ယခုအချိန်တွင် ထျန်ဖုန်းသည် ဟုန်အိမ်တော်ထဲသို့ တိတ်တဆိတ် ပြန်လည်ဝင်ရောက်နေခဲ့ပြီဖြစ်သည်။ ဟုန်အိမ်တော်တစ်ခုလုံး ရှုပ်ယှက်ခတ်နေပြီး လူအများစုမှာ သူ့ကို အပြင်ထွက်ရှာနေကြသောကြောင့် သူဒီကို ပြန်ရောက်လာလိမ့်မည်ဟု မည်သူမှ မျှော်လင့်ထားမည်မဟုတ်ပေ။
ကိုယ်ဖျောက်နည်းစနစ်ကို အားကိုးလျက် သူ့အားမည်သူမျှ သတိထားမိခြင်းမရှိအောင် လှုပ်ရှားနိုင်ခဲ့ ပေသည်။ သူသည် လူသူကင်းမဲ့ပြီး တိတ်ဆိတ်သည့် အခန်းတစ်ခုကို ရှာဖွေကာ ဝင်ရောက်အနားယူ နေလိုက်သည်။
"စနစ်... ငါ့ရဲ့ ဆုလာဘ်တွေ ဘယ်မှာလဲ…။"
[ဂုဏ်ယူပါသည် ပိုင်ရှင်၊ ပိုင်ရှင်သည် အပြေးဒင်္ဂါး (၅၀၀) ကို လက်ခံရရှိပါသည်]
[ဂုဏ်ယူပါသည် ပိုင်ရှင်၊ လောကီအာရုံများကို စွန့်လွှတ်နိုင်သော မဟာဆရာသခင်တစ်ဦးဖြစ်လာပြီး ဟုန်ထို့အား လောကီအာရုံကိလေသာများ ကင်းစင်သွားအောင် ကူညီပေးနိုင်ခဲ့သည့်အပြင်၊ မစင်ပစ် ပေါက်သည့် ဆရာသခင်အဖြစ် ပြောင်းလဲသွားသည့်အတွက်ပါ ဂုဏ်ယူပါတယ်။ ]
[ပိုင်ရှင်၏ ကုသိုလ်ကံ မှာ အတိုင်းအဆမသိနိုင်လောက်အောင် ကြီးမားလှပြီး သတ္တဝါအပေါင်းကို ကယ်တင်နိုင်ခဲ့ပါပြီ။ ပိုင်ရှင်သည် တိုက်ပွဲဝင်အမှတ် (၂၀၀) ကို ရရှိပါသည်။]
ထျန်ဖုန်း၏ မျက်နှာမှာ မည်းမှောင်သွားသည်။
*ဒါတွေက ဘယ်လို အဓိပ္ပာယ်မရှိတဲ့ ဂုဏ်ပုဒ်တွေလဲ…။*
ထုတ်ပြောဖို့တောင် ရှက်စရာကောင်းလှသည် မဟုတ်ပါလား။
"ဘာလို့ အပြေးဒင်္ဂါး (၅၀၀) တည်းရရတာလဲ။ မင်း အလွဲသုံးစားလုပ်လိုက်တာလား။ ငါ အပြင်မှာ သေမတတ် အလုပ်လုပ်နေရတာ လွယ်တယ်များ ထင်နေလား…။"
"ပြီးခဲ့တဲ့ အကြိမ်က ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၂) ရှိသည့် ဝမ်အားကော် ကို ရင်ဆိုင်ရတုန်းက အပြေးဒင်္ဂါး (၁၅၀) ရခဲ့တယ်။ ဒီတစ်ကြိမ်မှာ ဒီလောက် အန္တရာယ်များပြီး လူတွေလည်း အများကြီးရှိ တာတောင် ဒီလောက်ပဲ ရတယ်ပေါ့လေ။"
[အရင်တစ်ကြိမ်က ပိုင်ရှင်သည် ပစ်မှတ်နှင့် အလွန်နီးကပ်ခဲ့ပြီး အရေးအကြီးဆုံးက သူ့ကို သွေးအန် အောင် လုပ်နိုင်ခဲ့သည့်အတွက် အပြေးဒင်္ဂါး (၁၅၀) ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ]
[ယခုတစ်ကြိမ်မှာက လူအများအပြား ရှိနေပေမဲ့လဲ အများစုက အဝေးတွင်ရှိနေကြပြီးတော့ သူတို့ရဲ့ စွမ်းအားကလည်း အရမ်းမမြင့်မားပါဘူး။ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၅) ရှိတဲ့ သူတစ်ဦးတည်းသာ ပိုင်ရှင်ထက် အဆင့်နှစ်ဆင့်ပိုမြင့်ပြီး အနီးကပ်ရှိနေခဲ့ပါတယ်။]
[ပိုင်ရှင်က သူ့ကို အသည်းနာလောက်အောင် ဒေါသထွက်စေခဲ့တဲ့အတွက် သူတစ်ယောက်တည်းကပင် အပြေးဒင်္ဂါး လေးရာကျော်ကို ပံ့ပိုးပေးခဲ့ခြင်းဖြစ်ပါတယ်။]
[ဒါ့ပြင် ပိုင်ရှင် ရရှိခဲ့တဲ့ တိုက်ပွဲဝင်အမှတ်များက ပစ်မှတ်၏ မျိုးဆက်ပွားအင်္ဂါကို ချေမွပစ်နိုင်ခဲ့ခြင်း ကြောင့် အဓိကရရှိခဲ့ခြင်းဖြစ်ပါတယ်။ ဒီအချက်တစ်ခုတည်းကပဲ တိုက်ပွဲဝင်အမှတ်အများစုကို ရရှိစေ ခဲ့ခြင်းဖြစ်တာမို့လို့ ပိုင်ရှင်အနေနဲ့ တိုက်ပွဲဝင်အမှတ်များနှင့် ပတ်သက်ပြီးတော့ နားလည် သဘောပေါက် ထားသင့်ပါတယ်…။]
"ကောင်းပြီလေ... ငါ့မှာ တိုက်ပွဲဝင်အမှတ်တွေ မရှိဘူးဆိုတာ မှန်ပါတယ်…။"
ထိုသို့ပြောပြီးနောက် သူသည် သေလမ်းရှာစနစ်၏ စျေးဆိုင်ကို ဖွင့်ကြည့်လိုက်သည်။
သေလမ်းရှာစနစ်သည် အဓိကအားဖြင့် မျိုးစုံသော ခန္ဓာကိုယ်ဖွဲ့စည်းပုံများ နှင့် ကောင်းကင်နှင့် မြေကမ္ဘာ ရတနာများကို ရောင်းချပြီး အချို့သော နည်းစနစ်များနှင့် ဆေးလုံးများကိုလည်း ရောင်းချပေးသည်။
သို့သော်လည်း ထျန်ဖုန်းသည် သေလမ်းရှာစနစ်မှ နည်းစနစ်များနှင့် ဆေးလုံးများကို ဝယ်ယူရန် တိုက်ပွဲ ဝင် အမှတ်ကို အသုံးပြုရန် အစီအစဉ်မရှိပေ။ ယင်းအစား ခန္ဓာကိုယ်ဖွဲ့စည်းပုံ သို့မဟုတ် ကောင်းကင်နှင့် မြေကမ္ဘာရတနာများ ဝယ်ယူရန်အတွက်သာ စုဆောင်းထားရန် ရည်ရွယ်ထားသည်။
ထွက်ပြေးခြင်းစနစ်သည်လည်း ဆေးလုံးများနှင့် နည်းစနစ်များကို ရောင်းချသော်လည်း ၎င်းတွင် ခန္ဓာကိုယ်ဖွဲ့စည်းပုံများနှင့် ကောင်းကင်နှင့် မြေကမ္ဘာရတနာများ မရှိပေ။
ထို့ကြောင့် သူ၏ အစီအစဉ်မှာ အပြေးဒင်္ဂါးများကို အသုံးပြု၍ နည်းစနစ်များ၊ ဆေးလုံးများနှင့် လက်နက် ကိရိယာများကို ဝယ်ယူရန်ဖြစ်သည်။
သေလမ်းရှာစနစ်မှ တိုက်ပွဲဝင်အမှတ်များကိုမူ ခန္ဓာကိုယ်ဖွဲ့စည်းပုံများနှင့် ကောင်းကင်နှင့် မြေကမ္ဘာ အဆင့်ရတနာများအတွက် အသုံးပြုမည်ဖြစ်သည်။
"စနစ်... အခု ငါ့မှာ ဘယ်လို ခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိနေလဲ…။"
[သာမန်လူတစ်ယောက်နီးပါးလောက်ပဲရှိတဲ့ အမှိုက်ခန္ဓာကိုယ်မျိုးပါ ပိုင်ရှင်။ မြေကမ္ဘာအဆင့် နည်းစနစ် တစ်ခုရှိနေရင်တောင် ဒီဘဝမှာ ထူးခြားတဲ့ ကံကြမ္မာအထောက်အပံ့ မရှိဘူးဆိုရင် အခြေခံအုတ်မြစ် တည်ဆောက်ခြင်းအဆင့်ကို ထိုးဖောက်ကျော်လွန်ဖို့ ခက်ခဲပါလိမ့်မယ်။]
"ဒါ မဖြစ်နိုင်ဘူးမလား။ ဒါပေမဲ့ မနေ့က ငါ တစ်ညတည်း ကျင့်ကြံလိုက်တာနဲ့တင် ချီစွမ်းအင်သန့်စင် ခြင်းအဆင့် (၂) ကနေ (၃) ကို ရောက်သွားတယ်လေ…။"
ထျန်ဖုန်းက အနည်းငယ် မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။
[ ဒါက ပိုင်ရှင်ရဲ့ နည်းစနစ်က ကောင်းမွန်နေလို့ပါ။ ပြီးတော့ စနစ်က မရီဒါန်ကြော အများအပြားကို ရှင်းလင်းပေးပြီး ပိုင်ရှင်ရဲ့ နည်းစနစ်ကို စတင်ဖို့ ကူညီပေးခဲ့လို့ပါ။ အခုကစပြီး မရီဒါန်တွေကို ပိုင်ရှင် ကိုယ်တိုင် ရှင်းလင်းရတော့မှာပါ။]
ထျန်ဖုန်းသည် ထိုအမှန်တရားကို မချိတင်ကဲ လက်ခံလိုက်ရပြီးနောက် တာဝန်ရှောင်ကာ ပြောလိုက် သည်။
"ဒါက ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းရဲ့ ခန္ဓာကိုယ်က အရမ်းအားနည်းလွန်းနေလို့ ငါ့ရဲ့ ကောင်းကင်ဘုံကို တောင် အာခံနိုင်တဲ့ နားလည်သဘောပေါက်နိုင်စွမ်းကို အဟန့်အတား ဖြစ်စေခဲ့တာပဲ ဖြစ်ရမယ်…။"
"ဒါနဲ့... အရင်တုန်းက ကျင့်ကြံခြင်းကို တိုးတက်စေနိုင်တဲ့ ဆုလာဘ်တစ်ခု မရှိခဲ့ဘူးလား။ နောက်တစ်ခါ ကျရင် ငါ့ကို ကျင့်ကြံခြင်းကို တိုးတက်စေမယ့် ဆုလာဘ်တစ်ခု ပေးပါလား…။"
[အဲဒါက အစပြုသူလက်ဆောင် သက်သက်ပါပဲ ပိုင်ရှင်။ ပိုင်ရှင်ရဲ့ စွမ်းအားတွေ အရမ်းနိမ့်ကျနေပြီး ကြွားလုံးထုတ်လို့မရမှာ စိုးလို့ပေးခဲ့တာပါ။]
"အခုလည်း ငါ့စွမ်းအားက နိမ့်ကျနေတုန်းပဲလေ…။"
[ဒီလောက်ဆို လုံလောက်နေပါပြီ။ ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၃) နဲ့တင် ပိုင်ရှင်က နည်းနည်းပါးပါး တော့ ကြွားလုံးထုတ်လို့ ရနေပါပြီ။ ဒါ့အပြင် ပိုင်ရှင်က သေရမှာမှ မကြောက်တာ... ဘာကို ကြောက်နေ ရဦးမှာလဲ။]
ထျန်ဖုန်းသည် စနစ်ကပြောသည်ကို လျစ်လျူရှုလိုက်ပြီး မည်သည့် ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ဝယ်ယူရမည် ကို စတင်စဉ်းစားလိုက်သည်။
စနစ်စျေးဆိုင်ရှိ သောင်းဂဏန်း သို့မဟုတ် ထို့ထက်ပို၍ တန်ကြေးရှိသော ခန္ဓာကိုယ်ဖွဲ့စည်းပုံများနှင့် အခြားသော မျက်လုံးများ၊ အရိုးမျိုးစုံတို့ကို သူ ကြည့်လိုက်သည်။
နောက်ဆုံးတွင် သူသည် တိုက်ပွဲဝင်အမှတ် ( ၂၀၀) တိတိဖြင့် ရောင်းချနေသော "နတ်ဆိုးဝိညာဉ်ခန္ဓာ" ကို မျက်စိကျသွားခဲ့သည်။
၎င်းသည် မှော်မန္တန်အမျိုးမျိုးကို ကျင့်ကြံရန်အတွက် သင့်လျော်ပြီး ခန္ဓာကိုယ်အတွင်းရှိ မရီဒါန်များမှာ ထူထဲပြီး ခိုင်မာတောင့်တင်းသောကြောင့် တိုက်ခိုက်ခြင်းနှင့် ကျင့်ကြံခြင်း နှစ်မျိုးလုံးအတွက် အလွန် ကောင်းမွန်လှသည်။
ဤခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးဖြင့်သာ မြစိမ်းတောင်ဂိုဏ်းသို့ သွားမည်ဆိုပါက ဂိုဏ်းချုပ်ကိုယ်တိုင် သူ့ကို တပည့်အဖြစ် တန်းရွေးချယ်သွားလောက်သည်။
သေချာပေါက်ပင် သူက မြစိမ်းတောင်ဂိုဏ်းသို့ ဝင်ရောက်မည်မဟုတ်ပေ။
"စနစ်... အကယ်လို့ အခု ငါ ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခု ဝယ်လိုက်တယ်ထား၊ နောက်ကျမှ ပိုကောင်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကို ထပ်ဝယ်မယ်ဆိုရင် မူလခန္ဓာကိုယ်က အသုံးမဝင်ဖြစ်သွားမှာ မဟုတ်ဘူးလား။"
[မှန်ပါတယ် ပိုင်ရှင်... ပြဿနာတစ်ခုခု ရှိလို့လား။]
"ဒါဆို မူလခန္ဓာကိုယ်ဖွဲ့စည်းပုံက ဘယ်ရောက်သွားမလဲ…။"
[အသုံးမဝင်တော့ဘဲ ပျောက်ကွယ်သွားမှာပေါ့ ပိုင်ရှင်..]
"ဒါပေမဲ့ ငါက ပိုက်ဆံပေးပြီး ဝယ်ထားရတာလေ။ အဲဒါကို ဘယ်လို စီမံရမလဲဆိုတာ ငါ့သဘောပဲ ဖြစ်သင့်တာပေါ့…။"
[ဒါဆို ပိုင်ရှင်က ဘာကို လိုချင်လို့လဲ။]
"မင်းကို မူလဈေးအတိုင်း ပြန်ဝယ်ခိုင်းချင်တာ…။"
[မဖြစ်နိုင်ပါဘူး... အဲဒီအကြောင်းကို တွေးတောင် မတွေးပါနဲ့…]
စနစ်က အသံစူးစူးဖြင့် အော်ဟစ်လိုက်သည်။
"ဒါဆို ငါ မဝယ်တော့ဘူး…။"
"ကောင်းပါပြီ၊ ပိုင်ရှင် ခန္ဓာကိုယ်ဖွဲ့စည်းပုံအသစ်ကို ဝယ်ယူတဲ့အခါ မူလဈေးနှုန်းရဲ့ အများဆုံး (၅၀) ရာခိုင်နှုန်းနဲ့ ကျွန်တော် ပြန်ဝယ်ပေးပါ့မယ်။ ကုန်ကျစရိတ်ကို တိုက်ရိုက် ခုနှိမ်ပေးပါ့မယ်။]
စနစ်၏ အသံမှာ နာကျင်မှုများ ပြည့်နှက်နေလေသည်။
"မရဘူး... (၈၀) ရာခိုင်နှုန်းပေး….။"
"၈၀ ရာခိုင်နှုန်း ဟုတ်လား။ ပိုင်ရှင်သာ ကိုယ့်ဘာသာ လုပ်လိုက်တော့... ကျွန်တော် မလုပ်ပေးနိုင်ဘူး။ ဝယ်ချင်ဝယ်၊ မဝယ်ချင်နေ... ဂရုမစိုက်ဘူး…။"
စနစ်က စိတ်တိုတိုဖြင့် ပြောလိုက်လေသည်။
"ကောင်းပြီလေ… (၅၀) ရာခိုင်နှုန်းပဲ ထားလိုက်တော့။ ငါက မင်းကို ညီအစ်ကိုတစ်ယောက်လို သဘော ထားလို့ပဲ မှတ်လိုက်တော့…။"
ထျန်ဖုန်းသည် ဘယ်အချိန်တွင် ရပ်တန့်ရမည်ကို သိသည်။ ရိုးရိုးသားသားဝန်ခံရပါမည်ဆိုလျှင် သူသည် သေလမ်းရှာစနစ်အပေါ် အလွန်ကျေးဇူးတင်မိသည်။ ၎င်းသာမရှိခဲ့ပါက သူသည် ယခုအချိန်လောက်ဆို သေနေ လောက်ပြီ သို့မဟုတ် ထွက်ပြေးခြင်းစနစ်၏ ကျေးကျွန် ဖြစ်နေလောက်ပြီဖြစ်သည်။
[ဟွန့်... ဒါမျိုးမှပေါ့..]
ထျန်ဖုန်းသည် တိုက်ပွဲဝင်အမှတ် (၂၀၀) ကို ချက်ချင်းအသုံးပြု၍ နတ်ဆိုးဝိညာဉ်ခန္ဓာကို ဝယ်ယူလိုက် သည်။
တစ်ခဏချင်းမှာပင် သူသည် အခြားခန္ဓာကိုယ်တစ်ခုအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။ ယခင်က လေးလံထိုင်းမှိုင်းနေသော သူ၏ခန္ဓာကိုယ်မှာ သွက်လက်ပေါ့ပါးသွားပြီး အစစ်အမှန်ချီစွမ်းအင် များသည် သူ၏ မရီဒါန်များအတွင်း ယခင်ကထက် ပိုမိုချောမွေ့စွာ စီးဆင်းသွားသည်။
လေထုထဲတွင် လွင့်မျောနေသော ဝိညာဉ်ချီစွမ်းအင်များကိုလည်း သူက ပိုမိုထိရောက်စွာ ခံစားသိရှိလာ နိုင်ခဲ့လေသည်။
အချိန်ဆွဲမနေတော့ဘဲ သူသည် ထွက်ပြေးခြင်းစနစ်၏ စနစ်စျေးဆိုင်သို့ ပြောင်းလဲဖွင့်လိုက်သည်။
နည်းစနစ်များနှင့် လှုပ်ရှားမှုနည်းစနစ်များမှာ လောလောဆယ် မလိုအပ်သေးပေ။ အဓိက အာရုံစိုက်ရ မည်မှာ ဆေးလုံးများနှင့် လက်နက်ကိရိယာများဖြစ်သည်။
လက်နက်ကိရိယာများကို နောက်မှဝယ်လည်း ရသည်မို့ ကျင့်ကြံရန်အတွက် ဆေးလုံးများကို ဦးစွာ ဝယ်ယူလိုက်မည်ဖြစ်သည်။
သူသည် အပြေးဒင်္ဂါး (၁၀၀) ကို အသုံးပြု၍ ချီစုဆောင်းခြင်းဆေးလုံး တစ်ပုလင်းကို ဝယ်ယူလိုက် လေသည်။ ၎င်းတို့မှာ ချီစွမ်းအင်သန့်စင်ခြင်းအဆင့်ရှိ ကျင့်ကြံသူများ အသုံးပြုသော ဆေးလုံးများ ဖြစ်သည်။
စနစ်မှ ထုတ်လုပ်ပေးသော ပစ္စည်းများမှာ အမြဲတမ်း အရည်အသွေး ကောင်းမွန်လှသည်။ ၎င်းတို့ အားလုံးမှာ ထိပ်တန်းအဆင့် ချီစုဆောင်းခြင်းဆေးလုံးများ ဖြစ်သည်။ ပုလင်းထဲတွင် ဆေးလုံး ဆယ်လုံး ပါဝင်လေသည်။
ထျန်ဖုန်းသည် ကြည်လင်တောက်ပနေသော ဆေးတစ်လုံးကို ထုတ်ယူလိုက်သည်။ ထို့နောက် ဆေးလုံး ကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်း မြိုချလိုက်လေတော့သည်။
ထို့နောက် ထာဝရစိမ်းလန်းခြင်းနည်းစနစ် ကို ချက်ချင်း စတင်ကျင့်ကြံလိုက်တော့၏။ တစ်ခဏအတွင်း မှာပင် ဆေးလုံးသည် သန့်စင်ရန်ပင် သိပ်မလိုအပ်သော သန့်စင်သည့် စိတ်ဝိညာဉ် စွမ်းအင်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ မရီဒါန်များထဲသို့ စီးဆင်းသွားလေတော့သည်။
နတ်ဆိုးဝိညာဉ်ခန္ဓာ ဖွဲ့စည်းပုံကြောင့် ထျန်ဖုန်း၏ မရီဒါန်များမှာ လုံးဝ ပျက်စီးမည်ကို ကြောက်ရွံ့စရာ မလိုတော့ဘဲ စိတ်ဝိညာဉ်စွမ်းအင်စီးဆင်းမှုကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
နောက်တစ်နေ့ မိုးလင်းချိန်တွင် ထျန်ဖုန်းသည် ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၄) သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
ဆေးလုံး၏ စွမ်းအင် အနည်းငယ်မှာ သူ၏ခန္ဓာကိုယ်အတွင်း မသန့်စင်ရသေးဘဲ ကျန်ရစ်နေသော်လည်း ဤဆေးစွမ်းအင်မှာ နူးညံ့သိမ်မွေ့သောကြောင့် သူ၏လှုပ်ရှားမှုများကို အဟန့်အတား မဖြစ်စေပေ။
.........
"အခုထိ သူ့ကို ရှာမတွေ့သေးဘူးလား…။"
ပင်မခန်းမဆောင်အတွင်း ဟုန်ကျန့်လင်၏ မာန်မဲသံမှာ တောင်ပေါ်မှ ကျားတစ်ကောင် ဟိန်းဟောက် လိုက်သည့်အလား ခန်းမအတွင်းရှိ လူအားလုံးကို ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
တစ်ညလုံး အချည်းနှီး ရှာဖွေပြီးနောက် ဟုန်ကျန့်ချင်းသည်လည်း ဟုန်အိမ်တော်သို့ ပြန်ရောက်လာ ခဲ့သည်။ ပြီးခဲ့သည့်ညက သူသည် မုအိမ်တော်အတွင်းရှိ မုအိမ်တော် အစေခံအချို့ကို ဒဏ်ရာရစေ ခဲ့ပြီးနောက် အိမ်တော်ထိန်းတစ်ဦး ထွက်လာခဲ့သည်။ ဟုန်မိသားစု၏ ဒုတိယသခင်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း သူ ချက်ချင်း သဘောပေါက် သွားခဲ့သည်။
နောက်ဆုံးတွင် မုမိသားစု၏ အိမ်တော်သခင် ကိုယ်တိုင် ထွက်ပေါ်လာခဲ့သည်။ ဟုန်ကျန့်ချင်းက သူ၏ ရည်ရွယ်ချက်ကို ပြောပြပြီးနောက် မုမိသားစုသည် ဟုန်မိသားစု၏ အင်အားဖိအားကြောင့် ဟုန်မိသားစု ၏ ရှာဖွေမှုကို မချိတင်ကဲ သဘောတူခွင့်ပြုခဲ့ရလေသည်။
ဟုန်ကျန့်ချင်းသည် အချိန်ကြာကြာ ရှာဖွေရခြင်းမရှိခင်မှာပင် တရားခံကို ရှာတွေ့မည်မဟုတ်ကြောင်း ကြိုတင်ခံစားလိုက်ရသည်။ မည်သို့ပင်ဆိုစေ ထိုအချိန်လောက်ဆိုလျှင် တရားခံသည် မုအိမ်တော်မှ ထွက်ပြေးလွတ်မြောက်သွားလောက်ပြီ ဖြစ်၏။
တရားခံမှာ မုအိမ်တော်မှ လူတစ်ယောက်ဖြစ်နေနိုင်မလားဟု သူ သံသယဝင်ခဲ့သေးသော်လည်း ယင်းမှာ အဓိပ္ပာယ်မရှိပေ။ သူ၏ မျက်စိရှေ့မှောက်မှာတင် တရားခံက မုအိမ်တော်ထဲသို့ မည်ကဲ့သို့ ပြေးဝင်သွား နိုင်မည်နည်း။
သိုင်းလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူပီပီ မုအိမ်တော်ကို ရှာဖွေခြင်းက အဓိပ္ပာယ်သိပ်မရှိ ကြောင်းကိုလည်း ဟုန်ကျန့်ချင်း နားလည်ထားသည်။
ထို့အပြင် ဒုက္ခိတဖြစ်သွားသူမှာ သူ၏သားအရင်းမှ မဟုတ်ဘဲ သူ၏ အစ်ကိုဖြစ်သူ၏ သားဖြစ်သည် မဟုတ်ပါလား။
သူ့အတွက် ဘာနစ်နာမှုမှ မရှိသော်လည်း ဆက်လက်ရှာဖွေနေမည်ဆိုပါက မုမိသားစုကို စော်ကားမိ သလို ဖြစ်သွားမည့်သူမှာ သူသာလျှင် ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် သူသည် မုအိမ်တော်မှ အလျင်အမြန် ထွက်ခွာလာခဲ့လိုက်လေသည်။
"အစ်ကိုကြီး... မနေ့ညက အဲဒီကောင်လေး လွတ်သွားတယ်…။"
ဟုန်ကျန့်ချင်းက သတိထား၍ ပြောလိုက်သည်။ ဟုန်ကျန့်လင်၏ စကားပြောသံကို ကြားရသောအခါ သူ အနည်းငယ် ထိတ်လန့်သွားသည်။
ပထမအချက်မှာ သူ၏အစ်ကိုဖြစ်သူသည် ချီစွမ်းအင်သန့်စင်ခြင်းအဆင့် (၆) တွင်ရှိပြီး သူ့ထက် တစ်ဆင့် ပိုမြင့်နေသည်။ ဒုတိယအချက်မှာ ဖခင်ဖြစ်သူသည် သူ၏ သမီးကြောင့် ဩဇာအာဏာ ပိုရှိနေ ခြင်းပင်ဖြစ်သည်။
အရေးအကြီးဆုံးမှာ သူ့သားက ဒုက္ခိတဖြစ်သွားခြင်းဖြစ်သည်။ သူ ဒေါသထွက်ပြီး ဘာတွေလုပ်လာမလဲ ဆိုတာ ဘယ်သူက သိနိုင်ပါမည်တဲ့လဲ။
***