆီး ခဲ့ပုံ၊ ထို့နောက် တောရိုင်းထဲတွင် ရိုက်နှက်ခဲ့ပုံနှင့် ထျန်ဖုန်းအား ခွေးလွှတ်၍ ကိုက်ခိုင်းခဲ့ပုံများ ပါဝင်လေ သည်။
ထိုနေရာတွင် ရှိနေသူ မည်သူတစ်ဦးတစ်ယောက်မှ တစ်စုံတစ်ခု မှားယွင်းနေသည်ဟု မခံစားရပေ။ ဟုန်ထို့၏ ဆိုးသွမ်းမှုများက သာမန်ကိစ္စတစ်ခုကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလား။
ဟုန်ကျန့်လင်က အံကိုကြိတ်ကာ
"ကျိန်စာသင့်မယ့် လူယုတ်မာကောင်။ ငါ့သားက သူ့ကို အရှက်ခွဲရုံလေး အရှက်ခွဲတာကို သူက တကယ် ကြီး ပြန်ခုခံရဲတယ်ပေါ့။ သူက ငြိမ်ငြိမ်လေး ခံမနေနိုင်ဘူးလား…။"
သူ၏ သားဖြစ်သူက အရင်မှားယွင်းနေကြောင်းကို သူ သတိမထားမိဘဲ ငြိမ်ငြိမ်လေး သည်းမခံသော ထျန်ဖုန်းကိုသာ အပြစ်တင်နေခဲ့လေသည်။
"ဒါဆို... တရားခံက ဒီလူငယ်လေးပေါ့…။"
"အဖေ... အဲဒီလူငယ်လေးက သေသွားပါပြီ။ လက်စားချေဖို့ ရောက်လာတာက သူ့ရဲ့ ညီပါ။ သူ့ညီ နာမည်က ထျန်အာဖုန်းလို့ ခေါ်ပြီး သေသွားတဲ့သူက ထျန်ဖုန်းပါ…။"
ဟုန်ထို့သည် ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်သည်းခံနေပြီး သူ၏ မျက်လုံးများတွင် ဒေါသများ ဖြင့်ပြည့်နှက်နေလေသည်။
အမျိုးသမီးများနှင့် ထပ်မံ၍ မပျော်ပါးနိုင်တော့မည့်အပြင် ဆီးသွားရန်ပင် ဆောင့်ကြောင့်ထိုင်ရမည် ဟူသော အတွေးက သူ့ကို ဝမ်းနည်းမှုနှင့် မျှော်လင့်ချက် ကင်းမဲ့မှုတို့ဖြင့် ပြည့်နှက်သွားစေသည်။
"အဖေ... သားအတွက် လက်စားချေပေးရမယ်နော်။ သူ့ကို အရှင်ဖမ်းပေးပါ။ သား သူ့ကို ဖြည်းဖြည်း ချင်း သေတဲ့အထိ ညှဉ်းပန်းနှိပ်စက်ချင်တယ်။ သူ့ရဲ့ အဲဒီပစ္စည်း ကို တစ်စစီ ဖြတ်ပစ်ချင်တယ်…။"
"ထို့အာ... စိတ်မပူနဲ့။ မင်းအဖေ သူ့ကို လွတ်ပေးမှာ မဟုတ်ဘူး။"
ဟုန်ကျန့်လင်၏ ကျားမျက်လုံးကဲ့သို့သော မျက်လုံးများမှ မျက်ရည်များ ကျဆင်းလာခဲ့လေသည်။
ထို့နောက် သူက ဝမ်ချိုက်နှင့် ဝမ်အားကော်တို့၏ ပါးစပ်များထဲတွင် ပုံမှန်မဟုတ်သောအရာတစ်ခုကို သတိထားမိလိုက်ပြီး သူတို့နှစ်ဦးစီထံမှ 'ဖုန်း'ဟူသော စာလုံးရေးသားထားသည့် စက္ကူဖြူတစ်ရွက်စီကို ဆွဲထုတ်လိုက်သည်။
ထိုမြင်ကွင်းကို သူ မည်သို့ သည်းခံနိုင်မည်နည်း။
သူက စားပွဲကို ထုကာ ဟိန်းဟောက်လိုက်သည်။
"ထျန်အာဖုန်း... မင်းက လွန်လွန်းသွားပြီ။ ငါ မင်းကို သတ်ပစ်မယ်…။"
"အဖေ... သူ့ကို မသတ်လိုက်နဲ့နော်။ သား ညှဉ်းပန်းနှိပ်စက်ဖို့ သူ့ကို ချန်ထားပေးပါ။"
ဟုန်ထို့က တားလိုက်လေသည်။ သူ့ကို တန်းသတ်လိုက်ခြင်းက ထျန်အာဖုန်းအတွက် လွယ်ကူလွန်းသွား ပေမည်။
ဟုန်ကျန့်လင်၏ အရှိန်အဝါမှာ ထိုစကားကြောင့် အနည်းငယ် လျော့ကျသွားတော့သည်။
***